Chapter 12
လွတ်မြောက်ခြင်း
သက်ကြီးပိုင်းလူတစ်ဦးက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ချန်ရုံက လက်အောက်ခံမျိုးရိုးက မွေးဖွားလာတဲ့ ကိုယ်လုပ်တော်ရဲ့ သမီးပဲလေ...သူ့ရဲ့ဖခင်ကလည်း ကိုယ်လုပ်တော်က မွေးဖွားလာတာပဲ..."
ဝမ်ကျောက ခေါင်းခါလိုက်သည်။ ဝမ်ကျောသည် ထုတ်မပြောသော်လည်း သူ့ခေါင်းထဲတွင်တော့ တိတ်တဆိတ်တွေးနေမိသည်။
'ချန်ရုံက အဆင့်အတန်းမြင့်တဲ့မျိုးရိုးကမဟုတ်ပေမယ့် အခုတလောမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်နှစ်ခုကြောင့် ချန်ရုံကို အထက်တန်းလွှာအသိုင်းအဝိုင်းကလည်း သိနေကြပြီ...အဲ့ဒီတော့ ချန်ရုံသာ ဝမ်မျိုးနွယ်ထဲကို လက်ထပ်ပြီး ဝင်ရောက်လာခဲ့ရင် ဖြစ်ခဲ့သမျှ အဖြစ်အပျက်တွေက ချန်အိမ်တော်ရဲ့ ဂုဏ်ယူစရာမဟုတ်တော့ဘူး...အဲ့ဒီ ဂုဏ်သတင်းတွေက ဝမ်အိမ်တော်ရဲ့ အရမ်းကိုထက်မြက်တဲ့ ချွေးမ ဆီကိုပဲ ရောက်ကြတော့မှာပေါ့...ဒါဆိုရင် ငါတို့ ဝမ်အိမ်တော်ရဲ့ဂုဏ်သိက္ခာကိုလည်း အဖတ်ဆယ်ပြီးသားဖြစ်သွားပြီ...'
ဝမ်ကျောက စဉ်းစားရင်းဖြင့် အနည်းငယ်လန့်လာ၍ သူ၏စိတ်ကူးကို သေချာပြန်စဉ်းစားလိုက်သည်။
"ချန်ရုံကို ကိုယ်လုပ်တော်အဖြစ်ထားရင်တော့ သူက လွယ်လွယ်နဲ့သဘောတူမယ်မထင်ဘူး..."
သက်ကြီးပိုင်းလူက သူ၏ အတွေးကို ဝင်ပြောလိုက်သည်။
ဝမ်ကျောက သေချာစဉ်းစားရင်းဖြင့် ခေါင်းငြှိမ့်လိုက်သည်။
'ချန်ရုံရဲ့ဖခင်က ဒီမှာမရှိတာ ဆိုးတာပဲ...မင်္ဂလာဆောင်တဲ့ကိစ္စကို တောင်ပိုင်းကိုရောက်မှပဲ စဉ်းစားဆုံးဖြတ်ရတော့မယ်...'
