အပိုင်း ၁၆
Viewers 16k

Chapter 16


 ရှင့်ကို ပိုနှစ်သက်ပါတယ်

"ကျွန်တော်မျိုးမက မိန်းမတစ်ယောက်သာလျှင်ဖြစ်ပါတယ်..."

ချန်ရုံက အချိန်အတော်ကြာရပ်နေပြီးမှ ဆက်ပြောလိုက်သည်။

"ကျွန်မရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းက မပြည့်မစုံဖြစ်တတ်တာက သဘာဝပါပဲ...ဟူမျိုးနွယ်လူရိုင်းတွေက မြစ်ဝါမြစ်မှာ စစ်သားတွေ ချထားတယ်ဆိုတာကလည်း ကျွန်မရဲ့ အတွေးသက်သက်သာဖြစ်ပါတယ်...သခင်ကြီးဝမ်ကို ခန့်မှန်းချက်တွေကြောင့်နဲ့တော့ အချိန် မလေးဖင့်စေချင်ပါဘူး...အဲ့ဒါကြောင့်မို့လို့ ကျွန်တော်မျိုးမက သခင်ကြီးတို့နဲ့ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ် သွားချင်ရခြင်း ဖြစ်ပါတယ်..."

သခင်ကြီးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီးသည့်နောက်တွင် ဝမ်ကျောသည် ဝမ်ဟုန်အား လှမ်းကြည့်လိုက်ပြန်သည်။

ဝမ်ဟုန်က ချန်ရုံ့အား အချိန်အနည်းငယ် အကဲခတ်ပြီးမှ ပြောလိုက်သည်။

"အားရုံ ဒီမှာရှိတဲ့ အိမ်တော်တိုင်းက လမ်းကိုထောက်လှမ်းဖို့ အစောင့်တွေ လွှတ်ထားမယ်ဆိုတာ အသေအချာပါပဲ...ဟူလူမျိုးတွေသာ တကယ်ရှိနေမယ်ဆိုရင် ဘာဖြစ်လို့ အစောင့်တစ်ယောက်ကမှ ပြန်လာပြီး သတင်းမပို့တာလဲ...ဒါမှမဟုတ် မင်းက မြစ်ရဲ့ တစ်ဖက်ကမ်းကို ပြောနေတာလား..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်ပါတယ်...ကျွန်မပြောတာက မြစ်ရဲ့ တစ်ဖက်ကမ်းကိုပါ..."

ဝမ်ဟုန်က ဤအကြိမ်တွင်တော့ မျက်ခုံးများကို တွန့်လိုက်သည်။ ထို့နောက် အနားမှလူများကို ပြောလိုက်သည်။

"ငါတို့ရှေ့ကနေပြီး မြစ်ကိုဖြတ်ကူးဖို့ လူအချို့ကို လွှတ်လိုက်ပါ...သူတို့ကို သေချာစစ်ဆေးခဲ့ဖို့လည်း ပြောလိုက်ပါ..."

ထိုသို့ အမိန့်ပေးလိုက်ခြင်းဖြင့် ဝမ်ဟုန်သည် ချန်ရုံ၏ ထင်မြင်ချက်ကို အလေးတယူပြုလိုက်ခြင်းဖြစ်သည်။

သို့သော် ချန်ရုံကတော့ မပျော်ရွှင်မိပေ။ ချန်ရုံသည် ထပ်၍ ပြောလိုက်သည်။

"လူရိုင်းတွေက မြစ်တစ်ဖက်ကမ်းမှာ ရှိရှိ မရှိရှိ ကျွန်မကတော့ မြစ်ကို မကူးချင်ပါဘူး...သခင်ကြီးဝမ် နဲ့ ချီလန် ကျေးဇူးပြု၍ ကျွန်မကို ဒီနေရာမှာပဲ နှုတ်ဆက်ခွင့်ပြုပါ..."

ချန်ရုံ၏လေသံက ခိုင်မာပြတ်သားနေသည်။ ဝမ်ကျောသည်လည်း တိတ်ဆိတ်သွားသည်။

ဝမ်ကျော၏အနောက်၌ ဝမ်ဝူလန်က မျက်ခုံးများ တွန့်ကွေးနေသည်။ ဝမ်ဝူလန်သည် ချန်ရုံ၏ အပြစ်ကင်းစင်၍ ချောမောလှပသည့် မျက်နှာလေးကို ခဏမျှငေးကြည့်၍ မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"အားရုံ...ဘာဖြစ်လို့များ ဒီလောက် အလောတကြီး ထွက်သွားချင်နေရတာလဲ...ချီလန်ကလည်း အရှေ့မှာ အထောက်တော်တွေ လွှတ်ထားပြီပဲ...ခဏလောက်စောင့်လိုက်ပါဦးလား..."

