အပိုင်း ၂၀
Viewers 18k

Chapter 20


 လက်ရှိအခြေအနေ

ရန်မင်းထွက်ခွာသွားသောအခါ စစ်သားများကလည်း ချီတက်ကာ ထွက်ခွာသွားကြသည်။ ဝမ်ဟုန်၏ခေါင်းဆောင်မှုအောက်တွင် အထက်တန်းလွှာများသည်လည်း နောက်မှ လိုက်သွားကြသည်။

အားလုံးသည် ချန်ရုံအား အံ့ဩစွာကြည့်နေကြသည်။ ဝမ်ချီလန်က ဤကဲ့သို့သော မိန်းမငယ်လေး၏ ထင်မြင်ချက်ကို အဘယ်ကြောင့် အရေးတယူမေးနေရလဲကို သူတို့ နားမလည်နိုင်ကြချေ။ ထို့နောက် ထိုမိန်းမပျိုလေးက ရန်မင်းကို ယုံကြည်ရပါသည်ဟုပြောသောအခါတွင်လည်း ဝမ်ချီလန်က အဘယ်‌ကြောင့် စိတ်ပေါ့ပါးသွားသည့်ပုံ ပေါက်သွားရသနည်း။

အချိန်တိုအတွင်းမှာပင် အဖွဲ့သည် ပင်မလမ်းမကြီးပေါ်သို့ ရောက်သွားကြသည်။

လမ်းမသည် နက်ရှိုင်းသော လှည်းလမ်းကြောင်းများဖြင့် ပြည့်နေသည်။ ဝမ်ဟုန်က မျက်မှောင်ကျုံ့၍ ရထားလုံးကို ရန်မင်းနားသို့ မောင်းခိုင်းလိုက်သည်။ ထို့နောက် လက်များကို ယှက်တင်၍ ရန်မင်းအား မေးလိုက်သည်။

"အရှင်...ဘာဖြစ်လို့ လမ်းပေါ်မှာ လှည်းစွပ်ကြောင်းတွေ ဒီလောက် များနေရတာပါလဲ..."

ဝမ်ဟုန်၏ လေသံထဲတွင် ထိတ်လန့်မှုက ပေါ်လွင်နေသည်။

ရန်မင်းက လှည့်၍ ဝမ်ဟုန်အား ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။

ရန်မင်း၏ ချောမောမှုထဲတွင် ပြင်းထန်သော သွေးဆာမှုတစ်ခုလည်းရှိ‌နေ၍ မျက်လုံးများမှ မီးတောက်များထွက်‌လာတော့မည်သကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း မီးတောက်များဖြင့် လွှမ်းခြုံထားသကဲ့သို့ရှိသည်။ ထို့ကြောင့် ရန်မင်းက လှည့်ကြည့်လိုက်လျှင်ချင်းပဲ လူငယ်များက ခေါင်းများကိုငုံ့ကာ ရန်မင်းနှင့် အကြည့်ချင်းဆုံမည်ကို ရှောင်လိုက်ကြသည်။ ဝမ်ဟုန်၏ ပညာရှိအဖွဲ့ပင်လျှင် အနည်းငယ် ကြောက်လန့်သွားကြသည်။

ရန်မင်းက ဘာမှမထူးခြားသလိုပြောလိုက်သည်။

"လူတိုင်းက တောင်ပိုင်းကို ရွှေ့နေကြတာပဲလေ...လှည်းစွပ်ကြောင်းတွေ အများကြီးရှိနေတာ မထူးဆန်းပါဘူး..."

ဝမ်ဟုန်က ဆတ်ခနဲ တုန်သွားသည်။

ဝမ်ဟုန်‌စကားပြောမည်ကို မစောင့်တော့ပဲ ဝမ်ဝူလန်က အမြန်ဝင်မေးလိုက်သည်။

"အရှင်ပြောတာ ဘာကို ဆိုလိုတာပါလဲ...ဒီနေရာက လောယန်မြို့နဲ့ အရမ်းနီးနေပြီကို ဘာဖြစ်လို့များ တောင်ပိုင်းကို ဆက်သွားနေကြရတာပါလဲ..."

