Chapter 04
ဖေးယိက ဦးလေးခိုင်နဲ့အတူ ပေါ်အိမ်တော်ကို လိုက်သွားသောအချိန်မှာ မှောင်နေခဲ့လေပြီ။
ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသော ပေါ်ယွဲ့မင်က အသံကို သတိထားမိပြီး တံခါးဘက်သို့ ခေါင်းအသာလှည့်လိုက်သည်။
တစ်ယောက်၏မျက်လုံးက ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း နှစ်ယောက်သားက အကြည့်ဆုံသွားလေ၏။
“ဒုတိယသခင်လေး.. ကျွန်တော် ဖေးသခင်လေးကို ပြန်ခေါ်လာပါပြီ။” ဦးလေးခိုင်က အချက်ပြလိုက်ပြီး ဗလာကျင်းနေသော အိမ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
မတော်တဆမှုဖြစ်ပြီးနောက်တွင် ပေါ်ယွဲ့မင်က အစေခံများ သူ့နောက်လိုက်ပြီး အမှုထမ်းခြင်းကို ငြင်းဆိုခဲ့သည်။
ပေါ်ယွဲ့မင်က လက်ထဲက ရေနွေးတစ်ငုံသောက်လိုက်ပြီး ပြောစရာအများကြီးမရှိခဲ့ပေ။ “အရင်ဆုံး သူ့ကိုအပေါ်ခေါ်သွားလိုက်ပါ။ အောက်ပြန်ဆင်းလာမှ ကျွန်တော်နဲ့စကားပြောတာပေါ့။”
“ဟုတ်ကဲ့”
ဦးလေးခိုင်က လှည့်ကြည့်လိုက်တော့ ဖေးယိက တံခါးဝမှာ ရပ်နေဆဲဖြစ်ပြီး ကြောက်ရွံ့ထိတ်လန့်နေပုံရသည်။ “သခင်လေး… အခန်းခေါ်သွားပေးပါရစေ”
ဖေးယိက မသိမသာခေါင်းညိတ်ပြပြီး ဦးလေးခိုင်နောက်ကနေ အပေါ်ထပ်လိုက်သွားသည်။ သူက အကျွမ်းတဝင်မရှိသလို ဟန်ဆောင်ကာ သူ့အနားရှိ အရာအားလုံးကို လေ့လာနေပေမယ့် သူ့ပစ်မှတ်က ပေါ်ယွဲ့မင်ဖြစ်၏။
ထိုလူက သူ့ကိုမမြင်နိုင်လို့ အပြုအမူဆင်ခြင်စရာမလိုအပ်ပေ။ ဧည့်ခန်းထဲမှာ မီးအိမ်တစ်ခုသာကျန်ခဲ့သည်။ မှိန်ဖျော့ဖျော့အလင်းရောင်က ပေါ်ယွဲ့မင်အား ငြိမ်သက်စွာလွှမ်းခြုံထားပြီး သူ၏ချောမောသော ကောက်ကြောင်းကို ဖော်ပြပေးကာ တစ်ချိန်တည်းမှာ အထီးကျန်မှုနှင့် အေးစက်မှု တစ်စွန်းတစ်စကို မြင်နိုင်လေသည်။
“သခင်လေး… ပေါ်မိသားစုရဲ့အခြေအနေနဲ့ ဒုတိယသခင်လေးရဲ့ နောက်ခံက နည်းနည်းရှုပ်ထွေးတယ်။”
ဦးလေးခိုင်၏စကားက ဖေးယိကို အတွေးကမ္ဘာထဲမှ ပြန်ဆွဲထုတ်ပေးခဲ့သည်။
ဖေးယိ၏မျက်ဝန်းက နားလည်မှုကင်းမဲ့နေပေမယ့် တကယ်တော့ သူက ပေါ်မိသားစုထဲရှိ ဆက်ဆံရေးများအကြောင်းကို ကောင်းကောင်းသိသည်။
ပေါ်ယွဲ့မင်၏အဘွားဖြစ်သူ ပေါ်ဖေးကျစ်က ပေါ်မိသားစုမှာ အာဏာကိုင်ဆောင်ထားခဲ့သည်။ သူမက အင်ပါယာမြို့တော်အသိုင်းအဝိုင်း၌ လူသိများပြီး သန်မာသော အမျိုးသမီးဖြစ်ကာ သူမလက်ထဲတွင် ပေါ်မိသားစုစီးပွားရေးက ဆုံးရှုံးမှုတစ်ရာခိုင်နှုန်းပင် မရှိသလို တရုတ်နိုင်ငံမှာလည်း ထိပ်တန်းစာရင်းဝင်ဖြစ်လာခဲ့သည်။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ယခုချိန်တွင် ပေါ်သခင်ကြီးက မိသားစု၏ အာဏာကိုင်ဆောင််ထားသူဖြစ်၏။ သူ၏မူရင်းအမည်မှာ ချန်ယန်ရှန်းဖြစ်ပြီး သူက ငယ်ငယ်လေးနဲ့ ပေါ်မိသားစုမှာ အိမ်ထောင်ကျခဲ့သည်။
