Chapter 01
ရိုးရိုးရှင်းရှင်း အလှဆင်ထားသော အိပ်ခန်းလေးထဲတွင် ဖေးယိက စကားတစ်ခွန်းမှမပြောပဲ မှန်ထဲတွင် သူ့ကိုယ်သူစိုက်ကြည့်နေသည်။
ခဏကြာတော့ တံခါးဆီမှ စိတ်မရှည်သောအော်သံတစ်ခု ထွက်ပေါ်လာသည်။ “သခင်လေး..မင်းဘာတွေလုပ်နေတာလဲ? မစ္စတာဖေးက မင်းကို တံခါးဝမှ အဆင်သင့်စောင့်နေတယ်! အရေးကြီးတဲ့အလုပ်ကို မင်းနောက်ကျအောင်လုပ်ရင် မင်းကိုဘယ်သူမှမကယ်နိုင်ဘူးနော်!”
နှုတ်ဆိတ်နေသောဖေးယိက အဆုံးမှာ လှုပ်ရှားသွားခဲ့သည်။
သူက သူ၏သေးသွယ်သော လက်ကို ဆန့်ထုတ်လိုက်ပြီး လည်ပင်းပေါ်ရှိ ကျောက်စိမ်းဆွဲသီးကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းဖယ်ရှား၍ ကုတင်ပေါ်ပစ်ချကာ တံခါးဆီလျှောက်သွားလိုက်သည်။
သူ တံခါးနားသို့ ချဥ်းကပ်သွားစဥ် သော့ဖွင့်ထားသော တံခါးဘောင်ကို အပြင်ဘက်မှ ကြမ်းတမ်းစွာ တွန်းဖွင့်လိုက်ရာ ဖေးယိအား ထိလုနီးပါးဖြစ်သွားခဲ့သည်။
တံခါးနားမှာရပ်နေသော သတ်လတ်ပိုင်းအရွယ် ကလေးထိန်းသည် အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သိထားပေမယ့် သူမမျက်နှာပေါ်တွင် တောင်းပန်မှုလုံးဝမရှိပေ။ “အို… နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့?”
“ငါပြောမယ်… မင်း ပေါ်မိသားစုမှာ လက်ထပ်ခွင့်ရတာ ကံကောင်းတယ်! အရူးတစ်ယောက်က ဒီလိုကိစ္စမှာ ခေါင်းမာရမှန်း သိသေးတာလား? သိပ်ထူးဆန်းတာပဲ…အာ……”
ဖေးယိက ကလေးထိန်း၏မျက်နှာကို အေးစက်စက်စိုက်ကြည့်ပြီး သူ့မျက်လုံးများကို မမြင်နိုင်တော့သည်အထိ မှေးကျဥ်းထားလိုက်သည်။
ကလေးထိန်းက အားရပါးရ ဆက်တိုက်ကြိမ်းမောင်းနေသော်လည်း သူမမော့ကြည့်လိုက်တော့ နေရာမှာတင် အေးခဲသွားရသည်။ ဖေးယိက သူမကို နောက်တစ်ကြိမ်ကြည့်ရန် ပျင်းရိလွန်းနေသဖြင့် အလျင်အမြန် လှည့်ထွက်လာခဲ့သည်။
ကလေးထိန်းက ထွက်ခွာသွားသော ဖေးယိကိုစိုက်ကြည့်ကာ အေးစက်သောလေကို ရှူရှိုက်ရင်း မရေမရာရေရွတ်လိုက်သည်။
ဒီအရူးက သူ့ပုံစံကို ပြောင်းလဲလိုက်တာလား?
အဲ့ဒီအကြည့်က ဘာလို့အရင်ကနဲ့မတူတော့တာလဲ? ကြောက်စရာကောင်းလိုက်တာ!
သို့သော် ဖေးယိကိုယ်ပေါ်ရှိ လက်ရှည်အင်္ကျီအပါးလေးကို သူမမြင်သောအခါ သူမရင်ထဲက အံ့အားသင့်မှုသည် လှောင်ပြောင်စရာဖြစ်သွားပြန်သည်။ “သူ့ပုံစံက ပြောင်းလဲပါ့မလား? ပူအိုက်နေတဲ့ရက်မှာတောင် ဒီလိုအဝတ်အစားမျိုး ဝတ်လာသေးတယ်။ ဘယ်လိုအရူးလဲ!”
ပြောပြီးသည်နှင့် သူမက အိပ်ခန်းထဲ ခိုးဝင်သွားလေသည်။
. . . . . .
ဖေးယိ ဗီလာမှထွက်သွားသည်နှင့် အနက်ရောင်ကားတစ်စီးက တံခါးဝမှာ လာရပ်သည်။
အနောက်ပြတင်းပေါက်က လှိမ့်ဆင်းလာပြီး ဝတ်ကောင်းစားလှဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ တစ်ဖက်လူက နောက်ကျနေသော ဖေးယိကို မကျေမနပ်ကြည့်လိုက်သည်။ “မင်းဘာလို့ ရူးကြောင်ကြောင် ကြည့်နေသေးတာလဲ? ကားပေါ်အမြန်တက်!”