ထို့နောက် ဝမ်ဝူလန်က ‌ဆက်‌ပြောလိုက်သည်။

"မင်းက အားနွဲ့တဲ့ မိန်းမငယ်လေးပဲလေ...ပြီးတော့ မင်းဆီမှာ အစောင့်လည်း များများစားစားရှိတာမဟုတ်ဘူး...လမ်းမှာ ဓားပြတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ..."

ဝမ်ကျောက ဘေးမှနေ၍ ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"သူပြောတာ မှန်တယ် အားရုံ...မင်းရဲ့ ဦးလေးဝမ်ကို ယုံတယ်ဆိုရင် ထွက်သွားဖို့အကြောင်းကို ထပ်မပြောပါနဲ့တော့...ကဲ ကဲ သွားတော့...ဒီက အဖိုးအိုကြီး ညစာကို ပြီးအောင်စားပါရစေ..."

ဝမ်‌ကျောက လက်များကို ဝှေ့ယမ်းကာ စကားထပ်မပြောချင်တော့ကြောင်းကို အချက်ပြလိုက်သည်။

ချန်ရုံသည် ထွက်သွားရန်ကို ဆက်၍ တောင်းဆိုနေပါက ဝမ်အိမ်တော်အပေါ် ရိုင်းပျစွာ ဆက်ဆံမိသကဲ့သို့ ဖြစ်သွားမည်ကို တုန်လှုပ်စွာ သဘောပေါက်လိုက်သည်။

ချန်ရုံသည် နှုတ်ခမ်းများကို ဖိကိုက်လိုက်၍ ဝမ်ကျောကို အရိုအသေပေးလိုက်ကာ လှည့်ထွက်လာလိုက်တော့သည်။

ခြေလှမ်း ဆယ်လှမ်းမျှသာ လှမ်းပြီးသောအခါ ပေါ့ပလာပင်အောက်၌ ဓားရှည်ကဲ့သို့ တောင့်တင်းစွာရပ်နေသော စွင်းယန်ကို ချန်ရုံ တွေ့လိုက်ရသည်။

သို့သော် စွင်းယန်ရှိရာသို့ ချန်ရုံ လှမ်းကြည့်လိုက်သည့်အချိန်မှာပင် လူငယ်လေးသည် အနောက်သို့ လှည့်၍ အဖွဲ့ရှိရာသို့ ပြန်ပြေးသွားလေသည်။

ချန်ရုံကလည်း သူမဘာသာ စိတ်ရှုပ်နေသောကြောင့် သိပ်ထွေထွေထူးထူး စဉ်းစားမနေတော့ချေ။ ချန်ရုံသည် ခေါင်းကိုငုံ့၍ အဖွဲ့ရှိရာသို့ ပြန်လာလိုက်သည်။

ချန်ရုံသည် ရထားလုံးပေါ်သို့ တက်လိုက်သောအခါ အပြင်မှ အထိန်းတော်ဖျင်၏ အသံကို ကြားလိုက်ရသည်။

"မမလေး...သခင်ကြီးဝမ်က မမလေးကို အရမ်းအထင်ကြီးနေတာ...မမလေးအတွက် သခင်ကြီးက သင့်တော်တဲ့ ဝမ်လူငယ်တစ်‌ယောက် ရွေးချယ်ထားပြီလားမသိဘူး..."

ချန်ရုံသည် ခြေလှမ်းများရပ်တန့်သွား၍ ဝမ်အိမ်တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

အဖိုးစွင်းက ရယ်လိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်...သခင်ကြီးဝမ်ကလည်း အကွက်မြင်တတ်တဲ့လူပဲ...ငါတို့ သခင်မလေးကို သူရွေးချယ်လိုက်ပြီနေမှာပါ...ငါတို့သာ အခုအချိန် လမ်းခွဲသွားလိုက်ရင် နောက် ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူး...ဝမ်လူငယ်တွေက ငါိတို့အားရုံလိုမျိုး ထက်မြက်တဲ့မိန်းကလေးမျိုး ဘယ်မှာသွားရှာတော့မှာလဲ..."

