အပိုင်း ၁၄
Viewers 19k

Chapter 14


 စွင်းအိမ်တော်မှ လုလင်ပျို

အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့သည် ရထားလုံးအပြင်မှနေ၍ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

"မမလေး...မမလေး ဘယ်တုန်းကများ ဗျပ်စောင်းကို ဒီလောက်ကျွမ်းကျွမ်းကျင်ကျင် တီးတတ်သွားတာလဲ..."

ချန်ရုံက တိတ်ဆိတ်နေသည်။

"ကျွန်မ အိပ်မက်ထဲမှာ တတ်လာတာ..."

နောက်ဆုံးတော့ ချန်ရုံက ပြောလိုက်သည်။

အထိန်းတော်ဖျင်တို့ ဘာမှပြန်မပြောနိုင်ခင်မှာပင် ချန်ရုံက အသံကိုတိုး၍ အမိန့်ပေးလိုက်သည်။

"ဒါကို ဘယ်သူမှ မသိပါစေနဲ့...တစ်ယောက်ယောက်ကမေးရင် ကျွန်မအဖေနဲ့ အစ်ကိုတို့ ထွက်သွားတဲ့နောက်မှာ ကျွန်မ ဗျပ်စောင်းတီးတာကို စသင်ခဲ့တာလို့ ပြောပါ..."

အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့၏ဘဝတစ်လျှောက်လုံး သေးငယ်သောဖျင်မြို့တော်လေးထဲမှ သေးငယ်သော ချန်အိမ်တော်တွင် နေလာခဲ့ကြသောကြောင့် အထိန်းတော်ဖျင်တို့သည် ပညာမတတ်ကြချေ။ ချန်ရုံပြောသည်မှာ ယုံရခက်သော်လည်း အခြားအကြောင်းပြချက်များကိုလည်း သူတို့ စဉ်းစား၍မရချေ။

"ဟုတ်ကဲ့ပါ သခင်မလေး...စိတ်ချပါ..."

နောက်ဆုံးတော့ အဖိုးစွင်းက ပြောလိုက်သည်။ သူ့ဘေးမှ အထိန်းတော်ဖျင်ကလည်း ခေါင်းတငြှိမ့်ငြှိမ့်လုပ်နေသည်။

သူတို့သည် သူတို့၏ ရိုးရှင်းသောစိတ်ထဲ၌ ထိုအကြောင်းကို ဆက်မတွေးဖြစ်ကြတော့ချေ။ ယခုရက်များ၌ သခင်မလေးသည် ကောင်းကင်ဘုံမှ အတိတ်နိမိတ်များရထားသည့်အလား ဆန်းကြယ်စွာ ပြုမူနေသည်မဟုတ်လား။ ဗျပ်စောင်းကို အိပ်မက်ထဲမှ တီးတတ်လာသည်ဆိုသည်မှာလည်း တကယ်ဖြစ်နိုင်ပါသည်။

ချန်ရုံက ရထားလုံးထဲမှ ခုံပေါ်၌ထိုင်၍ ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"ကျွန်မကို လာတွေ့တဲ့လူရှိရင် ကျွန်မ အိပ်နေတယ်လို့ပြောလိုက်ပါ..."

"ဟုတ်ကဲ့ပါ သခင်မလေး..."

ထိုအချိန်၌ လှည်းယာဉ်တန်းသည် လမ်းပေါ်သို့ ပြန်လည်ထွက်ခွာနေပြီဖြစ်သည်။

အဖွဲ့နှစ်ဖွဲ့စတွေ့သည့်နေရာမှနေ၍ ဆယ်မိုင်ခန့်ဝေးကွာလာကြပြီဖြစ်သည်။ မြင်းခွာများကြားမှ ဖုန်မှုန့်များက လေထဲလွင့်ပျံနေကြသည်။ လှည်းယာဉ်တန်း၏အလယ်မှလူသည် အရှေ့ကိုရော အနောက်ကိုပါ မြင်ဖို့မလွယ်ချေ။

