အပိုင်း ၁၅
Viewers 18k

Chapter 15


မြစ်ဝါမြစ်အနီးတွင်

ချန်ရုံက တိတ်ဆိတ်သွားသည်။

စွင်းယန်က ခေါင်းကိုလှည့်၍ ချန်ရုံ့အား မျက်နှာတည်တည်ဖြင့်ကြည့်ကာ ရုတ်တရက်မေးလိုက်သည်။

"မင်း အသက်ဘယ်လောက်ရှိပြီလဲ..."

"ဆယ့်ငါးနှစ်မပြည့်သေးပါဘူး..."

ချန်ရုံက ခဏမျှ တွေဝေနေရာမှ ပြန်ဖြေလိုက်သည်။

"ငါ့ထက်ငယ်တာပဲ..."

ထို့နောက် စွင်းယန်က ချန်ရုံ့အားကြည့်၍ ပြောဖို့မေ့ကျန်ခဲ့သကဲ့သို့ ဆက်ပြောလိုက်သည်။

"ငါ့ကို ကိုကို လို့ခေါ်ပေါ့..."

ချန်ရုံက စွင်းယန်အား အံ့ဩစွာမော့ကြည့်လိုက်သည်။

လရောင်အောက်တွင် ချန်ရုံ၏ ထိတ်လန့်သွားသော ပုံစံက စွင်းယန်အား ပျော်သွားစေပုံရသည်။ စွင်းယန်သည် သူ့မျက်နှာမှ ဝမ်းနည်းမှု‌များကို ပျောက်ကွယ်သွားစေသည့် အပြုံးတစ်ခုကို နှစ်နှစ်ကာကာ ပြုံးလိုက်လေသည်။

ချန်ရုံက စွင်းယန်အား မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။

"ဟွန့် ရှင်က ကျွန်မထက် ကြီးတယ်ဆိုတာ သေမှမသေချာပဲ..."

စွင်းယန်က ပြုံးလိုက်ပြန်သည်။ စွင်းယန်သည် ယခင်က မကြာခဏပြုံးရယ်ခဲ့မည့်ပုံပေါ်သည်။ သူပြုံးလိုက်သောအခါ မျက်နှာတစ်ခုလုံးက ဝင်းပသွားလေသည်။

စွင်းယန်က ချန်ရုံ့အား တစ်ကိုယ်လုံးခြုံ၍ အကဲခတ်လိုက်ကာ ခေါင်းတစ်ချက်ငြှိမ့်၍ ပြောလိုက်သည်။

"ဟုတ်ပါတယ် ဒါပေမယ့် မင်းသာမပြောရင် မင်း ဆယ့်ငါးနှစ်ဆိုတာ ဘယ်သူမှ ယုံကြမှာမဟုတ်ဘူး...ကျစ် မင်းက မိန်းကလေးငယ်ငယ်လေးပဲရှိသေးတာပဲ...ဒါပေမယ့် မင်းရဲ့ အပြုအမူတွေက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လို ဖြစ်နေကြပြီ..."

ချန်ရုံ၏ မျက်နှာလေးက ရှက်သွေးများဖြင့် နီရဲသွားသည်။ ချန်ရုံသည် ဒေါသကိုထိန်းရန် အသက်ကို ပြင်းပြင်းရှူလိုက်သော်လည်း ချန်ရုံ၏စိတ်က တိုတောင်းလှသောကြောင့် အသက်ကို အခါပေါင်းများစွာရှူပြီးမှ နှုတ်ခမ်းများကို လှုပ်ကာ စကားပြောလိုက်နိုင်သည်။

"ရှင့်ရဲ့ အသံဩဩကြီးထက်စာရင်တော့ တော်သေးတယ်လေ..."

စွင်းယန်က ခွက်ထိုးခွက်လန် ထရယ်လိုက်တော့သည်။

စွင်းယန်သည် ကြာမြင့်စွာရယ်ပြီးမှ အရယ်ရပ်သွားသောအခါ သူတို့နှစ်ယောက်၏ရှေ့မှ စီးဆင်းနေသော ငွေရောင်ရေများကို ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

"မင်းရဲ့ မျက်လုံးတွေက ဝံပုလွေတွေရဲ့ မျက်လုံးနဲ့တူတယ်...ငါနှစ်သက်မိတယ်..."