ပေါ်ဖေးကျစ်နှင့် ချန်ယန်ရှန်းလက်ထပ်ပြီးနောက် သားလေးနှစ်ယောက်မွေးဖွားခဲ့သည်။ ပေါ်ယွဲ့မင်၏ဖခင်အမည်မှာ ပေါ်လီဟုန်ဖြစ်ပြီး မိသားစု၏ ဒုတိယကလေးဖြစ်၏။
ပေါ်လီဟုန်သည် ငယ်ငယ်တည်းက အချစ်ရေးမှာ စိတ်ကူးယဥ်ဆန်ပြီး နိုင်ငံခြားမှာ ပညာသင်ကြားဖို့ ထွက်သွားခဲ့စဥ် လှပသောအမျိုးသမီးတစ်ယောက်နှင့် ဆုံခဲ့သည်။ သူက သူမကို ချက်ချင်းလိုက်ခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် နှစ်နှစ်အတွင်းမှာ သူက သူမနှင့်လမ်းခွဲပြီး ခရီးဆောင်အိတ်ဆွဲကာ တရုတ်ပြည်ကို ပြန်လာခဲ့သည်။
သို့သော် လမ်းခွဲပြီးနောက် အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေမယ်လို့ မည်သူမျှမထင်ထားခဲ့ပေ။
သူမက ယုတ်မာသော ပေါ်လီဟုန်ကိုမုန်းတီးနေပေမယ့် အပြစ်ကင်းသော ဘဝတစ်ခုကို မဖျက်စီးချင်ခဲ့ပေ။ ဆယ်လအကြာမှာ သူမမွေးခဲ့သောကလေးသည် ပေါ်ယွဲ့မင်ဖြစ်၏။
ပေါ်ယွဲ့မင်ခြောက်နှစ်အရွယ်တွင် သူ့မိခင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် ဆွေမျိုးများနှင့် သူငယ်ချင်းများက ပေါ်ယွဲ့မင်ကို တရုတ်ပြည်သို့ခေါ်လာကာ ပေါ်မိသားစုအား ရှာဖွေခဲ့ကြသည်။
ထိုအချိန်တွင် ပေါ်လီဟုန်က အိမ်ထောင်ကျပြီး ကလေးရှိနေပြီဖြစ်၏။ ရုတ်တရက်ပေါ်လာသော ကလေးကြောင့် သူက ဒေါသထွက်ကာ တာဝန်ယူဖို့ငြင်းဆန်ခဲ့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်ဆုံးမှာ ပေါ်ဖေးကျစ်က ဤမြေးဖြစ်သူကို အသိအမှတ်ပြုခဲ့သည်။ သူမက သူ့ကို တရုတ်အမည် “ပေါ်ယွဲ့မင်”ဟုပေးကာ အနားမှာခေါ်ထားခဲ့သည်။
ပေါ်ယွဲ့မင်က ထူးချွန်သွက်လက်ပြီး ရန်ဖြစ်ခြင်း ပြိုင်ဆိုင်ခြင်းမရှိသော်လည်း ဤနောက်ခံကြောင့် မိသားစု၏ ပထမအိမ်တော်နှင့် ဒုတိယအိမ်တော်က သူ့ကို အလွန်မုန်းတီးကြသည်။
“သခင်မကြီး အိမ်မှာရှိရင် ဒီလူတွေက ကောင်းချင်ယောင်ဆောင်ကြတယ်။ အခု သူ(မ) ဆေးရုံကုတင်မှာ လှဲနေရပြီး ဒုတိယသခင်လေးရဲ့မျက်လုံးတွေ ရုတ်တရက် ထိခိုက်သွားတော့ သူတို့က ပြောင်ပြောင်တင်းတင်း ပြဿနာရှာဖို့ ကြိုးစားနေကြတာ။”
ဦးလေးခိုင်က ပေါ်ယွဲ့မင်ကိုယ်စား ဒေါသထွက်နေသဖြင့် မသိစိတ်အလျောက် စကားလုံးအချိို့ပြောလိုက်မိသည်။ ဖေးယိ၏ ရှုပ်ထွေးနေသော အကြည့်ကို မြင်လိုက်ရတော့ သူက မျက်စိတစ်မှိတ်အတွင်း စကားလွှဲပစ်လိုက်သည်။ “သခင်လေး… နောက်ဆို တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုလာခေါ်ပါ။ ခြံထဲမှာပြေးမနေနဲ့ ဟုတ်ပြီလား?”