ညနေခင်းတွင် ဝမ်အိမ်တော်မှ လွှတ်ထားသည့် အထောက်တော်များ ပြန်ရောက်လာ၍ လမ်း၌သွားလာနေကြသူများဆီမှ ရသည့်အချက်အလက်များကို သတင်းပို့ကြသည်။ ဝမ်းသာစရာသတင်းမှာ နောက်ထပ် မိုင်တစ်ရာခန့်ဆက်သွားလျှင် ရေကိုရှာတွေ့တော့မည်ဟူသော သတင်းဖြစ်သည်။
ထိုသတင်းကြောင့် ဝမ်မိသားစုများလည်း တက်ကြွသွားကြ၍ ခရီးကို အမြန်နှင်ကြတော့သည်။
သို့သော် လူများရော မြင်းများပါ ရေအလွန်ဆာနေကြသောကြောင့် တစ်ညလုံး မရပ်မနားသွားခဲ့သော်လည်း မိုင်ငါးဆယ်သာ ခရီးပေါက်လေသည်။
မနက်ခင်းစောစော၏ နှင်းရည်များသည် မြင်းများအတွက်သာ မဟုတ်တော့ချေ။ လူများသည်လည်း ရေငတ်ပြေစေရန် ရနိုင်သလောက် ကုန်းလျက်နေကြတော့သည်။ ဝမ်မျိုးနွယ်များကတော့ ချန်ရုံ့ထံမှ တစ်ဝက်မျှအပြည့်ရှိသေးသော ရေစည်ပိုင်းများရထားသဖြင့် မြက်ပေါ်သို့ လှဲ၍ နှင်းရည်များကို လျက်ရလောက်သည်အထိ မဖြစ်သေးပေ။ မြေပေါ်၌ ကုန်းလျက်နေကြသည်မှာ အစေခံများနှင့် အစောင့်များသာဖြစ်သည်။
သုံးရက်မြောက်နေ့၏ လထွက်လာသောအချိန်တွင် စိမ်းစိုနေသော လွင်ပြင်တစ်ခုကို ဖြတ်ကျော်လိုက်ရ၍ သေချာနားစိုက်ထောင်သောအခါ ရေစီးသံများကို ကြားလိုက်ရသည်။
အဖွဲ့တစ်ခုလုံးသည် ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။ အလွန်ဝမ်းသာအားရဖြစ်စွာဖြင့် အမိန့်ပေးရန်ပင်မလိုပဲ လှည်းများကို တရကြမ်း မောင်းနှင်သွားကြတော့သည်။
ကောင်းချီးဩဘာပေးသံများသည် ညနေခင်းအထိ မရပ်စဲသေးချေ။ လူအများစုသည် မနက်အရုဏ်တက်ချိန်အထိပင် ရေထဲ၌ စိမ်နေကြရာမှ မထွက်ချင်ဖြစ်နေကြသည်။
နောက်တစ်နေ့တွင် နေက ကောင်းကင်၌ မြင့်မားစွာ တောက်လောင်နေပြန်သည်။
အဖွဲ့သည် စိမ်းစိုနေသော လမ်းပေါ်၌ သွား၍ သစ်ပင်များဆီမှ တစ်ခါ တစ်ခါ ထွက်ပေါ်လာသော ကျေးငှက်သံများကို နားထောင်ရင်းဖြင့် ယခုကဲ့သို့ အသက်ပြန်လည်ရှင်သန်ခွင့်ရခြင်းကို အလွန်ကျေးဇူးတင်နေမိကြသည်။
ယခုတွင် ဝမ်လူငယ်များသည်လည်း အတော်ရင့်ကျက်ကုန်ကြပြီဖြစ်သည်။ သူတို့သည် ကောင်းကင်မှ ငှက်များအော်မြည်နေသံကို အပြစ်မတင်တော့ပဲ ဝမ်းသာကြည်နူးစွာသာ ရယ်မောနေကြလေသည်။
"အားရုံ ဒီကိုလာခဲ့ပါဦး..."
