အပိုင်း ၁၁
Viewers 18k

Chapter 11


မိုးခေါင်ရေရှားမှု(၃)


ဝမ်ကျောသည် မျက်နှာအိုအိုနှင့် ခဏမျှစဉ်းစားလိုက်ပြီးမှ လက်များကို ဝှေ့ယမ်းကာ လူတိုင်းကို ထွက်သွားခိုင်းလိုက်လေသည်။


လှည်းယာဉ်တန်းသည် မြင်းများကိုရေတိုက်ရန် ခဏရပ်ပြီးမှ ရှေ့ဆက်သွားလိုက်ကြသည်။


ရေကို‌ချွေတာရန် ဝမ်အိမ်တော်သည် ဟင်းချက်ပြုတ်သည်များကို ရပ်၍ ညစာအတွက် ရိက္ခာခြောက်နှင့် ရေအနည်းငယ်သာ စားခွင့်ပြုတော့သည်။ အိမ်တော်၌ လူများစွာရှိသောကြောင့် လူဆယ်ယောက်ရှိသည့် အုပ်စုတစ်စုအတွက် ရေအနည်းငယ်ပါသော ခရားလေးသာ ဝေစုရလေသည်။ ဝင်ကာစပြုနေသော နေကို ကျောခိုင်း၍ ဝမ်ကျောသည် လှည်းယာဉ်များရှေ့၌ ရပ်ကာ မျက်နှာတင်းတင်းဖြင့်ပြောလိုက်သည်။


"အခု နောက်ဆုံးကျန်နေတဲ့ရေအားလုံးကို မင်းတို့အားလုံးကို ခွဲပေးလိုက်ပြီ...နောက်ထပ်ရေကို ထပ်မတွေ့ခင်အထိ စဉ်းစားဆင်ခြင်ပြီး သုံးကြပါ..."


အဖွဲ့တစ်ခုလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။


ထို့နောက် တကျွက်ကျွက်ညံသွားသော လူအုပ်ကြားထဲမှ ခုနစ်ယောက်မြောက်သမီး၏ အသံက စူးရှစွာထွက်လာသည်။


"ဖေဖေ ဘာဖြစ်လို့များ ရေကို လူတိုင်း တစ်ညီတစ်မျှတည်းပေးရတာပါလဲ...အဆင့်အတန်းနိမ့်ကျတဲ့ အစေခံတွေကလည်း ဝေစုတွေ ရနေကြတာလား..."


ခုနစ်ယောက်မြောက်သမီး ဟန်ယွင်က ထပြောလိုက်သည်နှင့် တစ်ဖွဲ့လုံးတိတ်ဆိတ်သွားတော့သည်။


အစောင့်များနှင့် အစေခံများအားလုံးသည် ခေါင်းများငုံ့နေကြလေသည်။ လူတိုင်းက အသက်ပင်မရှူရဲအောင် ဖြစ်နေကြ၍ အခြေအနေကလည်း အလွန်တင်းမာနေတော့သည်။


ဝမ်ကျောက တောင့်တင်းကြံ့ခိုင်သောအစောင့်များကို လှမ်းကြည့်၍ သူ့သမီးအား အော်ငေါက်လိုက်သည်။


"လျှာကို ငြိမ်ငြိမ်ထားစမ်း...ငါတို့အကုန်လုံးက တူတူဒုက္ခရောက်နေကြတာ...အဲ့ဒါကြောင့် ဒုက္ခခံစရာရှိလည်း မျှဝေခံရမယ် စံစားစရာရှိရင်လည်း မျှဝေစံရမယ်...အဲ့ဒီလို စကားမျိုး နောက်တစ်ခါ ငါ ထပ်မကြားရပါစေနဲ့..."


