အပိုင်း ၁၈
Viewers 18k

Chapter 18


 မြစ်တစ်ဖက်ကမ်းမှ ထောင်ချောက်

နောက်တစ်နေ့၌ လောယန်မြို့သို့သွားရန် မြစ်ဝါမြစ်တစ်ဖက်ကမ်းသို့ ကူးရမည်ဖြစ်သောကြောင့် လူတိုင်းသည် နာရီဝက်ခန့်သာ အနားယူ၍ စခန်းချသည့်နေရာသို့ ပြန်သွားကြသည်။

နောက်တစ်နေ့မနက် အရုဏ်တက်ချိန်၌ အဖွဲ့သည် ပြန်လည်ထွက်ခွာ၍ ဆယ်မိုင်ခန့်သွားပြီးသောအခါ မြစ်ဆီသို့ ရောက်သွားတော့သည်။ ‌မြစ်မှရေစီးသံများကြားနေရသည့်အချိန်မှာပဲ ကြိုးများဖြင့်ဆိုင်းထားသော သင်္ဘောများကို မြစ်ကမ်းဘေးတစ်လျှောက်တွေ့လိုက်ရသည်။

သင်္ဘောများမှာ အကြီး၊ အသေး၊ အဟောင်း၊ အသစ်များ စုံနေသည်။ အထက်တန်းလွှာသူဌေးများက သင်္ဘောများကို မြင်သောအခါ သူတို့၏ အတန်းအစားနှင့် ဤကဲ့သို့ သေးငယ်၍ အိုဟောင်းကာ လက်ရာကြမ်း၍ ညစ်ပေနေသော သင်္ဘောများနှင့် မကိုက်ညီဟုဆိုကာ ညည်းညူအပြစ်တင်နေကြတော့သည်။

"ဒါ ကျွန်တော်မျိုးတို့မှာရှိတဲ့ သင်္ဘောအကုန်ပါပဲ..."

လူသိများသော ပညာရှိတစ်ဦးက အော်ပြောလိုက်သည်။

"သခင်တို့ သခင်မတို့ နောက်မှ ကူးမယ့် လူတွေဆိုရင် သင်္ဘောတွေမရှိတော့လို့ ယာယီသ‌င်္ဘောတွေဆောက်ပြီးမှ ကူးလို့ရမှာပါ..."

လူငယ် နောက်တစ်ယောက်ကလည်း အော်လိုက်သည်။

"ထပ်ပြီး မညည်းညူကြပါနဲ့တော့...ကံကောင်းလို့သာ ကျွန်တော်တို့ စောစောထွက်ခွင့်ရကြတာပါ...ကျွန်တော်တို့သာ နောက်ကျခဲ့မယ်ဆိုရင် စီးစရာသင်္ဘောတောင် ရှိမှာမဟုတ်ပါဘူး..."

ထိုအော်သံနှစ်ခုကြောင့် ညည်းညူနေသံများ တဖြည်းဖြည်း ရပ်သွားကြသည်။

ထို့နောက် အစောင့်များသည် လူအုပ်ကို စီတန်းစေ၍ သင်္ဘောများပေါ်သို့ တက်ရန် အသင့်ပြင်နေကြတော့သည်။ သင်္ဘောအကြီးများ၌ အထက်တန်းလွှာများနှင့် ရထားလုံးများကို သယ်၍ အစောင့်များနှင့် အစေခံများက အသေးများ၌ စီးနင်းကြရမည်ဖြစ်သည်။

သို့သော် သင်္ဘောအကြီးများက များများစားစားမရှိသောကြောင့် နေရာများ ချပြီးသောအခါ အထက်တန်းလွှာများမှ လူအများစုသည် သင်္ဘောအသေးများ၌ နေရာရကုန်ကြသည်။

ချန်ရုံက ချန်အိမ်တော်၏ တစ်ဦးတည်းသော သခင်မလေး ဖြစ်သည့်အပြင် လမ်းခရီး၌ ကောင်းကျိုးများ ဆောင်ရွက်ခဲ့သောကြောင့် ချန်ရုံသည် ရထားလုံးများ၊ လှည်းယာဉ်များနှင့် အတူ သင်္ဘောအကြီး၌ လိုက်ပါခွင့်ရသွားသည်။