ထိုစကားများကို ကြားသောအခါ ချန်ရုံ၏ မျက်နှာပျက်သွားသည်။ ခရီးလမ်းတစ်လျှောက်၌ သူမ‌အပေါ်ဆက်ဆံသော ဝမ်ဝူလန်၏ အပြူအမူများကို စဉ်းစားမိလာသည်။ အထိန်းတော်ဖျင်တို့ပြောနေသည်များသည် မှန်များမှန်နေမလား။

နေသည် မိုးကုပ်စက်ဝိုင်းသို့ ‌ဖြည်းညှင်းစွာ ဝင်နေစဉ်တွင် လူများသည် ဆူဆူညံညံဖြစ်လာကြပြန်သည်။ လှည်းယာဉ်တန်းများအားလုံးသည် ရပ်လိုက်ကြ၍ နောက်တစ်နေ့၌ မြစ်ကိုဖြတ်ကူးရန် သ‌င်္ဘောများ ပြင်ဆင်နေကြသည်။

ချန်ရုံသည် စိတ်နှင့်လူနှင့် မကပ်ပဲ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။

သူမ ကြည့်လိုက်သည့်နေရာတိုင်းတွင် အလုပ်ရှုပ်နေသော အစေခံများဖြင့် ပြည့်နေသည်။။ ချန်ရုံသည် ဘာလုပ်ရမည်မသိပဲ ခဏမျှ လျှောက်သွားနေပြီးမှ တောင်ကမူလေးတစ်ခုပေါ်သို့ ရောက်သွားသည်။

ချန်ရုံသည် တောင်ကမူလေးပေါ်၌ရပ်၍ မီတာငါးရာအကွာမှ အစေခံများကို ကြည့်နေမိသည်။ ရယ်သံများက လေထုထဲ၌ ပျံ့နှံ့နေ၍ ကွင်းပြင်၌လည်း ကောဇောများခင်းကာ ကွင်းပြင်တစ်ခုလုံးကို ဖွေးဖွေးဖြူနေစေသည်။

ရာချီသော အထက်တန်းလွှာမိသားစုများသည် ဤနေရာ၌ စုမိနေကြသည်။

အဓိက အရေးကြီးသောအိမ်တော်များအားလုံးက ဤမြစ်ဝါမြစ်ကမ်း၌ လာဆုံနေသောကြောင့် လူငယ်များသည် အချင်းချင်းဆုံတွေ့ရန် အခွင့်အရေးကို လက်လွှတ်မခံပဲ ကွင်းပြင်၌ ကူးလူးသွားလာနေကြသည်။

"မင်းက ဘာဖြစ်လို့ အဲ့ဒီကို မသွားတာလဲ..."

ဩရှရှလူငယ်အသံတစ်သံက ချန်ရုံ၏နောက်မှ ထွက်လာသည်။

"ခဏနေရင် သွားမှာပါ..."

ချန်ရုံက ပြုံး၍ ပြန်ဖြေလိုက်သည်။

စွင်းယန်သည် ခြေနှစ်လှမ်းထပ်လှမ်း၍ တောင်ကမူပေါ်ရှိ ချန်ရုံ့နားသို့လာရပ်လိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် စွင်းယန်က ရုတ်တရက် ထပြောလိုက်သည်။

"မင်းကို ကြည့်ရတာ နည်းနည်း စိတ်လှုပ်ရှားနေတဲ့ပုံပဲ...ဘာဖြစ်လို့လဲ..."

ချန်ရုံ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသော်လည်း အပြုံးမပျက်ပဲ ပြန်ဖြေလိုက်သည်။

"ကျွန်မ စိတ်မလှုပ်ရှားပါဘူး..."

"မင်း တစ်ခုခုတော့ ဖြစ်နေပါတယ်..."

"မဖြစ်ပါဘူးဆို..."

ချန်ရုံက နောက်သို့လှည့်ကာ စွင်းယန်အား ခပ်ဆတ်ဆတ်ပြောလိုက်မိသည်။

ဝင်ခါနီးနေ၏ နောက်ဆုံးရောင်ခြည်အောက်တွင် စွင်းယန်သည် ချန်ရုံ့အား စိုက်ကြည့်လိုက်သည်။ စွင်းယန်၏ မျက်လုံးများသည် စူးရှလွန်းသောကြောင့် ချန်ရုံသည် သူမ၏ကိုယ်ကိုများ ဖောက်ထွင်းမြင်နေရသည်လားဟုတွေးကာ မလုံမလဲဖြစ်လာမိသည်။

ချန်ရုံသည် ခေါင်းကိုအမြန်လှည့်လိုက်၍ စွင်းယန်၏ အကြည့်ကို ရှောင်လိုက်သည်။

စွင်းယန်ကလည်း အကြည့်ကိုလွှဲ၍ ‌ခပ်တိုးတိုးပြောလိုက်သည်။

"ချန်ရုံ မင်းက အခုမှ ဆယ့်ငါးနှစ်ပဲရှိသေးတာ...ဘာဖြစ်လို့ မင်းရဲ့မျက်လုံးထဲမှာ လျှို့ဝှက်ချက်တွေအများကြီးကို ဖုံးကွယ်ထားရတာလဲ..."