ထိုစကားများကြောင့် ဝမ်ကျောအား အစေခံများက အလွန်ကျေးဇူးတင်သည့်မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။


ဝမ်အိမ်တော်၏ ခုနစ်ယောက်မြောက်သမီးသည် ဘယ်တုန်းကများ ဤကဲ့သို့ သူ့ဖခင်၏ ဆူပူခြင်းကို ခံခဲ့ရဖူးပါသနည်း။ ဟန်ယွင်သည် မျက်နှာအလွန်တရာပျက်သွား၍ မျက်လုံးများ၌လည်း မျက်ရည်များ ပြည့်လာတော့သည်။ သူမ၏ဘေးတွင်တော့ သူမ၏ မောင်နှမများက ဆက်၍ ပွစိပွစိညည်းညူနေကြလေသည်။


ထိုအချိန်တွင် ကောင်းကင်၌ လသည် မှိန်ဖျော့စွာ သာနေလေသည်။ သေချာသာ ဂရုစိုက်မကြည့်ပါက လကို မြင်တွေ့နိုင်မည်ပင်မဟုတ်ချေ။


အဖွဲ့သည် ရှေ့ဆက်၍ သွားလိုက်ကြသည်။ တစ်နေ့တာ၏ နောက်ဆုံးအလင်းရောင်များ ပျောက်ကွယ်သွားသည့်အခါ မီးတိုင်များကို ထွန်းညှိလိုက်ကြသည်။ ဆောင်းဦးရာသီ၏လေပြေညှင်း၏အောက်တွင် မီးတိုင်မှ မီးများ၏ယိမ်းနွဲ့နေမှုက ညလယ်၌ ခရီးသွားနေကြသည့် အဖွဲ့ကို အနည်းငယ် တက်ကြွစေလေသည်။


စိတ်များလောနေမှုကြောင့် သွားနှုန်းကလည်း မြန်နေသည်။


ချန်ရုံသည် သူမ၏ ရထားလုံးထဲတွင် ထိုင်နေသည်။ ချန်အိမ်တော်မှလူများသည် အစတည်းက လူများများစားစားမရှိသည့်အပြင် ချန်ရုံ၏အမိန့်ကို နာခံ၍ ရေကို အလွန်ဆာလောင်မှသာ အနည်းငယ်သောက်၍ ခြိုးခြံချွေတာခဲ့သောကြောင့် တစ်ရက်အကြာတွင် ရေစည်ပိုင်းများက ရေအပြည့်ရှိနေကြသေးသည်။


ထို့ကြောင့် ပြင်ပမှ စိုးရိမ်ထိတ်လန့်မှုများနှင့် ယှဉ်လျှင် ချန်အိမ်တော်သည် အလွန်ပင် အေးဆေးနေပုံပေါ်လေသည်။


အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ သူတို့ သတိမထားလိုက်မိခင်မှာပင် ညသည် ကုန်ခါနီးဖြစ်သွားသည်။ လက ကောင်းကင်၏ အမြင့်ဆုံးနေရာ၌ သာနေချိန်တွင်တော့ အဖွဲ့သည် အခုအချိန်အထိ ရေတစ်စက်မျှပင် မတွေ့ရသေးသည်ကို စိတ်ပျက်စွာဖြင့် သတိထားမိလိုက်ကြသည်။


ဝမ်အိမ်တော်မှ လွှတ်လိုက်သည့် အထောက်တော်များကလည်း ယခုထိ ပြန်မရောက်ကြသေးပေ။ နောက်ဆုံး ဘာမှမဖြစ်သည့်အဆုံးတွင် ဝမ်ကျောသည် လူများထပ်လွှတ်၍ အနီးအနားမှ ဆင်းရဲသားများကို ရေရှိသည့်နေရာကို မေးခိုင်းလိုက်ပြန်သည်။ ပြန်ရခဲ့သော အဖြေမှာကား အနီးစပ်ဆုံးရေရှိသည့်နေရာသည် မိုင်လေးဆယ်အကွာ၌သာရှိ၍ လမ်းခရီးသည်လည်း တောင်များထူထပ်ကာ ကြမ်းတမ်းသည် ဟုဆိုသည်။ ထိုလမ်းခရီးနှင့် ရင်းနှီးကျွမ်းဝင်သော ဤနယ်တစ်ဝိုက်မှ ရွာသားများသည်ပင် ရေကိုယူရန် တစ်ညအိပ်ခရီးသွားရပေသည်။ ထို့ကြောင့် မိုးရွာစေရန် ဆုတောင်း၍မရသည့်အဆုံးတွင် ရွာသားအများစုသည် တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းသွားကြပြီဖြစ်လေသည်။