အဝေးမှ ဝမ်ဝူလန်က ချန်ရုံအား လက်ယပ်ခေါ်နေသည်။ ဝမ်ဝူလန်၏ မျက်လုံးများထဲ၌ အလင်းရောင်များတောက်ပနေလေသည်။
ချန်ရုံသည် ယမန်နေ့က သခင်ကြီးဝမ်နှင့်တွေ့ပြီးချိန်မှစ၍ ဝမ်ဝူလန်၏ ချန်ရုံအပေါ်ဆက်ဆံသော အမူအယာများသည် သိသာစွာပင် တက်ကြွလာခဲ့သည်။ ဝမ်ဝူလန်၏ ချန်ရုံအပေါ်ကြည့်သော အကြည့်များ၌လည်း ချန်ရုံ နားမလည်သော ထူးခြားမှုတစ်ခု ပါရှိနေလေသည်။
ချန်ရုံသည် ဝမ်ဝူလန်ရှိရာသို့ ခေါင်းဆတ်ပြလိုက်၍ ရထားလုံးအား ထိုနေရာသို့ မောင်းရန် အချက်ပြလိုက်သည်။
ဤကာလ၌ ကွန်ဖြူးရှပ်ဝါဒကို ဆန့်ကျင်နေကြသောကြောင့် ယခင်က အိမ်အတွင်း၌သာ ပုန်းအောင်းနေထိုင်ခဲ့ရသော အမျိုးသမီးများသည် ပို၍ အခွင့်အရေးများရလာကြသည်။ မြောက်ပိုင်းဒေသမှ မျိုးနွယ်များ ထူထောင်ထားကြသော နိုင်ငံအချို့တွင် တိုင်းပြည်အုပ်ချုပ်ရေးပိုင်းများ၌ပင် လုပ်ကိုင်နေကြသော အမျိုးသမီးများ ရှိလေသည်။ ဤကျင်းနိုင်ငံတော်တွင်လည်း မုဆိုးမများက နောက်အိမ်ထောင်ပြုသည်မှာ မထူးဆန်းတော့ချေ။ အမျိုးသမီးများသည် သူတို့နှစ်သက်သည့် အမျိုးသားများအပေါ် ချင်ခင်ကြင်နာမှုများပြသသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ရာဇဝင်ထဲတွင် မိန်းမပျိုလေးများ သည်းသည်းလှုပ်ကြိုက်ကြသော ပန်အန် အပြင်ထွက်သည့်အခါ အမျိုးသမီးများသည် ပန်အန်အား ဝိုင်းအုံ၍ သူ၏ ရထားလုံးထဲသို့ သစ်သီးများ ပစ်ပေါက်ပေးကြလေသည်။ ပန်အန်သည် အမြဲတမ်း သစ်သီးအပြည့်ဖြင့် ပြန်လာရသည်ဟု ဆိုလေသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်နောက်တစ်ဦးဖြစ်သည့် ဝေ့ကျဲသည်လည်း ထိုကဲ့သို့ အမျိုးသမီးများ၏ ဝိုင်းအုံမှုကြောင့် အသက်ရှူကျပ်၍ သေဆုံးခဲ့ရသည်ဟုဆိုသည်။ "ဝေ့ကျဲသည် အကြည့်ခံရလွန်း၍သေဆုံးသွားခဲ့သည်(看杀卫玠)" ဟူ၍ သမိုင်းတွင်ပင် စကားပုံတွင်သွားလေသည်။
ထို့ကြောင့် ဝမ်ဝူလန်က ချန်ရုံ့အား အဖော်ပြုရန် ခေါ်လိုက်ခြင်းသည် မထူးဆန်းပေ။
ချန်ရုံ၏ ရထားလုံးက ဝမ်ဝူလန်နားသို့ မရောက်ခင်မှာပင် ဝမ်အိမ်တော်၏ ၇ယောက်မြောက်သမီး ဟန်ယွင်၏ အမြင်ကတ်ဖွယ်အသံကို ကြားလိုက်ရသည်။
"အစ်ကို ၅ အဲ့ဒီ ကိုယ်လုပ်တော်က မွေးတဲ့ ချန်ရုံက အစ်ကိုနဲ့ ဘယ်လိုထိုက်တန်မှာလဲ...သူ့ကို ဒီလိုဆက်ဆံနေတာက ညီမလေးတို့ရဲ့ မိသားစုနာမည်ပျက်စေတယ်..."
ချန်ရုံသည် ထိုစကားကိုကြားသောအခါ မျက်ခုံးများကို ရှုံ့လိုက်သည်။ ထို့နောက် တိုးတိတ်စွာ လှောင်ရယ်ရယ်၍ အဖိုးစွင်းအား ပြောလိုက်လေသည်။
"အဖိုးစွင်း...အရှိန်လျှော့လိုက်ပါ..."
"ဟုတ်ကဲ့..."
ချန်ရုံ၏ ရထားလုံး ရပ်သွားချိန်တွင်ပင် ဟန်ယွင်၏ အသံစာစာက ထွက်နေတုန်းပင်။
"ဖေဖေက ဘယ်လိုတွေ တွေးခေါ်နေလဲတော့ ညီမလေးလည်း မသိတော့ဘူး...တကယ်တော့ ချန်ရုံက အစ်ကို့ရဲ့ ကိုယ်လုပ်တော်နေရာလောက်နဲ့ပဲတန်တာပါ...ဇနီးမယားအဖြစ် လက်ထပ်ယူဖို့တောင် မတန်ပါဘူး..."
