အပိုင်း ၁၃
Viewers 16k

Chapter 13


အံ့ဩဖွယ်တေးဂီတသံ

ချန်ရုံက ဘာမှပြန်မပြောပဲ ဆက်နေနေလိုက်သည်။ ချန်ရုံသည်လည်း သူမ၏ နောက်ခံမျိုးရိုးက နိမ့်ကျသည်ကို သိပါသည်။

သို့သော် ထိုကိစ္စက အရေးကြီးပါလို့လား။ ချန်ရုံသည် ဘဝကို အသစ်ပြန်၍ စခွင့်ရနေပြီမဟုတ်လား။

 ချန်ရုံသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အဖိုးစွင်းအားပြောလိုက်သည်။

"အဖိုးစွင်း...အရှေ့ကို နည်းနည်းဆက်သွားလိုက်ပါ..."

အရှေ့သို့ ဆက်သွားခိုင်းခြင်းမှာ အရှေ့မှ လူငယ်များကြားသို့ ဝင်ရောက်ရောနှောရန်ဖြစ်သည်။

ချန်ရုံ၏ ရထားလုံး နီးကပ်လာသောအခါ လူငယ်များစွာက ချန်ရုံရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် မတ်တပ်ရပ်လျက်နှင့်ပင် ချန်ရုံအား ငေးကြည့်နေကြသောကြောင့် ထိုလူငယ်များကိုကြည့်ရသည်မှာ ကြောင်တောင်တောင်ဖြစ်နေသည်။

ချန်ရုံ၏ ရုပ်ရည်သည် ယခင်တည်းက အလွန်လှပပြီးသားဖြစ်သည်။ ယခု ပြန်လည်မွေးဖွားလာပြီးသည့်အခါ ယခင်ဘဝမှ ရင့်ကျက်မှုသည်လည်း ယခုချန်ရုံ၏ နုနယ်သောအလှတွင် ဝင်ရောက်ကပ်ငြိလာလေသည်။ အမျိုးသမီးတစ်ယောက်၌သာ ရှိသော ရင့်ကျက်မှုနှင့် မိန်းမပျိုလေး၏ အပြစ်ကင်းစင်မှုတို့ကို ပေါင်းစပ်လိုက်သောအခါ ချန်ရုံ၏ အလှအပသည် လူငယ်များကြား၌ ထင်း၍ထွက်နေတော့သည်။

ယွီအိမ်တော်မှ လုလင်ပျိုတစ်ယောက်က ချန်ရုံအား တောက်ပသောမျက်လုံးများဖြင့် စူးစူးဝါးဝါးကြည့်၍ မေးလိုက်သည်။

"ဒီကမိန်းမပျိုလေးက ဘယ်အိမ်တော်ကပါလဲ..."

ချန်ရုံပြန်ဖြေသည်ကို မစောင့်ပဲ ဝမ်ဝူလန်က ပြုံးကာ ပြောလိုက်သည်။

"သူက ဖျင်မြို့တော်က ချန်အိမ်တော်ရဲ့ သခင်မလေးပါ...နာမည်ကတော့ ရုံ တဲ့..."

ဖျင်မြို့တော်မှ ချန်အိမ်တော်?

ထိုနာမည်ကို ထုတ်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ယွီအိမ်တော်မှ လုလင်ပျိုများအားလုံး၏ မျက်လုံးများက အရောင်တလက်လက် တောက်ပသွားကြသည်။ ဖျင်မြို့တော်မှ ချန်အိမ်တော်သည် ချန်မျိုးနွယ်၏ လက်အောက်ခံ အိမ်တော်အသေးလေးသာဖြစ်သောကြောင့် ထိုအိမ်တော်မှ မိန်းမပျိုများသည် သိပ်ဂုဏ်ရှိန်မကြီးကြချေ။ ချန်ရုံသည်လည်း မျိုးရိုးဂုဏ်ရှိန်မမြင့်သော‌ကြောင့် လူငယ်များရှေ့၌ရှိနေသော ဤမိန်းမပျိုသည် ဇနီးမယားအဖြစ်ဖြင့်ဖြစ်စေ၊ ကိုယ်လုပ်တော်အဖြစ်ဖြင့်ဖြစ်စေ သိမ်းပိုက်ရန် မခက်ခဲတော့ချေ။