အဖွဲ့သည် တစ်ညလုံးမရပ်မနားပဲ ခရီးဆက်ခဲ့ကြသည်။ အရုဏ်တက်လာသောအခါ ရေဆာ၍ မောပန်းနေသောမြင်းများသည် လမ်းဘေးသို့ဆင်း၍ အပင်များ၌ကပ်နေသော နှင်းစက်လေးများအနည်းငယ်ကို လျက်နေကြသည်။ ဝမ်အိမ်တော်မှလူများကတော့ တိရစ္ဆာန်များကဲ့သို့ ပြုမူ၍ လမ်းဘေးရှိ နှင်းစက်များကို လျက်၍ မ‌ဖြစ်ချေ။


နေက ကောင်းကင်၌ မြင့်တက်လာချိန်တွင် ဝမ်များသည် အနားယူရန်ရပ်၍ သူတို့၏ အခြေအနေကို ပြန်ဆွေးနွေးကြမိသည်။ ယခုအချိန်အထိ လွှတ်ထားသော အထောက်တော်များကလည်း ပြန်မရောက်လာကြသေးပေ။


မွန်းတည့်ချိန်တွင်တော့ ဝမ်အိမ်တော်မှလူများသည် သူတို့၏ ‌နောက်ဆုံးလက်ကျန်ရေကို သောက်သုံးလိုက်ကြပြီဖြစ်သည်။ ယခုမှစ၍ မဆုံးနိုင်သော ရေငတ်မွတ်ခြင်းကို ခံစားကြရပေတော့မည်။


သူတို့၏ မျက်လုံးများသည် ရေအလုံအလောက်ရနေသေးသဖြင့် အားအင်များပြည့်ဝနေကြသော ချန်အိမ်တော်မှ လူများဆီသို့ အကြည့်ရောက်သွားကြလေသည်။


ချန်ရုံ၏ နားထဲသို့ မြင်းခွာသံများ ဝင်ရောက်လာသည်။


အထိန်းတော်ဖျင်က ရထားလုံးနားကပ်ကာ တီးတိုးပြောလိုက်သည်။


"မမလေး...ဝမ်အိမ်တော်က လူရောက်နေပါတယ်..."


အထဲမှ ချန်ရုံ၏ ပြန်ဖြေလိုက်သံက တည်ငြိမ်၍ အေးဆေးနေသည်။


ဤကဲ့သို့သော အခြေအနေတွင် ချန်ရုံ၏အသံက အထိန်းတော်ဖျင်အား စိတ်သက်သာရာရစေသည်။


ခဏအကြာတွင် ဝမ်ဝူလန်၏ တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သံကို ရထားလုံးအပြင်မှ ကြားလိုက်ရလေသည်။ 


"အားရုံ ဒီလိုချက်ချင်းရောက်လာရတဲ့အတွက် ခွင့်လွှတ်ပါ...အရှေ့မှာ ငါတို့အိမ်တော်ရဲ့ လုပ်ရပ်တွေအတွက်လည်း ခွင့်လွှတ်ဖို့ တောင်းပန်ချင်ပါတယ်..."


ရထားလုံး၏ လိုက်ကာက ပွင့်ဟသွားသည်။


ချန်ရုံကို မြင်သောအခါ ဝမ်လူငယ်များ၏ မျက်လုံးများသည် မနာလိုခြင်းနှင့် အားကျခြင်းအရိပ်အယောက်များ ရောယှက်၍ တောက်ပသွားပြသည်။ ချန်ရုံ၏ မျက်နှာသည် သန့်စင်နေ၍ ဆံပင်များကလည်း မည်းနက်၍ တောက်ပြောင်နေကြကာ အနည်းငယ်မျှပင် ပင်ပန်းနေသည့်ပုံလည်း မပေါ်ပေ။ ချန်ရုံနှင့်ယှဉ်လျှင် ဝမ်အိမ်တော်မှလူများသည် ယခင်က ရှိခဲ့သော အိန္ဒြေကြီးမား၍ လှပသော ပုံရိပ်များ မရှိကြတော့ချေ။


ချန်ရုံက ဝမ်အိမ်တော်မှလူများ၏ အကြည့်များကို အပြုံးလေးဖြင့် ရင်ဆိုင်လိုက်သည်။ မည်သူမျှ စကားမပြောနိုင်ခင်မှာပဲ ချန်ရုံက အေးဆေးစွာပြောလိုက်သည်။


