Chapter 19
ထိုအမျိုးသား
ရန်မင်းက ဖော်ရွေစွာ ပြုံးပြနေသော်လည်း အထက်တန်းလွှာများကတော့ စကားတစ်ခွန်းမှမပြောပဲ ရန်မင်းကိုသာ ကြောင်ကြည့်နေကြသည်။
ဝမ်ဟုန်က လက်များကို ချိတ်ဆက်လိုက်၍ ရန်မင်းကိုကြည့်ကာ မေးလိုက်သည်။
"ရန်မင်း ဟုတ်လား...ဒါဆိုရင် ခင်ဗျားက အတွေးအခေါ်ပညာရှင် ၁၂ယောက်ထဲက ရန်ယုံရဲ့ မျိုးဆက်များလား..."
[T/N: အတွေးအခေါ်ပညာရှင် ၁၂ ယောက်ဆိုတာ ကွန်ဖြူးရှပ်ရဲ့ ထင်ရှားတဲ့ နောက်လိုက်တပည့် ၁၂ယောက်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။]
"မှန်ပါတယ်..."
ရန်မင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
ထိုစကားလုံးများက လူအုပ်အား တီးတိုးသံများဖြင့် ဆူညံသွားစေသည်။
အဆင့်အတန်းမြင့်သည့် အထက်တန်းလွှာများ၏ ဖိအားသည် ပညာရှိများ၏ အရိုးနှင့် ခြင်ဆီများထဲအထိ စွဲဝင်နေပြီဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ဒေသများမှ ပညာရှိများသည် မည်သည့်မျိုးရိုးနာမည်က မည်သည့်ပညာရှိမှ ဆင်းသက်လာသည်ကို သိနေကြသည်။ စာများစွာမဖတ်သော်လည်း မျိုးရိုးစဉ်ဆက်များကိုတော့ မှတ်မိကြသူများလည်းရှိသည်။ ဝမ်ဟုန်၏ မေးခွန်းတစ်ခုနှင့်ပင် ပညာရှိများသည် သူတို့၏ရှေ့၌ ရပ်နေသူက မည်သူဖြစ်သည်ကို သိသွားကြတော့သည်။
လူတိုင်းက သူတို့၏ အသံကို နှိမ့်၍ ပြောနေကြသောကြောင့် တီးတိုးသံများက တိုးတိတ်နေသည်။ လူများသည် သူတို့ရှေ့မှ အမျိုးသား၏ဒေါသကို မဆွစေမိရန် သတိထားနေပုံရသည်။
ဝမ်ဟုန်က တိတ်တဆိတ်သက်ပြင်းချလိုက်သည်။
"အရှင်...အရှင့်ရဲ့ဇာစ်မြစ်က အလယ်ပိုင်းလွင်ပြင်ဒေသကဖြစ်ပါတယ်...အရှင့်ရဲ့ ဘိုးဘွားတွေဟာလည်း ပညာရှိတစ်ဦးရဲ့ တပည့်တွေဖြစ်ပါတယ်..."
ထိုနေရာ၌ ဝမ်ဟုန်ဘာကို စဉ်းစားနေသည်မသိသော်လည်း ဝမ်ဟုန်၏အသံက သိက္ခာရှိရှိပြောနေရာမှ ပြောင်းလဲသွားသည်။
"အရှင်က ကျွန်ုပ်တို့ကို ဘာလုပ်ချင်တာပါလဲ...ရှီဟူရဲ့လက်ထဲကို လက်ဆောင်ပေးမလို့လား...ဒါမှမဟုတ် စစ်တပ်ကို ထောက်ပံ့ဖို့ ကျွန်ုပ်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ယူချင်တာပါလား..."