ချန်ရုံသည် ဗျပ်စောင်းကို တီးခတ်ပြီးသည့်အချိန်မှစ၍ ရထားလုံးထဲ၌သာ တိတ်ဆိတ်စွာနေ၍ အပြင်သို့ မထွက်တော့ချေ။ ထိုအချိန်တွင် ဝမ်ဝူလန်လွှတ်လိုက်သော လူများကိုလည်း အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့က ယဉ်ကျေးစွာ ပြန်လွှတ်နေကြသည်။

ပထမတွင်တော့ ဝမ်အိမ်တော်နှင့် ယွီအိမ်တော်မှ စိတ်တိုနေကြသည့် မိန်းကလေးများသည် ချန်ရုံနှင့် တစ်ပွဲတစ်လမ်းရန်ဖြစ်ရန် အသင့်ဖြစ်နေကြသည်။ သူတို့သည် ချန်ရုံထက် ဗျပ်စောင်းတီးခတ်ရာတွင် မသာလွန်လျှင်တောင်မှ အခြားနေရာများတွင်တော့ သာလွန်နိုင်သည်မဟုတ်လား။ ထိုသို့ မယှဉ်ပြိုင်လျှင်လည်း ချန်ရုံအား အခြားအနုပညာများကိုလည်း လုပ်နိုင်ကြောင်း သက်သေပြခိုင်းနိုင်သည်။ ချန်ရုံသာ အပြင်သို့ ထွက်လာပါက သူတို့သည် ချန်ရုံအား တစ်နည်းမဟုတ် တစ်နည်း အနိုင်ယူနိုင်ကြမည်ဖြစ်သည်။

ချန်ရုံတစ်ယောက် အိပ်ယာသို့စောစီးစွာ ဝင်သွား၍ပြန်ပေါ်မလာတော့မည်ဟုတော့ ထိုမိန်းကလေးများ မမျှော်လင့်ထားခဲ့ကြချေ။

ထိုအချိန်၌ လှည်းယာဉ်တန်းသည် ရုတ်တရက် ရပ်တန့်သွားသည်။

ချန်ရုံက လိုက်ကာကို မတင်၍ ခပ်တိုးတိုးမေးလိုက်သည်။

"ဘာဖြစ်တာလဲ..."

"အဖိုးသွားကြည့်လိုက်မယ်..."

အဖိုးစွင်းက ပြောလိုက်သည်။

မိနစ်သုံးဆယ်ကြာသောအခါတွင် အဖိုးစွင်းပြန်ရောက်လာ၍ ရထားလုံးမောင်းသူနေရာ၍ ပြန်ထိုင်ကာ ချန်ရုံ့အား ပြောလိုက်သည်။

"စွင်းမျိုးနွယ်ရဲ့ အိမ်တော်ခွဲတစ်ခုနဲ့တွေ့နေတာ...အဲ့ဒီစွင်းအိမ်တော်က လမ်းမှာ ဓားပြတွေနဲ့ တွေ့ခဲ့တယ်ပြောတယ်...လူကြီးတော်တော်များများက အသက်ဆုံးရှူံးသွားကြရပြီး သခင်လေးတစ်ဦးနဲ့ အစေခံအချို့ပဲ အသက်ရှင်ကျန်ခဲ့တယ်တဲ့..."

အဖိုးစွင်း၏စကား ဆုံးဆုံးချင်းမှာပင် အရှေ့၌ ဆူဆူညံညံအသံများပေါ်လာသည်။ ထို့နောက် ဖုန်များပေကျံနေသော ရထားလုံးတစ်စီးသည် ချန်ရုံတို့နားသို့ မောင်းချလာသည်။

အနက်ရောင်ဖဲသားနှင့် မဟော်ဂနီသစ်သားတို့ဖြင့် ပြုလုပ်ထားသော ရထားလုံးသည် သူ၏ တစ်ချိန်က ဝင့်ကြွားခဲ့မှုများကို ဖော်ပြနေသကဲ့သို့ ရှိလေသည်။ သို့သော် ယခုအချိန်တွင်တော့ ဖဲများသည်လည်း ဆွေးမြည့်နေကာ မဟော်ဂနီသစ်သားသည်လည်း ဓားချက်များဖြင့် ပြည့်နေသည်။