ဝမ်ဝူလန်၏ အသံက အလွန်ကျယ်လောင်သွားသည်။ လူအုပ်၏ တီးတိုးသံများက ရုတ်တရက် ရပ်သွား၍ ခေါင်းများမော့ကာ ရန်မင်း၏အဖြေကို စောင့်ဆိုင်းနေကြသည်။

ရန်မင်းက အရှေ့သို့မျှော်ကြည့်လိုက်သည်။ စကားပြောလိုက်သောအခါ သူ၏ တည်ငြိမ်သောအသံ၌ မဖော်ပြနိုင်သည့် ဝမ်းနည်းမှုတစ်ခု ပါနေလေသည်။

"သူတို့ ဘာဖြစ်လို့ တောင်ပိုင်းကိုသွားနေကြလဲဟုတ်လား...ကျွန်ုပ်ပြောပြီးပါပြီ မဟုတ်ဘူးလား...ဒီဒေသက လူရိုင်းစစ်သည်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီလေ..."

ရန်မင်းသည် ဤနေရာ၌ လူရိုင်းများရှိနေသည်ဟုတော့ ပြောခဲ့သည်။ သို့သော် လောယန်သည် ကျင်းနိုင်ငံတော်၏ မြို့တော်ဖြစ်သည်မဟုတ်လား။ အခြေအနေများသည် ဤမျှပင် ဆိုးဝါးနေခဲ့ပြီလား။

လူအုပ်က ခြောက်ခြားစပြုလာကြပြန်သည်။ ဆူညံပွက်လောရိုက်သံများကြား၌ ငိုရှိုက်သံများ ထွက်ပေါ်လာကြပြန်သည်။

ရှုပ်ထွေးမှုများက တစ်စ တစ်စ အသံကျယ်လာသောအခါ အရှေ့သို့ လှမ်းကြည့်နေသော ရန်မင်းက အော်လိုက်သည်။

"တိတ်ကြစမ်း..."

ရန်မင်း၏ အော်သံက ခက်ထန်လွန်းသောကြောင့် လူငယ်များသည် ချက်ချင်းပင် တုန်လှုပ်သွား၍ ပါးစပ်များ ပိတ်သွားကြသည်။

တိတ်ဆိတ်သွားကာမှပင် ရန်မင်းက အေးစက်စွာ ပြောလိုက်သည်။

"မင်းတို့ သေတော့ရော ဘာဖြစ်လဲ...မင်းတို့က ဂုဏ်သိက္ခာရှိတဲ့လူတွေလေ ဘာဖြစ်လို့များ ဒီလောက် လွယ်လွယ်နဲ့ မျက်ရည်ကျနေကြရတာလဲ...ဟင်း ရှက်ဖို့ကောင်းလိုက်တာ..."

ရန်မင်း၏စကားလုံးများက အနည်းငယ်ကြမ်းတမ်းသွားကြသည်။ ဤလူငယ်များသည် ငယ်စဉ်ကတည်းက ဖူးဖူးမှုတ် အလိုလိုက်ခံထားရ၍ သူတို့ကိုယ်သူတို့ အခြားလူများထက် ပိုသာသည်ဟု ထင်နေကြသူများဖြစ်သည်။ ရန်မင်းက အင်အားကြီး၍ ကြောက်မက်ဖွယ်ကောင်းနေသော်လည်း သူတို့၏ မျက်လုံးထဲ၌ အားပျော့သော ပညာရှိများကသာ တကယ်ဂုဏ်သိက္ခာရှိသူများဟု ထင်နေကြသည်။ ထို့ကြောင့် အလွန်ပင်ချောမော၍ ခန့်ငြားနေပါစေမူ၊ နှင်းများ၏အောက်မှ မီးတောင်ကဲ့သို့ သူတို့၏ရှေ့မှ ရန်မင်းသည် ရိုင်းစိုင်းသည့် ကြမ်းတမ်းသူတစ်ယောက်သာ ဖြစ်နေလေသည်။

ထို့ကြောင့် ချက်ချင်းပင် လူငယ်အများစုသည် ရန်မင်းအား အလိုမကျသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့ရှေ့မှလူသည် မိစ္ဆာဝင်စားသူကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် လူငယ်များသည် ရန်မင်းမမြင်အောင် မျက်လုံးများကို တိတ်တဆိတ်သာ ဝေ့ဝဲလိုက်ကြသည်။

ဝမ်ဟုန်သည် လောယန်မြို့ရှိရာဘက်သို့ ဝမ်းနည်းစွာလှမ်းကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

"ဒါဆို အခု လောယန်က ဘယ်သူမှမရှိတဲ့ မြို့ဖြစ်သွားပြီပေါ့..."