သို့မှသာ ဖေးမိသားစုက ပေါ်ယွဲ့မင်ကို သွယ်ဝိုက်သောနည်းဖြင့် ဒုက္ခပေးဖို့ အခွင့်အရေးမယူနိုင်မှာဖြစ်၏။
ဖေးယိက ဦးလေးခိုင်ပြောတာကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဦးလေးခိုင်က သူ၏ လိမ္မာရေးခြားရှိသည့် ပုံစံကို အလွန်အမင်းသဘောကျနေပြီး အပြုံးတစ်ခုဖြင့် တံခါးဖွင့်လိုက်သည်။ “အထဲဝင်ပါ။”
တံခါးဖွင့်လိုက်စဥ် ဖေးယိက ၎င်းနောက်ကွယ်ရှိ လုံးလုံးမတူညီသော ကမ္ဘာတစ်ခုကို တွေ့လိုက်ရသည်။
ဧည့်ခန်းငယ်လေးမှာ ဝင်ပေါက်ပါရှိသည်။ ဥရောပမြောက်ပိုင်းစတိုင် အပြင်အဆင်က အလွန်ရှင်းသန့်နေ၏။ နံရံကြီးတစ်ခုတွင် ဝိုင်နီများကို မျက်စိဖမ်းစားဖွယ် စုဆောင်းထားပြီး ဘယ်နှင့်ညာတွင် ၎င်းတို့အတွက် ချဲ့ထွင်ထားသော နေရာလွတ်တစ်ခုရှိနေ၏။
“ဒုတိယသခင်လေးရဲ့အိပ်ခန်းနဲ့ စာဖတ်ခန်းက ဘယ်ဘက်မှာပါ။ အဲ့ဒီနေရာက သီးသန့်ဧရိယာမို့ သခင်လေးသွားလို့မရပါဘူး။”
ဦးလေးခိုင်က စည်းမျဥ်းများပြောပြကာ ဖေးယိအတွက် ညာဘက်တံခါးဖွင့်ပေးလိုက်သည်။ “ဒါကတော့ အရင်က အခန်းလွတ်ပါ။ ဒီနေ့လည်ကမှ အိပ်ခန်းအဖြစ် ပြောင်းထားတာ။ သခင်လေးက လောလောဆယ် ဒီမှာနေပါ။ တစ်ခုခုလိုရင် ဦးလေးကိုပြောပါ။”
ဦးလေးခိုင်က ဖေးယိ အားလုံးနားလည်နိုင်ဖို့ မမျှော်လင့်ပေမယ့် အိမ်တော်ထိန်းတစ်ယောက်၏ တာဝန်အရ သူ အကုန်လုံးကို သေချာရှင်းပြလိုက်သည်။
ဖေးယိက သူ၏ကိုယ်ပိုင်နယ်မြေကို တိတ်တဆိတ်လေ့လာနေသည်။ ၎င်းကသေးသော်လည်း အသေးစိတ်ကျပြီး ပြတင်းပေါက်အောက်က ဥယျာဥ်ခြံကို မြင်နိုင်သဖြင့် သူနဲ့အဆင်ပြေနေ၏။
ဦးလေးခိုင်က ဖေးယိ၏အိတ်ကို အိပ်ခန်းတံခါးဝမှာ ချပေးလိုက်သည်။ “သခင်လေး… ဒီပစ္စည်းတွေကိုထုတ်ပြီး စီပေးစေချင်လား?”