ဖေးယိက စိတ်ထဲမှာ လှောင်ပြောင်လိုက်ပေမယ့် အနောက်တံခါးကို ဖြည်းညှင်းစွာဖွင့်ပြီး ဝင်သွားခဲ့သည်။
ကားက အမြန်ထွက်သွား၏။
သက်လတ်ပိုင်းအမျိုးသားက လေးနက်သော အမူအရာတစ်ခုဖြင့် ဖေးယိအား သတိပေးလိုက်သည်။ “ငါတို့ ပေါ်အိမ်တော်ကိုရောက်ရင် မင်းငါ့ကို နာခံမှုရှိရမယ်။ ဒီအိမ်ထောင်ရေးက မင်းနဲ့ ငါတို့မိသားစုကို ဒုက္ခရောက်စေမှာမဟုတ်ဘူး!”
“မင်း မိုက်ရူးရဲဆန်ပြီး ဖေးမိသားစုကို မျက်နှာပျက်အောင်လုပ်ရင် မင်းအဘိုးနဲ့ငါက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး!”
ဖေးယိက မကြားချင်ယောင်ဆောင်ကာ ခေါင်းလှည့်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။
သူ၏ဂရုမစိုက်သော ပုံစံကိုတွေ့တော့ သက်လတ်ပိုင်းအမျိုးသားက ရှက်ဒေါသဖြင့် ဆိုလိုက်သည်။ “မင်းခေါင်းက ရူးကြောင်ကြောင်ဖြစ်နေတာ။ ငါပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး။”
“…….”
ဖေးယိ၏မျက်လုံးထဲတွင် ရယ်ချင်နေသော အရိပ်အယောင်တစ်ခုပေါ်လာပြီး ၎င်းက တစ်ခဏချင်းပင် ပျောက်ကွယ်သွားလေ၏။
နားမလည်ဘူးတဲ့လား?
စာအုပ်တစ်အုပ်ဖတ်ပြီး ဤကမ္ဘာကို ကူးပြောင်းလာသော သူသည် မည်သူမဆိုထက် ပိုနားလည်သည်။
ဤသည်ကား “ချမ်းသာသောမိသားစု၏ လွဲမှားနေသောကြင်နာမှု”ဟုခေါ်သော ခွေးသွေးသန်းမေ့ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ယင်းက ဘဝအတွေ့အကြုံများစွာကို မှားယွင်းစွာ ဖြတ်သန်းလာရပြီးနောက် ကိုယ်ပိုင်ခွန်အားကို အသုံးပြုကာ ချမ်းသာကြွယ်ဝသောမိသားစုများ၏ မျက်နှာသာရခဲ့သည့် အဓိကဇာတ်လိုက်ဖြစ်သူ ဖေးမိသားစု၏ သခင်လေးအကြောင်းကို ပြောပြထားသည်။ အဆုံးတွင် သူက သူ့ချစ်သူနှင့် တွေ့ဆုံခဲ့ပြီး ပျော်ရွှင်စရာကောင်းသော ဘဝသစ်တစ်ခုကို စတင်ခဲ့သည်။
သေချာတာကတော့ စာအုပ်ထဲရှိ ဇာတ်လိုက်ကျော် ဖေးသခင်လေးက ဖေးယိကို ရည်ညွှန်းနေတာမဟုတ်ပေ။
သူ့မှာ တူညီသော မျိုးရိုးအမည် ဖေးရှိိပြီး သူကလည်း ဖေးမိသားစု၏ သခင်လေးတစ်ယောက်ဖြစ်ပေမယ့် မူလပိုင်ရှင်အား စာအုပ်ထဲတွင် “ပထမတန်းစားအမြှောက်စာဇာတ်ကောင်”လို့သာ ဖော်ပြထားသည်။ သူ့ဖခင်က ငယ်ငယ်တည်းက ဆုံးသွားခဲ့ပြီး သူ့မိခင်ကလည်း မရှိတော့ပေ။
ဆယ်နှစ်အရွယ်တွင် မူလပိုင်ရှင်က ရေကူးကန်ထဲသို့ တွန်းချခံရပြီး ရေနစ်သေလုနီးပါးဖြစ်ခဲ့သည်။ သူပြန်နိုးလာသောအခါ ဉာဏ်ရည်မမီသော ကလေးဖြစ်လာခဲ့သည်။ များသောအားဖြင့် သူသည် အော်တစ်ဇင်ဖြစ်ကာ စကားမပြောနိုင်ပဲ ရူးကြောင်ကြောင်ဖြစ်နေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း သူသည် အင်ပါယာမြို့တော်အသိုင်းအဝိုင်း၌ ရယ်စရာဖြစ်လာပြီး သူ့ကို စောင့်ရှောက်ပေးရသော ကလေးထိန်းသည်ပင် သူ့ခေါင်းကို တိတ်တိတ်လေး နင်းရဲလာသည်။
သူ့ဘေးမှာထိုင်နေသော လူလတ်ပိုင်းအမျိုးသားက မူလပိုင်ရှင်၏ဦးလေးဖြစ်ပြီး ယခုလက်ရှိ ဖေးဂရု၏ဒါရိုက်တာ ဖေးရူကျန်းဖြစ်သည်။
“တူလေးအား ကောင်းကောင်းဆက်ဆံပေးသည်”ဟူသော ဂုဏ်ပုဒ်ကိုရရှိရန် ဖေးရူကျန်းသည် မူလကိုယ်အား လှပတပကြည့်ကောင်းအောင် ဝတ်စားပေးပြီး ပွဲတက်တိုင်းခေါ်သွားခဲ့သည်။ သို့သော် နောက်ကွယ်မှာတော့ သူသည် မူလပိုင်ရှင်အား ခွေးတစ်ကောင်လို ဆက်ဆံခဲ့သည်။
အကျဥ်းထောင်ကဲ့သို့ အိပ်ခန်းလေးတစ်ခုတွင် သူက မူလပိုင်ရှင်အား တစ်နေကုန်သော့ခတ်ထားကာ တစ်နေ့ကို သုံးနပ်ကျွေးမွေးခဲ့သည်။ မူလပိုင်ရှင်က အမှားတစ်ခုခုလုပ်မိခဲ့လျှင် ရိုက်နှက်ကြိမ်းမောင်းခံခဲ့ရသည်။
မူလပိုင်ရှင်က လက်ရှိတွင် အသက်၂၂နှစ်ဖြစ်ပုံရသည်။ ပေါ်မိသားစု၏ သွေးထိုးလှုံ့ဆော်မှုကြောင့် သူသည် စီးပွားရေးအကျိုးအမြတ်အတွက် အသုံးချခံနယ်ရုပ်ကလေးဖြစ်လာပြီး ကားမတော်တဆမှုတစ်ခုတွင် မျက်လုံးကွယ်သွားသော ပေါ်မိသားစု၏ ဒုတိယသားနှင့် လက်ထပ်ခဲ့ရသည်။
ဒီချစ်လှစွာသော ဦးလေးကြီးက ဘာလဲ?
