အပိုင်း ၁၇
Viewers 16k

Chapter 17


 လှပနေမြဲပါ

အထက်တန်းလွှာမှလူများ စုဝေးနေသောနေရာမှ ရယ်မောသံများက တစ်ချက် တစ်ချက် လေနှင့် လွင့်လာသောအခါ ချန်ရုံသည် ထိုနေရာသို့ အလွန်သွားချင်နေမိတော့သည်။ ချန်ရုံ၏စိတ်သာ အခြားကိစ္စများနှင့် ရှုပ်မနေပါက ထိုနေရာသို့ ချန်ရုံ သွားနေပြီဖြစ်သည်။ ဤကဲ့သို့ အခွင့်အရေးမျိုးသည် နေ့တိုင်းမရနိုင်သည် မဟုတ်လား။ ချန်ရုံသာ ဤအခွင့်အရေးကို ကောင်းမွန်စွာ အသုံးချနိုင်ပါက သူမအတွက် အနာဂတ်၌ ကောင်းလာနိုင်သည်။

သေချာစွာစဉ်းစားပြီးသောအခါ ချန်ရုံသည် ရထားလုံးဆီသို့ ပြန်၍ အဝတ်အစားလဲပြီးသောအခါ ထိုလူအုပ်ဆီသို့ လျှောက်သွားလိုက်သည်။

အထက်တန်းလွှာများသည် တောအုပ်အကျော်ရှိ ကွင်းပြင်၌ နေရာယူထားကြသည်။ နှစ်ဖက်လှကော်ဇောများက ကွင်းပြင်၌ ပြန့်ကျဲနေကြသည်။

လူများသည် စက်ဝိုင်းပုံဝိုင်းဖွဲ့ကြ၍ အသား၊ ဝိုင်အရက်နှင့် ဂျုံမုန့်များဖြင့် ပြည့်နေသော စားပွဲများနောက်၌ ထိုင်နေကြသည်။ ထိုလူအုပ်များကို လင်းထိန်သော မီးတုတ်များက ဝန်းရံထားသည်။ ချန်ရုံသည် လှည့်ပတ်ကြည့်လိုက်ရာ တောင်ဘက်တစ်နေရာ၌ မီးတုတ်အစား ဖယောင်းတိုင်များထွန်းထားသည်ကို တွေ့လိုက်ရသည်။

ဤတောအုံတောင်ကြား၌ အလင်းရောင်အတွက် ဖယောင်းတိုင်ထွန်းထားသည်မှာ ပိုက်ဆံများကို မီးရှို့နေခြင်းနှင့် အတူတူပင်မဟုတ်လား။

ချန်ရုံက အကြည့်ကိုလွှဲ၍ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။ ထိုအရှေ့ဘက်၌ ထိုင်နေကြသည်က ဝမ်အိမ်တော်နှင့် ယွီအိမ်တော်မှ လူများဖြစ်သည်။

ချန်ရုံသည် လွတ်လပ်ပေါ့ပါးသော ဝတ်စုံနှင့် ‌သစ်သားဖိနပ်များကို စီးထားသည်။ ဆံပင်က အနောက်၌ ရိုးရှင်းစွာသာ ချည်နှောင်ထားသည်။ ချန်ရုံ၏ ပေါ့ပါးသောအပြင်အဆင်၌ လွတ်လပ်သောဆွဲဆောင်မှုလေးတစ်ခုရှိနေလေသည်။

ချန်ရုံ၏ သစ်သား‌ဖိနပ်သံ တဒေါက်ဒေါက်နှင့်အတူ ဆူညံနေသော လူအုပ်သည် ချန်ရုံ့အား တစ်ချက် တစ်ချက် လှည့်ကြည့်နေကြသည်။ လုလင်ပျိုများကတော့ ‌အတော်ကြာကြာ ငေးကြည့်နေကြသည်။

