Ch 2
Viewers 28k

Chapter 02


“…….”

ဖေးယိက ပေါ်ယွဲ့မင်၏အမူအရာကို မြင်သောအခါ မလုံမလဲဖြစ်သွားရလေသည်။

ပထမဆုံးအကြိမ် ရူးမိုက်သလိုဟန်ဆောင်တာဖြစ်ပြီး ဤနယ်ပယ်မှာ ကျွမ်းကျင်မှုမရှိသဖြင့် သူ အင်အားအလွန်အကျွံသုံးပြီး တစ်ဖက်လူအား ခြောက်လှန့်မိမှာ စိုးရိမ်မိသည်။

အစေခံများက ဤမျှအံ့သြဖွယ်ကောင်းသော မြင်ကွင်းကို မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့က တီးတိုးပြောဆိုနေကာ ရယ်သံတချို့တောင် ထွက်လာခဲ့လေသည်။

မြေပြင်ပေါ်တွန်းချခံလိုက်ရသော ပေါ်ကွမ်းချန်က ဖေးယိ၏ စံနှုန်းနှစ်မျိုး*ကို မြင်လိုက်ရပြီး ဒေါသထွက်လာခဲ့သည်။

(*ဟိုလူနဲ့ဆို သဘောထားတစ်မျိုး၊ ဒီလူနဲ့ဆို သဘောထားတစ်မျိုး)

မူလက သူသည် ဖေးယိ အရူးဖောက်သွားစေရန် လှုံ့ဆော်ပေးပြီး ပေါ်ယွဲ့မင်အား အရှက်ခွဲရန် အခွင့်အရေးယူချင်ခဲ့သည်။ သို့ပေမယ့် တစ်ဖက်လူက သူ့အား လျှပ်တစ်ပြက် မြေကြီးပေါ်တွန်းချကာ ရုပ်ဆိုးသည်ဟုပင် အော်ပြောခဲ့သည်။



ဒီကိစ္စပျံ့သွားရင် သူ အင်ပါယာမြို့တော်အသိုင်းအဝိုင်းမှာ မျက်နှာဘယ်လိုပြရတော့မလဲ? ကျောက်တုံးမပြီး သူ့ခြေထောက်သူထုလိုက်သလိုပဲ.. ဒီထက်ပိုဆိုးတာ ရှိပါဦးမလား?

ပေါ်ကွမ်းချန်၏ အသားအရောင်က အမျိုးမျိုးပြောင်းသွားကာ ရောင်စုံဆေးပန်းချီထက်ပင် အရောင်အသွေးစုံလင်နေ၏။



ခြေလှမ်းသံများ တစ်လှမ်းပြီး တစ်လှမ်းထွက်ပေါ်လာသည်။

ဧည့်ခန်းထဲမှာ ရှိနေသော ပေါ်မိသားစုနှင့် ဖေးရူကျန်းက အတူရောက်လာလေသည်။ မြေကြီးပေါ်ပြုတ်ကျနေသော သူ၏ အကြီးဆုံးမြေးကို တွေ့လျှင် အဘိုးကြီးပေါ်က ရပ်ကြည့်နေသော အစေခံများကို ချက်ချင်းဆိုသလိုပင် မောင်းထုတ်လိုက်တော့သည်။ “မင်းတို့ဘာကြည့်နေတာလဲ? ထွက်သွားကြစမ်း!”



“ကွမ်းချန်… အဆင်ပြေလား? မတ်တပ်ရပ်ကြည့်စမ်း… ထိခိုက်သွားလား?”

သူပြောလိုက်သည်နှင့် “တရားခံ”ကို မကျေမနပ်စောင်းကြည့်လိုက်သည်။

သူတို့အုပ်စုက ကမ္ဘာပျက်မတတ်အော်နေသော ဖေးယိ၏ ရွံရှာစက်ဆုပ်သံကို အဝေးကြီးမှ ကြားခဲ့ရသည်။

ပေါ်မိသားစုရဲ့ နယ်မြေမှာတင် သူ့အချစ်ရဆုံး မြေးအကြီးဆုံးကို အရှက်ခွဲရဲတယ်လား? ပေါ်နှင့်ဖေးကြားရှိ လက်ထပ်ထိမ်းမြားခြင်းအတွက်သာ မဟုတ်လျှင် သူက အကောင်းအဆိုးမခွဲခြားတတ်သည့် အရူးဖေးယိအား တံခါးဝကနေ ကိုင်ပေါက်မောင်းထုတ်ခိုင်းလိုက်မှာပင်။

ဖေးယိက ​ဖေးရူကျန်းရဲ့အကြည့်တွေကို သတိမထားမိပဲ နေပါ့မလား? သူက ရူးချင်ယောင်ဆောင်ကာ ပေါ်ယွဲ့မင်အနောက်မှာ ပုန်းနေလိုက်သည်။