ချန်ရုံက ခေါင်းကို ဆတ်ခနဲမော့လိုက်သည်။ ချန်ရုံသည် တစ်ခုခုပြန်ပြောလိုက်ချင်သော်လည်း ပြောစရာစကားရှာမတွေ့ချေ။

ချန်ရုံသည်လည်း ခေါင်းကိုလှည့်၍ စွင်းယန်ကြည့်နေသည့် မြစ်၏ လှိုင်းလေးများကိုကြည့်ကာ သူမဘာသာ တိတ်တဆိတ်တွေးနေမိသည်။

ငါက ငါ့ကိုယ်ငါ အတိတ်ကို မေ့ပစ်ဖို့ အမြဲသတိပေးနေပေမယ့် ငါကြိုးစားနေတာ အခုထိ မလုံလောက်သေးဘူးပဲ...ဒီလိုဖြစ်နေတာ လက်ခံနိုင်စရာအကြောင်းမရှိဘူး...ငါ့ရဲ့အတိတ်ကို ငါ ငြိမ်းချမ်းစွာ လက်ခံနိုင်မှဖြစ်တယ်...အဲ့ဒါမှ ငါ အဲ့ဒီလူနဲ့တွေ့ရင် ငါ့အပေါ် အကျိုးသက်ရောက်မှုမရှိမှာ...

ချန်ရုံနှင့် စွင်းယန်တို့သည် ဘေးချင်းယှဉ်ရပ်ကာ စကားတစ်ခွန်းမှမပြောပဲ ရပ်နေကြသည်။

သူတို့နှစ်ယောက်သည် အဖြစ်ချင်းတူ၍ စိတ်ချင်းနီးစပ်သကဲ့သို့ ဖြစ်နေသောကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးစေရန် စကားပြောစရာမလိုသကဲ့သို့ ဖြစ်နေလေသည်။

တောက်လောင်နေသော မီးပုံနှင့်အတူ ရယ်မောသံများက အဆက်မပြတ် ပျံ့လွင့်နေသည်။ သို့သော် မြစ်ကမ်းနားဘေးမှ အရိပ်နှစ်ခုကတော့ ကောင်းကင်နှင့်မြေကြီးကြား၌ ပျော်ဝင်နေသကဲ့သို့ ဖြစ်ကာ မည်သူမျှ မမှတ်မိနိုင်သောအချိန်ကာလ တစ်ခုတည်းက ရှိခဲ့၍ နောက်ထပ်လည်း အဆုံးအစမဲ့ကာလအထိ တည်ရှိနေတော့မည်သကဲ့သို့ ဖြစ်နေလေတော့သည်။

အချိန်များက လျင်မြန်စွာကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်လွန်သွားသည်။

ဤသုံးရက်တွင် ဝမ်ဟုန်နှင့် ယွီကျစ်တို့သည် မိန်းကလေးများ၏ သည်းသည်းလှုပ်ဝန်းရံခြင်းကို ခံနေရသည်။ သူတို့နှစ်ယောက် တစ်ခါတစ်ရံတွေ့ချိန်များတွင်လည်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးရုံသာ ပြုံးပြနိုင်၍ စကားပြောရန်ပင် အခွင့်မသာချေ။

စွင်းယန်ကတော့ ထိုညတည်းကစ၍ ချန်ရုံ့နားသို့သာ ကပ်နေလေသည်။ သူသည် ချန်အိမ်တော်၏ ရထားလုံးမောင်းသမားကိုအသုံးပြု၍ ချန်အိမ်တော်မှ စားစရာများကိုသာစားကာ ချန်ရုံနှင့်သာ အဖွဲ့ကျနေတော့သည်။

တဖြည်းဖြည်းနှင့် လှည်းယာဉ်တန်းသည် မြစ်ဝါမြစ်နှင့် နီးကပ်လာသည်။

ပြည်နယ်တစ်ဝိုက်မှ အခြားအကြီးစားအိမ်တော်များနှင့်လည်း မကြာမကြာ ဆုံတွေ့ကြရသည်။ အဝေးသို့လှမ်းကြည့်လိုက်လျှင် ဖုန်များတထောင်းထောင်းထနေသော လမ်းနှင့် ကျွက်ကျွက်ညံနေသောအသံများကို ကြားနေကြရသည်။

"မမလေး ကျွန်မတို့ မကြာခင်မှာ မြစ်ဝါမြစ်ကို ရောက်တော့မယ်ပြောတယ်...မြစ်ဝါမြစ်ကိုကျော်ရင် လောယန်ကို ရောက်ပြီလေ...မမလေး ကျွန်မတို့ နေရမယ့်နေရာကိုရောက်တော့မယ်..."

