Chapter 03
ဖေးယိက ယခုလိုဖြစ်လာမှာကို ခန့်မှန်းမိပြီးသားဖြစ်၍ တံခါးကို ကြောင်တက်တက်ကြည့်နေသော ကလေးထိန်းချန်ရုံအား တစ်ချက်ကြည့်လိုက်သည်။ “ကျွန်တော့်ရဲ့ ကျောက်စိမ်းဆွဲသီးဘယ်မှာလဲ?”
“…….”
အမြဲတမ်း အရှက်အကြောက်ကြီးသော ထိုမျက်လုံးများမှ ငုတ်လျှိုးနေသော လျှပ်စီးကြောင်းတစ်ခု ထိုးထွက်လာပုံရသဖြင့် ချန်ရုံက သိသိသာသာ ထိတ်လန့်သွားရသည်။ “သခင်လေး… ဘာတွေပြောနေတာလဲ?
ဖေးယိ၏နှုတ်ခမ်းထောင့်ကာ အေးစက်စွာ ကော့တက်သွား၏။ သူက လူတိုင်းထက် ကောင်းကောင်းသိသည်။
မူလပိုင်ရှင်၏ဖခင်က ဖေးသခင်ကြီးတို့ ဇနီးမောင်နှံ၏ တန်ဖိုးအထားရဆုံးသားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အစောပိုင်းနှစ်များတွင် ရုတ်တရက် ကွယ်လွန်သွားပြီးနောက် နို့စို့ကလေးအရွယ်သာရှိသေးသော မူလပိုင်ရှင်က ဖေးသခင်ကြီးတို့ ဇနီးမောင်နှံ၏ လက်အောက်တွင် ကြီးပြင်းလာခဲ့သည်။
မူလပိုင်ရှင်သည် ငယ်ငယ်လေးတည်းက အင်ပါယာမြို့တော်အသိုင်းအဝိုင်း၌ ထက်မြက်သော ကလေးတစ်ဦးဖြစ်ခဲ့ပြီး ဆယ်နှစ်အရွယ်မှာ မတော်မဆမှုတစ်ခုကြောင့် အရူးဖြစ်လာခဲ့သည်။ ကုသမှုမအောင်မြင်တော့ သူက ဆက်တိုက်ထိုးနှက်ခံရပြီး လူရယ်စရာဖြစ်လာခဲ့သည်။
ဂုဏ်သိက္ခာကို တန်ဖိုးထားသော ဖေးသခင်ကြီးက ဖြေးဖြစ်သူအပေါ် အေးစက်လာပြီး လျစ်လျူရှူကာ ရှောင်နေခဲ့သည်။
သို့သော် စိတ်ပျော့ညံ့သော ဖေးသခင်မကြီးကမူ ရပ်မကြည့်နိုင်ခဲ့ပေ။ သူမက မူလပိုင်ရှင်၏ တစ်နေ့သုံးနပ်ကို သေချာဂရုစိုက်ပေးပြီး မူလပိုင်ရှင်က တစ်နေ့မှာ ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်ကာ သူမက သူ့ကို တန်ဖိုးထားပြီး ကောင်းသောအရာများသာ ပေးခဲ့သည်။
ကောင်းကင်ဘုံက လူတွေရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ နှမြောစရာပင်။
ဖေးသခင်မကြီးက ရောဂါကြောင့် ဆေးရုံတင်ထားရပြီး ထိုအချိန်တည်းက မူလပိုင်ရှင်သည် မိသားစုထဲမှာ နေရာပျောက်သွားခဲ့သည်။ ကလေးထိန်းချန်ရုံကပင် သစ္စာဖောက်သော နှလုံးသားရှိနေခဲ့သည်။
မူလပိုင်ရှင်အား ပြုစုစောင့်ရှောက်ပေးနေသည်ဟု အမည်ခံကာ သူမသည် ဖေးသခင်မကြီး ဆေးရုံတက်နေစဥ် မူလပိုင်ရှင်အတွက် ချန်ထားပေးခဲ့သောငွေကို အလွဲသုံးစားလုပ်ခဲ့သည်။ တစ်ဖက်လူက နာမကျန်းဖြစ်ပြီး ဆုံးသွားသောအခါ ငွေကြေးအထောက်အပံ့မရှိတော့သဖြင့် မူလပိုင်ရှင်၏ အခန်းထဲမှ ပစ္စည်းများကို ခိုးယူလာခဲ့သည်။
သူမက ၎င်းတို့ကို သူမ၏မိသားစုအတွက် စားစရိတ်ဖြည့်ဖို့ ငွေနဲ့ရောင်းလေ့ရှိသလို သူမ၏အဖိုးတန်သားဖြစ်သူအား ခိုးပေးလေ့ရှိသည်။ တစ်ယောက်ယောက်က မေးလာခဲ့လျှင် သူမက မူလပိုင်ရှင် ဖျောက်ပစ်ခဲ့တယ်လို့သာ ပြောခဲ့လေ၏။
အနှီအမျိုးသမီးက အိမ်မှာပုန်းနေသော ဖျံတစ်ကောင်သာဖြစ်လေ၏။
တံခါးနားမှာရပ်နေသော ချန်ရုံက ဖေးယိ၏ မျက်တောင်မခတ်သော အကြည့်အောက်မှာ မလုံမလဲဖြစ်သွားလေ၏။
တစ်ဖက်လူ လည်ပင်းမှာဝတ်ထားလေ့ရှိသော ကျောက်စိမ်းဆွဲသီးကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖေးသခင်မကြီး ပေးခဲ့တာဖြစ်ပြီး အလွန်တန်ဖိုးရှိသည်။ ချန်ရုံက ၎င်းကိုခိုးဖို့ သင့်လျော်သောအချိန် ရှာမတွေ့ခဲ့ပဲ ယနေ့မှာတော့ ခိုးနိုင်ခဲ့သည်။
တစ်ဖက်လူက အဝတ်စားလဲပြီး အပြင်မထွက်ခင် ကုတင်ပေါ်မှာ ကျောက်စိမ်းဆွဲသီး ထားခဲ့တာမလား?