ဟန်ယွင်၏ နောက်ဆုံးစကားများကြောင့် ချန်ရုံ၏ မည်းနက်၍ နက်ရှိုင်းသော မျက်လုံးများ၌ အေးစက်မှုတစ်ခု ဖြတ်သန်းသွားသည်။
သို့သော် ချန်ရုံသည် သူမ၏ ခံစားချက်များကို အမြန်ပင် ပြန်ထိန်းသိမ်းလိုက်၍ အဖိုးစွင်းအား အမိန့်ပေးလိုက်သည်။
"ဆက်သွားဖို့မလိုတော့ပါဘူး...ပြန်လှည့်ကြရအောင်..."
အစေခံတစ်ယောက်အနေဖြင့် အဖိုးစွင်းသည် ဟန်ယွင်၏ စကားအဓိပ္ပာယ်ကို ချန်ရုံထက်ပင် နားလည်လိုက်သေးသည်။ ထို့ကြောင့် ချက်ချင်းခေါင်းငြှိမ့်ကာ ရထားလုံးကို ပြန်လှည့်လိုက်သည်။
ဝမ်ဝူလန်က အသံကို နှိမ့်၍ ဟန်ယွင်အား ပြန်ပြောနေသည်။ ထို့နောက် ခေါင်းမော့လိုက်သောအခါ ချန်ရုံ၏ ရထားလုံးက ပြန်လှည့်ထွက်သွားသည်ကို မြင်သောအခါ အလျင်အမြန် လှမ်းခေါ်လိုက်သည်။
"အားရုံ...အားရုံ...ဘာဖြစ်လို့ ပြန်လှည့်သွားတာလဲ..."
ချန်ရုံက ဘာမှပြန်မဖြေတော့ပေ။
ဝမ်ဝူလန်က မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် ချန်ရုံနောက်သို့ ပြေးလိုက်မည်အလုပ်မှာပင် အခြားလူငယ်တစ်ဦးက ဝင်ပြောလိုက်ပြန်လေသည်။
"အစ်ကို၅... လိုက်မနေပါနဲ့...သူ့ကို ဒီလို ပစားပေးလို့ မဖြစ်ဘူး..."
ဝမ်ဝူလန်သည် ခဏမျှစဉ်းစားလိုက်ပြီးမှ လက်ကို ဖြည်းညှင်းစွာမြှောက်၍ စီးနေသည့် ရထားလုံးကို ဆက်မလိုက်ရန် ရပ်ခိုင်းလိုက်တော့သည်။
ချန်ရုံသည် လှည်းယာဉ်တန်း၏ အလယ်သို့ ပြန်ရောက်သွားသောအခါတွင် ရှေ့၌ ဆူဆူညံညံအသံများကို ကြားလိုက်ရလေသည်။
ချန်ရုံသည် လိုက်ကာကို မ၍ အပြင်သို့ ကြည့်လိုက်သည်။
ဘာဖြစ်နေသည်ကို ချန်ရုံမသိလိုက်ခင်မှာပင် မျက်မှောင်ကို အတင်းကြုတ်၍ ရှေ့သို့ လှမ်းကြည့်နေသော အဖိုးစွင်းက အော်လိုက်သည်။
"သခင်မလေး အဲ့ဒါ ဝမ်ချီလန်ရဲ့ အဖွဲ့ကလူတွေပဲ...ဝမ်ချီလန်ကို အဖိုးတို့ ဒီနေရာမှာ တွေ့ဆုံရတော့မှာ မယုံနိုင်စရာပဲ..."
အဖိုးစွင်း၏ အသံ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။
ဝမ်ချီလန် ဆိုပါလား...