ချန်ရုံသည် နဂိုတည်းက ချောမောလှပသော မျက်နှာရှိ၍ သူမ၏ ဆွဲဆောင်မှုကလည်း အခြားမိန်းကလေးများနှင့် မတူပေ။ ယခု ချန်ရုံ ဝတ်စားထားပုံက ချန်ရုံ့အား ပို၍ ညှို့အားပြင်းနေစေသည်။

ချန်ရုံကတော့ လုလင်ပျိုများ၏ အကြည့်များကို သတိထားမိဟန်မတူပေ။ သူမသည် ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် ရှေ့သို့သာ ဆက်လျှောက်သွားကာ ယိမ်းနွဲ့နေသော မီးရောင်အောက်တွင် အပြုံးဖျော့ဖျော့လေး ပြုံးနေသည်။

မကြာခင်မှာပင် ချန်ရုံသည် ဝမ် နှင့် ယွီအိမ်တော်မှ လူများ ထိုင်နေသည့်နေရာသို့ ရောက်သွားလေသည်။ ထိုလူများအနီးသို့ ချန်ရုံ ‌မရောက်သေးခင်မှာပင် ဝမ်အိမ်တော်မှ ၇ယောက်မြောက်သမီး၏ အော်သံကိုကြားလိုက်ရသည်။

"ဖေဖေ ဖေဖေ သမီးတို့ကရော ဘာဖြစ်လို့ ဖယောင်းတိုင် မထွန်းရတာပါလဲ...ရှစ်အိမ်တော်က ရယ်မောနေကြတဲ့ မျက်နှာတွေကို ကြည့်ပါဦး...သူတို့ကို ကြည့်ရုံနဲ့တင် တော်တော် အမြင်ကတ်နေပါပြီ..."

အခြား လူငယ်များကလည်း သဘောတူသည့်အသံများ ပေးလိုက်ကြသည်။

ထိုအချိန်၌ ဝမ်ဟုန်၏ အသံထွက်ပေါ်လာသည်။

"ရှစ်မိသားစုက ရှစ်မိသားစု ဝမ်မိသားစုက ဝမ်မိသားစုပဲ...ငါတို့လုပ်နေကျအတိုင်းပဲ လုပ်ရင် အဆင်ပြေနေတာပဲလေ...ဘာဖြစ်လို့ တခြားလူတွေ လုပ်တာကို ကူးယူနေမလဲ..."

လူငယ်များကလည်း တိတ်ဆိတ်သွားကြသည်။ ဝမ်အိမ်တော်၏ ၇ယောက်မြောက်သမီးသည် ရှက်စိတ်ဖြင့် ခေါင်းကိုလှည့်သွားကာ ဝမ်ဟုန်အား အကြည့်ချင်းမဆုံရဲဖြစ်သွားသည်။ ထို့နောက် မျက်လုံးကိုဝေ့ကြည့်လိုက်ရာ ချန်ရုံကို တွေ့သွား၍ မနေနိုင်ပဲ အော်ပြောလိုက်မိသည်။

"အားရုံ နောက်ဆုံးတော့ နင် ဒီကိုရောက်လာပြီပေါ့...အဲ့ဒီလို မိန်းမ မဆန်တဲ့ အဝတ်တွေကို ဝတ်ထားတာ လူတွေကို စော်ကားသလိုဖြစ်နေတယ်လို့ နင်မထင်ဘူးလား..."