ဒီလိုလုပ်ဖို့ အခွင့်ရေးပဲလေ….
ထို့ကြောင့် အားလုံး၏ အာရုံပျက်ပြားနေမှုကို အခွင့်ကောင်းယူကာ ချန်ရုံက ကျောက်စိမ်းဆွဲသီးကို သူမအခန်းထဲသို့ ယူသွားခဲ့သည်။ သူမက အချိန်ရှိရင် ထုတ်ရောင်းဖို့ စီစဥ်ထားပေမယ့် အခန်းထဲဝင်လာတာနဲ့ ဖေးယိက မေးလာမယ်လို့ ဘယ်လိုသိခဲ့မှာလဲ?
ဖေးယိက အေးအေးဆေးဆေး မေးလိုက်သည်။ “ကျွန်တော့် ကျောက်စိမ်းဆွဲသီးဘယ်မှာလဲ?”
“ဘာကျောက်စိမ်းဆွဲသီးလဲ?” ကလေးထိန်းချန်ရုံက ငြင်းလိုက်လေ၏။ “ငါ ဘာကျောက်စိမ်းဆွဲသီးမှမတွေ့ဘူး!”
ဖေးယိက သတ္တိရှိချင်ယောင်ဆောင်နေတာဟု သူမတွေးလိုက်ပြီး ရှေ့တိုးကာ သူ့အား အပြစ်တင်လိုက်လေသည်။ “မင်း ဖျောက်ခဲ့တဲ့ပစ္စည်းကို ငါ့လာမေးနေတာလား?”
“အဲ့ဒီကျောက်စိမ်းဆွဲသီးက အဘိုးကြီး မင်းကိုပေးထားတာလေ! ဒီလောက်အကျယ်ကြီးအော်နေတာက သူ့ကိုပါ လာရှာပေးစေချင်လို့လား?”
ဖေးယိက ဘာမှမပြော။ သူ့မျက်လုံးထဲက လှောင်ပြောင်မှုက ပိုသိသာလာသည်။
ပထမတစ်ချက်မှာ သူမဘာမှမသိဘူးလို့ပြောပြီး လိမ်ညာခဲ့ပေမယ့် ဒုတိယတစ်ချက်မှာတော့ ကျောက်စိမ်းဆွဲသီးကို ဖေးသခင်ကြီး ပေးခဲ့တာဖြစ်ကြောင်း သူမသိနေခဲ့သည်။ အမှန်တရားက ပေါ်သွားခဲ့ပြီ!
ချန်ရုံက ဆူပူနေလို့ အသုံးမဝင်မှန်း သိလိုက်ရသဖြင့် ချက်ချင်းပင် ဖေးယိ၏လက်မောင်းကို လိမ်ဆွဲဖို့ ကြိုးစားလိုက်သည်။
အရင်တုန်းက သူမကို ပစ္စည်းတစ်ခုခုရှာခိုင်းတိုင်း ချန်ရုံက ဖေးယိကို ဖေးသခင်ကြီးဆီမှ ပထုတ်လာပြီး အတင်းဖိနှိပ်ရန် သူမလက်နှစ်ဖက်ဖြင့် ရိုက်နှက်လေ့ရှိသည်။ လေးငါးချက်လောက် ရိုက်နှက်ပြီးလျှင် သူမက ကြောက်တတ်သော မူလပိုင်ရှင်ကို နှုတ်ပိတ်နိုင်ခဲ့သည်။
ဖေးယိက မူလပိုင်ရှင်မဟုတ်သဖြင့် သူမ၏ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်မှာ စိတ်မကောင်းစရာပင်။
အပြင်မထွက်ခင် သူက ကျောက်စိမ်းဆွဲသီးကို ငါးစာအဖြစ် အသုံးချခဲ့ပြီး အနှီဖျံကောင် ထောင်ချောက်ထဲ ခုန်ဆင်းသွားမှာကို စောင့်မျှော်နေခဲ့သည်။ ဤပြဇာတ်ကောင်းက စတင်ပြီးသည်နှင့် ဤနေရာမှာတင် ပြီးဆုံးမည်မဟုတ်။
ဖေးယိက ချန်ရုံ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တစ်ဖက်လူမတုံ့ပြန်နိုင်ခင် တွန်းထုတ်လိုက်သည်။ “ထွက်သွား!”