မြစ်ဝါမြစ်ကိုကျော်လျှင် လောယန်မြို့သို့ရောက်တော့မည်။ အရာရာသာ အစီအစဉ်တကျဖြစ်ခဲ့ပါက အဖွဲ့သည် လောယန်၌ပင် အခြေချနေထိုင်ကြတော့မည်ဖြစ်သည်။

အထိန်းတော်ဖျင်က ရထားလုံးဘေးသို့သွား၍ ပျော်ရွှင်စွာပြောလိုက်သည်။ သူမ၏သေးငယ်သောမျက်လုံးများက ပြုံးရယ်လိုက်သောအခါ ပိတ်သွားကြသည်။ အနီးအနားမှလူများအားလုံးကလည်း ဝမ်းသာစိတ်ဖြင့် ပြုံးရယ်နေကြသည်။

"လောယန် ဟုတ်လား..."

ချန်ရုံ၏မျက်နှာတွင်တော့ ပျော်ရွှင်မှုဟူ၍ အနည်းငယ်ပင်မရှိချေ။

ချန်ရုံသည် အပေါ်သို့မော့၍ ကောင်းကင်ကို ငေးကြည့်နေလေသည်။ ပြာလွင်သောကောင်းကင်၌ တိမ်ဖြူဖြူများရှိနေသည်။ တောင်တန်းများက ကာဆီးထားသောကြောင့် မြို့၏ လှပစွာ တန်ဆာဆင်‌ထားသော အိမ်များကို မတွေ့ရပေ။

မြစ်ဝါမြစ်သည် မိုင်လေးဆယ်မျှသာ ဝေးကွာတော့သောကြောင့် အဖွဲ့က အနားမယူချင်ကြတော့ပေ။ လှည်းများသည် တစ်စီးပြီးတစ်စီး ရှေ့သို့ အရှိန်ဖြင့် သွားနေကြသည်။

မိုင်နှစ်ဆယ်ခန့် အပြေးနှင်ပြီးသောအခါ လမ်းသည် အခြားအဖွဲ့များနှင့်လည်း ပြည့်ကျပ်နေတော့သည်။ လမ်းပေါ်တွင်သာမက လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ကွင်းများတွင်လည်း မြင်းစီးထားသော အစောင့်များဖြင့် ပြည့်နေသည်။

ချန်ရုံသည် ဘေးသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူမ၏ ပတ်ပတ်လည်တွင် လူများ၊ လှည်းများဖြင့် ပြည့်ကျပ်နေလေသည်။ လူနှစ်ယောက်သည် အနားပူးကပ်နေလျှင်တောင်မှ တစ်ယောက်ပြောသည်ကို တစ်ယောက်ကြားရန် အော်ပြောရမည့်ပုံပေါက်နေသည်။

"မမလေး လူတွေက များလိုက်တာ..."

အထိန်းတော်ဖျင်က ဘယ်ညာကြည့်၍ ပါးစပ်အဟောင်းသား အံ့ဩနေလေသည်။

ချန်ရုံက ဘာမှပြန်မဖြေချေ။ သူမ၏ မျက်လုံးများသည် အဝေးသို့ လှမ်းမျှော်ကြည့်နေဟန်တူ၍ နှုတ်လမ်းမှာလည်း မျဉ်းဖြောင့်ပုံပေါက်အောင် တင်းတင်းစေ့ထားသည်။