နေ့တစ်ဝက်လုံးလုံး ဆူညံပွက်လောရိုက်နေကြ၍ မွန်းတည့်ချိန်မှသာ သင်္ဘောများသည် စတင်ထွက်ခွာနိုင်တော့သည်။

ကြီးမားသော လှိုင်းလုံးများကြား၌ သင်္ဘောအသေးပေါ်မှလူများသည် ဘေးကင်းသော ရေလမ်းခရီးဖြစ်စေရန် ဆုတောင်းနေကြသည်ကို ချန်ရုံတွေ့လိုက်ရသည်။

လူတိုင်းအတွက် ကံကြမ္မာကလည်း မျက်နှာသာပေးခဲ့ပါသည်။ အဖွဲ့၏ ရေလမ်းခရီးသည် အလွန်ပင် အေးချမ်းခဲ့သည်။ ထိုသည်မှာလည်း အံ့ဩဖွယ်တော့မဟုတ်ပါ။ အလယ်ပိုင်းလွင်ပြင်ဒေသများက မိုးခေါင်မှုနှင့် ကြုံနေရသည် မဟုတ်လား။ ထိုသို့ မဟုတ်လျှင်တော့ မြစ်ထဲ၌ မုန်တိုင်းနှင့် တိုးကာ ကြီးမားသော အန္တရာယ်ရှိသွားနိုင်သည်။

သင်္ဘောတန်းရှည်ကြီးသည် မြစ်တစ်ဖက်ကမ်းသို့ တရွေ့ရွေ့သွားနေတော့သည်။

အချိန်သည် ကြာမြင့်သည်ဟု ခံစားရသော်လည်း တကယ်တမ်းက ခဏသာဖြစ်ပါသည်။

"ကမ်းကိုမြင်နေရပြီ...ကမ်းကိုမြင်နေရပြီ..."

ချန်ရုံက ရထားလုံးပေါ်၌ ထိုင်နေချိန်တွင် အော်ဟစ်သံများ အများအပြားကို ကြားလိုက်ရသည်။

နာရီဝက်ခန့်ကြာပြီးသောအခါ အံ့ဩသည့်လေသံဖြင့် အသံတစ်ခုထွက်လာသည်။

"ဟေး မြစ်တစ်ဖက်ကမ်းက မည်းမည်းအရိပ်တွေက ဘာတွေလဲ...လူတွေလား...ဒါမှမဟုတ် ငါတို့ရဲ့အိမ်တော်က လူလွှတ်ပြီး ငါတို့ကို စောင့်ခိုင်းထားတာလား..."

လူများက တစ်ပြိုင်နက်မော့ကြည့်လိုက်ကြကာ စကားပြောသံများက လေထုထဲ၌ ပြည့်သွားသည်။ ထိုပျော်ရွှင်စွာ အော်ဟစ်သံများကြားတွင် ချန်ရုံ၏ မျက်နှာကတော့ တည်ငြိမ်လျက်ပင် ရှိသည်။

အပြင်မှ ဩဘာသံများရပ်သွားသောအခါတွင်မှ ဝမ်ဝူလန်၏ အမောတကောခေါ်သံကို ချန်ရုံကြားလိုက်ရသည်။

"ချန်အိမ်တော်ရဲ့ အားရုံ...ချန်အိမ်တော်ရဲ့အားရုံ...ဒီကိုလာကြည့်ပါဦး...အဲ့ဒါ ဟူစစ်သည်‌တွေ မဟုတ်ဘူးလား..."

ဝမ်ဝူလန်၌ ကြောက်လန့်မှုက ထင်ရှားနေသည်။

ချန်ရုံက လိုက်ကာကို မလိုက်သည်။

ချန်ရုံက အပြင်သို့ ခေါင်းပြူကြည့်လိုက်သောအခါ သင်္ဘောပေါ်မှ လူများအားလုံးသည် ချန်ရုံအား လှည့်ကြည့်လိုက်သည်။ သူတို့၏ တုန်လှုပ်ခြောက်ခြားမှုနှင့် ထိတ်လန့်မှုတို့‌ပြည့်‌နေသော မျက်လုံးများ၌ ချန်ရုံ့ကိုတွေ့လိုက်သောအခါ မျှော်လင့်ချက်ရောင်ခြည်များ ပြန်သမ်းသွားကြသည်။ ထိုလူများ၏ မျှော်လင့်ကိုးစားသောမျက်လုံးများကို ကြည့်၍ ချန်ရုံက ခပ်ရွံ့ရွံ့ပြုံးပြကာ စိတ်ထဲ၌ တွေးလိုက်မိသည်။

ရှင်တို့အားလုံးက ကျွန်မလို မိန်းကလေးတစ်ယောက်က ဒီလူတွေအားလုံးကို လွတ်ရာကို ခေါ်ပေးသွားနိုင်မယ်လို့ ထင်နေကြတာတော့ မဟုတ်ဘူးမလား...