–ဒုန်း!
ဟန်ချက်မငြိမ်တော့သည့် ချန်ရုံက စားပွဲခုံဆီကို နောက်ပြန်ပြုတ်ကျသွားလေ၏။
စားပွဲပေါ်မှ ရှုပ်ပွနေသောအရာများက ကြမ်းပြင်ပေါ်ပြုတ်ကျလာပြီး ဆူညံသံများ ထွက်ပေါ်လာ၏။
ချန်ရုံက ကြမ်းပြင်ပေါ်သို့ ပုံပျက်ပန်းပျက် ပြုတ်ကျသွားပြီး သူမ၏ပခုံးက စားပွဲထောင့်ကို မတော်တဆရိုက်မိသွားခဲ့သည်။ နာကျင်မှုကြောင့် သူမ၏အမူအရာ ပျက်ယွင်းသွားခဲ့သည်။ “အောင်း!....”
ဖေးယိက သူမကို လျစ်လျူရှုကာ ဖန်ပန်းအိုးတစ်လုံးကို ကြမ်းပြင်ပေါ်မှာ ရိုက်ခွဲလိုက်တာကြောင့် ရုန်းရင်းဆန်ခတ်သံက ပိုမိုကျယ်လောင်လာလေသည်။
ထိုသို့လုပ်ပြီးနောက် ဖေးယိက သူ၏လက်ရှည်အင်္ကျီအပါးကို ငုံ့ကြည့်ကာ ဒေါသကိုထိန်းပြီး တခြားလူတွေပေါ်လာတာကို ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေခဲ့သည်။
ထင်သည့်အတိုင်းပင် ခြေလှမ်းသံများ အမြန်ရောက်လာသည်။
ရှေ့မှလျှောက်လာသော ဖေးသခင်ကြီးက အခန်းထဲမှ ရှုပ်ထွေးမှုကိုမြင်သွားပြီး သူ့မျက်လုံးထဲမှာ မကျေမနပ်မှုပေါ်လွင်နေခဲ့သည်။ “ဘာတွေဖြစ်နေတာလဲ?”
တံခါးဝက လူအုပ်ကြီးကို မြင်သောအခါ ချန်ရုံက ချက်ချင်းဆိုသလိုပင် သူ့လက်မောင်းကိုကိုင်ပြပြီး နာချင်ယောင်ဆောင်လိုက်၏။ သို့သော် သူမ မအော်ပြနိုင်ခင် ရှိုက်ငိုသံတစ်ခုက သူမနားထဲ၌ ထွက်ပေါ်လာ၏။
“အဘိုး…. ကျောက်စိမ်းဆွဲသီး… ကျောက်စိမ်းဆွဲသီး ပျောက်သွားပြီ။”
“…….”
“.......”
လူတိုင်းက အသံလားရာကို တစ်ပြိုင်နက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဖေးယိ၏မျက်လုံးဝိုင်းကြီးက နီရဲနေပြီး သူ ကြောက်ကြောက်လန့်လန့် ခေါင်းငုံ့လိုက်စဥ် မျက်ရည်ပေါက်ကြီးများ ကျဆင်းသွားခဲ့သည်။ သူ့ပါးနှစ်ဖက်နှင့် နှာခေါင်းထိပ်က နီရဲနေပြီး ဤသနားစရာကောင်းလှသော မျက်နှာလေးဖြင့် သူက ရက်ရက်စက်စက် မတရားအနိုင်ကျင့်ခံထားရပုံ ပေါ်နေ၏။
ချန်ရုံက မျက်နှာပြောင်းသွားသော ဖေးယိအား အံ့အားသင့်စွာ ကြည့်နေ၏။ ယခုနက ကြမ်းတမ်းသောအကြည့်နှင့် ဆက်စပ်ကြည့်လို့ပင် မရပေ။
သူတို့နဲ့အတူ အပေါ်ထပ်သို့ လိုက်လာသော ဖေးဇနီးမောင်နှံက မယုံနိုင်သလို အကြည့်ဖလှယ်လိုက်သည်။
သူတို့က ဖေးယိ၏ ရူးနှမ်းနေသော ပုံစံကို ကျင့်သားရနေ၍ သူ့ငိုသံက စိတ်ရှုပ်ဖို့ကောင်းသည့် ဆူညံသံပင်ဖြစ်ခဲ့သည်။
ထိုအခိုက်အတန့်မှာ တစ်ဖက်လူက ခါတိုင်းနှင့်မတူပေ။ ပြဿနာမရှာပဲ မျက်ရည်ကျရုံသာဖြစ်၍ ငိုနေရင်း တိုးတိုးလေးပြောလိုက်သော စကားနှစ်ခွန်းက လူတွေရဲ့နှလုံးသားကို လှုပ်ရှားသွားစေခဲ့သည်။
၎င်းကိုမြင်တော့ ဖေးသခင်ကြီး၏ အနောက်မှာရပ်နေသော ဦးလေးခိုင်က ဖေးယိဘက်က ပြောပေးလိုက်သည်။ “သခင်လေး… ဘာကျောက်စိမ်းဆွဲသီး ပျောက်သွားတာလဲ?”