"မပြောင်းရွှေ့ရသေးတဲ့ လူတွေတော့ ရှိပါသေးတယ်..."

ရန်မင်းက ပြန်ဖြေလိုက်သည်။

ထို့နောက် ရန်မင်းက ဝမ်ဟုန်ဘက်သို့လှည့်၍ ပြောလိုက်သည်။

"ဘယ်သူတွေကျန်ပြီး ဘယ်သူတွေ ထွက်ခွာသွားတယ်ဆိုတာ အရှင် ခန့်မှန်းနိုင်ပါလား..."

"လောယန်မြို့ကလူတွေက ဘယ်ကို ရွှေ့ပြောင်းသွားကြလဲဆိုတာ သခင်ရန် သိပါသလား..."

"ကျန့်ခန်း ဆီကို..."

[T/N: သမိုင်းသင်ခန်းစာလေးတစ်ခုလောက် ဖြတ်ဝင်မယ်နော်။ လောယန်မြို့က အေဒီ ၂၆၅ ကနေ ၃၁၁ အထိ ကျင်းနိုင်ငံတော်ရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ ကျန့်ခန်းမြို့ကတော့ အေဒီ ၃၁၇ ကနေ ၄၂၀ အထိ မြို့တော်ဖြစ်ခဲ့ပါတယ်။ ဒီလိုမြို့တော် ပြောင်းလဲသွားရခြင်းက မြောက်ပိုင်းကို လူရိုင်းစစ်သည်တွေ ဝင်ရောက်စီးနင်းခဲ့‌တာကြောင့် ဟန်လူမျိုးတွေက တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။]

ကျန့်ခန်းဆီကိုတဲ့လား။ ကျန့်ခန်းဆီသို့ ရောက်ဖို့ဆိုလျှင် မိုင်ပေါင်းတစ်သောင်းခန့်သွားရဦးမည်ဖြစ်သည်။ အဖွဲ့သည် စိတ်ဓာတ်များကျသွားကြပြန်သည်။

ဝမ်ဟုန်က အသံကို နှိမ့်၍မေးလိုက်သည်။

"ဒါဆိုရင် အရှင်က ကျွန်ုပ်တို့ကို လောယန်အထိကိုပဲ လိုက်ပို့မှာပါလား...‌လောယန်ကနေ ရှေ့ဆက်သွားချင်ရင်ရော လိုက်လံစောင့်ရှောက်ဦးမှာပါလား..."

ရန်မင်းက ရယ်၍ အနောက်သို့ လှည့်မကြည့်ပဲ ဖြေလိုက်သည်။

"ကျွန်ုပ်ကို အခုထိ မယုံသေးပဲကိုး...စိတ်မပူကြပါနဲ့...နောက် မိုင် ၁၀၀ လောက်ရောက်ရင် လောယန်ကိုသွားမလား ကျန့်ခန်းကိုသွားမလားဆိုတာ လူကြီးမင်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်မှာပါ..."

လူတိုင်းက ပျော်ရွှင်သွားကြသည်။ ဝမ်ဝူလန်က အသံကို မြှင့်၍မေးလိုက်သည်။

"သခင်ရန်...အရှင်ပြောတာတွေက အမှန်တွေပါလား..."

ထိုမေးခွန်းကို ရန်မင်းက အေးစက်စက်လည်ချောင်းသံဖြင့်သာ ပြန်ဖြေလိုက်သည်။

ရန်မင်းစိတ်တိုသွားသည်ကို မြင်လိုက်ကြသောအခါ ရန်မင်း၏အဖြေကိုစောင့်နေကြသော လူအုပ်သည်လည်း ပါးစပ်ပိတ်သွားကြသည်။

ရှည်လျားသော လှည်းယာဉ်တန်းသည် တစ်ခါထပ်၍ ကောင်းကင်သို့ ဖုန်မှုန့်များပျံလွင့်စေ၍ ရွေ့လျားကြပြန်သည်။ လှည်းယာဉ်တန်း သွားနေချိန်တွင် အဝေးမှ မြင်းခွာသံများကိုကြားလိုက်ရသည်။ ထို့နောက် သူတို့နှင့် မရင်းနှီးသည့် အလယ်ပိုင်းလွင်ပြင်ဒေသ စကားဝဲဝဲနှင့် လူတစ်ယောက်ကအော်လိုက်သည်။

"ဟန်မျိုးနွယ်တွေ...ဒီမှာ ဟန်မျိုးနွယ်အုပ်စုကြီးတစ်စု..."