ပေါ်ယွဲ့မင်က သူ့အနားရှိ လူများ၏ လှုပ်ရှားမှုလေးများကို သတိထားမိပြီး အဘိုးကြီး၏ စကားလုံးအနည်းငယ်မှ အကြမ်းဖျင်းနားလည်ခဲ့သည်။ သူ၏ မှိုင်းထိုင်းနေသော မျက်လုံးအောက်ခြေမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သူက ကော်ဖီခွက်ကိုချကာ မတ်တပ်ရပ်လိုက်ပြီး ဖေးယိ​အား မသိမသာကာပေးလိုက်သည်။ “ဖေးသခင်လေးနဲ့ သာ့ကောက စနောက်နေကြတာပါ။ ဘာဖြစ်သွားမှာမို့လဲ?”

“မင်းမှာ မျက်လုံးရှိ–”

ပေါ်သခင်ကြီးက မကျေမနပ်ထုတ်ပြောမိမလို ဖြစ်သွားပေမယ့် အပြင်လူများရှိနေသဖြင့် သူက အချိန်မီရပ်လိုက်သည်။

ပေါ်ယွဲ့မင်က ထိုစကား၏အဓိပ္ပါယ်ကို နားလည်သဖြင့် ဖွဖွရယ်မောလိုက်သည်။ “အဘိုးစိတ်ပူတာမှန်ပါတယ်။ သာ့ကောကို ဆရာဝန်ပြပေးလိုက်ရင်ကောင်းမယ်။ ခြေကျိုးတာတို့ တခြားအရေးကြီးတဲ့အစိတ်အပိုင်း ထိသွားတာတို့ဆိုရင် အိမ်မှာ ဒုက္ခိတနောက်တစ်​ယောက် ထပ်ရှိနေလိမ့်မယ်။”

ဤစကားကြောင့် ပေါ်မိသားစုမှ လူတိုင်း၏အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ပေါ်ယွဲ့မင် ကားမတော်တဆမှု၌ ဒဏ်ရာရခဲ့စဥ် ပေါ်သခင်ကြီးက “ပြန်လည်နလန်ထူရေး”ကို အကြောင်းပြကာ သူ့လက်ထဲရှိ စီးပွားရေးပရောဂျက်များကို အတင်းအဓမ္မသိမ်းယူပြီး ပေါ်ကွမ်းချန်ရှိသည့် မိသားစုကြီးထံ လွှဲပြောင်းပေးခဲ့သည်။

“အဘိုး…စိတ်မပူပါနဲ့။ ကျွန်တော်အဆင်ပြေပါတယ်။” ပေါ်ကွမ်းချန်က မြေပြင်မှ ကြိုတင်ထရပ်လိုက်၏။

သူ ဖေးယိကို အင်မတန်ဒေါသထွက်နေပေမယ့် သေချာစီစဥ်ထားသော ဤအိမ်ထောင်ရေးကို ထိခိုက်စေမည့် မည်သည့်အရာကိုမျှ မလိုလားသဖြင့် သူက သူ၏နူးညံ့သိမ်မွေ့သော မျက်နှာဖုံးကို ဆက်လက်ထိန်းသိမ်းထားရပေမည်။

“ဒါရိုက်တာဖေး… ဖေးယိက ယွဲ့မင်ကို တကယ်သဘောကျတာဖြစ်မယ်။ အခုနက သူ့ကိုပွေ့ဖက်ပြီး လွှတ်မပေးနိုင်ဖြစ်နေတာ။”

စကားတစ်ခွန်းက ခေါင်းစဥ်ကို လေးနက်သောကိစ္စဆီသို့ ပြန်ခေါ်သွားခဲ့လေသည်။

ဖေးရူကျန်းက အံ့အားသင့်သလို ဟန်ဆောင်လိုက်သည်။ “တကယ်လား?”

ပေါ်သခင်ကြီးက လူကြီးတစ်ယောက်ပုံစံပြန်ပြောင်းကာ အလိုက်သင့်ပြောလိုက်လေ၏။ “ယွဲ့မင်… နှစ်ဖက်မိသားစုကြားက အိမ်ထောင်ရေးက ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ကစပြီး ဖေးသခင်လေး ဒီမှာလာနေလိမ့်မယ်။”

“မင်းတို့နှစ်ယောက်ရင်းနှီးလာအောင် ညှိယူကြ။ မင်းမျက်လုံး ပြန်ကောင်းသွားရင် လက်ထပ်မှတ်ပုံတင်ယူဖို့ နေ့ကောင်းနေ့မြတ်ရွေးကြတာပေါ့။”