ဖေးယိက ဖေးသခင်ကြီးဆီသို့ သတိရှိရှိ ချဥ်းကပ်လာကာ ဗလာကျင်းနေသော သူ့လည်ပင်းကို ကိုင်ပြလိုက်ပြီး တိုးတိုးလေး ငိုကြွေးလိုက်၏။ “အဘိုးပေးထားတဲ့ ကျောက်စိမ်းဆွဲသီး…. သူ(မ)ယူပြီး ဖွက်လိုက်တယ်။ ကျွန်တော် ကျောက်စိမ်းဆွဲသီးလိုချင်တယ်။”
သူ၏ထစ်အနေသော အသံမှာ စိုးရိမ်မှုအပြည့်ဖြစ်ပြီး သူက လူတိုင်းကို ရှင်းပြဖို့ ကြိုးစားနေသလိုပင်။
ဖေးသခင်ကြီး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ရုတ်ချည်းနားလည်သွားသည်။
သူက အရူးဖေးယိကို သဘောမကျသော်လည်း အနှီလူမှာ သူ့မြေးအရင်းဖြစ်နေသည်။ တစ်ဖက်လူ၏ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တွင် သူက သိုလှောင်ခန်းမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူကာ လက်ဆောင်ပေးခဲ့သည်။
ဖေးယိက ကျောက်စိမ်းကို သူ့လည်ပင်းမှာ အမြဲဝတ်ဆင်ထားပြီး တစ်ခါမှမချွတ်ဖူးပေ။
ဖေးသခင်ကြီးက ဖေးယိ၏ သနားစရာကောင်းပြီး စိုးရိမ်သောကရောက်နေသော အသွင်အပြင်ကိုကြည့်ကာ တစ်ဖက်လူ၏ ငယ်ဘဝကို ရုတ်တရက် သတိရသွားခဲ့သည်။ သူက သူ့ကိုအမြဲတွယ်ကပ်နေပြီး အဘိုးလို့ ချစ်ခင်မှုအပြည့်ဖြင့် ခေါ်ဝေါ်ကာ လက်ဆောင်များကို သေချာသိမ်းထားလေ့ရှိသည်။
ယခုပြန်တွေးကြည့်တော့ အနှီလူက ရူးနေလျှင်ပင် သူပေးခဲ့သည့် ကျောက်စိမ်းဆွဲသီးကို ဘယ်တော့မှ မဖျောက်ခဲ့ဖူးပေ။
လူအိုကြီး၏ မာကြောအေးစက်သော နှလုံးသားထဲမှာ အက်ကွဲရာတစ်ခုပေါ်လာပြီး သူက ချန်ရုံအား ကြည့်လိုက်သည်။ “ပြောစမ်း… ဘာတွေဖြစ်နေတာလဲ? မင်း သခင်လေးရဲ့ ကျောက်စိမ်းဆွဲသီးကို ဖွက်လိုက်တာလား?”
ချန်ရုံက မျက်နှာနီရဲနေကာ ငြင်းဆန်လိုက်၏။ “သခင်ကြီး…. ကျွန်မအထင်လွဲခံရတာပါ! သခင်လေး အပြင်သွားတုန်းကတောင် ကျောက်စိမ်းဆွဲသီးကို ဝတ်ထားပါသေးတယ်!”
“သူ့ဘာသူ ပျောက်သွားပြီး အဆူခံရမှာစိုးလို့ ကျွန်မအပေါ် ပေါက်ကရစွပ်စွဲနေတာ သိသာပါတယ်။ ခုနကလည်း ကျွန်မကို ဒေါသတကြီးတွန်းထုတ်လိုက်လို့ ကျွန်မလက်ကျိုးသွားပြီတောင် ထင်တာ။”
ဖေးယိ၏သူငယ်အိမ်က တဖျပ်ဖျပ်လက်ကာ လှည့်ကြည့်လိုက်ပြီး ကမန်းကတန်းပြောလိုက်၏။ “မဟုတ်… မဟုတ်ဘူး…ခင်ဗျားယူလိုက်တာ!”