ထိုလူက လူသားအရေခြုံထားသော ဝံပုလွေတစ်ကောင်ဖြစ်ပြီး မူလပိုင်ရှင်အား အရိုးပါမကျန် ဝါးစားပစ်ဖို့ မစောင့်နိုင်ဖြစ်နေ၏။
လွန်ခဲ့သည့်နှစ်ရက်က အိမ်ထောင်ရေးသတင်းကြားပြီးနောက် မူလပိုင်ရှင်သည် တစ်နည်းနည်းဖြင့် လှုံ့ဆော်ခံလိုက်ရပြီး ဖေးမိသားစုဗီလာအနောက်ဘက်ကို ပြေးသွားကာ မြစ်ထဲခုန်ချခဲ့သည်။
ဤခုန်ချမှုဖြစ်စဥ်ကြောင့် ကူးပြောင်းလာသောဖေးယိက ဤခန္ဓာကိုယ်အား အပိုင်စီးရခဲ့တာဖြစ်နိုင်သည်။
ဖေးယိက ကားပြတင်းပေါက်အပြင်ရှိ ဖြတ်သန်းသွားသော ရှူခင်းကို ငေးကြည့်နေပြီး စာအုပ်ထဲက အကြောင်းအရာများကို အမြန်စုပ်ယူနိုင်ဖို့ အခွင့်အရေးယူခဲ့သည်။ “ချမ်းသာသောမိသားစု၏ လွဲမှားနေသောကြင်နာမှု”၌ မူလပိုင်ရှင်က သိပ်အရေးမပါသော်လည်း သူ့အား ကြေကွဲဖွယ်အဆုံးသတ်ရရှိစေဖို့ လုံလောက်ခဲ့သည်။
ဖေးနှင့်ပေါ်မိသားစုကြားရှိ စီးပွားရေးလက်ထပ်ပွဲအပြီးမှာ ပေါ်မိသားစု၏ ဒုတိယသခင်လေးက မူလပိုင်ရှင်ကို သဘောမကျသလို များသောအားဖြင့် လျစ်လျူရှုခဲ့လေသည်။
နောက်ပိုင်းတွင် ပေါ်မိသားစု၌ အာဏာလွန်ဆွဲပွဲဖြစ်ခဲ့ပြီး အသုံးမဝင်သော မူလပိုင်ရှင်က အိမ်မှမောင်းထုတ်ခံခဲ့ရသည်။ ပေါ်မိသားစု၏ ဒုတိယသခင်လေးက သတင်းရရှိပြီး သူ့ကို ပြန်တွေ့သောအခါတွင် သူသည် ခန္ဓာကိုယ်အနှံ့ဒဏ်ရာများဖြင့် မြစ်ထဲတွင် သေဆုံးနေခဲ့ပြီး သူ့အလောင်းက စိုရွှဲကာ ဖောရောင်နေခဲ့သည်။
သူက မည်သူ့ကိုမျှ လှည့်စားခြင်း၊ ရန်ဆွခြင်းမရှိခဲ့သော်လည်း လူချမ်းသာမိသားစု၏ ဤလွန်ဆွဲပွဲ၌ အသက်အတိုဆုံး အမြှောက်စာဇာတ်ကောင်ဖြစ်လာခဲ့သည်။
ဖေးယိက ဤအဆုံးသတ်ကို တွေးတောကာ ဇာတ်လမ်းကို ရင်ထဲကနေ လက်ခလယ်ထောင်ပြလိုက်သည်။
ပြောစရာစကားပင် မရှိတော့…..
အနစ်နာဆုံးသူမှာ သူကိုယ်တိုင်ဖြစ်နေခဲ့သည်။
. . . . . .