ရထားလုံးကို မောင်းနှင်သူနေရာ၌ထိုင်နေသူမှာ အသက်ဆယ့်ငါးနှစ်အရွယ် လုလင်ပျိုလေးတစ်ဦးဖြစ်သည်။ ထိုလူငယ်လေးသည် တောက်ပသောမျက်လုံးအစုံ၊ ဖြောင့်စင်းသောနှာတံ၊ တိကျသေသပ်သော နှုတ်ခမ်းများရှိ၍ မျက်နှာမှာ မောပန်းနွမ်းနယ်နေသည့် ပုံစံ‌ပေါက်နေသည်။

သို့သော်လည်း ထိုလူငယ်လေး၏ ကျောပြင်သည် မတ်နေ၍ ဝတ်ရုံကလည်း ဖြူဖွေးရှင်းသန့်နေကာ ဆံပင်များကသာ အနည်းငယ် လေတိုးထားဟန်ရှိသည်။

ဝမ်ဝူလန်က မျက်မှောင်ကြုတ်၍ ထိုလူငယ်အားပြောလိုက်သည်။

"အရှင်...ရထားလုံးကို အစေခံတစ်ယောက်ယောက်ကို မောင်းခိုင်းလိုက်ပါ...အရှင် စိတ်မရှိဘူးဆိုရင် ကျွန်ုပ် အစေခံတစ်ယောက်လွှတ်ပေးပါမယ်..."

လူငယ်လေးက ခေါင်းခါလိုက်သည်။

"မလိုပါဘူး..."

ထို့နောက် ဘာမှဆက်မပြောတော့ချေ။

ဝမ်ဝူလန်က မျက်မှောင်ကို ပို၍ကြုတ်လိုက်သည်။ 

"ဒါက ကျွန်ုပ်တို့အိမ်တော်က ချီလန်ရဲ့ အကြံဉာဏ်ပါ အရှင်...ဒီလို စိမ်းစိမ်းကားကား လုပ်ဖို့တော့ မသင့်ပါဘူး..."

ဤအကြိမ်တွင်လည်း စွင်းအိမ်တော်မှ သခင်လေးသည် ဘာမှ ပြန်မဖြေပေ။

ထိုလူငယ်အား စိတ်ပြောင်းစေရန် မပြောနိုင်တော့သောကြောင့် ဝမ်ဝူလန်လည်း စိတ်မရှည်တော့ပဲ နှုတ်ဆက်သည့် အမူအယာလုပ်ကာ ရထားလုံးကို လှည်းယာဉ်တန်း၏ အရှေ့သို့ ပြန်သွားရန် အချက်ပေးလိုက်တော့သည်။

ခဏအကြာတွင် လူငယ်လေး၏ရထားလုံးသည် ချန်ရုံနားသို့ရောက်လာ၍ ဘေးချင်းယှဉ်ကာ မောင်းနေကြသည်။

အဖွဲ့က ပြန်၍ ရှေ့ဆက်သွားတော့သည်။

"သခင်လေး..."

ရထားလုံးထဲမှ ခပ်အက်အက်အသံတစ်သံ ထွက်လာသည်။

"ဘာဖြစ်လို့များ ရထားလုံးကို ကိုယ်‌တိုင်မောင်းနေရတာပါလဲ...ကျွန်တော်တို့ မောင်းပေးပါရစေ..."

ထိုအသံက ပြောပြီးသောအခါ ရထားလုံးထဲမှာ မနည်းအားယူ၍ ထလိုက်သံကို ကြားလိုက်ရသည်။

သခင်လေးစွင်းက နှုတ်ခမ်းကိုတင်းတင်းစေ့၍ နောက်သို့မလှည့်ပဲ အော်ပြောလိုက်သည်။

"မလိုပါဘူး..."