ချန်ရုံသည် မရည်ရွယ်ပဲ ဝန်ချီလန်၏ ချောမောလှသည့်မျက်နှာကို စိတ်ထဲ၌ တွေးမိသွားသည်။ ထို့နောက် လိုက်ကာကို ဘေးသို့ဆွဲ၍ ခေါင်းကိုစောင်းကာ ကြည့်လိုက်သည်။
မြင်ကွင်းထဲသို့ လူအများအပြားပါဝင်သော အဖွဲ့ကြီးတစ်ဖွဲ့ ပေါ်လာသည်။ ထိုအဖွဲ့သည် ယခု ချန်ရုံ အတူလိုက်လာသော ဝမ်အဖွဲ့ထက်ပင် ပိုအင်အားများသည့်ပုံပေါ်နေသည်။ တဖျတ်ဖျတ်လွင့်နေသော အလံများကိုကြည့်ခြင်းအားဖြင့် ဝမ်အိမ်တော်မှ ၇ယောက်မြောက်သား(ချီလန်) ဖြစ်သော ဝမ်ဟုန်အပြင် ယွီအိမ်တော်မှ လူများလည်း ပါသည့်ပုံပေါ်သည်။
[T/N: ဝမ်ဟုန်က ဝမ်ချီလန်ရဲ့ အမည်ရင်းပါ။ ချီလန်က ၇ယောက်မြောက်သားကို ချစ်စနိုးခေါ်တဲ့ နာမည်ဖြစ်ပါတယ်]
အဖိုးစွင်း အလွန်ပျော်ရွှင်သွားသည်မှာလည်း အံ့ဩဖွယ်မဟုတ်တော့ပေ။ ယခု၌ အဖွဲ့နှစ်ဖွဲ့ ပေါင်းစည်းမိသွားပြီဖြစ်သောကြောင့် လမ်းခရီးသည် ပို၍ စိတ်ချရတော့မည်ဖြစ်သည်။
"အဖိုးစွင်း...သူတို့ဆီကို သွားကြရအောင်..."
ချန်ရုံက အရှေ့မှ တထောင်းထောင်းထနေသော ဖုန်များကို ကြည့်၍ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး..."
ချန်ရုံ့ကို မည်သူမျှ သတိမထားမိကြပေ။ ဝမ်လူငယ်များအားလုံးသည် အပြင်သို့ အပြေးအလွှားထွက်နေကြသည်။ ချက်ချင်းပင် အဖွဲ့နှစ်ဖွဲ့၌ လူ ငါးဆယ် ခြောက်ဆယ်ခန့် ဖြစ်သွားလေသည်။ အဖွဲ့ထဲမှ လူတိုင်းသည်လည်း သူတို့၏ ချောမောသောမျက်နှာများနှင့် လိုက်ဖက်စွာ လှပသည့်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
ဝမ်အိမ်တော်မှ လူ တစ်ဒါဇင်လောက်မှလွဲ၍ အခြားလူများကို ချန်ရုံ မမြင်ဖူးပေ။ ထိုလူများသည် ယွီအိမ်တော်မှ လူများဖြစ်မည်ဟု ချန်ရုံထင်လိုက်သည်။
လူများသည် စက်ဝိုင်းပုံစံဝိုင်းဖွဲ့၍ လူနှစ်ယောက်ကို အလယ်၌ ထားကာ စကားပြော ရယ်မောနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဝမ်အိမ်တော်၏ ၇ယောက်မြောက်သား ဝမ်ဟုန်သည် လူအုပ်ထဲမှ နတ်သားလေးတစ်ပါးအလား ထင်ရှားနေသည်။
ဝမ်ဟုန်၏ဘေး၌ ချောမော၍ မျိုးကောင်းရိုးကောင်းမှဆင်းသက်လာပုံပေါ်သည့် လူတစ်ယောက်လည်း ရပ်နေသေးသည်။ သို့သော် ချန်ရုံက အလှမ်းဝေးနေ၍ လူများကလည်း ပိတ်နေသောကြောင့် ထိုလူရွယ်၏မျက်နှာကို သေချာမမြင်ရပေ။
ချန်ရုံက ထိုလူအုပ်ကို ကြည့်နေစဉ်မှာပဲ ဘေးက သက်ပြင်းချသံတစ်ခုပေါ်လာသည်။
"လန်ယာဝမ်အိမ်တော်(1)က လူတွေ စုဝေးကြတိုင်း လူတွေက "ဪ ဒီလူတွေက တကယ့်ကို ကျောက်မျက်ရတနာတွေနဲ့ ပုလဲတွေလို အဖိုးတန်လှပါလား" ဆိုပြီး သက်ပြင်းချကြတယ်လို့ ငါကြားဖူးတယ်...အခု ဒီလူငယ်တွေကို ကြည့်ပြီး ငါလည်း ငါ့ကိုယ်ငါ အရှက်ရနေမိတယ်..."