ဝမ်ဟုန်၏ စကားများ၌ ယဉ်ကျေးမှုများ ပျောက်ကာစပြုလာသည်။
သို့သော် ဝမ်ဟုန်၏ဟန်ပန်သည် တည်ငြိမ်နေသေး၍ စကားပြောကလည်း ကောင်းမွန်နေသေးသည်။ သို့သော် ဝမ်ဟုန်၏နောက်မှ အထက်တန်းလွှာများကတော့ "ရှီဟူ" ဆိုသည့် အသံကြားသည်နှင့် မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ သူတို့သည် ထိုလူရိုင်းများ၏လက်ထဲမှ လွတ်ရန် တောင်ပိုင်းသို့ ပြောင်းရွှေ့လာကြသည်မဟုတ်လား။ မြစ်ဝါမြစ်ကို ဖြတ်ကူးပြီးမှ ဤလူရိုင်းများ၏လက်ထဲသို့ တစ်ဖန်ပြန်ကျရောက်ရမည်ဟု ထိုအထက်တန်းလွှာများ စိတ်တောင် မကူးမိကြချေ။
ပိုဆိုးသည်က သူတို့သည် ကြောက်စရာအကောင်းဆုံး ရှီဟူ၏ လက်ထဲသို့ ကျရောက်ကြတော့မည့်ပုံပေါ်နေခြင်းပင်။ ထိုရှီဟူသည် လူရိုင်းမျိုးနွယ်များအား ဟန်လူမျိုးများထံမှ အဝတ်အစားဖြစ်စေ၊ ပိုင်ဆိုင်မှုများဖြစ်စေ၊ မိန်းမများဖြစ်စေ အလိုရှိသည်ကို ယူခွင့်ရှိသည်ဟု အမိန့်ပေးထားသူ မဟုတ်လား။
ဝမ်ကျောသည် စက္ကူကဲ့သို့ ဖြူဖွေးသောမျက်နှာဖြင့် ရပ်နေလေသည်။ သူ့နောက်တွင်တော့ တဆတ်ဆတ်တုန်ယင်နေကြသော ဝမ်လူငယ်များရှိနေသည်။
ထိုအချိန်၌ ဝမ်များသည် ကြောက်ရွံ့ခြင်းသာမက နောင်တရခြင်းများကိုလည်း ခံစားနေရသည်။ ချန်အိမ်တော်မှ မိန်းကလေးသည် တကယ်ပင် နိမိတ်ဖတ်တတ်သူ ဖြစ်နေပါလား။ သူတို့ ဘာဖြစ်လို့များ ထိုမိန်းကလေး၏စကားကို နားမထောင်မိခဲ့ပါလိမ့်။ လွှတ်ထားသည့် အထောက်တော်များ ပြန်ရောက်သည်ကို တစ်ရက် နှစ်ရက်မျှစောင့်ပြီးမှ သူတို့ မြစ်ကို ကူးခဲ့သင့်သည်။
အချိန်တိုအတွင်းမှာပင် ထို နောင်တနှင့် ကြောက်လန့်မှုတို့က လူအုပ်ထဲ ပျံ့နှံ့သွားလေသည်။ လူငယ်အများစုသည် ငြိမ်ငြိမ်မနေနိုင်ကြတော့ပဲ အချို့ဆိုလျှင် မချုပ်တည်းနိုင်တော့ပဲ ငိုရှိုက်သံများပင် ထွက်လာကြသည်။
ရန်မင်းက သူ၏ မြင့်မားသော မြင်းနီကြီးကို မှီကာ နက်ရှိုင်းသောမျက်လုံးများဖြင့် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
ရန်မင်းသည် ဤသို့ မတုန်မလှုပ်ရပ်နေရုံနှင့်ပင် လေထုထဲ၌ သွေးဆာမှုက ဝေ့ဝဲလာသည်။ ထို့အပြင် ရန်မင်း၏ မျက်လုံးများထဲ၌လည်း ပြင်းထန်သောတောက်လောင်မှုတစ်ခုရှိနေသည်။ ထိုမျက်လုံးများသွားသည့်နေရာတိုင်း လူတိုင်းက နောက်သို့ ဆုတ်သွားကြသည်။
ကြောက်ရွံ့နေသောလူများကိုကြည့်၍ ရန်မင်းသည် ဖြည်းညှင်းစွာ မတ်မတ်ရပ်လိုက်သည်။
ရန်မင်းသည် ပုံမှန်ကပင် အရပ်အလွန်ရှည်နေပြီဖြစ်သည်။ ထို့ကြောင့် ပို၍ မတ်မတ်ရပ်လိုက်သောအခါ လူအများကို အုပ်မိုးနေသော အရပ်ကြီးသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ ရန်မင်း၏ ရဲရဲတောက်၍ နက်ရှိုင်းလှသော မျက်လုံးများက လူအုပ်ကို ဝေ့ကြည့်လိုက်၍ ရုတ်တရက် အော်ပြောလိုက်သည်။
"မငိုကြနဲ့..."