“ခင်ဗျား… ခင်ဗျားက ကျွန်တော့်ဆီက အများကြီးယူတယ်။ ရိုက်လည်းရိုက်တယ်၊ အော်လည်းအော်တယ်!” သူက သူ့အင်္ကျီလက်ကို ဆွဲတင်ပြကာ သူ့ရှိုက်သံမှာ ပိုကျယ်လာသည်။ “အဘိုးနဲ့ ဦးလေးငယ်က ကျွန်တော့်ကိုမုန်းနေတာလား? အဘိုးတို့က ကျွန်တော့်ကိုရောင်းစားပစ်တော့မှာလို့ သူပြောတယ်။”
ထိုသွယ်လျသောလက်မောင်းနှစ်ဖက်မှာ မှေးမှိန်နေသော ဒဏ်ရာများဖြင့် ပြည့်နေပြီး ထိတ်လန့်ကြောက်ရွံ့နေမှုက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
ဒုတိယတစ်ခွန်းက ကလေးထိန်း၏ စကားနှင့်လုပ်ရပ်များကို စွဲချက်တင်နေပုံရသော်လည်း အမှန်မှာ ဖေးမိသားစုအား အိမ်တော်ထိန်းဦးလေးခိုင်ရှေ့မှာ မျက်နှာဖြတ်ရိုက်လိုက်ခြင်းပင်!
ဦးလေးခိုင်က မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။ “သခင်လေး လက်ရှည်ဘာလို့ဝတ်ထားတာလဲ ငါအံ့သြနေခဲ့တာ။”
ဖေးယိက သူ့မျက်ဝန်းထဲရှိ အမှောင်ရိပ်ကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြီး ဤနတ်ဘုရား၏ အကူအညီလှိုင်းကို လက်ခုပ်မတီးပေးပဲ မနေနိုင်တော့ချေ။
သူကူးပြောင်းလာတာ အချိန်တိုလေးမျှသာ ဖြစ်သော်လည်း သူက ဖေးမိသားစုရှိ လူတိုင်း၏ အကျင့်စရိုက်ကို မြင်ပြီးလေပြီ။
သူက အရှက်မကွဲအောင် ဟန်ဆောင်သည့်နေရာမှာ အတော်ဆုံးဖြစ်ပြီး ပိတ်ထားသော တံခါးနောက်ကွယ်မှာ ဖြေရှင်းတာထက် အပြင်လူများ၏ အရှေ့မှာ အခြေအနေကို တစ်စစီဖြိုဖျက်တာ ပိုကောင်း၏။
ကလေးထိန်းက သခင်လေးရဲ့ ဦးခေါင်းကိုနင်းပြီး ရိုက်နှက်ကြိမ်းမောင်းခဲ့တဲ့အပြင် စိတ်အလိုကျ ခိုးနေခဲ့တာလား? ဒီကိစ္စပျံ့သွားရင် ရယ်စရာဖြစ်လာမှာပဲ…..
ထင်သည့်အတိုင်းပင် ဖေးသခင်ကြီးက ဒေါသထွက်လွန်းလို့ ရင်ဘတ်က နိမ့်ချီမြင့်ချီဖြင့် အော်လိုက်လေသည်။ “ဟုတ်လား… မင်းအရှက်မရှိတဲ့ခွေးမ… သခင်ရှေ့မှာတောင် လီဆယ်ပြောရဲတယ်ပေါ့!”
“ကျွန်မ….”
ချန်ရုံပါးစပ်ဖွင့်ပြီး ရှင်းမပြနိုင်ခင်မှာ အိမ်တော်ထိန်းအဘိုးကျန့်က ဖောက်ထွင်းမြင်ရသော အဖြူရောင်ကျောက်စိမ်းဆွဲသီးဖြင့် အလျင်စလို ရောက်လာခဲ့သည်။ “သခင်ကြီး… ကျွန်တော် ဒါကို ချန်ရုံရဲ့အခန်းထဲမှာ ရှာတွေ့ခဲ့တာ။ ဒီကျောက်စိမ်းဆွဲသီးက သူ့ခေါင်းအုံးစွပ်ထဲမှာ ရောက်နေတယ်။”
ဖေးယိက ပြန်လုယူကာ လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ “ကျွန်တော့်ဟာ!”