ဤအကြံကြီးသော မြေခွေးများက သူတို့စိတ်ထဲရှိသမျှကို ပူးပေါင်းပြောဆိုနေ၏။

မစ္စတာပေါ်၏ “ဖိအားပေးသော”တောင်းဆိုချက်ကို ကြားသောအခါ ဖေးယိက သူ့ရှေ့ရှိ ပေါ်ယွဲ့မင်အား တိတ်တဆိတ်ကြည့်လိုက်မိသည်။

ပေါ်ယွဲ့မင်က ကန့်ကွက်သည့် စကားအချို့​ပြောမည်ဟု သူထင်လိုက်သော်လည်း မထင်မှတ်ထားသည်မှာ အနှီလူက မဆိုင်းမတွ သဘောတူခဲ့ခြင်းပင်။ “အဘိုးနဲ့ လူကြီးတွေ ဆုံးဖြတ်ပြီးပြီဆိုတော့ ထားလိုက်ပါမယ်။”

ထိုစကားကြားတော့ အကြံအစည်ရှိသော လူတိုင်းက တညီတညွတ်တည်း ပြုံးလိုက်ကြသည်။

“မင်းတို့လူငယ်လေးနှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောပါ။ ဒါရိုက်တာဖေး…. လက်ဖက်ရည်ခန်းမှာ လက်ဖက်ရည် သွားသောက်ကြမလား?”

“ဒါပေါ့.. ကျွန်တော်သောက်ချင်တယ်။”

လူတစ်စု ဝင်လိုက်ထွက်လိုက်ဖြင့် နောက်ဖေးပန်းခြံကြီးက တိတ်ဆိတ်သွားပြန်သည်။

ဖေးယိက အဝေးမှပုံရိပ်များကို စိုက်ကြည့်ကာ စိတ်ထဲ၌ တိတ်တဆိတ် ညည်းညူလိုက်သည်။

ဒီထက် ပေါ့တန်တဲ့ စီးပွားရေးလက်ထပ်ပွဲမျိုးမရှိတော့ဘူး….

ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ဤလူနှစ်ယောက်မှာ အသုံးဝင်သော အခန်းကဏ္ဍမရှိတော့ပေ။

ရုတ်တရက်ဆိုသလိုပင် ပေါ်ယွဲ့မင်က နောက်လှည့်ကာ အနီးကပ်လာသည်။ ဖေးယိက မသိစိတ်အလျောက် သူနဲ့ခပ်ခွာခွာနေချင်ပေမယ့် သူ့နောက်မှ စားပွဲ​လေးက သူ့အား ပိတ်ဆို့ထားခဲ့သည်။

–ဘန်း….



တိုက်မိသောစားပွဲက အသံအနည်းငယ်ထွက်လာပြီး ဖေးယိက နောက်သို့ ခြေလှမ်းတစ်ဝက်သာ ဆုတ်နိုင်ပြီး ထပ်ဆုတ်လို့မရတော့ပေ။ သူ့ရှေ့တွင် ပေါ်ယွဲ့မင်က ရုတ်တရက်ရပ်လိုက်ပြီး သူ့မျက်တောင်က တုန်ခါနေပုံရသည်။

နှစ်ယောက်သားက အလွန်နီးကပ်နေသဖြင့် တစ်ဝက်အုပ်မိုးခံထားရသော ဖေးယိက ပေါ်ယွဲ့မင်၏ ရနံ့ကို ရှူရှိုက်နိုင်ပုံရသည်။ သင်းပျံ့သော ရင်းတိုက်ပင်*ရနံ့က သူ့အား ဖော်ပြလို့မရသည့် အေးစက်စက်ခံစားချက်ကို ပေးစွမ်းနေပြီး ထိုသွေးနှောမျက်နှာက မျက်လုံးရောဂါကြောင့် ကြည်လင်တောက်ပမှုလည်း မလျော့သွားခဲ့ပေ။ အနီးကပ်လေ့လာကြည့်တော့ ထိုလူက အသက်ရှူမှားလောက်အောင် ချောမောလွန်းနေသည်။

(** ထင်ရှူးပင်နဲ့ ဆင်တူတဲ့ အနက်ရောင်ပင်စောက်တစ်မျိုးပါ)

ဖေးယိက ပေါ်ယွဲ့မင်၏အာရုံစူးစိုက်မှုမရှိသော နက်ပြာရောင်မျက်လုံးများနှင့် ဆုံသွားပြီး အသက်ရှူကြပ်ကာ ထိုလူ၏မျက်နှာရှေ့သို့ လက်လှမ်းပြီး အနည်းငယ်ခါယမ်းကြည့်လိုက်သည်။

ပေါ်ယွဲ့မင်​က တစ်ခုခုကို သတိထားမိသွား​ကာ ပြောလာသည်။ “ဖေးယိ”