ဖေးယိက ခေါင်းခါကာ ခရီးဆောင်အိတ်ကို အသံမကြားရစေရန် ဂရုတစိုက်ဆွဲယူလိုက်၏။
“အရင်နားလိုက်ပါ… သခင်လေး။ ဦးလေးအောက်ထပ်သွားပြီး သခင်လေးစားဖို့ တစ်ခုခုယူလာပေးမယ်။” ဦးလေးခိုင်က ဖေးယိ၏အပြောအဆိုနှင့် အပြုအမူကို လုံးဝသံသယမဝင်ခဲ့ပေ။
ဖေးမိသားစုမှ သခင်လေးက အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီး အသံမဲ့ကာ လှုံ့ဆော်ခံလိုက်ရမှ ထဖောက်တတ်သည်ဟု ဆိုကြသည်။ ဤအခိုက်အတန့်မှာ အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်သော အပြုအမူက ဤအဘိုးကြီး၏ မျက်လုံးထဲသို့ ကျရောက်သွားခဲ့သည်။
ဖေးမိသားစုက ဘာတွေတွေးနေလဲ သူမသိပေ။ အပေါ်ယံမှာ ကြင်နာချင်ယောင်ဆောင်ကာ ကလေးကို ရိုက်နှက်ကြိမ်းမောင်းဖို့ ကလေးထိန်းအား တိတ်တဆိတ် ခိုင်းစေခဲ့သည်။ ဘယ်လိုတောင် အတင့်ရဲရတာလဲ!
ဦးလေးခိုင်က ဖေးမိသားစု၏ အပြုအမူကို ရှုတ်ချလိုက်သည်။ အပြင်မထွက်ခင် ပေါ်ယွဲ့မင် သူ့အားပေးခဲ့သော တာဝန်ကို စဥ်းစားလိုက်ပြီးနောက် သူက ဖေးယိအား နေရာချကာ အောက်ထပ်ကို ပြေးဆင်းသွားလေ၏။
. . . . . .
တစ်ဖက်လူထွက်သွားတာကို အတည်ပြုပြီးနောက် ဖေးယိ၏ မျက်ဝန်းက အနက်ရောင်ခရီးဆောင်အိတ်ထံ ကျရောက်သွားသည်။
မူလပိုင်ရှင်က ဖေးအိမ်တော်မှာ လျစ်လျူရှုခံခဲ့ရသဖြင့် ထုပ်ပိုးဖို့လိုအပ်သော ပစ္စည်းအားလုံးမှာ ဤခရီးဆောင်အိတ်ကို မဖြည့်ပေးနိုင်ခဲ့ပေ။
ဖေးယိက ပစ္စည်းဖြည်ဖို့ အလျင်မလိုပဲ ဝှက်ထားသော ကုဒ်စာအုပ်ကိုသာ ထုတ်ယူလိုက်သည်။ သူက ဟောင်းနွမ်းနေသော ကုဒ်စာအုပ်အဖုံးကို ပွတ်သပ်ကာ သူ့မှတ်ဉာဏ်ထဲရှိ ဂဏန်းအတိုင်းဖွင့်လိုက်သည်။
စာမျက်နှာပေါ်တွင် လှပသောဖောင့်ဖြင့် စာတစ်ကြောင်းရှိနေသည်။ “ငါ့ကလေးလေးရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပြီး နှစ်စဥ်နှစ်တိုင်း လုံခြုံဘေးကင်းပါစေ။”
ဤကုဒ်စာအုပ်က မူလပိုင်ရှင်၏မိခင်ထံမှ မွေးနေ့လက်ဆောင်ဖြစ်၏။
မူလပိုင်ရှင်၏ မိဘများကြားရှိ ဆက်ဆံရေးက ဖေးသခင်ကြီး၏ အားပေးမှုကို မရခဲ့ရုံတင်မက ပြင်းထန်သော အတိုက်အခံများနှင့်လည်း တွေ့ခဲ့ရပြီး သားအဖဆက်ဆံရေး ပျက်ပြားသွားသည်အထိ ဆိုးရွားလှသည်ဟု မူရင်းစာအုပ်တွင် ဖော်ပြထားသည်ကို ဖေးယိမှတ်မိ၏။
လက်ထပ်ပြီး နှစ်အနည်းငယ်အကြာတွင် မူလပိုင်ရှင်၏ဖခင်က ရုတ်တရက် သေဆုံးသွားခဲ့ပြီး လူငယ်တစ်ယောက်ကို သဂြိုလ်ခဲ့ရသော အဘိုးကြီးတစ်ယောက်၏ ပူဆွေးဝမ်းနည်းမှုကြောင့် ဖေးသခင်ကြီးက မူလပိုင်ရှင်၏မိခင်အား အပြစ်ပုံချခဲ့သည်။