"အရှင်တို့ စိတ်မရှိဘူးဆိုရင် ဒီရေစည်ပိုင်းကို အသုံးပြုလို့ရပါတယ်...ဒီစည်ပိုင်းက ကျွန်မ ရေချိုးဖို့သုံးတဲ့ စည်ပိုင်းမို့လို့ သန့်ရှင်းပါတယ်...ကျန်တဲ့စည်ပိုင်း နှစ်လုံးကတော့ အစေခံတွေ အသုံးပြုတဲ့စည်ပိုင်းဖြစ်တဲ့အတွက် အရှင်တို့ကို စော်ကားသလိုဖြစ်မိမှာ စိုးလို့ပါ..."


ချန်ရုံသည် တကယ့်စိတ်ရင်းဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ဤမိုးခေါင်မှုသည် အခြားနယ်များသို့ မပျံ့သေး၍ နောက်ရက်အနည်းငယ်အတွင်းတွင် ဤအခက်အခဲမှ ကျော်လွန်နိုင်တော့မည်ကို ချန်ရုံသိသည်။ ယခုအချိန်တွင် ချန်ရုံလိုအပ်သည်မှာ ဝမ်မိသားစုထံမှ မျက်နှာပေးမှုနှင့် ပညာရှိများက ဖြန့်ပေးမည့် ဂုဏ်သတင်းကောင်းသာဖြစ်သည်။


ချန်ရုံသည် ဤမျှ စိတ်သဘောထားကောင်းမည်ဟု ဝမ်များက လုံးဝ မတွေးမိခဲ့ချေ။ ယခုအချိန်အထိ ခုနစ်ယောက်မြောက်သမီး ဟန်ယွင်သည် ချန်ရုံအား စော်ကားလှောင်ပြောင်ရန် အနည်းဆုံး စကား ဆယ်ခွန်းမျှ စဉ်းစားထားပြီးဖြစ်သည်။ ယခုတော့ သူမ ထိုစကားများကို မသုံးနိုင်တော့ပါ။


ချန်ရုံ့ကြောင့် လူတိုင်းက အံ့ဩမှင်သက်သွားပြီးသည့်နောက်တွင် ဝမ်ဝူလန်က ချောင်းဟန့်လိုက်၍ အဖွဲ့ကိုယ်စား ချန်ရုံ့အား ကျေးဇူးတင်စကားပြော၍ ခေါင်းကို အနည်းငယ်စောင်းကာ သူ၏လူများကို အချက်ပေးလိုက်သည်။


အစေခံသုံးဦးက လျင်မြန်စွာပင် အရှေ့သို့ထွက်လာ၍ ချန်ရုံ၏ ရေစည်ပိုင်းကို လှည်းယာဉ်တန်း၏ အရှေ့သို့ သယ်သွားလေသည်။


ဝမ်ကျောရှေ့သို့ ရေစည်ပိုင်း ရောက်လာသည့်အခါ ဝမ်ကျော၏သမီး ဟန်ယွင်သည် နှုတ်လမ်းများကိုစူ၍ ပြောလိုက်သည်။


"ဖေဖေ...စည်ပိုင်းထဲမှာ ရေက တစ်ဝက်ပဲကျန်‌တော့တယ်...ဟွန့်...ချန်ရုံက သူရေချိုးဖို့ အများကြီးသုံးလိုက်တာပဲ‌နေမှာ...အဲ့လိုတွေ 


မတရားသုံးပြီး ရေကို ဖြုန်းတီးနေတာပဲ..."


ထိုစကားများပြောလိုက်သည်နှင့် ဝမ်ကျောသည် သူ့သမီးအား မျက်စောင်းခဲ၍ ဒေါသတကြီးပြောလိုက်လေသည်။


"ဘယ်လို အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေရတာလဲ...အားရုံက မင်းတို့အတွက် ရေတွေအများကြီး ပေးထားပြီလေ...ဒါကို ကျေးဇူးမတင်တဲ့အပြင် အခြေအမြစ်မရှိတဲ့စကားတွေနဲ့ သူ့ကို အပြစ်တောင်တင်နေသေးတယ်...မင်းလို သမီးမျိုးကို ငါ ဘာဖြစ်လို့မွေးထားမိပါလိမ့်..."