ရထားလုံးထဲမှ ဘာသံမှ ထပ်ထွက်မလာတော့ချေ။

အဖွဲ့သည် နောက်ထပ် ဆယ်မိုင်ခန့်ဆက်သွားပြီးသောအခါ နေက မိုးကုပ်စက်ဝိုင်း၌ ဝင်စပြုနေလေပြီ။

လေချွန်သံနှင့်အတူ လှည်းယာဉ်များအားလုံးသည် ရပ်တန့်သွားကြတော့သည်။ အစေခံများကလည်း အချိန်မဖြုန်းပဲ ညနေစာအတွက် ပြင်ဆင်ကြတော့သည်။

ချန်ရုံသည်လည်း ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ သူမသည် ရထားလုံး၏ လှည်းမောင်းသူနေရာ၌ တောင့်တင်းစွာထိုင်လျက်ရှိသော လူငယ်လေးကို လှည့်ကြည့်လိုက်သည်။ ရွှေရောင်နေရောင်ခြည်အောက်တွင် လူငယ်လေး၏ ကလေးဆန်သော်လည်း ချောမောသည့် မျက်နှာလေးသည် တောရိုင်းထဲမှ အထီးကျန်ဝံပုလွေကဲ့သို့ တည်ငြိမ်၍ အဖော်မဲ့နေဟန်ပေါက်နေသည်။ ချန်ရုံ၏ အတိတ်ဘဝတွင်လည်း ထိုကဲ့သို့ အထီးကျန်မျက်နှာကို မှန်ထဲ၌ ကြိမ်ဖန်များစွာ ချန်ရုံ မြင်ခဲ့ရဖူးသည်။

တစ်ခါတစ်ရံ ပေါ်ထွက်လာသော ရယ်သံများကြားတွင် လူငယ်လေး၏ အထီးကျန်မှုသည် ထူးဆန်းနေလေသည်။

"ရှင် လက်စားချေချင်တယ်ဆိုရင် အင်အားတွေကို ထိန်းသိမ်းထားရမယ်လေ..."

ချန်ရုံက စွင်းသခင်လေးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"အင်အားပျော့ညံ့တဲ့လူတွေကပဲ သူတို့ကိုပေးတဲ့အကူအညီတွေနဲ့ ဖြစ်လာမယ့်အရာတွေကို ငြင်းပယ်ပြီး သူ့ကိုယ်သူ ဝမ်းနည်းမှုတွေ မချိတင်ကဲဖြစ်မှုတွေနဲ့ ရစ်ပတ်ထားမှာ..."

ချန်ရုံ၏အသံက နူးညံ့သော်လည်း အေးစက်နေသည်။

သခင်လေးစွင်းသည် ချက်ချင်းလှည့်၍ ချန်ရုံ့အား နက်မှောင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

ချန်ရုံကတော့ ဂရုမစိုက်ပဲ အကြည့်ကိုလွှဲကာ စွင်းသခင်လေးအား လုံးဝပင် လှည့်မကြည့်တော့ချေ။

ချန်အိမ်တော်၏နေရာသို့ပြန်ရောက်သောအခါ ချန်ရုံသည် အသံကိုနှိမ့်၍ အမိန့်ပေးလိုက်သည်။

"စားစရာတွေအဆင်သင့်ဖြစ်ရင် စွင်းသခင်လေးဆီကို နှစ်ယောက်စာ ပို့ပေးလိုက်ပါ..."

"ဟုတ်ကဲ့ပါ မမလေး..."

နောက်ဆုံးလက်ကျန် နေရောင်ခြည်များ ပျောက်ကွယ်သွားချိန်တွင် အိမ်တော်များ၏ စားစရာပြင်ဆင်ခြင်းများ ပြီးဆုံးသွားသည်။ ဝမ်အိမ်တော်နှင့် ယွီအိမ်တော်မှ အသားနှင့် ဝိုင်အရက်များကို နှစ်တန်းယှဉ်၍ ချထားလေသည်။

ချန်ရုံသည် ညနေစာကိုစားနေရင်းဖြင့် စွင်းသခင်လေးထံသို့ ဝမ်အိမ်တော်ရော၊ ယွီအိမ်တော်ရောတို့မှ စားစရာများပို့သော်လည်း သခင်လေးက ချန်ရုံ၏ စားစရာများကိုသာ ယူသည်ကို မြင်လိုက်ရသည်။

ချန်ရုံက ပြုံး၍ ခေါင်းကို ခါယမ်းလိုက်သည်။

အဖွဲ့နှစ်ဖွဲ့ပေါင်းစည်းမိသွားသည့်အခါ လူတိုင်းသည် ပို၍ စိတ်အေးသက်သာရှိလာကြသည်။ လက ကောင်းကင်၏အမြင့်ဆုံးနေရာသို့ရောက်သည်အထိ ရယ်သံများကို ကြားနေရဆဲဖြစ်လေသည်။