ချန်ရုံက တစ်ချက် လှောင်ရယ်ရယ်လိုက်၍ ပြန်ပြောလိုက်သည်။

"ကျွန်မမှာ ဘာလျှို့ဝှက်ချက်မှမရှိပါဘူး..."

စွင်းယန်က ဘာမှပြန်မပြောပေ။ သူသည် ကောင်းကင်နှင့် မြေကြီး ထိစပ်နေသော အဝေးမှ မိုးကုက်စက်ဝိုင်းကိုသာ ငေးကြည့်နေ၍ ခဏကြာမှ အထက်တန်းလွှာမိသားစုများစုဝေးနေသည့် နေရာသို့ ကြည့်၍ ပြောလိုက်သည်။

"မင်းက ဝမ်ဟုန်ကို ချစ်ကြိုက်နေတယ်လို့ ငါထင်ထားတာ...ဘာဖြစ်လို့ တခြားမိန်းကလေးတွေလိုမျိုး သူ့ဘေးမှာ သွားမနေတာလဲ...ဝမ်အိမ်တော်ရဲ့ ချီလန်က မင်းဒီမှာရပ်နေတာကို မသိနိုင်ဘူးလေ..."

ချန်ရုံက ဝမ်ချီလန်ကို ကြိုက်တယ်တဲ့လား။ ချန်ရုံက တစ်ချက်ရယ်လိုက်မိသည်။

ချန်ရုံက ခေါင်းကိုလှည့်၍ စွင်းယန်အား သူမ၏ နက်မှောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကျွန်မက ဝမ်ချီလန်ကို ကြိုက်တယ်လို့ ဘယ်သူက ပြောတာလဲ..."

မုတ်ဆိတ်မွေးသည်ပင် အရာထင်ရုံမျှ ရေးရေးလေးသာ ပေါက်သေးသောသော်လည်း သူ့ကိုယ်သူ လူကြီးကဲ့သို့ ပြုမူနေသာ ကောင်‌ငယ်လေးကို ကြည့်၍ ချန်ရုံသည် စနောက်သည့်သဘောဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။

"သူနဲ့ ယှဉ်ရင် ကျွန်မက ရှင့်ကိုတောင် ပိုကြိုက်သေးတာ ရှင်မသိဘူးလား..."

စွင်းယန်၏ ချောမောသောမျက်နှာလေးသည် ချက်ချင်းပင် နီရဲသွားသည်။

စွင်းယန် ထိုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ချန်ရုံ မမျှော်လင့်ထားမိပေ။ အံ့ဩစွာဖြင့် ချန်ရုံသည် စွင်းယန်အားငေးကြည့်နေမိသည်။ ချန်ရုံ၏ အကြည့်အောက်တွင် စွင်းယန်၏ မျက်နှာသည် ပို၍ပင် နီရဲလာတော့သည်။ စွင်းယန်သည် ဘေးသို့ မျက်နှာလှည့်၍ သူ၏ ကြီးကောင်ဝင်အသံခပ်အက်အက်နှင့် ဒေါသထွက်စွာ ပြောလိုက်သည်။

"အဲ့ဒီလို မဟုတ်တာတွေ နောက်မပြောနဲ့..."

ထို့နောက် အင်္ကျီဝတ်ရုံလက်ကို ခါယမ်းကာ တောင်ကမူလေးပေါ်မှ ဆင်းပြေးသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရုံ၏ မျက်စိအောက်မှ ပျောက်သွားတော့သည်။

ချန်ရုံသည် စွင်းယန်အား အံအားသင့်စွာကြည့်နေ၍ ခပ်တိုးတိုးပြောလိုက်မိသည်။

"ဘာဖြစ်လို့များ သူက ဒီလောက်တောင် ဖြစ်သွားရတာလဲ...ဘယ်လိုကောင်လေးလဲ မသိပါဘူး..."