မကြာခင်မှာ ကားက ပေါ်မိသားစုဗီလာထဲသို့ မောင်းဝင်သွားခဲ့သည်။
ဖေးရူကျန်းနှင့် ဖေးယိက အစေခံများအနောက်မှလိုက်သွားကာ ပေါ်အိမ်တော်ဧည့်ခန်းထဲသို့ ဝင်သွားသည်။
မိသားစု၏အိမ်ထောင်ဦးစီးဖြစ်သူ ပေါ်သခင်ကြီး ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ “မစ္စတာဖေး… မတွေ့ရတာကြာပြီ။ ငါ့ရဲ့ဒုတိယမြေးက အခုမျက်စိပြဿနာရှိနေတာလေ။ ဒါကြောင့် သူအပြင်ထွက်ပြီး မင်းကိုလာတွေ့ဖို့ အဆင်မပြေဘူး။ ကိုယ်တိုင်လာပေးလို့ ကျေးဇူးတင်ပါတယ်။”
“ရပါတယ်။ ကျွန်တော်တို့က ရင်းနှီးတဲ့မိသားစုတွေပဲ။ အားနာနေဖို့ လိုသေးလားဗျာ။” ဖေးရူကျန်းက မိသားစုနှစ်ခုကြားရှိ ဆက်ဆံရေးကို ချည်နှောင်ဖို့ အစပြုလိုက်သည်။ “ဒါက ကျွန်တော့်တူလေး ဖေးယိပါ။”
ကားပေါ်မှာရှိနေစဥ် ဖေးယိအား ရွံရှာနေသော သူ့ပုံစံက အထိုက်အလျောက်ပြောင်းသွားသည်။ “သူက ခေါင်းနည်းနည်းမကောင်းပေမယ့် အမြဲတမ်း လိမ္မာရေးခြားရှိပြီး အလိုက်သိတဲ့ကလေးပါ။”
ပေါ်မိသားစုအား သွယ်ဝိုက်ပြောနေခြင်းမှာ - သူ ဤအိမ်ထောင်ရေးအား “စိတ်လိုလက်ရ” သဘောတူပြီးပြီဟူ၍ပင်။
“အင်ပါယာမြို့တော် အသိုင်းအဝိုင်းတစ်ခုလုံးကို ကြည့်လိုက်ပါ။ ဒါရိုက်တာဖေးက ကြင်နာတတ်ပြီး စိတ်သဘောထားနူးညံ့မှန်း မသိတဲ့သူရှိလို့လား? သူက သူ့တူလေးကို သူ့သားလို ပြုစုပျိုးထောင်ခဲ့တာမလား? သခင်လေးက မင်းကိုပဲ အနာခံဆုံးဖြစ်မှာပေါ့။”
“ဟေ… သခင်ကြီးက ချီးကျူးလွန်းနေပါပြီ။” ဖေးရူကျန်းက နားထောင်ရတာ စိတ်ချမ်းသာနေပြီး ဖေးယိအား ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။ “ရှောင်ယိ… လာနှုတ်ဆက်လိုက်ဦး…”
“…….”
နှုတ်ဆက်ရမယ်?
အရင်လို မျက်နှာရအောင် လုပ်ပေးရမှာလား?
ဖေးယိက ပေါ်မိသားစု၏လူတွေကို လှည့်ပတ်ကြည့်လိုက်ပြီး သူ့မျက်ဝန်းက ရွှတ်ရွှတ်ဝေနေ၏။ ကောင်းပြီလေ.. အာ..ဒါဆိုလည်း မတူတဲ့ပုံစံလေးနဲ့ နှုတ်ဆက်ပေးပါ့မယ်…
ဤအတွေးဖြင့် သူက ယခုနလေးတင် အစေခံယူလာပေးသော လက်ဖက်ရည်ခွက်ကိုကိုင်ကာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ခွဲပစ်လိုက်သည်။
— ခလွမ်း!
ခွက်က ဖေးရူကျန်း၏ ခြေကျင်းဝတ်ကို အတိအကျထိမှန်သွားသည်။ လွင့်စင်သွားသော လက်ဖက်ရည်ပူပူက သူ့ကို တုန်ယင်သွားစေကာ သူ့မျက်နှာပေါ်ရှိ အပြုံးတုမှာ ရုတ်ချည်းအေးခဲသွားလေသည်။
ဤသည်ကား အဆုံးသတ်မဟုတ်! ဖေးယိက ခွက်ကို ရိုက်ခွဲလိုက်ပြီး လူမြင်ကွင်း၌ ဖေးရူကျန်းနှင့် ခပ်ခွာခွာနေရန် နောက်ဆုတ်သွားဖို့လည်း မမေ့ချေ။
လက်ဆုပ်လက်ကိုင်ပြလို့မရသော မထီမဲ့မြင်ပြုခြင်းက အဆိုးရွားဆုံးပင်တည်း။
ပေါ်မိသားစုမှလူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထူးဆန်းသောအရာတစ်ခုကို သတိပြုမိခဲ့သည်။
နှုတ်ဆက်ဖို့ပဲပြောခဲ့တာကို သူ့တူအရူးလေးက ငြင်းဆိုကန့်ကွက်လိုက်တာလား? ဖေးယိအပေါ် ဖေးရူကျန်းရဲ့ ဆက်ဆံပုံက တံခါးနောက်ကွယ်မှာ သိပ်မကောင်းလို့များလား?
“…….”