ဝမ်ဝူလန်က ရှေ့သို့ တိုးကာ ထိတ်လန့်စွာဖြင့် ထပ်မေးလိုက်ပြန်သည်။

"မင်းဘယ်လိုထင်လဲ အားရုံ..."

ချန်ရုံက ခေါင်းငြှိမ့်၍ ခပ်တိုးတိုးပြောလိုက်သည်။

"သူတို့တွေက စစ်သည်တွေဆိုတာတော့ သေချာပါတယ်..."

လူအရိုင်းအစိုင်းများဖြစ်နေနိုင်သည်ကိုတော့ ချန်ရုံ ထည့်မပြောလိုက်ချေ။

ချန်ရုံ၏ စကားကိုကြားသောအခါ ဝမ်ဝူလန်သည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွား၍ ကြမ်းပေါ်သို့ ခွေလဲကျတော့မတတ်ဖြစ်သွားသည်။

သို့သော် ဘေးနားမှ လုလင်ပျိုများထက်စာလျှင်တော့ ဝမ်ဝူလန်က တော်ပါသေးသည်။ အနီးတစ်ဝိုက်မှ လူငယ်များကတော့ ကြောက်စိတ်ဖြင့် တဆတ်ဆတ်တုန်နေကြတော့သည်။

ဘေးနားမှ သင်္ဘောမှ ပိန်သွယ်သော လုလင်ပျိုတစ်ဦးထံမှ ဝမ်းနည်းစွာ အော်ဟစ်သံ ပေါ်ထွက်လာသည်။

"ဘာဖြစ်လို့ အဲ့ဒီမှာ စစ်သည်တွေ ရှိနေကြတာလဲ...ကျွန်တော်တို့ ဘာလုပ်ကြပါမလဲ...ကျွန်တော်တို့ ဘယ်လိုလုပ်ကြမှာလဲ..."

ထိုလူငယ်လေး၏ ငိုယိုသံက အဖွဲ့တစ်ခုလုံး၏ ဝမ်းနည်းမှုကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။ တစ်ခဏအတွင်းမှာပင် ငိုရှိုက်သံများနှင့် အော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။

ကြောက်စိတ်သည် ကူးစက်လွယ်သည်။ ချက်ချင်းပင် အော်ဟစ်ငိုယိုသံများ၊ ဒူးထောက်ကျသွားသံများ နှင့် ဘာလုပ်ရမည်မသိပဲ သွေးရူးသွေးတမ်းနှင့် ရေထဲခုန်ချသွားသံများသည် ချန်ရုံ၏နားထဲသို့ ရောက်လာကြသည်။

ထိုကြောက်လန့်မှုများကြားတွင် သင်္ဘောများသည်လည်း အထိန်းအကွပ်မဲ့ကုန်ကြသည်။

ထိုအချိန်၌ ဝမ်ဟုန်၏ တည်ကြည်သောအသံပေါ်ထွက်လာသည်။

"မကြောက်ကြနဲ့...သင်္ဘောမောင်းသူတွေ မင်းတို့ရဲ့ သ‌င်္ဘောတွေကို တက်မ ပြန်ကိုင်လိုက်ကြပါ..."

ဝမ်ဟုန်၏ အင်အားကြီးသောအသံက လူတိုင်းကို အသိစိတ်ပြန်ဝင်သွားစေ၍ လူအုပ်သည် တဖြည်းဖြည်းနှင့် ငြိမ်ကျသွားတော့သည်။

"ပြန်လှည့်ပါ...အကုန် ပြန်လှည့်ကြရအောင်..."

တစ်စုံတစ်ယောက်က အော်လိုက်သည်။

"လုံးဝပြန်မလှည့်ရဘူး..."