ဝမ်ကျော၏ အပြစ်တင်ဆူပူမှုက အလွန်ကြမ်းတမ်းသွားသည်။


တကယ်တော့လည်း ဝမ်ကျောက သူ့သမီးကို ဆူမှဖြစ်မည့်အခြေအနေဖြစ်သည်။ ဟန်ယွင်၏ အသံက မတိုးသောကြောင့် အနီးအနားမှရပ်နေကြသော လူများသည် သူမ၏စကားများကို ကြားကြမည်သာဖြစ်သည်။


ခုနယောက်မြောက်သမီးဖြစ်သူ ဟန်ယွင်သည် သူမ၏ ဖခင်ဆီမှ ဤကဲ့သို့ အဆူခံရမည်ဟု စိတ်ကူးနှင့်ပင် မတွေးခဲ့ဖူးချေ။ ထို့အပြင် သူမ၏ဖခင်၏ စကားများထဲတွင်ပါနေသော စိတ်ပျက်ရွံရှာမှုများကိုလည်း ဟန်ယွင် တစ်ခါမှ မကြားဖူးခဲ့ပေ။ ထို့ကြောင့် ဟန်ယွင်၏မျက်လုံး၌ မျက်ရည်များ ဝဲတက်လာတော့သည်။ ထို့နောက် နှာရည်များကို ရှုံ့သွင်းကာ ဟန်ယွင်သည် ရထားလုံး၏ လိုက်ကာများကိုချ၍ ထောင့်၌ ကပ်နေလိုက်သည်။ မကြာမီတွင်ပင် ငိုရှိုက်သံများက ရထားလုံးတစ်ခုလုံး ပြည့်သွားတော့သည်။


"ယွင်လေးက အရမ်းငယ်ပါသေးတယ်...သူပြောတဲ့စကားတွေက ဘာအဓိပ္ပာယ်ပေါက်သွားမှန်းတောင် သူသိမှာမဟုတ်ဘူး..."


ဝမ်အိမ်တော်မှ လူကြီးတစ်ဦးက ဝင်ဖျန်ဖြေပေးလိုက်သည်။


ဝမ်ကျောက စိတ်ပျက်သည့်အသံဖြင့် ပြောလိုက်သည်။


"သူနဲ့ ချန်အိမ်တော်က အားရုံနဲ့က အသက်တူတူလေ...အားရုံက သူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက်နိုင်နေတဲ့အချိန်မှာ သူကတော့ အခုထိ ကလေးဆန်နေတုန်းပဲ..."


ထို့နောက် ဝမ်ကျောသည် သက်ပြင်းချ၍ မျက်လုံးများကို မှိတ်လိုက်သည်။


"အားရုံကို ဒီကိုလာဖို့ ဖိတ်ခေါ်လိုက်ပါ..."


ဝမ်အိမ်တော်မှ လာရောက်ခေါ်ဆိုသည့်အခါ ချန်ရုံသည် အချိန်ဆွဲမနေပဲ လှည်းယာဉ်တန်း၏ အရှေ့သို့ ချက်ချင်းပင် ထွက်လာခဲ့လိုက်သည်။


ချန်ရုံသည် သူမ၏ ရထားလုံးထဲ၌ ထိုင်လျက်အနေအထားနှင့်ပင် ဝမ်ကျောအား အရိုအသေလှမ်းပြုလိုက်သည်။


"မင်္ဂလာပါ သခင်ကြီးဝမ်..."


ချန်ရုံ၏ အမူအယာနှင့် လေသံတို့မှာ အလွန်အမင်းပင် ယဉ်ကျေးနေ၍ လွန်ခဲ့သည့် နှစ်ရက်ကထက်ပင် ပို၍ လေးစားသည့်အသံပေါက်နေသည်။


ဝမ်ကျော၏ ကြုတ်ထားသောမျက်မှောင်များက မသိမသာ လျော့ကျသွားသည်။ ဝမ်ကျောသည် ချန်ရုံ့အား ကြင်နာစွာ လက်ဝှေ့ယမ်းပြ၍ ခေါ်လိုက်သည်။


"အားရုံ ဒီနားကို လာခဲ့ပါ..."


"ဟုတ်ကဲ့..."