သူ့ကို အရူးလို့ခေါ်ရင် ရူးပြမည်၊ တည်ငြိမ်တယ်လို့ပြောရင် တည်ငြိမ်ပြမည်။
ဖေးရူကျန်း ဒေါသထိန်းလိုက်ရသည်။ အလွယ်တကူကြိုးကိုင်လို့ရသည့် သူ့တူလေးက သူ့ကို လူသူရှေ့မှာ ချေပနိုင်လိမ့်မည်ဟု မထင်ထားပေ။
သို့ပေသိ သူက အပြင်မှာ သူ့ကိုယ်သူ “ဦးလေးကောင်း”တစ်ယောက်ဟု အမြဲခေါ်ခဲ့ပြီး ဖေးယိကလည်း လူသိများသော အရူးတစ်ယောက်ဖြစ်တာကြောင့် နှစ်ကြိမ်လောက် ကြိမ်းမောင်းရိုက်နှက်လိုသည့်တိုင် သူမလုပ်နိုင်ခဲ့ပေ။
အဘိုးကြီးပေါ်က ဤအရှုပ်ကိုမြင်တော့ သူ့လေသံတွင် မကျေနပ်မှု ခပ်ဖျော့ဖျော့ပါနေခဲ့သည်။ “ဒါရိုက်တာဖေး… အားလုံးအဆင်ပြေရဲ့လား?”
“အဆင်ပြေပါတယ်။”
ဖေးရူကျန်းက အံကြတ်ကာ လုပ်ပြုံးကြီးဖြင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ကြည့်ရဆိုးစေမိပြီ။”
ထိုစကားကျလာသည်နှင့် သာမန်ရုပ်ရည်ရှိပြီး အနည်းငယ် ငယ်ရွယ်သော လူတစ်ယောက်က မတ်တပ်ထရပ်ကာ “ဖေးသခင်လေးက ဒီပျင်းစရာကောင်းတဲ့ အပြင်အဆင်ကို မကြိုက်ဘူးထင်တယ်။ အဘိုး… ဒါရိုက်တာဖေး…. ကျွန်တော် သူ့ကို ယွဲ့မင်ဆီ အရင်ခေါ်သွားပြရမလား?”
ဤလူ၏စကားထဲရှိ ပေါ်ယွဲ့မင်က ဖေးယိ၏အိမ်ထောင်ဖက်ဖြစ်၏။
“ကောင်းပါပြီ။ ယွဲ့မင် ပန်းခြံထဲမှာထိုင်နေတယ်လို့ အခုလေးတင် အစေခံတွေပြောသွားတယ်။ ကွမ်းချန်… မင်း ဖေးသခင်လေးကို ခေါ်သွားပေးလိုက်။”
ဖေးရူကျန်းက အရှက်ရမှုကို အမြန်လမ်းကြောင်းပြောင်းရန် အခွင့်အရေးယူလိုက်၏။ “ဒါဆို ငါ့တူလေးကိုခေါ်သွားပေးဖို့ ဒီကသခင်လေးကိုပဲ နှောင့်ယှက်ရတော့မယ်။”
“လက်ထပ်ခြင်း”ကို အကြောင်းပြုသော ဤတွေ့ဆုံမှုသည် ပါတီနှစ်ရပ်ကြားက ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ဖြစ်သည်။ ပြဿနာရှာတတ်သော ဖေးယိလို လူတစ်ယောက်မဆိုထားနှင့် အသုံးမဝင်သောလူနည်းလေ ပိုကောင်းလေပင်။
ပေါ်ကွမ်းချန်က သဘောတူညီမှုရရှိပြီးနောက် ဖေးယိဘေးသို့ တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်သည်။ “သခင်လေး… လေကောင်းလေသန့်ရှူရှိုက်ဖို့ အပြင်သွားရအောင်။ ပန်းခြံထဲမှာ ပိုပျော်စရာကောင်းတဲ့အရာတွေနဲ့ အရသာရှိတဲ့အစားအသောက်တွေရှိတယ်။”
ဖေးယိက တမင်ရည်ရွယ်သော ဤကလေးချော့သလို လေသံကို ကြားသည့်အခါ တစ်ကိုယ်လုံးကြက်သီးထလာသည်။
သို့သော် သူ ယနေ့လာခဲ့သည်မှာ ဒုတိယသခင်လေးပေါ်ကို တွေ့ဖို့ဖြစ်၍ ထိုလူများရှေ့တွင် ဟန်ဆောင်ပြီး အချိန်မဖြုန်းလိုတာကြောင့် သူက နောက်ကနေလိုက်သွားခဲ့သည်။
ပေါ်မိသားစုဗီလာက ဧရိယာကျယ်ဝန်းသည်။ ပင်မအိမ်တော်အပြင် လူတိုင်းမှာ သူတို့၏ကိုယ်ပိုင်စံအိမ်နှင့် ခြံများရှိသည်။
ဖေးယိက “အရူး”ခေါင်းစဥ်ကိုသုံးကာ လမ်းတစ်လျှောက်ဘယ်ညာကြည့်ပြီး အိမ်တွင်းရှိ အဆောက်အအုံများကို သေချာမှတ်သားလိုက်သည်။
သိပ်မကြာခင်မှာ ပေါ်ကွမ်းချန်က သူ့အား သီးခြားစံအိမ်တစ်ခုဆီ ခေါ်လာသည်။ ဝင်ပေါက်သို့ ခြေချလိုက်သည်နှင့် ဖေးယိက ပန်းခြံအလယ်ရှိ လူငယ်ကို သတိထားမိလိုက်သည်။