လူမိသွားသော ဖေးယိက လက်ကိုအမြန်ရုတ်ကာ တိုးလျသောအသံဖြင့် ထူးလိုက်သည်။

“မင်းနားလည်တာပဲဖြစ်ဖြစ် နားမလည်တာပဲဖြစ်ဖြစ်–”

ပေါ်ယွဲ့မင်က တစ်ခဏမျှရပ်ကာ သူ၏တည်ငြိမ်မှုတွင် တင်းမာသော ခုခံမှုတစ်ခုရှိနေ၏။ “အခုနက မင်းလုပ်ခဲ့တာနဲ့ မင်းပြောခဲ့တာတွေကို နောက်တစ်ကြိမ် ငါ့ရှေ့မှာလုပ်ခွင့်မပြုဘူး။”

“……”

ဖေးယိ​က တစ်ခဏမျှ အံ့အားသင့်သွားပြီးမှ နားလည်သလို မျက်ခုံးပင့်လိုက်၏။

ထင်သည့်အတိုင်းပင် မူရင်းစာအုပ်၏ဗီလိန်က အနမ်းတစ်ခု သို့မဟုတ် ဝန်ခံချက်တစ်ခုဖြင့် အလွယ်တကူ ဝယ်လို့မရနိုင်ပေ။

နှစ်ဖက်ကြားမှ တိတ်ဆိတ်မှုက ခဏတာမျှသာ ကြာမြင့်ခဲ့ပြီး အသက်ငါးဆယ်ကျော် လူလတ်ပိုင်းအမျိုးသားတစ်ဦးက သီးခြားစံအိမ်တစ်ခုမှ လျှောက်ထွက်လာကာ ပေါ်ယွဲ့မင်အရှေ့မှာ အမြန်ရပ်လိုက်သည်။ “ဒုတိယသခင်လေး….”

ပေါ်ယွဲ့မင်က ထိုလူ၏အသံကို မှတ်မိသည်။ တစ်ဖက်လူက ပေါ်မိသားစုမှ အိမ်တော်ထိန်းတစ်ဦးဖြစ်ပြီး သူငယ်ငယ်လေးတည်းက သူ့ဘေးမှာနေကာ အသေးအဖွဲ့ကိစ္စများကို စီမံပေးခဲ့သည်။

ပေါ်ယွဲ့မင်က နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ဖေးယိနှင့် ခပ်ခွာခွာနေလိုက်သည်။ “ဦးလေးခိုင်… ကျွန်တော်တုတ်မေ့ခဲ့လို့ စာဖတ်ဖို့ ခေါ်သွားပေးပါ။”



ဦးလေးခိုင်က ဖေးယိအား ဇဝေဇဝါကြည့်လိုက်၏။ “ဒါဆို ဒီဖေးသခင်လေးက….”

ပေါ်ယွဲ့မင်က ​ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ “သွားရအောင်”

အိမ်တော်တစ်ဝိုက်မှာ စောင့်ကြည့်ကင်မရာများရှိပြီး အစေခံများက တစ်ချိန်လုံး ဖြတ်သန်းသွားလာနေသဖြင့် မတော်တဆမှုဖြစ်ဖို့တော့ မလွယ်ကူပေ။

ဦးလေးခိုင်က မျက်စိပြဿနာရှိနေသော ပေါ်ယွဲ့မင် မတော်တဆချော်လဲမှာကို စိုးရိမ်တာကြောင့် သူ့နောက်မှ အမြန်လိုက်သွားခဲ့လေသည်။

ဖေးယိက သူတို့နှစ်ယောက်အိမ်ထဲဝင်သွားသည်အထိ ထိုနေရာမှာရပ်နေမိသည်။ သူက အေးတိအေးစက် ဆက်ဆံခံလိုက်ရတယ်လို့ မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ပေါ်ယွဲ့မင်၏ လျစ်လျူရှုမှုကို အပြည့်အဝနားလည်နိုင်သည်။

အရူးနဲ့ အကန်းတစ်ယောက် …..

ဤအိမ်ထောင်ရေးက ရှက်စရာကောင်းမှန်း သိသာသည်။ ယခုအခိုက်အတန့်မှာ တစ်ဖက်လူက စိတ်ကောင်းဝင်နေလျှင် ထူးဆန်းနေပေလိမ့်မည်။

. . . . . .

သီးခြားစံအိမ်တစ်ခု၌။

ဦးလေးခိုင်က အစေခံများကို မောင်းထုတ်ကာ စာဖတ်ခန်း၏ ပြင်သစ်ပြတင်းပေါက်*ဆီသို့ အမြန်လျှောက်သွားလိုက်သည်။ “ဒုတိယသခင်လေး… ဒီလက်ထပ်ပွဲကိုလက်ခံဖို့ ဆုံးဖြတ်ပြီးပြီလား?”