"အားရုံ ဦးလေး မေးပါရစေ...ဒီဒေသမှာ မိုးခေါင်ရေရှားမှု ဖြစ်မယ်ဆိုတာ အားရုံ ဘယ်လိုသိခဲ့တာလဲ...အစေခံတွေကို ဘာဖြစ်လို့ ရေတွေဖြည့်ပြီး အဝတ်အထည်တွေကို ရေဆွတ်ထားခိုင်းဖို့ ဘာဖြစ်လို့ သေချာပေါက် အမိန့်ပေးနိုင်ရတာလဲ...မင်း နတ်ဘုရားတွေဆီက နိမိတ်တွေများ ရခဲ့လို့လား...အဲ့ဒါကြောင့် ဒီလိုကိစ္စတွေဖြစ်မယ်ဆိုတာ မင်းကြိုသိခဲ့တာလား..."


ဝမ်ကျောက 'နတ်ဘုရားတွေ' ဟု ပြောလိုက်စဉ်တွင် လေသံကိုမြှင့်၍ ချန်ရုံ၏ မျက်လုံးများကို သတိထားကြည့်လိုက်သည်။ တကယ်၍ ချန်ရုံကသာ နတ်ဘုရားများဆီမှ နိမိတ်ရသည်ဆိုပါက ဝမ်ကျောသည် ဆယ့်ငါးနှစ်အရွယ်မိန်းမပျိုလေးထက်ပင် အုပ်ချုပ်မှုညံ့ဖျင်းသည်ဟု ပြော၍ မရ‌တော့ပြီမဟုတ်လား။


ချန်ရုံကလည်း ဝမ်ကျောလိုချင်သည်ကို ချက်ချင်းပင် နားလည်လိုက်သည်။ သူမသည် လျင်မြန်စွာ အရိုအသေပေး၍ ပြောလိုက်သည်။


"သခင်ကြီးပြောတဲ့အတိုင်းပါပဲ..."


ထိုစကားများ ကြားလိုက်သောအခါ ဝမ်ကျော၏မျက်နှာက တောက်ပသွား၍ အနီးအနားမှ တီးတိုးပြောနေကြသံများလည်းရပ်သွားလေသည်။


ချန်ရုံက လိုက်လျောညီထွေစွာပင် ဆက်ပြောလိုက်သည်။


"ဒီဒေသကို စရောက်စဉ်အချိန်တုန်းက ဆံပင်တွေ ဖွေးဆွတ်နေတဲ့အဖိုးအိုတစ်ယောက်က ပက်ကြားတွေအက်နေတဲ့ လယ်ကွင်းတွေကို မျက်နှာမူပြီး သက်ပြင်းချနေတာကို ကျွန်မ အိပ်မက်မက်ခဲ့ပါတယ်...နှစ်ရက်အကြာမှာ လယ်ကွင်းတွေမှာ ရေအရမ်းနည်းနေတယ်လို့ ဝမ်အိမ်တော်က အစ်ကိုတွေပြောနေတာကို ကျွန်မကြားခဲ့ပါတယ်...အဲ့ဒီအခါမှသာ ကျွန်မလည်း အိပ်မက်ကို ပြန်သတိရသွားပြီး သခင်ကြီးကို လာ‌ပြောပြခဲ့တာပါ..."


"ဒါဆို တကယ်ပဲ ထူးခြားအံ့ဩဖွယ် နိမိတ်ပြမှုပေါ့..."


ဝမ်ကျောက ခေါင်းတငြှိမ့်ငြှိမ့်လုပ်၍ သက်ပြင်းချကာ ပြောလိုက်သည်။


"ဒီလို သဘာဝလွန်ကိစ္စတွေကို မယုံကြည်ခဲ့တဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ပါတယ်..."