ဤသည်မှာ သူပျောက်သွားသော ပစ္စည်းဖြစ်မှန်း အနီးကပ်ကြည့်ဖို့ပင်မလိုခဲ့ပေ။
လူအိုကြီးက သူ့မျက်လုံးထဲတွင် သဲမှုန်များကို သည်းမခံနိုင်ဆုံးဖြစ်၏။** ဤဖြစ်ရပ်က အပြင်လူများ၏ရှေ့တွင် ရှက်စရာကောင်းနေသည်။ သူက ကြမ်းပြင်ကို တုတ်ကောက်ဖြင့် ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။ “အဘိုးကြီးကျန့်… အခုချက်ချင်း ရဲခေါ်လိုက်!”
(** သဲကိုသည်းမခံနိုင်ဘူးဆိုတာ မျက်စိစပါးမွေးစူးစရာတွေနဲ့ အမြင့်မသင့်တာတွေကို ထိုင်မကြည့်နိုင်ဘူးလို့ပြောတာပါ)
ရဲခေါ်ရမယ်?
ချန်ရုံက ထိတ်လန့်တုန်ယင်လာပြီး သူမ၏ စိုးရိမ်နေသောမျက်လုံးများက တစ်နေရာကို စိုက်ကြည့်နေခဲ့သည်။ ဒါဘယ်လိုဖြစ်သွားတာလဲ? သူမ ထောင်ထဲမသွားချင်ဘူး!
အပြင်လူတစ်ယောက်အဖြစ် ဦးလေးခိုင်က မြင်ကွင်းတစ်ခုလုံးကို တွေ့ခဲ့ရသည်။ တကယ်တော့ သူက ပေါ်မိသားစုလို ချမ်းသာသောမိသားစုများနှင့် အတွေ့အကြုံရှိသော လူတစ်ယောက်ဖြစ်၍ လျှိို့ဝှက်ကြံစည်မှုကို ချက်ချင်းမြင်ခဲ့သည်။
“သခင်ကြီး… ဖေးနဲ့ ပေါ်က အိမ်ထောင်ရေးအရ မိသားစုဖြစ်သွားပါပြီ။ ဖေးသခင်လေးကလည်း ကျွန်တော်တို့ပေါ်မိသားစုဝင်ပါ။ တစ်ခုတော့ အတင့်ရဲပြီး ပြောချင်ပါတယ်။”
ဦးလေးခိုင်က ဖေးသခင်ကြီးကိုကြည့်ကာ သူ့လေသံက မောက်မာခြင်းမရှိ နှိမ်ချခြင်းလည်းမရှိပေ။
“ဒီကလေးထိန်းက ပစ္စည်းတွေခိုးပြီး သခင်လေးအပေါ် လက်တင်ရဲတယ်။ တခြားတစ်ယောက်သာဆိုရင် သူတို့မှာ သတ္တိဘယ်လောက််ရှိရှိ လုပ်ရဲမှာမဟုတ်ဘူး။ ရဲတွေကို စစ်ဆေးခိုင်းလိုက်ပါ။ ဖြစ်နိုင်တာက….”
ဦးလေးခိုင်က ဖေးမိသားစုဇနီးမောင်နှံနှင့် ဆွေးနွေးနေပုံရပြီး တကယ်တမ်းမှာ သူ့စကားထဲ၌ တခြားတစ်ခုရှိနေခဲ့သည်။”တစ်ယောက်ယောက်က နောက်ကွယ်ကစေခိုင်းတာမျိုး ဖြစ်နိင်တယ်။”
ဖေးယိ၏နှုတ်ခမ်းထောင့်က ကွေးညွတ်သွားကာ သူက ဦးလေးခိုင်အား လက်ခုပ်တီးပေးလိုက်ချင်သည်။
မူလက သူသည် တစ်ဖက်လူအား သက်သေအဖြစ် ပွဲကြည့်ရုံသာ ဆွဲခေါ်လာချင်ခဲ့သော်လည်း အနှီလူက သူ့ဘက်မှာ နေပေးမယ်လို့ မထင်ထားခဲ့ပေ။
ပြောနေသူမှာ ရည်ရွယ်ချက်ရှိသလို နားထောင်နေသူမှာလည်း ရည်ရွယ်ချက်ရှိသည်။
ချန်ရုံ၏မျက်ဝန်းက ပြူးကျယ်လာပြီး သူက တန်းရှို့ယာ၏ ခြေထောက်ဆီ တွားသွားလိုက်သည်။ “သခင်မ … ရှင်ဘာမှမလုပ်ပဲ နေလို့မရဘူး။ အား! ကျွန်မ ရှင့်စကားနားထောင်ပြီး သခင်လေးကို ဒီလိုဆက်ဆံခဲ့တာ!”
တန်းရှို့ယာ၏ မျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွားပြီး သူမက ချန်ရုံအား နောက်ပြန်ရိုက်ချလိုက်လေ၏။ “ခွေးမ! ဘယ်လိုပေါက်ကရစကားလဲ! နင့်ကိုဘယ်တုန်းက ပစ္စည်းခိုးဖို့ ပြောခဲ့လို့လဲ!”