(** တံခါးအဖြစ်အသုံးပြုလို့ရသော မျက်နှာကြက်ကြမ်းပြင်ဆက် ပြတင်းပေါက်”

ပေါ်ယွဲ့မင်က ပြတင်းပေါက်ကို အသာပုတ်လိုက်သည်။ သူက အလင်းရောင်ကို မျက်နှာမူထားသော်လည်း သူ့အမြင်အာရုံက မြူခိုးများဖုံးလွှမ်းနေဆဲဖြစ်၏။ “ဒီကိစ္စက သေချာသွားပြီ။ ကျွန်တော့်ကန်ကွက်နေရင် အချိန်ကုန်ရုံပဲရှိမှာ။”





ချမ်းသာပြီး အင်အားကြီးသော မိသားစုများကြား၌ အိမ်ထောင်ရေးဆိုတာ စီးပွားရေးအရင်းအမြစ်များနှင့် အဆက်အသွယ်များကို ထိန်းချုပ်ရန် အရေးကြီးသောနည်းလမ်းများထဲမှ တစ်ခုဖြစ်၏။



ဖေးမိသားစုက ဝန်ထုပ်ဝန်ပိုးဖြစ်သည့် ဖေးယိအား အကျိုးအမြတ်အတွက် လဲလှယ်လိုလျှင် ပေါ်ယွဲ့မင်ကို အရှက်ရစေမည့်အပြင် ပေါ်မိသားစု၏ ပင်မအကိုင်းအခက်*သည်လည်း သူ၏ဆုတ်ခွာမှုလမ်းကြောင်းကို ဖြတ်တောက်ရန် အခွင့်အရေးရနိုင်လိမ့်မည်။ 

(** ပင်မအကိုင်းအခက်* ပင်မ/ပထမအိမ်တော်နဲ့တူတူပါပဲ။ မိသားစုသစ်ပင်ဇယားမှာပါတဲ့ အဓိကမျိုးဆက်တစ်ခုကိုပြောတာပါ။)

အိမ်ထောင်ပြုလိုက်ရင် ယောက္ခမတွေဆီက အကူအညီရနိုင်မှာလား? အနာဂတ်မှာ မိသားစုအာဏာကို သိမ်းပိုက်နိုင်မှာလား? တွေးတောင်မတွေးကြည့်လေနဲ့…

ဦးလေးခိုင်က ပင်မအိမ်တော်၏ တွက်ချက်မှုကိုနားလည်သဖြင့် စိတ်ဆိုးဒေါသထွက်မိသည်။ “ဒုတိယသခင်လေး.. ဦးလေးတို့ဘာဆက်လုပ်ကြမလဲ?”

“အခုချိန််မှာ အလျင်လိုစရာမလိုဘူး။ သူတို့အောင်မြင်သွားပြီလို့ ထင်သွားပါစေ၊ ဒါမှကျွန်တော့်အပေါ် စောင့်ကြည့်မှုလျော့သွားမှာ။” ပေါ်ယွဲ့မင်က သူ့မျက်လုံးတွေကို လှမ်းထိလိုက်၏။ “ဦးလေးခိုင်… ဆေးရုံမှာ အားလုံးစီစဥ်ပြီးပြီလား?”

ပထမအရေးကြီးဆုံးက သူ့မျက်လုံးတွေပင်….

ဦးလေးခိုင်က တိုးတိုးလေးပြောလိုက်၏။ “စီစဥ်ပြီးပြီ။ ခင်ဗျားရဲ့ပြန်ကောင်းလာနိုင်ချေက နည်းတယ်လို့ပြောတယ်။ ဒေါက်တာလင်းရဲ့ ပြန်လည်စစ်ဆေးမှုကို လဝက်အကြာမှာ စီစဥ်ထားတယ်။”

“ကောင်းပါပြီ။”

ဦးလေးခိုင်က ပန်းခြံထဲမှာကျန်ခဲ့သော ဖေးယိကို သတိရသွားပြီး ပါးစပ်ဟကာ သူ့ရည်ရွယ်ချက်ကိုမေးလိုက်သည်။ “ဖေးသခင်လေးအတွက် အစီအစဥ်ကရော?”