နှစ်ဖက်လုံးက အချိန်အတော်ကြာအောင် တွန်းလိုက်ဆွဲလိုက် လုပ်နေခဲ့သည်။ ထိုအချိန်၌ မွေးခါစကလေးဖြစ်သော ဖေးယိက ဖေးအိမ်တော်မှာနေခဲ့ရပြီး သူ့ထက်နှစ်နှစ်ကြီးသော သူ့အစ်မက သူ့မိခင်နှင့် နေခွင့်ရခဲ့သည်။
နှစ်တွေကြာလာသည်နှင့် ဖေးသခင်ကြီးက ဖေးယိကို မိခင်၊ အစ်မဖြစ်သူတို့နှင့် ပေးမတွေ့တော့ပေမယ့် စိတ်ပျော့သော ဖေးသခင်မကြီးက သူတို့တွေ့ဆုံဖို့ တိတ်တဆိတ် စီစဥ်ပေးခဲ့သည်။
မူလပိုင်ရှင် မတော်တဆ အရူးဖြစ်သွားတော့လည်း ဤလျှို့ဝှက်တွေ့ဆုံမှုက မပြတ်တောက်သွားခဲ့ပေ။
ဖေးယိက ကုဒ်စာအုပ်ကိုဖွင့်ကာ ဒိုင်ယာရီအချို့ကို ဖတ်ကြည့်လိုက်သည်။ လက်ရေးဖြင့် ရေးထားသောစာမှာ ကောက်ကွေးနေပုံရသော်လည်း ၎င်းတို့က ယုတ္တိရှိသဖြင့် မူလပိုင်ရှင်၏ ထူးခြားသော အမှတ်တရာများက သူ့စိတ်ထဲမှာ တိုးဝင်လာခဲ့လေသည်။
တကယ်ကိုပဲ….
မထင်မှတ်ထားစွာ အရူးဖြစ်သွားသော မူလပိုင်ရှင်က တစ်ချိန်လုံး အသိစိတ်ကင်းမဲ့နေတာ မဟုတ်ပေ။ သူ ပြန်သတိရလာသော အကြိမ်အနည်းငယ်တွင် ဤဒိုင်ယာရီကို ရေးခဲ့သည်မှာ သိသာလှသည်။
ဖေးအိမ်တော်မှ သူ့အခြေအနေကို သတိထားမိပြီး သူ့မိခင်နှင့်အစ်မဖြစ်သူ ကြုံတွေ့နေရသော အခက်အခဲကိုလည်း သိတာကြောင့် မူလပိုင်ရှင်က သူ့ကိုချစ်သော လူတွေ ဘဝကောင်းမှာ ရှင်သန်နိုင်စေရန် ဖေးအိမ်တော်မှ ထွက်ပြေးချင်ခဲ့သည်။
သူ နည်းလမ်းရှာမတွေ့ခင်မှာ အိမ်ထောင်ရေးဆိုသော အရာကြောင့် လှုံ့ဆော်ခံလိုက်ရသဖြင့် မြစ်ထဲခုန်ချခဲ့သည်။
ဖေးယိက ကုဒ်စာအုပ်ကို သေချာပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ သူ့စိတ်ကူးနှင့် အစီအစဥ်များကို ထပ်လောင်းအတည်ပြုလိုက်သည်။
ယခု သူက စာအုပ်ကမ္ဘာထဲ ကူးပြောင်းလာပြီး မူလပိုင်ရှင်၏နေရာမှာ အစားထိုးလိုက်ပြီဖြစ်၍ သူက တစ်ဖက်လူ၏ မပြည့်ခဲ့သောဆန္ဒကို ဖြည့်ဆည်းပေးသင့်သည်။
စာအုပ်ပါဇာတ်ကွက်အရ ပေါ်မိသားစု၏ သခင်လေးကို လက်ထပ်ခဲ့ခြင်းမှာ သူတို့ကို အကာအကွယ်ဖြစ်သုံးကာ တိတ်တဆိတ်ငွေရှာချင်သည့်အပြင် သူသည်လည်း ဖေးမိသားစု၏ စောင့်ကြည့်ခံရခြင်းမှ လွတ်မြောက်ပြီး မူလပိုင်ရှင်၏ ဆွေမျိုးများနှင့် တွေ့ဆုံချင်လို့ဖြစ်သည်။
အရာအားလုံးက ယခုမှစတာဖြစ်၍ အလျင်စလိုလုပ်လို့မရပေ။
. . . . . .