မကြာမီတွင် နေဝင်ဆည်းဆာချိန်သို့ ရောက်လာတော့သည်။

မြစ်ဝါမြစ်သို့ရောက်ရန် ဆယ်မိုင်ခန့်သာလိုတော့သည်။

ညစာစားပြီးသောအခါ ယခုအချိန်အထိ တွေဝေမိန်းမောနေဟန်တူသော ချန်ရုံသည် အရှေ့သို့ ရုတ်တရက် လျှောက်သွားလိုက်သည်။ ချန်ရုံ၏ ထူးဆန်းသောအမူအယာကို တွေ့လိုက်ချိန်တွင် စွင်းယန်က စားသောက်ပြီး၍ တူများကို ချလိုက်ရုံပင်ရှိသေးသည်။

"အားရုံ ဝမ်အိမ်တော်က စားနေကြတုန်းပဲ ရှိသေးတယ်..."

စွင်းယန်က မျက်မှောင်ကြုတ်၍ သူ၏ အသံအက်အက်ဖြင့်ပြောလိုက်သည်။

အထက်တန်းလွှာအသိုင်းအဝိုင်း၏ ကျင့်ဝတ်ထုံးတမ်းများအရ စားသောက်ချိန်များတွင် အလည်လာဖို့မပြောနှင့်၊ စကားပင် မပြောရချေ။

ချန်ရုံက ရပ်လိုက်၍ စွင်းယန်အား လှည့်ကြည့်လိုက်သည်။ သူမသည် ဗလာမျက်လုံးများဖြင့် စွင်းယန်အား ခဏမျှ စိုက်ကြည့်ပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။

"ကျွန်မ အခုမှ သေချာစဉ်းစားပြီးသွားပြီ...ကျွန်မရဲ့ဘဝက ဒီလိုဖြစ်ဖို့ ကံပါလာတယ်ဆိုရင်တောင်မှ ကျွန်မ တတ်စွမ်းနိုင်သလောက် ပြောင်းလဲကြည့်ဖို့ ကြိုးစားရဦးမယ်..."

ချန်ရုံ၏စကားများသည် အဓိပ္ပာယ်လည်းမရှိ၊ ဆက်စပ်မှုလည်းမရှိသောကြောင့် ချန်ရုံပြောနေသည်များကို စွင်းယန် ဘာမှနားမလည်လိုက်ချေ။ စွင်းယန်သည် မျက်တောင်တစ်ချက်ခတ်၍ ချန်ရုံ့အား စိတ်ရှုပ်စွာသာ ကြည့်နေလေသည်။

ချန်ရုံက အကြည့်ကို ပြန်လွှဲလိုက်၍ ရှေ့သို့ဆက်လျှောက်ကာ ပြောလိုက်သည်။

"ဝမ်အိမ်တော်က ထမင်းစားရင် တစ်နာရီလောက်ကြာတာ...အဲ့ဒီလောက်အကြာကြီး ကျွန်မ မစောင့်နိုင်ဘူး..."

စွင်းယန်က မျက်မှောင်ကြုတ်၍ ချန်ရုံ၏နောက်ကျောကို အချိန်အတော်ကြာ ကြည့်နေသေးသည်။ ထို့နောက်တွင်မှ စားပွဲမှ ခုန်ထကာ ချန်ရုံ့နောက်သို့ လိုက်သွားလိုက်သည်။

လွင်ပြင်များဆီ၌ ဝမ်အိမ်တော်သည် နှစ်ဖက်လှကော်ဇောများကို အတန်း ၂ တန်းဖြစ်အောင်ခင်း၍ အပေါ်၌ စားပွဲများကိုတင်ထားသည်။ ထိုစားပွဲများပေါ်၌ မွှေးကြိုင်လှသော အသားနှင့် ဝိုင်အရက်များ ပြည့်နေကြသည်။

အထက်တန်းလွှာများသည် စားသောက်နေချိန်တွင် စကားတစ်ခွန်းမှမပြောပဲ တိတ်ဆိတ်နေကြသည်။ ချန်ရုံ၏နေရာမှနေ၍ ဝမ်ဟုန်နှင့် ယွီကျစ်တို့သည် ဝမ်ကျော၏ ဘယ်ဘက်၌ ထိုင်နေသည်ကို မြင်နေရသည်။