ယွီအိမ်တော်မှလုလင်ပျိုများ၏ စူးစူးရဲရဲအကြည့်များအောက်တွင် ချန်ရုံကတော့ ‌ငြိမ်သက်နေသော ရေပြင်ကဲ့သို့ပင် တည်တံ့ဆဲဖြစ်သည်။

ချန်ရုံသည် ရထားလုံးပေါ်မှဆင်း၍ ရှေ့သို့ ခြေနှစ်လှမ်းလှမ်းလိုက်သည်။ ထို့နောက် ခေါင်းကိုမော့၍ သန်းခေါင်ယံညကဲ့သို့ မည်းနက်၍ နက်ရှိုင်းသောမျက်လုံးများဖြင့် မိန်းကလေးများ၏ ဝန်းရံမှုကို ခံနေရသော ဝမ်အိမ်တော်၏ ၇ယောက်မြောက်သား ဝမ်ဟုန်အား လှမ်းကြည့်လိုက်သည်။

ဝမ်ဟုန်သည်လည်း ချန်ရုံ့အား လှမ်းကြည့်နေလေသည်။

ထိုသို့မျက်နှာချင်းဆိုင်မိသွားသောအခါ အလွန်ပြုံးရယ်ခဲသော ဝမ်ဟုန်သည် ချက်ချင်းပင် ပျော်ရွှင်စွာ ပြုံးသွားတော့သည်။ နေရောင်အောက်တွင် ဝမ်ဟုန်၏ ဖြူဖွေးသောသွားများသည် အမြင်အာရုံကိုပင် ပျက်စီးသွားစေနိုင်သည်။ ချန်ရုံသည် မရည်ရွယ်ပဲ သူတို့ စတွေ့ခဲ့စဉ်ကကဲ့သို့ ခေါင်းကို ဘေးသို့စောင်းကာ အကြည့်လွှဲလိုက်မိသည်။

ဝမ်ဟုန်၏ အပြုံးကို မြင်လိုက်သောအခါ အနားမှ ဝန်းရံနေကြသော မိန်းကလေးတစ်သိုက်သည် ပထမတော့ ကြောင်သွားကြ၍ နောက်မှ ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။

ဝမ်ဟုန်ဘေး၌ရပ်နေသောလူသည် ယွီကျစ် ဖြစ်သည်။ ယွီကျစ်သည် အလွန်ဆုံးမှ အသက်နှစ်ဆယ်ခန့်သာရှိသေး၍ လေးထောင့်ဆန်ဆန်မျက်နှာနှင့် ဓားရှည်ကဲ့သို့မျက်ခုံးမွှေးများပိုင်ဆိုင်ထားသည့် ချောမောသောလူငယ်တစ်ဦးဖြစ်သည်။ မိန်းကလေးများ၏ ရယ်သံများကို ကြားသောအခါ ယွီကျစ်သည်လည်း ဝမ်ဟုန်ကြည့်နေသောဘက်သို့ လှည့်ကြည့်လိုက်သည်။

ချောမောလှပ‌သောချန်ရုံကို တွေ့သွားသောအခါ ယွီကျစ်က တစ်ချက်ရယ်လိုက်၍ ဝမ်ဟုန်အား လှမ်းပြောလိုက်သည်။

"လတ်စသတ်တော့ မင်းကြိုက်တဲ့ အလှအပက ဒီလိုမျိုးကိုး..."

"သူက ငါမင်းကိုပြောတဲ့ ချန်အိမ်တော်က အားရုံလေ..."