ဝမ်ဟုန်က မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။

လူအများက ဝမ်ဟုန်အား အံ့ဩစွာ ကြည့်လိုက်ကြသည်။ ထိုအချိန်၍ ချန်ရုံ၏အဖွဲ့သည် အနောက်သို့ လှမ်းကြည့်လိုက်ကြသည်။ ဤနေရာသို့ မရောက်မီအချိန်အထိ သင်္ဘောများသည် ဘေးပတ်ဝန်းကျင်ကို သေချာမကြည့်ပဲ အရှိန်ဖြင့် လာနေကြဆဲရှိသည်။ ထို့ကြောင့် ဤနေရာ၌ သ‌င်္ဘောများစွာဖြင့် ပြည့်ကျပ်နေတော့သည်။ သင်္ဘောမောင်းသူများသာ သေချာသတိမထားပါက သင်္ဘောများသည် ပြန်လည့်နိုင်ရန်နေနေသာသာ အချင်းချင်းမတိုက်မိရန်ပင် မနည်းရှောင်ကြရမည်ဖြစ်သည်။

အထက်တန်းလွှာမိသားစုများသည် မြောက်ပိုင်း၌ အနေကြာကြပြီဖြစ်သောကြောင့် မြစ်ကိုမြင်လျှင်ပင် ကြောက်နေကြ၍ ရေပင် မကူးတတ်ကြချေ။ မတော်တဆလေးတစ်ချက်မျှ ဖြစ်ရုံနှင့်ပင် သင်္ဘောများသည် အချင်းချင်းတိုက်မိ၍ လူများကို ရေထဲနစ်‌ကုန်စေမည်ဖြစ်သည်။

လူတိုင်းက မည်သို့ ပြန်လှည့်ရမည်ကို စဉ်းစားနေကြချိန်တွင် မြစ်၏တစ်ဖက်ကမ်းတွင် သင်္ဘောတစ်ဒါဇင်ခန့်သည် ရေဆန်ဘက်မှ ထွက်ပေါ်လာလေသည်။ ထိုသင်္ဘောများသည် အရှိန်ပိုမြန်ရန် ပြင်ဆင်ထားသည်မှာ ထင်ရှားနေသည်။ အဖွဲ့မှလူများ သတိမထားမိခင်မှာပင် ထိုသင်္ဘောများသည် အနားသို့ ရောက်လာကြတော့သည်။

အဖွဲ့က ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ်တွင် ထိုကြီးမားသော သင်္ဘောများသည် တန်းစီ၍ ချန်ရုံတို့အဖွဲ့မှ သင်္ဘောများကို တစ်ဖက်ကမ်းဆီသို့ တွန်းသွားတော့သည်။

ထိုသင်္ဘောများသည် ချန်ရုံတို့ကို မြစ်ကမ်းပါးဆီသို့ အတင်းသွားခိုင်းနေခြင်းဖြစ်ပေသည်။

ထိုအရာကို သတိထားမိသွားသောအခါ လူများ၏ မျက်နှာသည် စက္ကူကဲ့သို့ သွေးဆုတ်ဖြူလျော်သွားကြတော့သည်။ ‌ကြောက်လန့်နေကြဆဲမှာပင် ဝမ်ဟုန်က အော်လိုက်သည်။

"အားလုံး စိတ်အေးအေးထားကြပါ...ဒီလူတွေက လူရိုင်းတွေမဟုတ်သရွေ့ ဘာမှ စိတ်ပူစရာမရှိပါဘူး..."

အဖွဲ့က ယခုမှပင် ထိုစကားများကို နားဝင်သွားကြသည်။

ဟုတ်တာပဲ...သူတို့နောက်က သင်္ဘောတွေနဲ့ ရှေ့မြစ်ကမ်းက လူတွေက ဟန်လူမျိုးတွေပဲဖြစ်မှာပါ...ကျင်းတော်ဝင်အိမ်တော်ရဲ့ တံဆိပ်ပါတဲ့ အလံတွေ မလွှင့်ပြထားရင်တောင်မှ သူတို့တွေက ဟန်လူမျိုးတွေဆိုရင် ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူတွေတော့ မလုပ်လောက်ပါဘူး...