အနားသို့ ချန်ရုံရောက်လာသောအခါ ဝမ်အိမ်တော်မှ လူများသည် ချန်ရုံအား တစ်ချက် တစ်ချက် မော့ကြည့်နေကြသည်။ ဝမ်များသည် ချန်ရုံက ဝမ်ကျောဆီသို့ တည့်မတ်စွာလျှောက်သွားသည်ကို မနေနိုင်ပဲ ငေးကြည့်နေမိကြသည်။

ချန်ရုံသည် အဝေးမှနေ၍ ဝမ်ကျောအား အရိုအသေပေးလိုက်သည်။

ဝမ်ကျော၊ ဝမ်ဟုန်နှင့် ယွီကျစ်တို့အားလုံးသည် ခေါင်းမော့လိုက်၍ ဝင်ကာစနေရောင်‌အောက်၌ ရပ်နေသော မိန်းမပျိုလေးကို အကဲခတ်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဝမ်ဟုန် ဘာမှမပြောနိုင်ခင်မှာပဲ ချန်ရုံက သူမ၏ ကြည်လင်သောအသံလေးဖြင့် ပြောလိုက်သည်။

"သခင်ကြီးဝမ် လောယန်ဟာ ရှေးခေတ်တွေတည်းက စစ်ပွဲနယ်မြေဖြစ်ခဲ့ပါတယ်...အခုလက်ရှိမှာလည်း ဟူမျိုးနွယ် ၅ခု(*)ဟာ အလယ်ပိုင်းလွင်ပြင်တွေကို တိုက်ခိုက်လျက်ရှိပါတယ်...သူတို့က လောယန်ကို လွယ်လွယ်နဲ့ လက်လွှတ်မပေးလောက်ဘူးလို့ ကျွန်မ ထင်မိပါတယ်..."

[T/N: ဟူမျိုးနွယ် ၅ ခုဟာ ရှုံးနူ၊ ကျဲ၊ ရှန်းပေ၊ သိ နဲ့ ချန်း မျိုးနွယ်များဖြစ်ပါတယ်။ ဒါပေမယ့် ဟူမျိုးနွယ်ဆိုတဲ့ အသုံးအနှုန်းက ဟန်လူမျိုးမဟုတ်တဲ့ တရုတ်ပြည်မြောက်ပိုင်းကလူများကိုခေါ်တဲ့ ယေဘုယျစကားဖြစ်ပြီး 'လူရိုင်းများ' ဆိုတဲ့ မကောင်းသည့် အဓိပ္ပာယ်ပေါက်ပါတယ်။]

ချန်ရုံသည် တိုင်းပြည်၏ နိုင်ငံရေးအခြေအနေများကို ပြောနေခြင်းဖြစ်သောကြောင့် ဝမ်ဟုန်အပါအဝင်လူတိုင်းသည် ချန်ရုံ့အား အံ့ဩစွာ ငေးကြောင်ကြည့်နေမိကြသည်။

ယနေ့ခေတ်၏ ပညာရှိများသည် တိုင်းရေးပြည်ရေးအကြောင်း ဆွေးနွေးသည်ကို မကြိုက်ကြပေ။

နိုင်ငံရေးအကြောင်းပြောမိ၍ ပညာရှိများ တစ်ယောက်ပြီးတစ်ယောက် အကွပ်မျက်ခံရသည့်အချိန်မှစ၍ ဒဿနဗေဒနှင့် စိတ်ပျော်ရွှင်စရာအကြောင်းအရာများကသာ လူများဆွေးနွေးကြသည့် အကြောင်းအရာ နှစ်ရပ်ဖြစ်လာကြသည်။ နိုင်ငံရေးအကြောင်း လူအများ မဆွေးနွေးကြသည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် မိန်းမငယ်လေးတစ်ယောက်ဖြစ်သော ချန်ရုံက "စစ်မြေပြင်" နှင့် အခြားဆက်စပ်သည့်အကြောင်းများကိုပြောနေသည့်အခါ ယွီကျစ်သည်ပင် မျက်မှောင်ကြုတ်နေတော့သည်။

ချန်ရုံကတော့ ထိုအကြည့်များကို သတိမထားမိသကဲ့သို့ ဝမ်ကျောကိုသာ အာရုံစိုက်၍ တည်ငြိမ်စွာပြောနေသည်။

"ကျွန်တော်မျိုးမရဲ့ နိမ့်ကျတဲ့ ထင်မြင်ချက်အရ လောယန်မြို့ဟာ အခြေချနေထိုင်ဖို့ လုံခြုံတဲ့နေရာ မဟုတ်တော့ဘူးလို့ ထင်မိပါတယ်...အဲ့ဒီနေရာကို သွားရင် လူအရိုင်းအစိုင်းတွေ ဆင်ခဲ့တဲ့ ထောင်ချောက်တွေထဲကို ကျသွားမယ်လို့ မြင်မိပါတယ်..."