ယွီကျစ်၏မျက်လုံးများသည် စိတ်ဝင်စားမှုဖြင့် တောက်ပသွားကြသည်။ သူသည် ချန်ရုံ့အား အထင်ကြီးသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီးမှ အကြည့်ကိုလွှဲလိုက်သည်။

ချန်ရုံသည် အနားသို့ ရောက်မည်ပင်မကြံသေးပဲ ချောမောလွန်းလှသော လုလင်ပျိုနှစ်ဦး၏ စိတ်ဝင်စားမှုကို သိမ်းပိုက်လိုက်သော‌ကြောင့် အခြားမိန်းမပျိုများကို စိတ်တိုဒေါသထွက်ကုန်ကြသည်။ မိန်းမပျိုများသည် ချန်ရုံအား တစ်ချက်လှမ်းကြည့်လိုက်၍ တစ်ခဏအတွင်းမှာပင် ခေါင်းများ၊ တဖျတ်ဖျတ်လွင့်နေသော ဝတ်ရုံများနှင့် ရထားလုံးများကပါ ချန်ရုံ့ရှေ့သို့ တိုးဝင်လာ၍ ဝမ်ဟုန်နှင့် သူ၏သူငယ်ချင်းကို ချန်ရုံမမြင်နိုင်တော့အောင် လုပ်လိုက်ကြသည်။

ချန်ရုံက အကြည့်ကိုပြန်ရုတ်၍ ရထားလုံးထဲသို့ ပြန်ဝင်လာလိုက်သည်။

အထဲသို့ရောက်ရောက်ချင်းပင် ချန်ရုံသည် ရထားလုံးနံရံ၌ ထောင်ထားသော ကြိုး၇ချောင်းတပ် ဗျပ်စောင်းကို ယူလိုက်သည်။

ယခင်ဘဝကတော့ ဤအရွယ်၌ ချန်ရုံသည် ဗျပ်စောင်းကို မတီးတတ်သေးချေ။

သို့သော် တစ်ယောက်သောထိုအမျိုးသားနှင့် ဆုံတွေ့ပြီးသောအခါ ချန်ရုံသည် သူမ၏ နိမ့်ကျသော ဂုဏ်သတင်းကို ပယ်ဖျက်ရန် နှစ်ပေါင်းများစွာ ဗျပ်စောင်းတီးလေ့ကျင့်ခဲ့သည်။ ပါရမီပါသောကြောင့် ချန်ရုံသည် ၂နှစ် နှင့်ပင် ဗျပ်စောင်း၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ မသေဆုံးခင်အချိန်၌ ချန်ရုံသည် သူမ၏ ဗျပ်စောင်းတီးခတ်မှုနှင့်ပင် နာမည်ကျော်ကြားခဲ့သည်။

ချန်ရုံသည် ခေါင်းကိုငုံ့ကာ ဗျပ်စောင်းအား သူ့စားပွဲပေါ်သို့တင်၍ ကြိုးများကို ညင်သာစွာ တီးခတ်လိုက်သည်။

ပျံ့လွင့်လာသော ဂီတသံနှင့်အတူ ဆူညံနေသော လူအုပ်သည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ချန်ရုံကတော့ မော့၍ပင်မကြည့်ပေ။

ချန်ရုံသည် ဂီတက လေညှင်းနှင့် စမ်းရေကဲ့သို့ ပျံ့လွင့်စီးဆင်းစေရန် ကြိုးများကို တီးခတ်လိုက်သည်။ ကောင်းကင်မှလကဲ့သို့ ချန်ရုံ၏ ဂီတသံသည် တိုးတိတ်စွာ မြင့်တက်၍ ကောင်းကင်မှ ပြန်ဖြာကျလာသကဲ့သို့ ရှိနေသည်။