“…….”
“.......”
ချန်ရုံက ရိုက်ချက်ကြောင့် နှစ်စက္ကန့်မျှ အံ့အားသင့်ကာ ကျယ်ကျယ်လောင်လောင် အော်လိုက်လေသည်။ “ရှင်ပဲလုပ်ခိုင်းခဲ့တာ! အရင်တုန်းက သခင်လေး အသိရှိနေသေးတာကို တစ်သက်လုံးရူးသွားအောင် နည်းအမျိုးမျိုးနဲ့ တိတ်တိတ်လေး လှုံ့ဆော်ခိုင်းခဲ့တာ!”
ဖေးယိက ဤအခြေအနေကို ငြိမ်ငြိမ်လေး ကြည့်နေသည်။
အကုန်ထုတ်ဖော်လိုက်သော ချန်ရုံမှာ တန်းရှို့ယာ၏ ဘောင်းဘီကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ တစ်ဖက်လူက မည်မျှပင် ရုန်းနေပါစေ သူမလွှတ်မပေးခဲ့ပေ။ သူတစ်ယောက်တည်းတော့ အရိုးမကျိုးချင်ဘူး….
“ဖေးသခင်ကြီး… ကျွန်မ အသိစိတ်ပျောက်သွားရပါတယ်… အား! သခင်လေးက… သနားစရာကလေးပါ။ သခင်မက ကျွန်မကို နေ့တိုင်းလှုံ့ဆော်ခိုင်းခဲ့တာ။ မဟုတ်ရင် သခင်ကြီးရဲ့ နှာခေါင်းအောက်မှာ ကျွန်မဘယ်လိုလုပ်ရဲမှာလဲ?”
“ရဲမခေါ်ပါနဲ့ အား! ကျွန်မ ထောင်ကျရင် တစ်သက်လုံးဘယ်လိုရှင်သန်ရတော့မလဲ? ဒီကိစ္စအတွက် ကျွန်မတစ်ယောက်တည်းကို အပြစ်တင်လို့မရဘူး!”
ချန်ရုံက အားလုံးဝန်ခံပြီး လူတိုင်းကို အသနားခံကာ တန်းရှို့ယာကို မုန်းတီးစွာကြည့်လိုက်လေ၏။ “ဟုတ်ပြီ.လေ… ကျွန်မ ဝီချက်မှတ်တမ်းပြမယ်… ရှင်..”
သူမစကားကြောင့် တန်းရှို့ယာ လုံးလုံးလျားလျား အထိတ်တလန့်ဖြစ်သွားခဲ့သည်။
သူမ၏ ဂုဏ်သိက္ခာရှိသော ပုံစံကိုပင် ဂရုမစိုက်နိုင်တော့ပဲ သူမက ချန်ရုံ၏ဆံပင်ကိုဆွဲကာ အပြင်ဆွဲထုတ်ဖို့ ကြိုးစားခဲ့သည်။ “အဘိုးကြီးကျန့်! ရှင် ဒီအရူးမကို ဆွဲမထုတ်သေးဘူးလား!”
အဘိုးကျန့်က ဖေးသခင်ကြီး၏အကြည့်မှ အရိပ်အမြွက်တစ်ခုရရှိခဲ့ပြီး ချန်ရုံကို အမြန်ဆွဲထုတ်သွားသည်။ သူမကတော့ အသံပျောက်သွားသည်အထိ တန်းရှို့ယာက ကြောင်သူတော်လို့ စွပ်စွဲနေခဲ့သည်။
အခန်းက တိတ်ဆိတ်သွားပြီး လေထုက စနောင့်စနင်းဖြစ်နေ၏။
ကလေးထိန်း၏ ဖော်ထုတ်ခံလိုက်ရသော တန်းရှို့ယာက စိတ်တိုနေသည်။ သူမက ဝတ်ကျေတန်းကျေရှင်းပြဖို့ စဥ်းစားနေသည်။
ဖေးယိက မရေမရာ အပြစ်ကင်းသော မျက်လုံးတစ်စုံဖြင့် သူမကိုကြည့်ကာ တခြားသူများရှေ့၌ တီးတိုးရေရွတ်လိုက်သည်။ “ဒေါ်လေး .. ကျွန်တော့်ကို သဘောမကျဘူးလား?”
ဤစကားများက မီးပုံထဲလောင်စာထည့်လိုက်သလိုပင်။
ဖေးရူကျန်း၏မျက်ဝန်းက ခက်ထန်လာပြီး သူ့ဇနီးအား ရုတ်တရက်ပါးချလိုက်သည်။
– ဖြောင်း!