တစ်ဖက်လူက ရုပ်ရည်ချောမောပြီး မျိုးနွယ်ရောထွေးနေသည့် အသွင်အပြင်ရှိသည်။ ထိုလူက ရှပ်အင်္ကျီအဖြူရောင်ပါးပါးလေးနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သူ့ခြေထောက်များက ရှည်လျားဖြောင့်စင်းနေ၏။ သူထိုင်နေချိန်မှာပင် သူ၏စွဲမက်ဖွယ်ကောင်းသော အရပ်အမြင့်ကို ပုံဖော်ကြည့်နိုင်သည်။
ခြေသံများကိုကြားလိုက်ရပြီး ထိုလူက ဖေးယိဘက်ကို ခေါင်းအသာလှည့်ကြည့်လာသည်။
ထိုနက်ပြာရောင်မျက်ဝန်းက ပိတ်ကျဲစအလွှာဖြင့် ရစ်ပတ်ခံထားရသည့် နီလာကဲသို့ လျှို့ဝှက်ဆန်းကြယ်ကာ မီးခိုရောင်သန်းနေ၏။
ဖေးယိ မျက်ခုံးအသာပင့်လိုက်မိသည်။ ယင်းအကြောင်းကို စဥ်းစားစရာပင်မလိုပဲ တစ်ဖက်လူက ပေါ်မိသားစု၏ ဒုတိယသခင်လေးပေါ်ဆိုတာကို သူဖော်ထုတ်လိုက်နိုင်သည်။
ကျစ်…
ယင်းက မူရင်းဝတ္ထုထဲရှိ ဇာတ်လိုက်ကုန်းကို ယှဥ်ပြိုင်နိုင်ခဲ့သည့် ဗီလိန်ဖြစ်ဖို့ ထိုက်တန်ပေသည်။ သူသည် ငြိမ်ငြိမ်ထိုင်နေသည့်တိုင် လူတွေကို ညို့ယူဖမ်းစားနိုင်ဆဲပင်။
မူလပိုင်ရှင်ဖေးယိက မူရင်းဝတ္ထုတွင် အရေးမပါသော အမြှောက်စာတစ်ယောက်ဆိုလျှင် ပေါ်မိသားစု၏ ဒုတိယသခင်လေးက အရေးပါသော ဗီလိန်တစ်ယောက်ဖြစ်၏။
ရှုပ်ထွေးပြီး အင်မတန်ချမ်းသာသော မိသားစုနောက်ခံကို ဘေးချိတ်ထားလျှင် ပေါ်ယွဲ့မင်သည် ထိပ်သီးတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် မိသားစုစီးပွားရေးသို့ ဝင်ရောက်ခဲ့သည်။ သုံးနှစ်အတွင်းမှာ သူ၏ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များက ဆယ်ဘီလီယံနီးပါး အတိုင်းအတာအထိ တိုးတက်လာခဲ့သည်။
ချမ်းသာတယ်၊ ချောမောတယ်၊ အင်အားကြီးတယ်။ သူ၏အရည်အချင်းက အမှတ်အပြည့်ပင်!
အမှန်စင်စစ်ပင် ဗီလိန်တိုင်းမှာ လူဆိုးအဖြစ်သို့ ပြောင်းလဲသွားရသည့် အခွင့်အရေးတစ်ခုရှိပေမည်။
လွန်ခဲ့သည့်နှစ်လက အာရုံစူးစိုက်မှု၏ ဗဟို၌ ရှိနေခဲ့သော ပေါ်ယွဲ့မင်သည် ကားမတော်တဆမှုကို ရုတ်တရက်ကြုံတွေ့ခဲ့ရပြီး သူနိုးလာသည့်အခါ မျက်လုံးနှစ်ဖက်လုံး ကွယ်သွားခဲ့သည်။
စာအုပ်ထဲရှိ ဖော်ပြချက်အရ ပေါ်မိသားစုမှ တခြားညီအစ်ကိုများ၏ တွက်ချက်မှုအောက်တွင် အင်မတန်ချီးကျူးခံထိုက်သော စီးပွားရေးလုပ်ငန်းရှင်နှင့် ဆက်ခံသူတစ်ဦးအဖြစ် သူ့နေရာသည် အလျင်အမြန် ရွှံ့ထဲကျသွားခဲ့သည်။ သူရွှံ့ထဲကျသွားသည်နှင့် သူက မရေမတွက်နိုင်သော စိတ်ပျက်ဖွယ်အကြည့်များနှင့် လှောင်ပြောင်နေသော စကားလုံးများကို ကြုံတွေ့ခဲ့ရပြီး သူ့၏ဒေါသနှင့်စိတ်က တဖြည်းဖြည်း ပျက်ပြားချွတ်ယွင်းလာခဲ့သည်။
ပေါ်ယွဲ့မင်၏မျက်စိရောဂါ ပျောက်ကင်းလာရုံသာမက သူဟာ ပေါ်မိသားစု၏ ခေါင်းဆောင်ဖြစ်လာပြီး သူ့ကို လှောင်ပြောင်ခဲ့သူများအား လက်တုံ့ပြန်မည်ကို ထိုချမ်းသာပြီး အာဏာရှိသော မိသားစုက မသိသည်မှာ စိတ်မကောင်းစရာပင်။