သူတို့ကိုယ်သူတို့ နှစ်သိမ့်နေကြချိန်တွင်ပင် သင်္ဘောများသည် မြစ်ကမ်းဘေးသို့ ရောက်သွားကြသည်။

ချန်ရုံ၏ဘေး၌ တဆတ်ဆတ်တုန်ယင်နေကြသော လူငယ်များဝိုင်းအုံနေကြ၍ ကြောက်လွန်း၍ သွားများပင် တဂတ်ဂတ်ရိုက်နေကြသည်။

သင်္ဘောများ ကမ်း၌ ဆိုက်ကပ်ပြီးသောအခါ ဝမ်ဟုန်ကဲ့‌သို့ လူလေးစားခံရသည့် ပညာရှိများသည် ကမ်းပေါ်သို့ တက်သွားချိန်တွင် ခါးကိုမတ်၍ လူများကို အားပေးကာ လျှောက်သွားကြသည်။

ဝမ်ဟုန်တို့၏ ခေါင်းဆောင်မှုကြောင့် အဖွဲ့သည်လည်း တုံ့ဆိုင်းမနေတော့ချေ။ မကြာမီတွင်ပင် လူများနှင့် ရထားလုံးများသည် ကမ်းပေါ်သို့ ရောက်သွားကြတော့သည်။

ပညာရှိဆယ်ယောက်ခန့်က ရထားလုံးများကို စီတန်းရန် အဖွဲ့အား ‌ညွှန်ကြားလိုက်သည်။ ထို့နောက် ဝမ်ဟုန်က ရှေ့သို့ သွားလိုက်သည်။ ဝမ်ဟုန်သည် ဆုပ်ကိုင်ထားသော လက်များကို မျက်နှာ၌ ဘာခံစားချက်မှ မပေါ်ပဲ မတုန်မလှုပ် ရပ်နေကြသော စစ်သားများရှေ့သို့ မြှောက်ပြလိုက်သည်။

"ငါက လန်ယာဝမ်ချီပါ...တိုင်းပြည်တစ်ဖက်ခြမ်းက လာရောက်ခဲ့တဲ့ ငါနဲ့ အခြား အထက်တန်းလွှာမျိုးနွယ်တွေက မင်းတို့ကို နှုတ်ခွန်းဆက်သပါတယ်..."

ထို့နောက် ဝမ်ဟုန်က အနောက်ဘက်ရှိ လှည်းယာဉ်များနှင့် ရထားလုံးများကို လက်ညှိုးညွှန်ပြလိုက်သည်။

"ငါတို့နောက်က ပိုင်ဆိုင်မှုပစ္စည်းတွေကို ယူပါ...ငါတို့ကို ဒီနေရာကနေ ကျော်ဖြတ်ခွင့်ပေးပြီး လောယန်ကို ငါတို့ရဲ့ အဝတ်အစားတွေ ညစ်ပေမှုမရှိပဲ သွားနိုင်ခွင့်ကိုသာ ငါတို့ တောင်းဆိုပါတယ်..."

ဝမ်ဟုန်၏ အောင်မြင်ခန့်ညားသည့်အသံက တိမ်များဆီသို့ပင် လွင့်တက်သွားသည်။

ထို့နောက် ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။

ရယ်သံကြားတွင် မြင်းခွာသံများလည်း ပေါ်လာ၍ တည်ငြိမ်စွာရပ်နေသော စစ်သည်များက လမ်းဖယ်ပေးလိုက်ကြသည်။

ခရမ်းရောင်ဝတ်စုံနှင့် လုလင်ပျိုတစ်ဦးသည် လမ်းအဆုံးမှနေ၍ မြင်းကို ကဆုန်စိုင်းကာ ပေါ်ထွက်လာသည်။ ထိုလူငယ်၏ ရယ်သံများနှင့်အတူ သူ၏ ရှည်လျားသော အပေါ်ဝတ်ရုံရှည်ကလည်း လေထဲ၌ တဖျတ်ဖျတ်လွင့်နေသည်။