ထိုလူ၏ လေသံက အလွန်ပင် ပျော်ရွှင်တက်ကြွနေလေသည်။

ထို့နောက် လှည်းယာဉ်တန်း၏အနီးသို့ လူရိုင်းစစ်သည် ရာပေါင်းများစွာ ရောက်လာတော့သည်။ ရန်မင်း၏အမိန့်ကိုမစောင့်ပဲ ရန်မင်း၏ စစ်သည်များအားလုံးသည် လေးနှင့်မြှားကို တစ်ပြိုင်နက် ချိန်ရွယ်လိုက်ကြသည်။ အသစ်ရောက်လာသော လူရိုင်းအဖွဲ့၏ မြင်းများ၏ ခွာများအတွင်းသို့ မြှားမိုးများရွာသွားတော့သည်။

ဟူလူမျိုးများက မြင်းများ၏ ဇက်ကြိုးကို အမြန်ဆွဲထားလိုက်ကြသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွား‌ပြီးနောက်မှ ခုနက အော်ခဲ့‌သည့် ကိုယ်လုံးကိုယ်ထည်ကြီးမားသော လူကြီးက အော်ပြောလိုက်သည်။

"မင်းတို့က ဘယ်မျိုးနွယ်ကလဲ..."

ကောင်းမွန်စွာလေ့ကျင့်ထားပြီးဖြစ်သော အသံများစွာက အသံတစ်သံတည်းအဖြစ် ပြိုင်တူ ပေါ်ထွက်လာကြသည်။

"ငါတို့ရဲ့တပ်မှူးက ကောင်းကင်ဘုံရဲ့မင်းသား ရှီမင်းပဲ..."

[T/N: ရန်မင်းက တောင်ပိုင်းက မျိုးနွယ်တစ်ခုရဲ့မွေးစားခြင်းကို ခံခဲ့ရလို့ ရန်မင်းရဲ့ မွေးစားနာမည်က ရှီမင်း ဖြစ်နေတာပါ။ ရန်မင်းရဲ့ ဂုဏ်ပုဒ်ကို ဒီမှာ အသေးစိတ်ရှင်းပြထားပါတယ်။

https://en.wikipedia.org/wiki/Tian_Wang]

"ရှီမင်း" ဟူသော နာမည်ကို ကြားလိုက်သည်နှင့် ဟူစစ်သည်က ပြောလိုက်သည်။

"အရှင်က ကောင်းကင်ဘုံရဲ့မင်းသား ရှီမင်းဆိုတာ မသိခဲ့လို့ပါ...အကျွန်ုပ်တို့ အခုချက်ချင်း ထွက်ခွာသွားပါ့မယ်..."

ထို ဟူစစ်သည်၏ ကြောက်လန့်နေသော အသံနောက်တွင် နောက်ထပ် ဂုဏ်သိက္ခာရှိသည့် အသံတစ်သံထွက်ပေါ်လာပြန်သည်။

"အခုအဖြစ်အပျက်ကိုလည်း စော်ကားတယ်လို့ မထင်မြင်ပါနဲ့...ကျွန်ုပ်တို့က ဒီကနေ ဖြတ်သွားရုံသက်သက်ပါ..."

ရပ်တန့်နေသော ဟူစစ်သည်များသည် ချက်ချင်းပင် မြင်းများကို ပြန်လှည့်၍ လေနှင့်အတူ ထွက်ခွာသွားကြတော့သည်။ သူတို့၏ အမြန်နှုန်းသည် ရောက်လာစဉ်ကထက်ပင် ပို၍ မြန်နေတော့သည်။

အထက်တန်းလွှာများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ဖြစ်ပျက်သွားသည်များသည် သူတို့၏ သိထားမှုနှင့် အတွေ့အကြုံများပင် လိုက်မမှီအောင်ဖြစ်နေတော့သည်။ အထက်တန်းလွှာများ၏ စိတ်ထဲတွင် လူရိုင်းစစ်သည်များသည် တောရိုင်းတိရစ္ဆာန်များကဲ့သို့ဖြစ်သည်။ သာမာန်အခြေအနေမျိုးတွင် လူရိုင်းစစ်သည်တစ်ဦးသည် ဟန်စစ်သည် လေး ငါးယောက်ကို လွယ်ကူစွာ အလဲထိုး‌နိုင်သည်။ ယခုအချိန်မတိုင်မီအထိ လူရိုင်းစစ်သည်များနှင့်တွေ့၍ ဟန်လူမျိုးများကသာ ထွက်ပြေးရသည် ဟု ကြားဖူးကြခြင်းဖြစ်သည်။ ဟန်လူမျိုးများနှင့်တွေ့၍ လူရိုင်းများက ထွက်ပြေးသွားရခြင်းမှာ ယခုမှပင် မြင်ဖူး ကြားဖူးခြင်းဖြစ်ပေသည်။