ဟန်ယွင်၏အသံနှင့်အတူ အခြားလူများသည်လည်း ချန်ရုံ့ကို လှမ်းကြည့်လိုက်ကြသည်။ လူအများသည် ချန်ရုံ့ကို မြင်လိုက်သောအခါ မျက်နှာများ တောက်ပသွားကြသည်မှာ ဝမ်ဟုန်လည်း တစ်ယောက် အပါအဝင်ဖြစ်ပေသည်။

ဝမ်ဟုန်၏ စူးရှသော အကြည့်အောက်တွင် ချန်ရုံသည် ရှက်စနိုးလေးပြုံး၍ ခေါင်းကို ငုံ့၍ နှုတ်ဆက်လိုက်ကာ စားပွဲအချို့ခင်းထားသော ထောင့်တစ်နေရာသို့ ဖြည်းညှင်းစွာ လျှောက်သွား၍ ဝင်ထိုင်လိုက်သည်။

မီးရောင်အောက်တွင် ချန်ရုံ၏ ရှက်သွေးဖြာနေသော မျက်နှာလေးသည် ဖူးပွင့်ကာစ နှင်းဆီပန်းလေးကဲ့သို့ ဖြစ်နေလေသည်။

ချန်ရုံသည် ရှက်နေသော်လည်း လမ်းလျှောက်သည်ကတော့ အေးအေးဆေးဆေးပင်ဖြစ်သည်။ ပွယောင်းသော ဝတ်ရုံအောက်တွင် ချန်ရုံ၏ သေးသွယ်သောခါးလေးသည် လှုပ်ရှားမှုတိုင်း၌ ဆွဲဆောင်မှုရှိစွာ လှုပ်ယမ်းနေသည်။

ချန်ရုံ၏ လှပမှုနှင့် ဆွဲဆောင်မှုသည် သူမ၏ ယောင်္ကျားဆန်သော အဝတ်အစားများကြောင့် မလျော့ကျသွားပဲ ပင်ကိုယ်ပုံစံလေးဖြင့် စီးဆင်းနေသာ ရေကဲ့သို့ လွတ်လပ်သည့် ပုံစံဖြင့် ပို၍ပင် လှပနေသေးသည်။

သူ့ကိုယ်သူ သတိမထားမိခင်မှာပင် ဝမ်ဟုန်သည် ချန်ရုံ့အား အာရုံစူးစိုက်စွာ ငေးကြည့်နေမိတော့သည်။

ပညာရှိတစ်ဦးက ဝိုင်အရက်ကို တစ်ငုံသောက်လိုက်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"နတ်ဘုရားနဲ့တူတဲ့ ဝမ်ချီလန်တောင် အာရုံထွေပြားပြီး စူးစိုက်ကြည့်နေရတယ်ဆိုတော့ အဲ့ဒီမိန်းမပျိုလေးဟာ တကယ်ကို ချောမောလွန်းတဲ့ အလှအပလေးပါပဲ..."

ထိုပညာရှိ၏စကားကို‌ကြားသောအခါ လူအုပ်သည် ဝမ်ဟုန်အား လှည့်ကြည့်လိုက်ကြသည်။

ဝမ်ဟုန်က ချောင်းတစ်ချက်ဆိုးလိုက်၍ ဖန်ခွက်ကို မြှောက်၍ မျက်နှာကို ကာလိုက်ကာ မသက်မသာ ပြုံးလိုက်သည်။

"မင်းတို့ရဲ့မျက်လုံးတွေက စူးရှလွန်းလို့ ငါ့ရဲ့ ပါးလွှာတဲ့မျက်နှာက မခံနိုင်တော့ပါဘူး..."

ရယ်မောလိုက်သံများက အလုံးအရင်းထွက်လာကြသည်။

ယွီကျစ်က ပေါင်ကို ရိုက်၍ တဟားဟားရယ်နေရင်းက ချန်ရုံ့ဆီသို့ လမ်ဝှေ့ယမ်းကာ ခေါ်လိုက်သည်။

"ချန်မိန်းကလေး...ဒီမှာ လာထိုင်ပါလား..."

ထို့နောက် ဝမ်ဟုန်ရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။

"ဒီနားမှာလေ..."