အသံများအားလုံး တိတ်ဆိတ်သွားသည်။

မိန်းကလေးများအုပ်စုကလည်း ချန်ရုံ့အား လှည့်ကြည့်နေကြသည်။

ထိုအချိန်၌ ချန်ရုံသည် ဗျပ်စောင်းကိုသာ လုံးလုံးလျားလျား အာရုံစိုက်နေလေသည်။ သူမ၏ အသွင်အပြင်က နွေဦးစမ်းရေကဲ့သို့ ရောင်ခြည်များတောက်ပ၍ ငြိမ်းချမ်းမှုများ ဖြာထွက်နေသည်။ သူမ၏ အလှအပသည် တည်ငြိမ်မှုနှင့် လှပမှုတို့ ပေါင်းစပ်ထားသကဲ့သို့ ရှိလေသည်။

သူတို့ကိုယ်သူတို့ သတိမထားမိခင်မှာပင် လူတိုင်းသည် ချန်ရုံ၏ဖျော်ဖြေမှု၌ မိန်းမောနေကြတော့သည်။

သူတို့၏ နောက်ခံအဆင့်အတန်းနှင့် ဤလူငယ်များသည် အလွန်ကောင်းမွန်သော ပညာရေးကို သင်ကြားခဲ့ရသည်သာဖြစ်သည်။ သူတို့သည် အနုပညာလေးမျိုးကို မကျွမ်းကျင်လျှင်တောင်မှ အနည်းဆုံး အခြေခံကိုတော့ ကျွမ်းဝင်နားလည်ကြသည်ဖြစ်သည်။

[T/N: အနုပညာလေးမျိုးမှာ ဂီတ၊စစ်တုရင်၊ ကဗျာနဲ့ ပန်းချီ တို့ဖြစ်ပါတယ်]

ထို့ကြောင့် ချန်ရုံ၏ ဗျပ်စောင်းသံက လေထဲသို့ ပျံ့လွင့်လာသည်နှင့် ချန်ရုံ၏ လက်သံသည် အလွန်ထူးခြားကောင်းမွန်သည်ကို သိနားလည်လိုက်ကြသည်။

ဗျပ်စောင်းသည် ဧကရာဇ်ယောင် နှင့် ဧကရာဇ်ရွှင်း တို့ လက်ထက်တည်းက တည်ရှိလာခဲ့သော ရိုးရာတူရိယာဖြစ်သည်။ ဗျပ်စောင်း၏အသံသည် ကျယ်လောင်၍ သာယာနာပျော်ဖွယ်ရှိသည်။ ယနေ့ခေတ် ပညာရှိများကလည်း ဗျပ်စောင်းကို အလွန်အမွှန်းတင်ကြသည်။ အလွန်နည်းပါးသော ပညာရှိအချို့သာ ဗျပ်စောင်းကို မတီးတတ်ကြပေ။ ဝမ်အိမ်တော်၏ ၇ယောက်မြောက်သား ဝမ်ဟုန်သည်လည်း အလွန်ထက်မြက်သော ဗျပ်စောင်းတီးခတ်သူဖြစ်လေသည်။

သူတို့နှစ်ယောက်စတွေ့ချိန်မှစ၍ ချန်ရုံ၏ ခြေသံများမှတစ်ဆင့် ချန်ရုံသည် ဗျပ်စောင်းတီးခတ်သူဖြစ်မည်ကို ဝမ်ဟုန် သိလိုက်သည်။