ပေါ်ယွဲ့မင်က ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး တောင်းဆိုလိုက်သည်။ “ဦးလေးခိုင်… ပြီးရင် သူ့ကို ဖေးအိမ်တော်လိုက်ပို့ပြီး ခရီးဆောင်အိတ် ကူသယ်ပေးလိုက်ပါ။”

ဦးလေးခိုင်က အံ့အားသင့်သွားသည်။ “ခရီးဆောင်အိတ် ကူသယ်ပေးရမယ်။”

ပေါ်ယွဲ့မင်က ရုတ်တရက် နိုးနိုးကြားကြားရှိလာသည်။ “ဒီအခွင့်အရေးကိုယူပြီး ဖေးအိမ်တော်က အခြေအနေမှန်ကို စုံစမ်းလိုက်။ ဒီကိစ္စမှာ သူက ပေါ်ကွမ်းချန် ကျွန်တော့်အတွက် စီစဥ်ထားတဲ့ သူလျှိုတစ်ယောက်ဖြစ်နိုင််တယ်။ ကျွန်တော်တို့ သေချာစောင့်ကြည့်ရမယ်။”

ပေါ်ယွဲ့မင်က မမြင်နိုင်ပေမယ့် ဥယျာဥ်ခြံထဲက ဖေးယိ၏ အပြုအမူနှင့် အပြောအဆိုတွေက သူ့အား ​ဖော်မပြနိုင်သော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။

ဦးလေးခိုင်က ချက်ချင်းသဘောပေါက်သွားလေသည်။ “နားလည်ပါပြီ။”

. . . . . .



ဥယျာဥ်ခြံက စိမ်းလန်းသော သစ်ပင်များဖြင့် အရိပ်ရပြီး လေကောင်းလေသန့်ရှူရှိုက်နိုင်၏။

ဖေးယိက ပေါ်ယွဲ့မင်ကို လျစ်လျူရှုကာ လက်ကျန်ကော်ဖီတစ်ဝက် သောက်လိုက်ပြီး အဆာပြေစေရန် စားပွဲပေါ်မှာ မထိရသေးသော ဘီစကစ်ကို စားလိုက်၏။ ဗဟုသုတရှိသော စာအုပ်ထဲကူးပြောင်းလာသူတစ်ယောက်အဖြစ် သူ ဤအိမ်ထောင်ရေးကို မငြင်းဆိုခဲ့သည်မှာ ရိုးရှင်းသောအကြောင်းပြချက်ရှိ၏။

မူလပိုင်ရှင်က အရူးတစ်ယော​က်ဖြစ်ပြီး သူ၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်းများကို ဖေးမိသားစု၏ လူကြီးများက သိမ်းထားကာ သူ့မှာ အမှီအခိုကင်းစွာ ငွေရှာနိုင်စွမ်းမရှိပေ။ စာရွက်စာတမ်းများနှင့် ပိုက်ဆံမပါပဲ ရွှေ့ပြောင်းဖို့ခက်ခဲသည့် ဤလူအဖွဲ့အစည်းတွင် ဖေးယိ ရောက်လာကတည်းက “ထွက်ပြေးဖို့” မဖြစ်နိုင်ခဲ့ပေ။

သူက အငြင်းအခုံကိစ္စအားလုံးနှင့် ဝေးဝေးနေချင်သော်လည်း ယခုတော့မဟုတ်သေးပေ။

မူရင်းစာအုပ်၏ အတိုချုံးဖော်ပြချက်အရ မူလပိုင်ရှင်က ပေါ်မိသားစုအိမ်ကို ရောက်ပြီးနောက် အပြင်ထွက်တာရှားခဲ့သည်။ ပေါ်ယွဲ့မင်က သူ့ကို လျစ်လျူရှုထားသော်လည်း ခက်ခက်ထန်ထန် မဆက်ဆံဖူးပေ။

ဖေးယိက ဤကဲ့သို့သော “လျစ်လျူရှုခံ” လွတ်လပ်သောဘဝကို လိုလားသည်။ ထွက်သွားဖို့ အချိန်မတိုင်ခင်မှာ သူက ကိုယ်ပိုင်ရင်းနှီးငွေစုဆောင်းရန် ပေါ်မိသားစု၏ အကာအကွယ်ကို ပုန်းလျှိုးကွယ်လျှိုး အသုံးချရလိမ့်မည်။

သူစဥ်းစားနေစဥ် အိမ်တော်ထိန်း ဦးလေးခိုင်၏ ပုံရိပ်က သူ့မြင်ကွင်းရှေ့ပေါ်လာခဲ့သည်။

အပြင်လူများ၏ ရှေ့မှောက်၌ သူ့လျှို့ဝှက်ချက်များ မပေါ်ပေါက်စေရန် ဖေးယိက အလွန်စိုးရိမ်နေသော အမူအရာဖြင့် လက်ကျန်ဘီစကစ်တစ်ဝက်ကို သူ့နောက်မှာဖွက်ထားလိုက်သည်။ “ကျွန်…ကျွန်​တော့်ဟာ”

ဦးလေးခိုင်က သူ၏သတိရှိပြီး လိမ္မာရေးခြားရှိသော မျက်လုံးများကိုကြည့်ကာ လေသံပျော့သွားခဲ့သည်။ “မကြောက်ပါနဲ့။ သခင်လေး… စားချင်သလောက်စားပါ။ ပြီးရင် ဖေးအိမ်တော်မှာ ခရီးဆောင်အိတ်ပြန်သွားသယ်ကြမယ်။”

ဖေးယိက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေမှန်း သူသိသော်လည်း ဦးလေးခိုင်က သူစဥ်းစားမိသည့် အကြောင်းပြချက်ကို ရှင်းပြခဲ့သေးသည်။

“…….”