ငိုသံများသည် ရုတ်တရက် တိခနဲ ရပ်သွားတော့သည်။
ရန်မင်းသည် မြင်း၏ဇက်ကြိုးကို လွှတ်၍ ရှေ့သို့ ခြေနှစ်လှမ်း တိုးလိုက်သည်။ ရန်မင်း၏ လှုပ်ရှားမှုနှင့်အတူ လူများက မရည်ရွယ်ပဲ နောက်သို့ ဆုတ်သွားမိကြသည်။ ဝမ်ဟုန်နှင့် အခြား နာမည်ကြီးသော ပညာရှိအချို့သာ နေရာမှမရွေ့ပဲ ပြုံး၍ ရန်မင်းအား တည်ငြိမ်စွာ ကြည့်နေကြသည်။
ထိုအခြင်းအရာများကိုမြင်သောအခါ ရန်မင်း၏ ပါးလျသော နှုတ်ခမ်းများသည် အောက်သို့ ကွေးကျသွား၍ စိတ်အလိုမကျသည့်ပုံကဲ့သို့ ဖြစ်သွားသည်။
ရန်မင်းသည် မည်မျှပင် ကြောက်ဖွယ်ကောင်းနေပါသနည်း။ ရန်မင်းက မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်နှင့် အထက်တန်းလွှာ လူငယ် ဆယ်ယောက်ခန့်သည် မြေကြီးပေါ်သို့ တဖုန်းဖုန်းနှင့် မေ့လဲကျကုန်တော့သည်။
ရန်မင်း၏မျက်မှောင်က ပို၍ပင် ကြုတ်သွားတော့သည်။ ရန်မင်းသည် ဘေးဘီသို့ လှည့်ကြည့်၍ ဝမ်းခေါင်းမှထွက်လာသော ကြည်လင်သည့်အသံဖြင့်ပြောလိုက်သည်။
"ဒီလောက်လွယ်လွယ်မကြောက်ကြပါနဲ့...မင်းတို့က ယောင်္ကျားတွေဆိုတာ မမေ့နဲ့..."
လူငယ်နှင့်ကလေးများက တုန်လှုပ်နေကြဆဲဖြစ်သော်လည်း ပညာရှိအချို့ကတော့ မျက်နှာနည်းနည်း တောက်ပသွား၍ အချင်းချင်းကြည့်လိုက်ကြသည်။
ထိုအချိန်၌ ရန်မင်း၏အသံက ပျော့ပျောင်းသွားသည်။
"မကြောက်ကြပါနဲ့...မင်းတို့ရဲ့ အသက်တွေလည်း မဆုံးရှုံးစေရဘူး...မင်းတို့ရဲ့ ငွေကြေးနဲ့ ပစ္စည်းတွေလည်း မဆုံးရှုံးစေရဘူး..."
အသံများက တိတ်ဆိတ်သွားကြသည်။ ငိုယိုနေကြသူများပင် သူတို့၏ မျက်ရည်များနှင့် မျက်လုံးများဖြင့် သူတို့၏ရှေ့မှ အခြေအမြစ်မဲ့ လေလွင့်လူသားကို မျှော်လင့်ချက်ကြီးစွာ ကြည့်နေကြလေသည်။
ရန်မင်းက ပြုံး၍ ပညာရှိများဘက်သို့ ပြန်လှည့်ကာ လောယန်မြို့ဆီသို့ လက်ညှိုးညွှန်၍ ပြောလိုက်သည်။
"လူကြီးမင်းတို့ ခင်ဗျားတို့ရဲ့ ရထားလုံးတွေဆီကို ပြန်ကြပါ...ဒီက ဘာမှ မတော် မတတ်တဲ့ ကျွန်ုပ် ရန်မင်းက အရှင်တို့ကို ဘေးကင်းရာဆီကို ခေါ်ဆောင်သွားပေးပါမယ်..."
…
ပညာရှိများက တစ်ဦးနှင့်တစ်ဦး ကြည့်ပြီးသောအခါ ဝမ်ဟုန်က ရှေ့သို့တိုး၍ သူ၏ ချိတ်ဆက်ထားသော လက်များကို ရန်မင်းရှေ့သို့ မြှောက်ပြကာ အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
"သခင်ရန်...အရှင်က ဘာကို ဆိုလိုတာပါလဲ..."