လူတိုင်း၏ မျက်လုံးများက ချန်ရုံ့ဆီသို့ ရောက်သွားကြသည်။

ထိုအကြည့်များ၌ ပူလောင်ပြင်းပြနေသော လုလင်ပျိုများ၏ အကြည့်နှင့် မနာလိုဖြစ်နေသော မိန်းမပျိုများ၏ အကြည့်များလည်းပါသည်။

ချန်ရုံကတော့ မတုန်မလှုပ်ပင်။ သူမသည် မျက်လွှာချ၍ ရှက်စနိုးလေးပြောလိုက်သည်။

"ချီလန်ရဲ့ ဖြစ်တည်မှုက ကမ္ဘာမြေနဲ့တောင်မတန်လို့ ကျွန်မလို သာမာန်လူသားတစ်ယောက်က ချီလန့်နားကို မကပ်ဝံ့ပါဘူး..."

ဝမ်ဟုန်ထံမှ ရယ်သံခပ်တိုးတိုးထွက်လာသည်။

"မင်း ကျွန်ုပ်ကို ဗျပ်စောင်းတီးပြပြီးတည်းက မင်းကို ‌မတွေ့ရတော့တာ...အခုတော့ မင်းက ငါ့နားကို မကပ်ဝံ့လို့ ပျောက်နေတာကိုး..."

လူအများရှေ့တွင် ဝမ်ဟုန်၏အသံသည် တောင်ကျချောင်းရေကဲ့သို့ ကြည်လင်‌ချောမွေ့နေသည်မှာ ဝမ်ဟုန်က ချန်ရုံအား ဆွဲဆောင်နေသကဲ့သို့ဖြစ်နေလေသည်။ ဝမ်ဟုန်၏ စကားများက လူများ၏ နှလုံးသားများကို ရိုက်ခတ်နေပုံပေါ်နေသည်။

ချန်ရုံ သတိမထားမိခင်မှာပင် မိန်းကလေးများအားလုံးသည် မနာလိုမှု၊ မုန်းတီးမှုများဖြင့် ချန်ရုံအား မျက်စောင်းထိုးနေကြတော့သည်။

ချန်ရုံက ရယ်ချင်သွား၍ စိတ်ထဲ၌ တွေးနေမိသည်။

‌ရှင်က ကျွန်မအပေါ် ခံစားချက်တွေ ရှိနေတယ်ဆိုရင် ဘာဖြစ်လို့ ယောင်္ကျားတစ်ယောက်အနေနဲ့ အရင် စပြီး မချဉ်းကပ်လာတာလဲ ဝမ်အိမ်တော်ရဲ့ချီလန်ရေ...ကျွန်မလို မိန်းမသားက အရင် စချဉ်းကပ်စေချင်နေတာလား...ဝမ်ဟုန်ရဲ့ ချိုသာတဲ့စကားတွေက တကယ်ပဲ နားထောင်ကောင်းလှပါတယ်...ဒါပေမယ့် သူကလည်း တခြားယောင်္ကျားတွေလိုမျိုး မိန်းမလိုက်စားသူတစ်ယောက်ပဲ ဖြစ်မယ်ထင်ပါတယ်လေ...

လေးဘက်လေးတန်မှ အမျိုးသမီးများ၏ မျက်လုံးများကတော့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေလေသည်။ ဝမ်ဟုန်၏ အကြည့်အောက်တွင် ချန်ရုံသည် ပြုံးရုံသာ ပြုံးလိုက်၍ ဘာမှ ပြန်မပြောလိုက်ချေ။

ချန်ရုံက ဘာမှပြန်မပြောသောအခါ ဝမ်ဟုန်သည် ပညာရှိများ ဆွေးနွေးနေကြသည့် စကားဝိုင်းထဲသို့ ပြန်ရောက်သွားသည်။

ထိုအချိန်၌ ဝမ်ဝူလန်၏အသံက ချန်ရုံ၏ အနောက်မှ ထွက်ပေါ်လာသည်။

"ချန်အိမ်တော်ရဲ့ အားရုံ..."

"ဟင်..."