[(1): ချီလန်က လူများတဲ့ ဝမ်အိမ်တော်ရဲ့ သားဖြစ်နေမယ့် သူ့ရဲ့ မျိုးရိုးက လန်ယာက ဆင်းသက်လာတာမို့လို့ တစ်ခါတစ်လေ လန်ယာဝမ်ချီ လို့လည်း ခေါ်ကြပါတယ်။ လန်ယာဝမ်အိမ်တော်က ဝမ်မျိုးရိုးမှာ အာဏာပိုကြီးတဲ့ အိမ်တော်လို့ ထင်ပါတယ်]
ထိုစကားများပြောလိုက်သူမှာ ဝမ်ကျောနား၌ တွေ့ရတတ်သော ပညာရှိတစ်ဦးဖြစ်သည်။ ထိုပညာရှိသည် အထက်တန်းလွှာမှဆင်းသက်လာသူဖြစ်သော်လည်း သူ၏ မျိုးရိုးသည် အထက်တန်းလွှာများကြား၌ အနည်းငယ် နိမ့်ကျသော မျိုးရိုးဖြစ်သည်။ ပညာရှိသည် စကားပြောပြီးသောအခါ သူမ၏ ရထားလုံးထဲ၌ ထိုင်နေသော ချန်ရုံကို လှမ်းကြည့်၍ ပြောလိုက်သည်။
"ငါ့ရဲ့ ဝမ်းနည်းမှုကို မင်းပဲ နားလည်နိုင်မှာပါ..."
ချန်အိမ်တော်သည် အလွန်ထင်ရှားသော အိမ်တော်ဖြစ်သော်လည်း ချန်ရုံ၏ဖခင်က လက်အောက်ခံအိမ်တော်မှ ကိုယ်လုပ်တော်၏ သားဖြစ်သည်။ ချန်ရုံသည်လည်း ကိုယ်လုပ်တော်မှ မွေးဖွားလာသူသာဖြစ်သည်။ ထို့ကြောင့် ချန်ရုံတို့သည် အထက်တန်းလွှာများကြား၌ အနှိမ်ခံ၊ အထင်သေးခံရသော လူတန်းစားတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ထိုပညာရှိက ညည်းညူနေခြင်းဖြစ်သည်။
ချန်ရုံက ဘာမှပြန်မဖြေပဲ ယွီအိမ်တော်နှင့် ဝမ်အိမ်တော်မှ လူငယ်များကိုသာ လှမ်းကြည့်နေလေသည်။ ချန်ရုံ၏မျက်လုံးများသည် ကြည်လင်တောက်ပနေ၍ အရှက်ရခြင်း၊ ဝမ်းနည်းခြင်းများ အနည်းငယ်မျှပင် မရှိချေ။ ပညာရှိသည် ချန်ရုံအား ခဏမျှ အကဲခတ်ပြီးသောအခါ ပြောလိုက်သည်။
"မိန်းကလေး မင်းရဲ့ ရုပ်ရည်နဲ့ အသိပညာက သာမာန်လူတွေနဲ့ယှဉ်ရင် အရမ်းကို သာလွန်ပါတယ်...ဒါကြောင့် ငါ့လိုမျိုး ဝမ်းနည်းမနေတာ မထူးဆန်းပါဘူး..."
ထို့နောက် ပညာရှိက ရပ်လိုက်သော်လည်း မနေနိုင်ပဲ ထပ်ပြောလိုက်မိသည်။
"ဒါပေမယ့် မင်းရဲ့ နောက်ခံမျိုးရိုးကတော့ အရမ်းကို နိမ့်ကျနေတာ ဝမ်းနည်းစရာပါပဲ..."