ထိုလူငယ်ပေါ်ထွက်လာချိန်၌ လူတိုင်းသည် အသက်ရှူရန်ပင် မေ့သွားကြတော့သည်။

ထိုခေတ်အခါ၌ လူ့အဖွဲ့အစည်းသည် အလွန်ယောင်္ကျားသားမဆန်၍ နွဲ့နှောင်းသော ချောမောမှုကိုသာ နှစ်သက်ကြသည်။ သို့သော် ဤမြင်းပေါ်က လူငယ်ကတော့ အသားလည်း မဖြူကာ မျက်နှာအကျအပေါက်ကလည်း မာထန်၍ နက်ရှိုင်းသောမျက်လုံးအစုံနှင့်အတူ ထင်ရှားဖြောင့်တန်းသော နှာတံတို့ရှိသည်။

ထိုလူငယ်၏ မျက်နှာကို ဖော်ပြရမည်ဆိုလျှင် မျက်နှာ၌ အပြစ်အနာအဆာလုံးဝမရှိပဲ ကောင်းကင်ဘုံမှ နတ်ဘုရားများကိုယ်တိုင် ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။ ပို၍သိသာသည်က ထိုလူငယ်၏ လွင့်ခါနေသော ခရမ်းရောင်ဝတ်ရုံနှင့် ခန့်ညားသောပုံစံက အားပျော့သည့် စာတတ်ပေတတ်ပုဂ္ဂိုလ်များ၏ ချောမောမှုနှင့် တစ်မျိုးတစ်ဖုံ ကွဲပြားနေလေသည်။ ထိုလူငယ်၏ ဟန်ပန်က ပွင့်လင်းကာ ကြမ်းကြမ်းတမ်းတမ်း လွတ်လွတ်လပ်လပ် နေထိုင်တတ်မည့်ပုံပေါ်၍ အလွန်အမင်းလည်း ချောမောနေလေသည်။

မြင်းက အထက်တန်းလွှာလူအုပ်ဆီသို့ ရောက်လာပြီးသောအခါ လူငယ်သည် မြင်းပေါ်မှ ဆင်းလိုက်၍ ခန့်ညားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်။

‌မြေပေါ်၌ လျှောက်နေမှပင် ထိုလူငယ်သည် အရပ်လည်းရှည်၍ ကျယ်ပြန့်သော ရင်အုပ်၊ပခုံးများနှင့် တောင့်တင်းသောခါးတို့ ရှိကြောင်းကို မြင်တွေ့လိုက်ရပြန်သည်။ ထိုလူငယ်က ပညာရှိများ၏အနားသို့ မရောက်သေးခင်မှာပင် ပညာရှိများသည် ထိုလူငယ်ကို ရှိန်နေကြပြီဖြစ်လေသည်။

လူငယ်သည် ဝမ်ဟုန်နှင့် အဖွဲ့၏ရှေ့၌ ရပ်လိုက်၍ ခေါင်းကိုလှည့်ကာ အဖွဲ့ကို အကဲခတ်လိုက်သည်။ သူ၏ နက်ရှိုင်းသောမျက်လုံးများထဲ၌ မီးတောက်များတောက်လောင်နေသကဲ့သို့ရှိ၍ တစ်ချိန်တည်းမှာပင် အဆုံးအစမရှိသော အမှောင်ထုက ဖုံးလွှမ်းနေသကဲ့သို့လည်း ရှိပေသည်။ ထိုလူငယ်၏ မျက်လုံးတစ်ချက်ရွှေ့လိုက်တိုင်း အထက်တန်းလွှာလူငယ်များသည် အသက်ရှူအောင့်၍ အနောက်သို့ ဆုတ်သွားကြသည်။

ထို့နောက် ထိုလူငယ်၏မျက်လုံးများသည် ဝမ်ဟုန်ဆီသို့ ရောက်သွား၍ ရွှင်ပျစွာ ပြုံးပြလိုက်သည်။ သူသည် လက်များကို ချိတ်ဆက်ကာ ကျယ်လောင်၍ ကြည်လင်သော အသံဖြင့် အဖွဲ့အားပြောလိုက်သည်။

"လူကြီးမင်းတို့ အဝေးကနေ ဆိုက်ရောက်လာကြတဲ့အတွက် အကျွန်ုပ် ရန်မင်း ဝမ်းသာပါတယ်...ကျွန်ုပ်ရဲ့လူတွေကိုလည်း လူကြီးမင်းတို့ကို ကြိုဆိုဖို့ ဒီနေရာမှာ စောင့်ခိုင်းထားခြင်းဖြစ်ပါတယ်..."