ချန်ရုံက မော့ကြည့်လိုက်သည်။

ဝမ်ဝူလန်သည် ချန်ရုံ့အား ယခင်ကနှင့်မတူပဲ ဒေါသမျက်လုံးများဖြင့် ကြည့်နေလေသည်။ ချန်ရုံ့အပေါ် ဝမ်ဟုန်၏ စိတ်ဝင်စားမှုက ဝမ်ဝူလန်၏ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားသည့်ပုံပေါ်သည်။

ချန်ရုံ၏ နားမလည်သောအကြည့်အောက်တွင် ဝမ်ဝူလန်က ခဏမျှ ရပ်သွားပြီးမှ အတင်းညှစ်ရယ်ကာ ပြောလိုက်သည်။

"ဒါနဲ့ မင်း မနက်က ဘာဖြစ်လို့ လမ်းခွဲချင်တယ်လို့ ပြောရတာပါလဲ...ငါတို့နဲ့ အတူဆက်သွားတာက ပိုမကောင်းပါဘူးလား...ဒါမှမဟုတ် ငါတို့က မင်းအပေါ် ဧည့်ဝတ်မကျေပွန်လို့လား..."

ဝမ်ဝူလန်ကစကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်ဖြစ်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် ထွက်လာသောအသံက ဒေါသထွက်နေသကဲ့သို့ တင်းမာနေသည်။

ချန်ရုံက‌ ခေါင်းခါကာ ပြောလိုက်သည်။

"ဘာဖြစ်လို့များ ဒီလိုပြောရတာပါလဲ ဝူလန်...ကျွန်မက...မြစ်တစ်ဖက်ကမ်းကို ကူးရမှာ ကျွန်မစိတ်ထဲ မတင်မကျဖြစ်မိလို့ သက်သက်ပါ..."

ပြောရင်းဖြင့် ချန်ရုံသည် အနေကျဉ်းကျပ်လာမိသည်။ ဝမ်ဝူလန်က တစ်စုံတစ်ခု ထပ်ပြောမည်ပြင်လိုက်သောအခါ ချန်ရုံက အမြန် ထပ်မေးလိုက်သည်။

"အ‌စောင့်တွေရော ပြန်ရောက်ပါပြီလား...မြစ်တစ်ဖက်ကမ်းမှာ ဘယ်လို အခြေအနေရှိပါလဲ..."

"ဒီလောက်အချိန်တိုအတွင်းမှာ သူတို့ ဘယ်လို ပြန်လာနိုင်မှာလဲ..."

ဝမ်ဝူလန်က ခေါင်းခါ၍ စိတ်မပူသောလေသံဖြင့်ပြောလိုက်သည်။

"ပြီးတော့ အစောင့်တွေ ပြန်လာသည်ဖြစ်စေ မပြန်လာသည်ဖြစ်စေ မနက်ဖြန်ကျရင် လူတိုင်းက မြစ်ကို ကူးကြတော့မှာ..."

ဝမ်ဝူလန်က ခဏရပ်၍ ဆက်ပြောလိုက်သည်။

"ပညာရှိတွေ အားလုံးကလည်း အဲ့ဒီလိုပဲလုပ်ဖို့ အကုန်ဆွေးနွေးသဘောတူပြီးသွားကြပြီ...အားရုံ မင်းက စိတ်အပူလွန်နေတာပါ..."

ငါကပဲ တကယ်အစိုးရိမ်လွန်နေတာလား...

ချန်ရုံက စိတ်လှုပ်ရှားသွားကာ တွေးလိုက်မိသည်။

ဘာပဲဖြစ်ဖြစ်ပါလေ ဒီဝမ်ဝူလန်က တခြား အထက်တန်းလွှာမိသားစုတွေ မကြိုက်မယ့်အလုပ်ကို လုံးဝလုပ်မှာမှမဟုတ်တာ...ဒါပေမယ့်..ဒါပေမယ့်...ငါသူ့ကိုတော့ မမြင်ချင်တော့ဘူး...

Xxxx