ရန်မင်းက ပြုံးလိုက်၍ သူ၏ ဖြူဖွေးသော သွားများမှ အေးစက်မှုတစ်ခု တိုးထွက်လာသယောင်ဖြစ်သွားသည်။
"ဘာမှ မဆိုလိုပါဘူး...မြောက်ပိုင်းက ဟန်လူမျိုးတွေက တောင်ပိုင်းကိုရွှေ့လာတယ်...အဲ့ဒီသတင်းကိုကြားပြီးတော့ ဟူစစ်သည်တွေက အနီးအနားမှာ စောင့်နေကြတယ်လေ...သူတို့တွေကို အထောက်အပံ့တွေ ပိုမရစေချင်တော့လို့ ကျွန်ုပ်က သူတို့ကို တားဆီးမလို့ပါ..."
ရန်မင်း၏စကားများကြောင့် လူအုပ်ထံမှ တီးတိုးသံများ ထွက်ပေါ်လာပြန်သည်။
ဝမ်ဟုန်နှင့် အဖွဲ့က မော့ကြည့်လိုက်၍ ရန်မင်းအား အကဲခတ်နေကြသည်။ ရန်မင်းက အပြုံးသဲ့သဲ့ဖြင့် အမှုမထားသလို ခပ်တည်တည်ဖြင့် အကဲခတ်ခံနေလေသည်။
ဤလူများထဲတွင် ချန်ရုံတစ်ယောက်သာ ရန်မင်းပြောနေသည်များကို ယုံလေသည်။
တီးတိုးပြောသံများက ပို၍ ကျယ်လောင်လာသည်။ လူများသည် ရန်မင်းနှင့် အကြည့်ချင်းဆုံမည်ကို ရှောင်၍ တီးတိုးဆက်ပြောနေကြကာ သူတို့၏မျက်နှာများ၌ အံ့ဩမှုနှင့် မယုံသင်္ကာဖြစ်မှုတို့ ပေါ်လာကြသည်။
နောက်ဆုံးတွင်တော့ ဝမ်ဟုန်သည် ရုတ်တရက် နောက်သို့လှည့်၍ တစ်စုံတစ်ခုကိုရှာသကဲ့သို့ အဖွဲ့ကိုကြည့်လိုက်သည်။
ရေမျက်နှာပြင်ကဲ့သို့ တည်ငြိမ်စွာဖြင့် အရိုအသေပေးနေသော ချန်ရုံကိုတွေ့လိုက်သောအခါ ဝမ်ဟုန်သည် ခြေလှမ်းများကို သွက်သွက်လှမ်း၍ ချန်ရုံဆီသို့ လျှောက်သွားလိုက်သည်။
လူတိုင်း၏မျက်လုံးများက ဝမ်ဟုန်၏လှုပ်ရှားမှုတိုင်းကို ကြည့်နေကြသည်။ ဝမ်ဟုန်သည် ဤခရီးသွားအဖွဲ့၌ နာမည်အကျော်ကြားဆုံးလူဖြစ်သောကြောင့် လူတိုင်း၏ ထောက်တိုင်ကဲ့သို့ဖြစ်နေသည်။
ဝမ်ဟုန်သည် ချန်ရုံ့နားသို့ရောက်လာ၍ ဝမ်ကျောနှင့် သူ၏အဖွဲ့ကို ခေါင်းငြှိမ့်ပြပြီးသောအခါ ချန်ရုံဘက်သို့လှည့်၍ မေးလိုက်သည်။
"အားရုံ...တပ်မှူးရန်မင်းပြောတာ အမှန်တွေလို့မင်းထင်လား..."