ဖေးအိမ်တော်ကို ငါနဲ့တူတူသွားမယ်?

တိုက်ဆိုင်စွာပင် သူက မူလပိုင်ရှင်၏ ကိစ္စရပ်အချို့ကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်၍ သက်သေအဖြစ် အပြင်လူတစ်ယောက်ကို လိုအပ်နေသည်။



ဖေးယိက ဘီစကစ်ကို လက်ချောင်းထိပ်ဖြင့် ညှစ်ထားလိုက်ပြီးမှ နာနာခံခံခေါင်းညိတ်ပြသည်။ “ဟုတ်ကဲ့”

. . . . . .

ထိုအုပ်စု ဖေးအိမ်တော်ကိုပြန်ရောက်သည့်အခါ ညစာစားချိန်ရောက်နေလေပြီ။

အသက်ရှစ်ဆယ်ကျော်ပြီဖြစ်သော ဖခင်အိုကြီးဖေးက စားပွဲအစွန်းမှာ ထိုင်နေ၏။ သူ့ဘေးရှိ တန်းရှို့ယာက သူမခင်ပွန်းပြန်လာတာကိုမြင်တော့ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ “ရူကျန်း… ရှင်ပြန်ရောက်ပြီ။ အဆင်ပြေခဲ့လား?”

သူမပြောပြီးသည်နှင့် ဦးလေးခိုင်၏ အကျွမ်းတဝင်မရှိလှသော မျက်နှာကို သတိထားမိသွားသည်။ “ဒါဘယ်သူလဲ?”

“ဒါက ကောင်းခိုင်။ ပေါ်မိသားစုရဲ့ အိမ်တော်ထိန်းတစ်ယောက်။”

ဖေးရူကျန်းက သူ့ကို မိတ်ဆက်ပေးလိုက်ရင်း ဖခင်ဖြစ်သူအား ဖုံးဖိချင်သော အကြည့်တစ်ချက်ပေးလိုက်သည်။ “အဖေ… နှစ်ဖက်မိသားစုကြားက ကိစ္စအဆင်ပြေသွားပါပြီ။ အိမ်တော်ထိန်းက ခရီးဆောင်အိတ်သယ်ဖို့ ရှောင်ယိနောက်ကိုလိုက်လာတာပါ။”



ကိစ္စပြေလည်သွားပြီ?

ဖခင်အိုကြီးဖေးက မျက်လုံးစွေကြည့်ကာ မိသားစု၏ ခေါင်းဆောင်ဝတ္တရားအရ ပြောလိုက်၏။ “အိမ်တော်ထိန်း…. ညစာစားသွားပါဦး….?”

“ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒုတိယသခင်လေးပေါ်က အိမ်မှာအလုပ်ရှုပ်နေတော့ ကျွန်တော်နောက်ကျလို့မရလို့ပါ။” ဦးလေးခိုင်က မောက်မာခြင်းမရှိသလို နှိမ်ချခြင်းလည်းမရှိပဲ ဖေးမိသားစုနှင့် အရောဝင်ဖို့လည်း မကြိုးစားခဲ့ပေ။ “ဒီသခင်လေးရဲ့ အိပ်ခန်းကဘယ်မှာလဲ? သူ့ကို အထုပ်ကူပြင်ပေးမလို့ပါ။”



“အိမ်တော်ထိန်းက ရှောင်ယိအတွက် ကူထုတ်ပေးမှာလား?”

ဖေးသခင်ကြီးက ဦးလေးခိုင်ကို ဆက်မကြည့်တော့ပဲ တူကိုဖြည်းဖြည်းချင်းချလိုက်သည်။

တစ်ချိန်တည်းမှာ ဖေးရူကျန်းက ဒုတိယထပ်၏ ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်ပြီး သူ့ဇနီးအား အလျင်အမြန် မျက်စိမှိတ်ပြလိုက်၏။

ထောင့်နားလေးမှာရပ်နေသော ဖေးယိက ဤမိသားစု၏ လှည့်ကွက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ကူကယ်ရာမဲ့ရယ်ချင်လာတော့သည်။



သူတို့၏ ဂုဏ်သိက္ခာအတွက် ဖေးဇနီးမောင်နှံက မူလပိုင်ရှင်ကို သားအရင်းလို ပျိုးထောင်ပေးနေသည်ဟု အဆိုပြုရန် မူလပိုင်ရှင်အား ကောင်းကောင်းဆင်ပေးပြီး ဧည့်ခံပွဲများသို့ ခေါ်သွားလေ့ရှိသည်။