ချန်ရုံသည် လရောင်များကို နင်းလျက် ရှေ့သို့ လျှောက်သွားလိုက်သည်။

အဖွဲ့၏စခန်းချထားသောနေရာမှာ တောင်ကုန်းတစ်ခုပေါ်ရှိ မြစ်ဘေးမှ ကျယ်ပြန့်သောလွင်ပြင်ပေါ်တွင်ဖြစ်သည်။

လရောင်အောက်တွင် မြစ်သည် ငွေရောင်တောက်ပစွာ စီးဆင်းနေသည်။

ချန်ရုံသည် လျှောက်နေရင်းဖြင့် ဗျပ်စောင်းတီးသံတစ်ခုကို ကြားလိုက်ရသည်။

ဂီတသံသည် ကြည်လင်အေးချမ်း၍ သိမ်မွေ့နူးညံ့လှသည်။ ချန်ရုံသည် ထိုဗျပ်စောင်းသံကို ကြားကြားချင်းပင် ဝမ်ဟုန်၏လက်သံမှန်းသိလိုက်သည်။ ချန်ရုံသည် မရည်ရွယ်ပဲ အသံနောက်သို့ လိုက်နေမိသည်။

သို့သော် ခြေလှမ်းဆယ်လှမ်းခန့်သာ လှမ်းပြီးသောအခါ ချန်ရုံသည် လမ်းခုလတ်၌ ရပ်လိုက်မိသည်။ ကျယ်ပြန့်စွာဖြာကျနေသော လရောင်အောက်တွင် ဝမ်ဟုန်သည် ဗျပ်စောင်းကိုကိုင်၍ တီးခတ်နေသည်။ သူ၏အရှေ့နှင့်အနောက်တွင်တော့ ကောင်းမွန်လှပစွာ ဝတ်စားဆင်ယင်ထားသော မိန်းကလေးများစွာ ရှိနေလေသည်။

ချန်ရုံသည် ထိုမြင်ကွင်းကိုမြင်သောအခါ ခေါင်းကို ခါယမ်း၍ အနောက်သို့ ပြန်လှည့်လိုက်တော့သည်။

မြစ်ဘေးသို့ ချန်ရုံရောက်လာသောအခါ လူပျိုဖော်ဝင်ကာစ အသံဩရှရှတစ်ခုကို ကြားလိုက်ရသည်။

"မင်းက ချန်ရုံလား..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။

"ငါက စွင်းယန်...တရားဝင်နာမည်တော့ မပေးရသေးဘူး..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်ပြန်သည်။ ချန်ရုံသည် ခေါင်းကိုစောင်း၍ သူမဘေးရှိ အရပ်မြင့်မြင့်နှင့် ချောမောသော လူငယ်လေးကို ကြည့်လိုက်သည်။ လရောင်အောက်တွင် စွင်းယန်၏ ထင်ရှားတိကျသော မျက်နှာပေါက်သည် တောင်ကုန်း၊တောင်ကြားများကဲ့သို့ ဖြစ်နေသည်။

စွင်းယန်က ငွေရောင်တလက်လက်ထနေသော ရေကိုကြည့်၍ သူ၏ ဩရှရှအသံနှင့် ထပ်ပြောလိုက်ပြန်သည်။

"ဝမ်အိမ်တော်ကလူတွေရော ယွီအိမ်တော်ကလူတွေရောက ငါ့ကို သနားနေကြတယ်...သူတို့အကုန်လုံးက ငါ့ကို အလှူလုပ်ပေးချင်နေကြတာ...ဟင်း ငါက ယောင်္ကျားပဲလေ...ဘာဖြစ်လို့ တခြားလူတွေသနားတာကို ခံနေရမှာလဲ..."

စွင်းယန်သည် ဝမ်နှင့် ယွီအိမ်တော်မှလူများကို အဘယ်ကြောင့် အေးစက်စွာ ဆက်ဆံရသည်ကို ချန်ရုံ့အား ရှင်းပြနေခြင်းဖြစ်ပေသည်။