ပေါ်ကွမ်းချန်က ရှေ့နှစ်လှမ်းတိုးကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ “ယွဲ့မင်… မင်းဒီမှာပုန်းနေတာကို ငါသိတယ်။ အဘိုးက ဖေးသခင်လေးကို အတူခေါ်လာပြီး မင်းကိုရှာခိုင်းလိုက်တာ။ ဒါမှ မင်းတို့အချင်းချင်းတွေ့လို့ရမှာမို့။”
သူက နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ဖေးယိအား ကြည့်လိုက်သည်။ “မိသားစုနှစ်စုရဲ့ လူကြီးတွေက သခင်လေးကို ဒီညဒီမှာနေစေချင်တာ။ လက်ထပ်စာချုပ်နဲ့ လက်ထပ်ပွဲကတော့ နောက်ရက်ကို စောင့်လို့ရပါတယ်။”
ပေါ်ယွဲ့မင်က စိမ်ပြေနပြေ ကော်ဖီသောက်ပြီးမှ သူတို့နှစ်ယောက်ဘက်ကို စိုက်ကြည့်လာသည်။ “သာ့ကောက နောက်နေပြန်ပြီ။ ကျွန်တော့်လို မျက်မမြင်တစ်ယောက်ကို ဘယ်လိုမြင်လဲ? အခု ကျွန်တော် ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်ဘူးလေ။ ဒီတော့ လူကြီးတွေကို ခက်ခဲအောင်လုပ်ပြီး ဒုက္ခပေးနေမိတယ်။”
“ငါပြောတာမှားသွားတာပါ။”
ပေါ်ကွမ်းချန်က အပေါ်ယံတောင်းပန်လိုက်ပြီးမှ နှစ်သိမ့်သလိုပြောလိုက်၏။ “ယွဲ့မင်… သုံးလတောင်မပြည့်သေးပါဘူး။ မင်းမျက်လုံးတွေအတွက် မျှော်လင့်ချက်ရှိတယ်လို့ ဆရာဝန်ကပြောတာပဲ။ မင်းစိတ်ဓာတ်ကျနေလို့မဖြစ်ဘူး။”
ပေါ်ယွဲ့မင်က မျက်လွှာအသာချကာ ခွက်ထဲသို့ နက်နက်နဲနဲစိုက်ကြည့်နေ၏။ “ဖေးမိသားစုရဲ့ သခင်လေးက ဉာဏ်ရည်မမီဘူးလို့ ကျွန်တော်ကြားတယ်။ သူ ကျွန်တော့်ကို လက်မထပ်ချင်ရင် နှစ်ဖက်မိသားစုက အတင်းလက်ထပ်ပေးကြမှာလား?”
ပတ်ပတ်လည်ရှိ အစေခံများ၏ မျက်လုံးများက တိတ်တဆိတ် လှည့်ကြည့်လာခဲ့သည်။
“ကြိုးဝိုင်းထဲမှာ တိုက်ခိုက်”တော့မည့် ဝမ်းကွဲနှစ်ယောက်ကို ရင်ဆိုင်ရစဥ် ဖေးယိက အားလုံးထက် ပိုနားလည်ခဲ့သည်။
အပေါ်ယံတွင် ပေါ်ကွမ်းချန်က သိမ်မွေ့ယဥ်ကျေးပေမယ့် သူပြောသမျှစကားတစ်ခွန်းစီတိုင်းက ကောင်းသောရည်ရွယ်ချက်မပါရှိပေ။ တစ်ဖက်တွင်မူ ပေါ်ယွဲ့မင်က မျက်စိရောဂါကြောင့် အားနည်းသည့် အနေအထား၌ ရှိနေပုံပေါ်ပေမယ့် သူက တည်တည်ငြိမ်ငြိမ်ထိုင်ကာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ဘယ်သူက ယုတ်ညံ့ပြီး ဘယ်သူကသာလွန်လဲဆိုတဲ့ ကွာဟချက်က ချက်ချင်းပေါ်လာတာမလား?
“ယွဲ့မင်…မင်းက အမြဲတမ်းတော်နေတာပါ။ အိမ်ထောင်ရေးက မင်းသဘောကျလား မကျလားနဲ့မဆိုင်ဘူး။ နှစ်ဖက်မိသားစုအဆင်ပြေရင် နှစ်ဖက်လုံးအကျိုးရှိပြီး အားလုံးလည်းပျော်ရမယ်။” ပေါ်ကွမ်းချန်က နူးညံ့ညင်သာသော စကားထဲ၌ အပ်တစ်ချောင်းကို ဝှက်ထားရင်းဖြင့် သူ့နာရီကို အားပါးတရ လှည့်ကစားနေလေ၏။ “ပြီးတော့ ဖေးသခင်လေးက မင်းကိုမကြိုက်ဘူးလို့ ဘယ်သူပြောလဲ?”
ပြောနေရင်းဖြင့် ပေါ်ကွမ်းချန်က တစ်ခုခုကို သတိရသွားပြီး ဖေးယိအနီးသို့ ကပ်သွားကာ မေးလိုက်၏။ “သခင်လေး… မင်းအရှေ့ကလူက မင်းရဲ့အိမ်ထောင်ဖက်ပဲ။ နောက်ကျရင် မင်းက ပေါ်အိမ်တော်မှာ သူနဲ့အတူနေရတော့မှာ။ ဘယ်လိုခံစားရလဲ? သူ့ကို သဘောကျရဲ့လား?”