စားပွဲပေါ်က နှိုးစက်နာရီလေးက ဆယ့်တစ်နာရီသို့ ညွှန်ပြနေ၏။
သန့်ရှင်းရေးလုပ်ပြီးသော ဖေးယိက ကုတင်ပေါ်မှာ လှဲနေလိုက်သည်။ ယနေ့မှာ ရုန်းရင်းဆန်ခတ်မှုတသီကြီးကို ကြုံတွေ့ခဲ့ရသော်လည်း သူ့မှာ အိပ်မပျော်သော အခက်အခဲမရှိလောက်အောင် ခေါင်းမာသောပြဿနာရှိနေဆဲဖြစ်၏။
ရုတ်တရက် အပြင်ဘက်ဧည့်ခန်းထဲတွင် လှုပ်ရှားမှုလေးတစ်ခုရှိနေသည်။
ဖေးယိက နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီး အိပ်ယာပေါ်မှာ အသာလေးထကာ ဖြစ်ပျက်နေတာကို သိရှိရန် တံခါးဖွင့်လိုက်သည်။
ညနက်နေလေပြီ။
ပေါ်ယွဲ့မင်က ဧည့်ခန်းထဲရှိ နံရံကပ်ဝိုင်စင်*ရှေ့၌ တစ်ယောက်တည်းရပ်နေသည်။ သူ့ဘေးရှိ စားပွဲပေါ်မှ ဖန်ပုလင်းက မကြာသေးမီက ဖွင့်ထားသော ဝိုင်နီများဖြင့်ပြည့်နေပြီး အလင်းရောင်အောက်တွင် ဆွဲဆောင်မှုရှိသော ရောင်ဝါတစ်ခုထွက်ပေါ်နေ၏။
(**နံရံမှာကပ်ထားတဲ့ ဝိုင်တင်တဲ့စင်လေးကို ပြောတာပါ။)
“……”
အရက်စွဲနေသော ဖေးယိက ချက်ချင်းဆိုသလိုပင် လောဘတက်လာ၏။ သူ့လည်စလုတ်က အနည်းငယ်လှုပ်ရှားသွားသည်။
ဝိုင်ဖန်ခွက်ကို လှုပ်ခါနေဆဲဖြစ်သော ပေါ်ယွဲ့မင်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ့ဘက်ကို ဇဝေဇဝါလှမ်းကြည့်လာသည်။ “......ဖေးယိလား?”