တန်းရှို့ယာက ပူထူသွားသောပါးပြင်ကိုအုပ်ကာ သူမစိတ်က ရုတ်တရက်ဗလာကျင်းသွားခဲ့သည်။ ချန်ရုံ၏မျက်နှာပေါ်က ရိုက်ချက်မှာ သူ့ဆီပြန်ရောက်လာမည်ဟု သူမမထင်ထားခဲ့ပေ။
“…….”
ဇနီးဖြစ်သူ၏ တိတ်ဆိတ်နေမှုကို အခွင့်ကောင်းယူကာ ဖေးရူကျန်းက သူမအား ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်၏။ “ရှောင်ယိကို ဂရုစိုက်ပေးဖို့ ငါမင်းကိုအမြဲပြောခဲ့တာ၊ မင်း ငါ့စကားကိုလျစ်လျူရှုခဲ့တာလား?”
ထိုအချိန်တွင် နောက်ကွယ်မှာ တူလေးကို ရိုက်နှက်လေ့ရှိသည့် သူသည်လည်း ကိုယ့်သိက္ခာကိုယ်ဆယ်ချင်ခဲ့သည်။
“ချန်ရုံက မင်းကိုချောက်ချတာဆိုရင်တောင် သူ(မ) ရှောင်ယိကို တစ်ချိန်လုံး ရိုက်နှက်နေတာလေ။ ဒါကို အဒေါ်တစ်ယောက်ဖြစ်တဲ့မင်းက သတိမထားမိဘူးလား? မင်း ငါ့အစ်ကိုကို စိတ်ပျက်အောင် လုပ်လိုက်တာလား!”
တန်းရှို့ယာက တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာပြီး ဒေါသတကြီး တုန်ယင်လာ၏။ “ကောင်းလိုက်တာ… ဟမ်! ဖေးရူကျန်း! ရှင်က ဟန်ဆောင်ကောင်းတာပဲ!”
ယခင်က တင့်တယ်လှပမှုရှိသော ကိုယ်ဟန်အနေအထားကို ဂရုမစိုက်တော့ပဲ သူမက တံခါးဆီ ပြေးထွက်သွားခဲ့သည်။
ဟာသပြဇာတ်က တစ်ခုပြီးတစ်ခုပင်။
ဖေးသခင်ကြီးက မျက်နှာပျက်သွားပြီဟု ခံစားမိသော်လည်း အရှက်ပြေပြောလိုက်သေးသည်။ “အိမ်တော်ထိန်း… ငါရဲ့မိသားစုကို စီမံမှုညံ့ခဲ့လို့ မင်းကိုရယ်စေမိပြီ။”
“ဖေးသခင်ကြီးက ဘာကိုပြောနေတာလဲ? ကျွန်တော်က သခင်လေးကို ခရီးဆောင်အိတ် ကူထုတ်ပေးဖို့ လာခဲ့တာပါ။” ဦးလေးခိုင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ အရာအားလုံးကို နားလည်ပေမယ့် မဖော်ထုတ်ခဲ့ပေ။
“အနာဂတ်မှာ ငါ့မြေးလေးကို ပိုဂရုစိုက်ပေးဖို့ ဒုတိယသခင်လေးနဲ့ အိမ်တော်ထိန်းကိုပဲ တောင်းဆိုရပါတော့မယ်။”
ဖေးသခင်ကြီးက ဦးလေးခိုင်ကို လက်ဟန်ပြပြီး ဖေးယိအား ရိုးသားမှုနှင့် ဟန်ဆောင်မှုရောယှက်စွာ ကြည့်လိုက်သည်။ “ရှောင်ယိ… မင်းအိမ်လွမ်းလာရင် ငါ့ကိုပြောပါ။ အချိန်မရွေး မင်းဦးလေးနဲ့ အခေါ်လွှတ်လိုက်မယ်။”
ဖေးယိက ပြောစရာအများကြီးမရှိသဖြင့် ပျင်းရိပျင်းတွဲ ခေါင်းညိတ်ပြလိုက်သည်။
. . . . . .
ဖေးရူကျန်းက “နေမကောင်းသော” ဖေးသခင်ကြီးကို တွဲခေါ်သွားမှသာ ဖေးယိက ရေချိုးခန်းထဲမှာ ပုန်းနေဖို့ အခွင့်အရေးရခဲ့သည်။
သူ မှန်ကြည့်လိုက်တော့ သူ့မျက်လုံးတွေစိုနေတာကို တွေ့လိုက်ရပြီး လက်ချောင်းထိပ်ဖြင့် အမှုမဲ့အမှတ်မဲ့ သုတ်လိုက်လေသည်။ “သူတို့အရှက်ကွဲသွားပြီမလား?
ကြည့်ကြသေးတာပေါ့ အဟမ်း…
ယင်းက အစပဲရှိသေး၍ အနှေးနဲ့အမြန် ဖေးမိသားစု၏ လှည့်ဖြားထားသော မျက်နှာက အလွှာလိုက် ကွာကျလာလိမ့်မည်!
________________________________________