သူ တစ်ခေါက်က စုံစမ်းကြည့်တော့ လက်ထပ်ပွဲအကြောင်းသိသွားသော ထိုဖေးသခင်လေးက ထဖောက်သွားပြီး ဖေးအိမ်တော်မှ ထွက်မသွားချင်သလို ဒုတိယသခင်လေးပေါ်ကိုလည်း မလိုချင်ကြောင်း အော်ဟစ်ငိုယိုနေခဲ့သည်ဟု ကြားသိခဲ့ရသည်။
ယခုချိန်မှာတော့ သူတို့လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ နှစ်ဖက်မိသားစုကြားရှိ အိမ်ထောင်ရေးက သေချာသွားခဲ့လေပြီ။
ပေါ်ကွမ်းချန်က ဤအရူးဖေးယိအား အနည်းငယ်နှိုးဆွပေးပြီး လူပုံလယ်မှာ ထဖောက်ကာ သွေးရူးသွေးတန်း အော်ဟစ်စေချင်ခဲ့သည်။ သို့မှသာ ပေါ်မိသားစု၏ လက်ရှိဒုတိယသခင်လေးက အရူးများပင် အထင်သေးသည့် အမှိုက်တစ်စဖြစ်ကြောင်း ပေါ်တစ်မိသားစုလုံးနှင့် ပေကျင်းအသိုင်းအဝိုင်းတစ်ခုလုံး သိသွားကြမှာပင်။
ပေါ်ကွမ်းချန်က တမင်တကာ ညွှန်ပြလိုက်သည်။ “မကြောက်ပါနဲ့။ ဖေးသခင်လေး… သေချာကြည့်ကြည့်ပါ။ မင်း ငါ့ဝမ်းကွဲကို သဘောကျလား?”
“…….”
ပေါ်ယွဲ့မင်က အနှီလူ၏ယုတ်မာသောရည်ရွယ်ချက်ကို အာရုံခံမိပြီး သူ၏ဖြူဖပ်ဖြူရော် သူငယ်အိမ်ထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အမြွက်ရှိနေခဲ့သည်။
ဖေးယိက ဖြစ်ပျက်နေတာကို သဘာဝအလျောက် နားလည်သည်။ သူက သူ့အကြိုက်ဖြစ်သော ပေါ်ယွဲ့မင်ကို တစ်ချက်ကြည့်ကာ သူ့စိတ်ထဲ၌ အတွေးတစ်ခုကို အတည်ပြုလိုက်လေသည်။
ပေါ်မိသားစုကို မလာခင်မှာ ဖေးယိက ဤအိမ်ထောင်ရေးနှင့် အဆင်ပြေစေရန် ပေါ်မိသားစုအိမ်မှာ နေထိုင်ဖို့ စီစဥ်ခဲ့သည်။ ယခု သူ ဤအခြေအနေထိ ရောက်နေပြီဖြစ်၍ “စကားနည်းသည့်အအ”တစ်ယောက်လို ဆက်လုပ်မနေပဲ ပေါက်ကွဲဖို့ အချိန်သင့်ပြီဟု ခံစားလိုက်ရသည်။
အရူးလေးက သူ့ကြိုက်တာနဲ့ မကြိုက်တာကို ဘယ်လိုဖော်ပြနိုင်လဲ?
မကြိုက်ရင် တွန်းထုတ်လိုက်… ကြိုက်ရင်တော့ ဆုပ်ကိုင်ထားလိုက်….
စိတ်ပိုင်းဖြတ်ပြီးနောက် ဖေးယိက ရုတ်တရက် ဒေါသထွက်ကာ ပေါ်ကွမ်းချန်ကို အားကုန်တွန်းထုတ်လိုက်ပြီး ဆယ်မီတာအထိ ကြားနိုင်လောက်သော အသံဖြင့် ရှင်းလင်းပြတ်သားစွာ အော်လိုက်လေသည်။ “ထွက်သွား! ခင်ဗျားကရုပ်ဆိုးလွန်းတယ်၊ ကျွန်တော် ခင်ဗျားကိုမကြိုက်ဘူး!”
“…….”
ပတ်ပတ်လည်ရှိ အစေခံများအားလုံး မျက်လုံးပြူးကျယ်လာသည်။
သို့သော် ထိုမျှနှင့်မပြီးသေးပေ။ လူတစ်ယောက်အား အဝေးသို့တွန်းထုတ်လိုက်သော ဖေးယိက ပေါ်ယွဲ့မင်အနားသို့ ပြေးသွားလိုက်သည်။
ထို့နောက် သူက ထိုလူ၏နှုတ်ခမ်းထောင့်ကို ဖိနမ်းလိုက်လေ၏။
နမ်းပြီးနောက် သူက ကြီးကျယ်ခမ်းနားသော ရတနာပစ္စည်းတစ်ခုကို ရလိုက်သည့်အလား အချစ်မွှန်နေသော ရှက်ပြုံးလေးပြသဖို့လည်း မမေ့ခဲ့ချေ။
“ကျွန်တော် သဘောကျတယ်။ လောင်ကုန်း… လက်ထပ်ရအောင် ~”
“……”
ကော်ဖီခွက်ကိုင်ထားသော ပေါ်ယွဲ့မင်၏လက်က တုန်ခါသွားပြီး သူ၏အေးတိအေးစက် မမြင်နိုင်သောမျက်ဝန်းထဲတွင် ဤရုတ်တရက်အနမ်းကို အံ့အားသင့်သော အရိပ်အယောင်တစ်ခုရှိနေခဲ့သည်။ “မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်?”