အခု ဦးလေးခိုင်က မူလပိုင်ရှင်ရဲ့ ရိုးရှင်းတဲ့ အိပ်ခန်း​လေးကို မြင်လိုက်ရရင် အားလုံးပေါ်သွားတော့မှာမလား? သူတို့က ငြင်းဆိုဖို့ အကြောင်းပြချက်ရှာနေပုံရသည်။

ထင်သည့်အတိုင်းပင် တန်းရှို့ယာက ပါးစပ်ဖွင့်ကာ အကြောင်းပြချက်တစ်ခု လီဆယ်လိုက်သည်။ “အိမ်တော်ထိန်း… အာ.. ကျွန်မတို့ရှောင်ယိက ဉာဏ်ရည်သိပ်မမီတာ ရှင်မသိဘူးလား? သူက သူ့အခန်းထဲမှာ ကလေးတစ်ယောက်ရှိတယ်လို့ အမြဲပြောနေတာ။ ကျွန်မတို့အခန်းထဲဝင်ရင်တောင် သူ ထဖောက်ပြီး ဒေါသထွက်တယ်။”

ဦးလေးခိုင်၏ စူးစမ်းသောမျက်လုံးက ဖေးယိ၏မျက်နှာပေါ် ကျရောက်သွားပြီး သူက တန်းရှို့ယာ၏ အကြံပြုချက်ကို ကြားလိုက်ရသည်။

“ရှောင်ယိ..က သူ့ကိုစောင့်ရှောက်ပေးတဲ့ ကလေးထိန်းအန်တီချန်ကိုပဲ အခန်းထဲဝင်ခွင့်ပြုတာ။ ရှင် ဧည့်ခန်းထဲမှာထိုင်နေပါလား? ကျွန်မ အန်တီချန်ကို သူ့အတွက်ထုပ်ပိုးခိုင်းလိုက်မယ်။”



“ဟုတ်တယ်… ကျွန်မလုပ်ပြရစေ။”

ကလေးထိန်းက ဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်ပြီး ဖေးယိဘေးကို အမြန်လျှောက်သွားလိုက်သည်။ “သခင်လေး… အပေါ်ထပ်မှာ ပစ္စည်းသွားထုပ်ပိုးရအောင်။ ဧည့်သည်ကို စောင့်ခိုင်းထားလို့မကောင်းဘူး။”

ဖေးယိက သူ့ရင်ထဲရှိ အေးစက်မှုကို ဖိနှိပ်ကာ အသာခေါင်းညိတ်ပြလိုက်သည်။

ပြဇာတ်က အခုမှစမှာမို့ အလျင်မလိုပေ။

သခင်နှင့် အစေခံက ဒုတိယထပ်ကိုတက်သွားပြီး ထောင့်တစ်ခုက အခန်းလေးတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။

အောက်ထပ်ကလူတွေ မူမမှန်မှုကို သတိမထားမိကြောင်း အတည်ပြုပြီးနောက် ကလေးထိန်း၏မျက်နှာပေါ်က ဟန်ဆောင်ချစ်ခင်မှုမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ “မင်းလိုအရူးအတွက် ထုပ်ပိုးပေးရဦးမယ်။ တစ်နေ့ထက်တစ်နေ့ မင်းက ငါ့ကို ဒုက္ခပေးနေတာပဲ။”

အပြင်မှာရှိခဲ့စဥ်က မျက်နှာဘေးကိုပြောင်းကာ သူမက တိုးတိုးလေးကျိန်ဆဲလိုက်၏။ “မင်း အဲ့ဒီအချိန်တည်းက ရေကူးကန်ထဲမှာ ရေနစ်ပြီးသေသွားရင် ကောင်းမှာပဲ။!”

ဤစကားများကျလာသည်နှင့် ဖေးယိ၏အရောင်အဝါက စူးရှလာပြီး သူက တံခါးကိုကန်ဖွင့်လိုက်သည်။

– ဒုန်း!

ရုတ်တရက်တိုက်ခိုက်မှုက ကလေးထိန်းကို လန့်သွားစေပြီး သူမက တုန်တုန်ယင်ယင် လျှာကိုက်မိသွားခဲ့သည်။ “အား!”

ဖေးယိက ကလေးထိန်းကို အေးစက်စက်ကြည့်ကာ အိပ်ခန်းထဲတိုက်ရိုက်လျှောက်သွားလိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။

ထိုအချိန်တွင် ကုတင်ပေါ်မှာ စောင်မရှိတော့သလို အပြင်မထွက်ခင် ချွတ်ထားခဲ့သော ကျောက်စိမ်းဆွဲသီးလည်း ပျောက်နေခဲ့သည်။