"ကောင်းကင်ဘုံ၏မင်းသား" ဟူသော ဂုဏ်ပုဒ်မှာ တကယ်ပင် ရန်မင်းနှင့် ထိုက်တန်ပါပေသည်။

ဝမ်ဟုန်သည် ရထားလုံးများနှင့် လှည်းများကို ရှေ့သို့ဆက်သွားစေ၍ သူကတော့ ရန်မင်း၏ အနောက်မှ လျှောက်လာလိုက်သည်။ ဝမ်ဟုန်သည် ချိတ်ဆက်ထားသော လက်များကို မြှောက်၍ ပြောလိုက်သည်။

"အရှင်...ကျွန်ုပ်တို့အားလုံးဟာ ဂုဏ်သိက္ခာရှိတဲ့လူတွေဖြစ်ပါတယ်...အရှေ့မှာ ကျွန်ုပ်စကားမှားခဲ့တဲ့အတွက် ခွင့်လွှတ်ပါ..."

လူရိုင်းစစ်သည်များကို ထွက်ပြေးအောင်လုပ်နိုင်သော ဟန်လူမျိုးသည် မည်သို့ပင်ဖြစ်စေ လေးစားမှုပေးရန် ထိုက်တန်ပေသည်။

ဝမ်ဟုန်က ခဏမျှရပ်ပြီးမှ ရင်ထဲမှ လှိုက်လှဲသောအသံဖြင့်မေးလိုက်သည်။

"အရှင့်ရဲ့ ထင်မြင်ချက်အရ ကျွန်ုပ်တို့အဖွဲ့ ကျန့်ခန်းမြို့ကိုသွားဖို့ အဆင်ပြေနိုင်ပါသလား..."

"ကျန့်ခန်းကို သွားတဲ့လမ်းက သိ နဲ့ ရှန်းပေ မျိုးနွယ်တွေ သိမ်းထားလိုက်ကြပြီ...ဘာပဲဖြစ်ဖြစ် သွားမယ်စိတ်ကူးရင်တော့ သူတို့စစ်တပ်တွေအတွက် ရိက္ခာသွားပေးသလိုပဲ ဖြစ်သွားလိမ့်မယ်..."

ရန်မင်း၏အသံက ပုံမှန်အတိုင်းပင်ဖြစ်သည်။ ဝမ်ဟုန်က လေးစားမှုကို ပြသလိုက်သောကြောင့် ဘာမှပြောင်းလဲသွားခြင်းမရှိချေ။

ရန်မင်းက "စစ်တပ်အတွက်ရိက္ခာ" ဟူ ရိုးရှင်းစွာပြောလိုက်သော်လည်း ထိုအသုံးအနှုန်း၏ အဓိပ္ပာယ်ကို နားလည်သူများက မတတ်နိုင်ပဲ တုန်လှုပ်သွားကြသည်။ အရိုင်းဆန်သော လူသားစားခြင်းဖြစ်သည်။ ထိုစစ်တပ်အတွက် ရိက္ခာဆိုသည်မှာ အသက်ရှင်နေသည့် လူသားများဖြစ်သော သူတို့ကို ရည်ညွှန်းနေခြင်းဖြစ်ပေသည်။

ဝမ်ဟုန်က ခါးကို အလွန်ညွှတ်ကိုင်း၍ မေးလိုက်သည်။

"ကမ္ဘာကြီးက ကျယ်ဝန်းပေမယ့် ကျွန်ုပ်တို့ သွားနိုင်မယ့် နေရာများ ရှိပါသေးသလား..."