ဤကဲ့သို့သော အချိန်တွင် လူအများအပြားရှေ့၌ ဝမ်ဟုန်သည် တကယ်ပင် မိန်းမငယ်လေးတစ်ယောက်အား ဤမျှအရေးကြီးသော ကိစ္စကိုမေးလိုက်လေသည်။
ချက်ချင်းပင် ကြောင်အသွားသူများသည် ရေတွက်၍ပင်မရတော့ချေ။
ရန်မင်းသည်လည်း အံ့ဩသွားသည်။ ရန်မင်းသည် ချန်ရုံအား စိတ်ဝင်စားစွာ ငေးကြည့်လိုက်၍ အခြားလူများအားလုံးကို လျစ်လျူရှုကာ ချန်ရုံနှင့် ဝမ်ဟုန်နားသို့ ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာတော့သည်။
ရန်မင်းသည် လျင်မြန်စွာလျှောက်လာသောကြောင့် လူတိုင်းက အလိုအလျောက်လမ်းဖယ်ပေးလိုက်ကြကာ ဝမ်ဟုန်၏အနောက်သို့ ချက်ချင်းပင် ရောက်လာတော့သည်။
လူတိုင်း၏မျက်လုံးများက ချန်ရုံ့အပေါ်သို့ ရောက်နေကြတော့သည်။
"ကျွန်မတို့ကိုမြင်တုန်းက..."
ချန်ရုံက ဝမ်ဟုန်ကို အရိုအသေပေးရင်းဖြင့် ပြောလိုက်သည်။
"တပ်မှူးက သူ့ရဲ့နာမည်ဟာ ဟန်မျိုးနွယ်တွေရဲ့ မျိုးရိုးနာမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်...သူ့စကားတွေက အလိမ်အညာတွေဖြစ်တဲ့ပုံ မပေါ်ကြောင်းပါ..."
ဝမ်ဟုန်သည် ချန်ရုံအား ခဏမျှကြည့်နေပြီးမှ ခေါင်းငြှိမ့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလူဟာ ငါကြားဖူးသလောက်တော့ လိမ်ညာတတ်တယ်လို့တော့ သတင်းမကျော်ကြားပါဘူး..."
ထို့နောက် ဝမ်ဟုန်သည် နွမ်းလျစွာ ပြုံးလိုက်သည်။ သူတို့သည် စဉ့်တီတုံးပေါ်မှ အသားတုံးများကဲ့သို့သာ ဖြစ်နေသည်မဟုတ်လား။ ရန်မင်းက သူတို့အား ချက်လိုသည်ဖြစ်စေ၊ နုတ်နုတ်စင်းလိုသည်ဖြစ်စေ သူတို့ ဘာမှပြန်မလုပ်နိုင်ချေ။ ချန်ရုံကဲ့သို့သော မိန်းကလေးကိုပင် ဤသို့မေးရန် မလိုပါချေ။
သို့သော်လည်း ဤမိန်းမငယ်လေးသည် ဤလမ်းခရီး၌ သုံးကြိမ်တိုင်တိုင်မှန်ကန်ခဲ့သည်ဖြစ်သောကြောင့် ချန်ရုံ၏စကားများက ယုံကြည်စိတ်ချရလေသည်။
ထိုအချိန်မှာပင် ဝမ်ဟုန်တို့၏အနောက်မှ ရန်မင်း၏ ရယ်သံက ထွက်ပေါ်လာသည်။
"ကျုပ်ဘဝမှာ ဒီလောက်နှစ်တွေ ကြာပြီးမှ ဒီလို လှပတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ နားလည်ခြင်းကိုခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး..."
ထို့နောက် ရန်မင်းသည် ရယ်မောလျက်ပင် အရှေ့သို့ပြန်ထွက်သွားသည်။ သူ၏ ခရမ်းရင့်ရောင် ဝတ်ရုံက မြစ်၏လေနှင့်အတူ တဖျတ်ဖျတ်လွင့်နေလေသည်။ ရန်မင်းသည် သူ၏ မြင်းနီကြီးပေါ်သို့ ပြန်တက်၍ ညာဘက်လက်ကို ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
"သွားကြမယ်..."
ရန်မင်းက သူ့ကို ချန်ရုံက "နားလည်ပေးသည်" ဟုပြောသွားသော်လည်း ရန်မင်း၏ မျက်လုံးများသည် ကြည်လင်ရှင်းလင်းနေ၍ ချောမောသည့်မိန်းမငယ်တစ်ဦးကိုတွေ့သောအခါ ယောင်္ကျားများ၌ ပေါ်လာတတ်သည့် အရိပ်အယောင်များက ရန်မင်း၏မျက်နှာ၌ နည်းနည်းမျှပင်မရှိသည်ကို ချန်ရုံ သတိထားလိုက်မိလေသည်။