ဖေးယိ၏ မျက်လုံးများက အဆုံးမှာ သူ့မျက်နှာပေါ်ရွှေ့သွားပြီး တိုးတိုးလေးပြန်ဖြေလိုက်သည်။ “ဟုတ်”
တစ်ဖက်လူ၏ သရုပ်သကန်ကို အတည်ပြုပြီးနောက် ပေါ်ယွဲ့မင်က မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
သူက ညဘက်မှာ ဤနေရာတွင် တစ်ယောက်တည်းသောက်လေ့ရှိပြီး ယခုအခါ နောက်တစ်ယောက်ရှိနေခဲ့သည်။ သူမမြင်နိုင်သော်လည်း မသက်မသာဖြစ်ရသည်။
သို့သော် ဦးလေးခိုင်က ဖေးအိမ်တော်ရှိ ေဖေးယိ၏အခြေအနေကို တင်ပြပြီးလေပြီ။
ကလေးထိန်းကပင် သခင်၏ဦးခေါင်းကို တက်နင်းခဲ့သည်။ ထိုလူစားမျိုးက အိမ်ထောင်ရေးအတွက် အသုံးချခံဖြစ်ပြီး ပေါ်ကွမ်းချန်၏သူလျှိုမဖြစ်နိုင်ပေ။
ထိုအတွေးဖြင့် ပေါ်ယွဲ့မင်က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ “ဖေးယိ… ငါတို့မှာ လူကြီးတွေကို ဆန့်ကျင်လို့မရတဲ့ အမည်ခံအိမ်ထောင်ရေးပဲရှိတယ်။ ဒီထက်ပိုတာ ဘာမှရှိလာမှာမဟုတ်ဘူး။”
ပေါ်ယွဲ့မင်က ဖေးယိ၏ ရူးနှမ်းနေမှုကို လိုက်လျောညီထွေဖြစ်စေရန် တခြားသူများကဲ့သို့ သူ၏စကားပြောဆိုနှုန်းကို လျှော့မပေးခဲ့ပေ။
“မင်းဒီမှာနေချင်ရင် အစားအသောက်၊ အဝတ်အစား၊ နေရေးထိုင်ရေးနဲ့ သွားလာရေး အဆင်ပြေမယ်။ ထွက်သွားချင်ရင်လည်း မင်းကိုဆွဲမထားဘူး။”
ဖေးယိ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကော့တက်သွားပြီး စိတ်ထဲကနေ အကြိမ်တစ်ရာသဘောတူလိုက်သည်။
နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုကာ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ရပေ။ ဤသည်မှာ သူရှင်သန်ချင်သော နည်းလမ်းဖြစ်၏။
ဆိတ်ငြိမ်မှုကြားမှ ပေါ်ယွဲ့မင်၏စကားလုံးများက သတိပေးချက်တစ်ခုအဖြစ် ပြောင်းသွားသည်။ “မင်း သေချာနားထောင်ရမှာ တစ်ခုပဲရှိတယ်။ မင်းကို ငါ့အခန်းထဲဝင်ခွင့်မပြုဘူး။ မင်းဝင်တာကိုတွေ့ရင် ပေါ်အိမ်တော်ကနေ ချက်ချင်းမောင်းထုတ်မယ်။”
ဖေးယိက သူ့အနောက်က အခန်းဘက်သို့ လှမ်းကြည့်လိုက်ရာ ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။
ဗီလိန်ပေါ်ယွဲ့မင်က နောက်ပိုင်းမှာ မျက်လုံးပြန်ကောင်းလာမှာဖြစ်သော်လည်း ယခုချိန်မှာတော့ သူမမြင်နိုင်သေးပေ။ အခန်းထဲကို တစ်ယောက်ယောက်ခိုးဝင်သွားရင်တောင် သူမြင်နိုင်ပါ့မလား?
ပေါ်မိသားစုကနေ မောင်းထုတ်မယ်?
ဒါက အရူးလေးကို ခြိမ်းခြောက်ဖို့ တမင်ပြောလိုက်တာပဲ!
ဖေးယိက ကွေးညွတ်နေသော သူ့ပါးစပ်ထောင့်ကို အမြန်ဖုံးကာ နာခံမှုရှိသော အမူအရာဖြင့် ပြောလိုက်သည်။ “နားလည်ပါပြီ လောင်ကုန်း…. ကျွန်တော်မဝင်ပါဘူး။”
“…….”