ဝမ်ဟုန်၏အသံပင် ညှိုးငယ်စပြုလာ‌လေသည်။

အဖွဲ့ထံမှလည်း ခပ်အုပ်အုပ် ငိုရှိုက်သံများ ထွက်ပေါ်လာပြန်သည်။

ဤတစ်ခေါက်တွင်တော့ ရန်မင်းလည်း မတားတော့ချေ။ ရန်မင်းသည် ခဏမျှစဉ်းစားပြီးမှ ပြောလိုက်သည်။

"နန်ယန်မြို့ကို သွားကြည့်လို့တော့ရမယ်...နန်ယန်ဆီကိုသွားတဲ့လမ်းက ကျွန်ုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတာ...နန်ယန်မြို့ရဲ့ မင်းသား စစ်မားမို မှာလည်း တော်တော်ကိုကောင်းတဲ့ စစ်တပ်ရှိတယ်...အခုလောလောဆယ်မှာတော့ အဲ့ဒီနေရာ လုံခြုံမှုရှိနိုင်ပါတယ်..."

"အရှင့်ရဲ့ အကြံဉာဏ်၊ လိုက်လံစောင့်ရှောက်ပေးမှုနဲ့ လေးစားမှုတို့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်..."

ဝမ်ဟုန်သည် နေရာတော်တော်များများသို့ ခရီးသွားဖူးသူဖြစ်သည်။ ယခုရှိနေသော အထက်တန်းလွှာများနှင့်ယှဉ်လျှင် ဝမ်ဟုန်၏ အတွေ့အကြုံများသည် နက်ရှိုင်း၍ ကျယ်ပြန့်သည်။ ထို့ကြောင့် ရန်မင်း၏စကားများက အလိမ်အညာများမဟုတ်သည်ကို ဝမ်ဟုန် ခန့်မှန်းနိုင်လေသည်။

ဝမ်ဟုန်နှင့် ရန်မင်းတို့ စကားပြောနေကြချိန်တွင် ချန်ရုံသည် လိုက်ကာကိုချ၍ ရထားလုံးထဲ၌ပင် ငြိမ်ငြိမ်လေးနေနေသည်။ သူမသည် ရန်မင်း ပေါ်လာစဉ်တည်းက အလွန်တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ရုတ်တရက် ချန်ရုံ၏လိုက်ကာ ပွင့်သွားသည်။ လိုက်ကာကို ဖွင့်လိုက်သူမှာ စွင်းယန်ဖြစ်နေ၍ ရထားလုံးထဲသို့ ခေါင်းဝင်ကာ ချန်ရုံအား ကြည့်လိုက်သည်။ စွင်းယန်သည် ချန်ရုံအား ငေးကြည့်နေပြီးမှ အသံအက်အက်ဖြင့် ပြောလိုက်သည်။

"ရန်မင်းက တကယ်ပဲ စိတ်ချရတာလား..."

ချန်ရုံက ခေါင်းငြှိမ့်ပြလိုက်သည်။

"ငါ့ရဲ့မိဘတွေနဲ့ တခြားမိသားစုတွေအားလုံးက ရှန်းပေမျိုးနွယ်ရဲ့ ရိက္ခာဖြစ်သွားတာ..."

ထိုကဲ့သို့သောအကြောင်းအရာကို ရုတ်တရက်ကြားလိုက်ရသောကြောင့် ချန်ရုံသည် စွင်းယန်အား ငေးကြောင်ကြည့်‌မိနေသည်။

ခဏမျှ တိတ်ဆိတ်နေပြီးမှ ချန်ရုံက ခပ်တိုးတိုးပြောလိုက်သည်။

"ဒါတွေအကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီလေ...အရမ်းဝမ်းမနည်းပါနဲ့တော့..."

"ငါ ဝမ်းမနည်းပါဘူး!..ငါ သူတို့ကို သွေးနဲ့အကြွေးပြန်ဆပ်ခိုင်းရဦးမှာ...ငါ့မှာ ဝမ်းနည်းနေဖို့ အချိန်မရှိဘူး..."

စွင်းယန်သည် ကိုယ်ကို ဖြည်းညှင်းစွာ မတ်လိုက်သည်။ မျက်လုံးများက ရန်မင်းကိုကြည့်၍ ခပ်တိုးတိုးပြောနေသည်။

"လူရိုင်းတွေက အဲ့ဒီလူကို ကြောက်ကြတယ်...လူရိုင်းတွေက အဲ့ဒီလူကို တကယ်ကြောက်ကြတယ်...အားရုံ ငါ့ကိုပြောပါ...ငါ အဲ့ဒီလူရဲ့ အဖွဲ့ထဲကို ဝင်သင့်လား..."