ဤအချိန်ကာလသည် ကွန်ဖြူးရှပ်ဝါဒကို ငြင်းပယ်ကြ၍ တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ အလွန်ထွန်းကားနေသောအချိန်ဖြစ်သော်လည်း ဘာသာမဲ့များလည်းရှိလေသည်။ ယခုလည်း ဝမ်ကျောသည် "သဘာလွန်ဖြစ်ရပ်များကို မယုံ" ဟူသော စကားဖြင့် သူ့အပြစ်ကို ဖုံးကွယ်လိုက်ပြီဖြစ်သည်။ ထိုစကားလုံးလှလှလေးဖြင့် သူ၏ တာဝန်ကင်းမဲ့မှုကို ချေဖျက်လိုက်ပြီဖြစ်‌သည်။


ထိုအချိန်တွင် ဝမ်ကျောသာမက ဝမ်အိမ်တော်မှ လူငယ်များသည်လည်း ချန်ရုံအား နှစ်လိုသောမျက်လုံးများဖြင့် ကြည့်လာကြပြီဖြစ်သည်။ ချန်ရုံသည် ထူးခြားအံ့ဩဖွယ် နိမိတ်ပုံကို လက်ခံရရှိသည်ဟု ဝန်ခံပေးရုံမျှမက ဝမ်အိမ်တော်မှလူများသည်လည်း မိုးခေါင်မှုကို အစတည်းက သိကြသည်ဟု အလေးပေး၍ ပြောသွားခဲ့သေးသည်။ ထို့ကြောင့် ဤအကြောင်းကို လူများပြန်ပြောကြလျှင် ဝမ်အိမ်တော်မှလူများအား ထုံထိုင်းသူများဟု မမြင်ကြတော့ပဲ သတိလက်လွတ်ဖြစ်သွားကြသူများ ဟုသာ မြင်ကြတော့မည်ဖြစ်သည်။


ဝမ်ကျောသည် သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ သူလိုချင်သည့်အဖြေကို ရပြီးသောအခါ ဝမ်ကျောသည် ချန်ရုံအား ပြန်လွှတ်လိုက်တော့သည်။


သို့သော် ချန်ရုံ၏ ရထားလုံးက ထွက်မည်အလုပ်မှာပင် ဝမ်ကျောသည် တစ်စုံတစ်ခုကို ထပ်စဉ်းစားမိ၍ အမြန်မေးလိုက်သည်။


"အားရုံ မင်းရဲ့အိပ်မက်ထဲက အဖိုးအိုက ဒီမိုးခေါင်ရေရှားမှုက ဘယ်‌နှရက်လောက်ကြာမလဲဆိုတာရော ပြောသွားသေးလား..."


ဤဒေသ၌နေသော ဒေသခံများအပေါ်စာနာစိတ်အနည်းငယ် ဖော်ပြပြီးသည့်နောက်တွင် ဝမ်ကျောသည် သူတကယ်သိချင်သည်ကို ထပ်မေးလိုက်သည်။


"ဒီအခက်အခဲကြီးကနေ ငါတို့လွတ်မြောက်ဖို့ ဘယ်နှရက်လောက် ဆက်သွားရဦးမလဲ..."


ချန်ရုံက ရထားလုံးကို ပြန်လှည့်ရန် အချက်ပြလိုက်သည်။ ထို့နောက် ခါးညွှတ်အရိုအသေပေး၍ ခေါင်းခါလိုက်ကာ ရိုကျိုးစွာပင် ပြန်ဖြေလိုက်သည်။


"အဲ့ဒါကိုတော့ ကျွန်မလည်း မသိပါဘူး သခင်ကြီး..."


ဝမ်ကျော၏မျက်နှာမှ စိတ်ပျက်သွားမှုကို တွေ့သောအခါ ချန်ရုံက မသေမချာဖြင့် ထပ်ဖြည့်ပြောလိုက်သည်။


"သိပ်မကြာလောက်တော့ဘူး လို့တော့ ကျွန်မထင်ပါတယ်..."


"ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်...ကဲ မင်းသွားလို့ရပါပြီ..."


"ဟုတ်ကဲ့ပါ သခင်ကြီး..."


ဝမ်ကျောသည် တဖြည်းဖြည်းပျောက်ကွယ်သွားသော ချန်ရုံ၏ ရထားလုံးကိုကြည့်နေရင်းဖြင့် သူ၏မုတ်ဆိတ်ရှည်ကြီးကို သပ်ကာ ရုတ်တရက်ထပြောလိုက်သည်။


"ဒီချန်ရုံဆိုတဲ့ကောင်မလေးဟာ တကယ်ကို ထက်မြက်တဲ့ မိန်းကလေးပဲ...ငါ့သားနဲ့သာဆိုရင် အရမ်းလိုက်ဖက်နေမှာပဲ..."