ပေါ်ယွဲ့မင်၏ လေးနက်သောအမူအရာက အေးခဲသွားသည်။ သူက လက်ထဲရှိ ဝိုင်ခွက်ကို အောက်ချကာ မသက်မသာတုံ့ပြန်လိုက်သည်။ “နောက်တစ်ခုရှိသေးတယ်။ ငါ့ကိုဒီလိုမခေါ်နဲ့။ နောက်ကျနေပြီ… ပြန်နားတော့”
ပြောပြီးသည်နှင့် သူက သူ့အခန်းသို့ လှည့်ပြန်ကာ တံခါးပိတ်လိုက်သည်။
ဖေးယိက ကျိတ်ရယ်လိုက်မိသည်။ သူက ဝိုင်စားပွဲသို့ အမြန်ချဥ်းကပ်ကာ သူ့အခန်းသူပြန်ဖို့ အလျင်လိုမနေပဲ ပစ်ချထားသောဝိုင်ချက်ကို ကောက်ကိုင်ကာ ရှူရှိုက်လိုက်သည်။
ဂဏန်းခြောက်လုံးတန်ဖိုးရှိသည့် ခန်းတိဝိုင်က အသစ်ဖွင့်ထားလျက်ရှိပြီး တစ်ငုံနှစ်ငုံသောက်ကာ စွန့်ပစ်ခံထားရသည်။
ချမ်းသာတာက ချမ်းသာတာပေမယ့် ယင်းက အရင်းအမြစ် ဖြုန်းတီးရာကျသည်။
ပိတ်ထားသောတံခါးကိုမြင်တော့ ဖေးယိက ဝိုးတဝါးရေရွတ်လိုက်သည်။ “ငါတို့က အမည်ခံအိမ်ထောင်ဖက်တွေဆိုတော့လည်း ဖန်ခွက်တစ်ဝက်လောက် သောက်လိုက်တာက မများဘူးမလား?”
သို့သော် ဤအရာက သူ့စိတ်ကြိုက်အရသာကို ခံစားဖို့ မလုံလောက်သေးပေ။
ဖေးယိက ဝိုင်မြည်းရာ၌ အလွန်စိတ်ရှည်၏။ ပေါ်ယွဲ့မင် သူ့အခန်းသူပြန်သွားပြီး ပြန်ထွက်မလာမှာ သေချာစေရန် သူက ဝိုင်စားပွဲကိုမှီကာ ငြိမ်ငြိမ်လေးစောင့်နေခဲ့သည်။
အချိန်တိတ်တဆိတ်ကုန်ဆုံးသွားသည်။
ရုတ်တရက် အိပ်ခန်းမှာ ကျယ်လောင်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဖေးယိ၏နားစည်က တုန်ခါသွားခဲ့သည်။
“……”
ဖေးယိက မဝံ့မရဲ ချဥ်းကပ်သွားကာ တံခါးခေါက်လိုက်ပေမယ့် မည်သည့်တုံ့ပြန်မှုမျှ မရခဲ့ချေ။ တစ်ခုခုမှားနေတာကို ခံစားမိသဖြင့် သူက တံခါးလက်ကိုင်ဖုကို မသိစိတ်အလျောက် လှည့်ကာ တံခါးသော့ခတ်ထားခြင်းမရှိကြောင်း တွေ့လိုက်ရသည်။
ခိုင်ခံ့သော သစ်သားတံခါးက အလွယ်တကူပွင့်သွားပြီး ပေါ်ယွဲ့မင်၏ ဖိနှိပ်ထားသော အသံတိုးတိုးက တဝက်ပွင့်နေသော ရေချိုးခန်းတံခါးမှ ထွက်ပေါ်လာ၏။ တစ်ခုခုဖြစ်နေတာ သေချာသဖြင့် ဖေးယိက အမြန်ချဥ်းကပ်သွားကာ “အထဲမဝင်ရ”ဟူသော ပေါ်ယွဲ့မင်၏ သတိပေးချက်ကို လုံးလုံးမေ့သွားခဲ့သည်။
မူလပိုင်ရှင်၏ အရှက်ကြီးပြီး မဝံ့မရဲဖြစ်နေသော မျက်နှာဖုံးကို သူပြန်သုံးထားသော်လည်း ရေချိုးခန်းထဲသို့ ဝင်သွားသည့်အခိုက်အတန့်မှာ ၎င်းက ကျရှုံးသွားခဲ့သည်။
ရေချိုးခန်းက ရေနွေးငွေ့ဖြင့် ပြည့်နေပြီး ရင်းနှီးသောမြင်ကွင်းတစ်ခုပေါ်လာ၏။
ဖေးယိက သူ့ရှေ့ရှိ အရာအားလုံးကို စိုက်ကြည့်နေပြီး အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
ဝါး? အို့–
ဒါက ပိုက်ဆံမပေးပဲ ကြည့်လို့ရတဲ့အရာလား?