သို့သော် ချန်ရုံသည် ဤမျှတော်လိမ့်မည်ဟု ဝမ်ဟုန်မထင်ထားခဲ့ချေ။ ဆယ့်ငါးနှစ်အရွယ် မိန်းမငယ်လေးသည် ဤမျှခက်ခဲသော လက်ကွက်များကို တီးတတ်၍ သံစဉ်များကလည်း ခဏခဏပြောင်းနေသည်။ သံစဉ်များသည် လေညှင်းကဲ့သို့ ချောမွေ့၍ လွတ်လပ်ကျယ်ပြန့်နေကာ ချန်ရုံသည် ဝမ်ဟုန့်အား သူတို့နှစ်ယောက် ခွဲခွာနေရသောအချိန်၌ သူမ၏ လွမ်းဆွတ်မှုနှင့် ပြန်တွေ့ရသောအခါ သူမ၏ ပျော်ရွှင်မှုများကို ပြောပြနေသကဲ့သို့ ရှိနေသည်။ ထိုခံစားချက်များသည် နွေဦးလေပြေနှင့် စီးဆင်းနေသောစမ်းရေကဲ့သို့ လွင့်မျောနေသော ခံစားမှုကိုပေး၍ တစ်ခါတစ်လေ၌ ကြင်နာမှုများနှင့် တစ်ခါတစ်လေ၌ လွတ်လပ်ကာ စိတ်ကူးယဉ်ဆန်လွန်းနေသည်။

ပညာရှိများအားလုံးသည် သူတို့၏ ဂီတထဲ၌ ဂုဏ်သိက္ခာနှင့် တင့်တယ်မှုတို့ကို ဖော်ပြတတ်ကြသည်။ သို့သော် ချန်ရုံ၏ ဗျပ်စောင်းတီးသံက အခြားလူများနှင့်မတူပဲ တမူထူးခြား ကောင်းမွန်နေလေသည်။

ချန်ရုံ၏ ဗျပ်စောင်းသံသည် ဝမ်ဟုန်ထက် မသာလွန်လျှင်တောင် နိမ့်တော့မနိမ့်ကျပါ။

လူများအားလုံးသည် ခေါင်းများမော့ကာ နားထောင်နေကြသည်။ ဝမ်ဟုန်နှင့် လူအချို့ကတော့ မျက်လုံးများကိုပင် မှိတ်ကာ နားဆင်နေကြသည်။

ပျံ့လွင့်နေသော ဗျပ်စောင်းသံသည် တဖြည်းဖြည်း ပါးလွင့်သွား၍ တိတ်ဆိတ်သွားသည့်အချိန်အထိ အချိန်မည်မျှကုန်သွားမှန်းပင် သတိမထားမိလိုက်ကြချေ။

ချန်ရုံသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

နေရောင်ခြည်သည် ချန်ရုံ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသောပါးပြင်ပေါ်၌ ဖြာကျနေချိန်တွင် ချန်ရုံသည် သူမ၏ ညသန်းခေါင်ကဲ့သို့ မျက်လုံးများဖြင့် ဝမ်ဟုန်ကို လှမ်းကြည့်လိုက်သည်။

နှစ်ဦးသား၏အကြည့်များ ဆုံမိသွားသည်။

ချန်ရုံ၏မျက်လုံးများ၌ ရှက်ရွံ့မှုနှင့် ပျော်ရွှင်မှုများ ရောယှက်နေသည်။ ထို့‌နောက် မျက်လွှာကိုချလိုက်၍ ဖြည်းညှင်းစွာပြောလိုက်သည်။

"အရှင်နဲ့ပြန်တွေ့ရလို့ ကျွန်မ အရမ်းဝမ်းသာမိပါတယ် အရှင်..."

ထိုစကားများကိုပြောပြီးသောအခါ ချန်ရုံသည် လိုက်ကာများကို ချလိုက်သည်။ ရထားလုံးထဲမှ အမိန့်ပေးသံ ခပ်အုပ်အုပ် ပေါ်လာ၍ အဖိုးစွင်းသည် ရထားလုံးကို လှည့်၍ မောင်းထွက်သွားတော့သည်။

တီးတိုးပြောသံများကြားတွင် ချန်ရုံ၏ ရထားလုံးသည် လှည်းယာဉ်တန်း၏ အလယ်သို့ ပြန်ရောက်သွားလိုက်သည်။