ချန်ရုံကတော့ ဘာမှမပြောနိုင်ပဲ စွင်းယန်ကိုသာ ငေးကြည့်နေမိသည်။

ယခုတလောတွင် စွင်းယန်သည် ဝမ်းနည်းမှုနှင့် အမုန်းတရားများထဲတွင် နစ်မြုပ်မနေတော့ချေ။ သေချာအိပ်၍ သေချာစားကာ မျက်နှာကလည်း ကျန်းမာမှုဖြင့် ဝင်းပလာသည်။ မျက်နှာပုံပန်းကလည်း ပို၍ချောမောကာ အသားအရည်များလည်း စိုပြေလာသည်။ ဝင်းပသောအသားအရည်၊ ဓားရှည်ကဲ့သို့ ဖြောင့်တန်းသည့် မျက်ခုံးများနှင့် ကြည်လင်သည့်မျက်လုံးများ၊ ဖြောင့်စင်းသည့်နှာတံနှင့် နှင်းဆီဖူးကဲ့သို့ နီရဲသော နှုတ်ခမ်းများနှင့် စွင်းယန်သည် အလွန်ပင် နွဲ့နှောင်းစွာ ချောမောနေတော့သည်။

ယခုလောလောဆယ်တွင် စွင်းယန်သည် မြင်းပေါ်၌ထိုင်နေရာ သူ၏ သေးသွယ်သောခန္ဓာကိုယ်နှင့် သွယ်လျသောခါးက ပို၍ပင် ထင်ရှားနေလေသည်။ စွင်းယန်၏ ပုံသဏ္ဍာန်နှင့် ဖြူဖျော့သော ချောမောမှုတို့ကို ဘေးမှကြည့်၍ ထိုကောင်လေးက စစ်မြေပြင်တွင် လူများကို သတ်ဖြတ်နေသည့်ပုံကို မြင်ယောင်ကြည့်လိုက်ရာ ချန်ရုံ၏စိတ်ထဲ၌ စာသားတစ်ခုက ပေါ်လာသည်။

"သူရဲကောင်းသည် သူ၏ မိုးမခပင်ကဲ့သို့ နွဲ့နှောင်းသောခါးကို ကုန်းလိုက်သည်...."

ချန်ရုံက အတွေးထဲ နစ်မျောနေစဉ်တွင် စွင်းယန်က ခေါင်းကိုလှည့်၍ ချန်ရုံ့အား ကြည့်လိုက်သည်။

အချိန်ခဏကြာသောအခါ စွင်းယန်၏ နက်မှောင်သောမျက်လုံးများသည် ချန်ရုံ၏အတွေးများကို ဖတ်မိသွားပုံရသည်။ စွင်းယန်၏ အလွန်ချောမောသောမျက်နှာ၌ ရှက်သွေးများ သမ်းသွားလေသည်။ စွင်းယန်သည် ချန်ရုံအား ဒေါသတကြီးကြည့်၍ အံကြိတ်လိုက်သည်။

"ချိန်အိမ်တော်ရဲ့အားရုံ...မင်း ငါ့ကို အထင်သေးနေတာလား..."

ချန်ရုံက ဆတ်ခနဲတုန်သွား၍ အကြည့်ကို လျင်မြန်စွာရုတ်သိမ်းကာ အလေးအနက်ပြန်ပြောလိုက်သည်။

"ဟင့်အင်း မဟုတ်ပါဘူး..."

စွင်းယန်က ဟွန့် ဟူသော အသံပြုကာ ကြာပွတ်ကို လွှဲရိုက်၍ မြင်းကို အရှေ့သို့ အမြန်သွားစေလိုက်သည်။ ချန်ရုံ့ကိုလည်း ရှက်ခြင်းနှင့် စိတ်ပျက်ခြင်းတို့ပေါင်းကာ စကားတစ်ခွန်းပြောသွားသေးသည်။

"ချန်အိမ်တော်ရဲ့ အားရုံ မင်း...! မင်းနောင်တရအောင် ငါလုပ်ပြမယ်..."

ချန်ရုံက သူမရှေ့မှ တဖြည်းဖြည်းပျောက်ကွယ်သွားသော စွင်းယန်၏ပုံသဏ္ဍာန်ကို ကြည့်၍ အံ့ဩစွာ ပြောလိုက်မိသည်။

"ငါလည်း ဘာမှတောင် မပြောလိုက်ရပဲနဲ့..."