"ထောင်ချောက်တွေ ဟုတ်လား..."

နောက်ဆုံးတွင်တော့ ဝမ်ကျောသည် တူများကို ဘေးသို့ချ၍ မေးလိုက်တော့သည်။

"အဲ့ဒီလူရိုင်းတွေက လောယန်မြို့ကို သိမ်းပိုက်လိုက်ပြီလို့ မင်းက ပြောချင်တာလား..."

ချန်ရုံသည် သူမ၏ ကျွမ်းကျင်လိမ္မာမှုကို နှစ်ခါပင် ပြသခဲ့ပြီဖြစ်သောကြောင့် ဝမ်ကျောသည် ထိုမိန်းကလေး၏စကားများကို သေချာ အလေးစိုက်စပြုလာပြီဖြစ်သည်။

ချန်ရုံက ခေါင်းခါလိုက်သည်။

"လောယန်မြို့က ဒီလို အတိုက်ခိုက်ခံရဖို့ အရမ်း အားကြီးလွန်းပါတယ်..ကျွန်တော်မျိုးမ ဆိုလိုတာက လူရိုင်းတွေဟာ သူတို့ရဲ့စစ်သားတွေကို လောယန်မြို့တစ်ဝိုက်နဲ့ မြစ်ဝါမြစ်ကမ်းဘေးနားတွေမှာ တိတ်တဆိတ်လွှတ်ထားပြီး သူတို့ရဲ့ထောင်ချောက်တွေထဲကို လူတွေဝင်လာမှာကို စောင့်နေတာလို့ ထင်မိလို့ပါ..."

ဝမ်ကျောက သေချာစဉ်းစားလိုက်ပြီးမှ ခေါင်းကိုလှည့်ကာ ဝမ်ဟုန်အား ကြည့်လိုက်သည်။

"ချီလန် မင်းရော ဘယ်လိုထင်လဲ..."

ဝမ်ဟုန်သည် ဆောင်းဦးရာသီ၏ကောင်းကင်ကို သတိရစေသည့်မျက်လုံးများဖြင့် ချန်ရုံအား ကြည့်နေသည်။ ဤမိန်းကလေးသည် နှစ်ခါမျှပင် နတ်ဘုရားကဲ့သို့ အနာဂတ်ကို ကြိုမြင်နိုင်သည်ဟု ဝမ်ဟုန်ကြားရသည်။ သူမသည် အခြားမိန်းကလေးများနှင့် လုံးဝမတူသော မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။ 

ဝမ်ဟုန်သည် ချန်ရုံအား တိတ်ဆိတ်စွာ အကဲခတ်လိုက်ပြီးမှ မေးလိုက်သည်။

"ဒါဆိုရင် အားရုံရဲ့ အမြင်အရ ဘယ် ဟူမျိုးနွယ်က အဲ့ဒီမှာ ‌ရှိနေမှာပါလဲ..."

"ကျွန်မ မသိပါဘူး..."

ချန်ရုံက ခပ်နွမ်းနွမ်းအပြုံးလေးပြုံးကာ ခေါင်းခါပြလိုက်သည်။

"ကျွန်မ ဒီကိုလာခဲ့တာက ကျွန်မတို့အိမ်တော်ကို လမ်းခွဲသွားခွင့်ပြုပေးဖို့ သခင်ကြီးဝမ်ဆီ တောင်းဆိုဖို့ လာခဲ့တာပါ..."

လမ်းခွဲမည်...

လူတိုင်းသည် ချန်ရုံ့အား အံ့ဩထိတ်လန့်စွာ မော့ကြည့်လိုက်ကြတော့သည်။

Xxxxxx