ဝမ်အိမ်တော်မှလူများရော ယွီအိမ်တော်မှလူများရော အားလုံးတို့သည် ချန်ရုံရှိရာနေရာသို့ ကြည့်နေကြလေသည်။ သို့သော် သူတို့ မည်မျှပင် ငေးကြည့်ပါမူ လိုက်ကာများက ပြန်မပွင့်လာတော့ပေ။

ထို့နောက် ဝမ်အိမ်တော်မှ မိန်းကလေးတစ်ဦးက ပြောလိုက်သည်။

"သူက ဒီလောက် အဆင့်မြင့်တဲ့ ဗျပ်စောင်းတီးသံကို ဘယ်က တတ်လာတာလဲ..."

မည်သူမှ မဖြေနိုင်ကြချေ။

ဝမ်ဝူလန်သည်လည်း ငေးကြောင်နေရာမှ အသိပြန်ဝင်လာသည်။ ဝမ်ဝူလန်သည် မျက်ခုံးများကို တွန့်၍ ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။

"ဒီလိုတေးသံမျိုးကို ငါတစ်ခါမှ မကြားဖူးဘူး..."

"ချန်ရုံရဲ့ ဗျပ်‌စောင်းသံက တကယ်ပဲ နားထောင်ကောင်းလှပါတယ်...ဒါပေမယ့် သူက လက်အောက်ခံအိမ်တော်က ကိုယ်လုပ်တော်ရဲ့သမီးထက်တော့ ဘာမှမပိုဘူးလေ..."

ထိုလှောင်ပြောင်သံက ဝမ်အိမ်တော်၏ ၇ယောက်မြောက်သမီးထံမှ ထွက်လာခြင်းဖြစ်သည်။

သူမ၏ အသံသည် အတော်ကျယ်လောင်သွားသည်။

လူအများက ဟန်ယွင်၏စကားများကို ထောက်ခံသည့်ပုံဖြင့် ခေါင်းများငြှိမ့်နေကြသည်။ သူတို့၏ ပျော်ရွှင်နေသော မျက်လုံးများသည် ချက်ချင်းပင် တိမ်များဖုံးအုပ်သွားသကဲ့သို့ ဖြစ်သွားသည်။ သူတို့၏ မာနကြီးသောမျက်နှာများ၌ အထင်သေးမှုများက ပြန်ရောက်လာကြသည်။ ထိုချန်ရုံသည် ဗျပ်စောင်းကိုကောင်းစွာတီးတတ်တော့ရော ဘာအရေးလဲ။ သူမက အလွန်လှပနေတော့ရော ဘာအရေးလဲ။ လက်အောက်ခံအိမ်တော်မှ ကိုယ်လုပ်တော်ဖွားမိန်းမပျိုတစ်ဦးသည် သူတို့၏အောက်၌သာရှိနေရမည်ဖြစ်သည်။ ချန်ရုံကဲ့သို့လူမျိုးသည် သူတို့၏ အားကျမှုနှင့် မထိုက်တန်ပါချေ။

လူငယ်များသည် ယခုမှ သတိပြန်ဝင်လာကြ၍ ချန်ရုံ့ထံမှ အကြည့်များကို လွှဲလိုက်သည်။

ထိုအချိန်၌ ယွီအိမ်တော််မှ မိန်းကလေးတစ်ဦးက ထအော်လိုက်သည်။

"ဟုန်လန် ဘယ်ရောက်သွားလဲ..."

ဝမ်ဟုန်လား...

မိန်းကလေးများသည် ခေါင်းများကို လှည့်၍ ကြည့်လိုက်ကြသည်။ ဝမ်ဟုန်အား ရှာလိုက်သောအခါ ဝမ်ဟုန်နှင့် ယွီကျစ်တို့သည် သူတို့၏ ရထားလုံးများဆီသို့ ပြန်သွားကြပြီဖြစ်သည်။ မိန်းကလေးများသည် လွင့်ခါနေသော လိုက်ကာများကိုသာ မြင်လိုက်ကြရတော့သည်။