Chapter 05
ထိုအချိန်တွင် ပေါ်ယွဲ့မင်က ပြုတ်ကျနေပြီး ရေချိုးခန်းကြမ်းပြင်မှာ ထိုင်နေ၏။ ရေစက်၏အပူချိန်နှင့် တောက်ပမှုကို ပေါင်းစပ်လိုက်တော့ သူ့ခန္ဓာကိုယ်က စကားလုံးမဲ့သည့်အထိ ကြည့်ကောင်းလှသည်။
တစ်ယောက်ယောက်က ဆန္ဒရှိသည့်အတိုင်း အထဲဝင်လာသည်ကို အာရုံခံမိတော့ ပေါ်ယွဲ့မင်၏မျက်နှာပေါ်မှ နာကျင်မှုက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူက လမ်းကြောင်းမှန်ကို ရှာတွေ့ပြီး ရေချိုးသဘက်တစ်ထည် အမြန်ကောက်ဝတ်လိုက်သည်။ သူ ခက်ခက်ခဲခဲ ထရပ်ပြီးသောအခါ သူ၏နက်ပြာရောင်မျက်ဝန်းက လေးနက်သော အဓိပ္ပါယ်နှင့် ပြည့်နေခဲ့သည်။
“ဖေးယိ…. မင်းကို အထဲဝင်ခွင့်ပြုခဲ့လို့လား?!”
ဤအိမ်တွင် မည်သူမျှ သူ့အခန်းထဲ ဝင်ချင်သလို ဝင်လို့မရပေ။ ဦးလေးခိုင်လို အတွေ့အကြုံရှိသော အိမ်တော်ထိန်းပင်လျှင် သူ့ခွင့်ပြုချက်ကို အရင်ယူရသည်။
အခုမှရောက်လာတဲ့ ဖေးယိကလွဲရင် ဘယ်သူကများ မဆင်မခြင် ဖောက်ဝင်လာရဲလို့လဲ?
“……”
ဖေးယိက ပေါ်ယွဲ့မင်၏ မျိုသိပ်ထားသော ဒေါသကိုတွေ့လိုက်ရသဖြင့် သူက မူလပိုင်ရှင်၏ စကားနှင့် အတွေးကို တုပကာ ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။ “ကျွန်တော်…. အသံတစ်ခုကြားလိုက်လို့ပါ။ တံခါးပွင့်နေလို့။”
“တံခါးဖွင့်ထားလည်း ဝင်လို့မရဘူးလို့ ပြောထားတာ မေ့သွားပြီလား?”
ပေါ်ယွဲ့မင်၏လေသံက တုန်ယင်နေပြီး ဒေါသထွက်နေချိန်မှာ ပို၍ပင် အားမရှိသလို ခံစားလိုက်ရသည်။
ဖေးယိ၏ ဝင်ရောက်လာမှုက မကောင်းသောအကြံအစည်မရှိဘူးဆိုတာ သူသိသည်။ သို့သော် ရှက်စရာကောင်းအောင် ပြုတ်ကျသွားပြီး တစ်ဖက်လူ၏ အကြည့်ခံလိုက်ရသော ဖြစ်ရပ်နှစ်ခုက သူ့မာနနှင့် ကိုယ့်ကိုယ်ကိုလေးစားမှုကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးနေ၏။
ကားမတော်တဆမှုတွင် သူ့မျက်လုံးများ ထိခိုက်ဒဏ်ရာရသွားကတည်းက ပေါ်ယွဲ့မင်က သာမန်ဘဝမျိုးကို ထိန်းသိမ်းထားဖို့ မည်မျှကြိုးစားပါစေ အရာအားလုံးက သူ့ဆန္ဒအတိုင်း ဖြစ်မလာသလို သူဟာ အသေးအမွှားကိစ္စများ၌လည်း ကျရှုံးနေခဲ့သည်။
ယခုကဲ့သို့ပင်။ ကြမ်းပြင်ပေါ်ရှိ ရေအိုင်ကို မမြင်နိုင်သဖြင့် ရေချိုးခန်းတံခါးမှ ဖြတ်လာသည့်အခါ ချော်ချဖို့ လွယ်ကူခဲ့သည်။
နေ့ဘက်တွင် သူသည် အားလုံးရှေ့မှာ သိက္ခာဆယ်ပြီး မှောင်မိုက်မှုကို သည်းခံရသည်။ ညဘက်တစ်ယောက်တည်း ရှိနေစဥ်မှသာ သူက အိပ်ခန်းထဲမှာ ဒေါသနှင့် မလိုလားမှုတွေကို ဖွင့်ထုတ်နိုင်သည်။
အိပ်ခန်းတံခါးနှင့် ရေချိုးခန်းတံခါးကို သော့မခတ်ရခြင်း အကြောင်းအရင်းမှာ သူ မကိုင်တွယ်နိုင်သည့် မတော်တဆမှုမျိုးကို ကြုံတွေ့ရလျှင် သူ၏ တစ်ဦးတည်းသော လူယုံဦးလေးခိုင်က အလွယ်တကူဝင်လာပြီး ကူညီဖြေရှင်းပေးနိုင်ရန် ဖြစ်၏။
ယခုနက ချော်ကျသွားသည့်အခါ ပေါ်ယွဲ့မင်က နာကျင်မှုကို သည်းခံပြီး ဦးလေးခိုင်ကို မနှောင့်ယှက်ချင်ပေမယ့် မထင်မှတ်ထားစွာပင် အလိုက်မသိသော ဖေးယိရောက်လာခဲ့သည်။
“ထွက်သွား” ပေါ်ယွဲ့မင်က အသက်ပြင်းပြင်းရှူကာ အေးစက်သောအသံဖြင့် ဖိပြောလိုက်သည်။ “ငါ့အခန်းထဲက ချက်ချင်းထွက်သွား!”
“……”
မူလပိုင်ရှင်သာဆိုလျှင် ထိတ်လန့်တကြား ထွက်ပြေးသွားပေလိမ့်မည်။ သို့သော် မှန်လိုစိတ်ထားရှိသော ဖေးယိကမူ လုံးဝကြောက်ရွံ့ခြင်းမရှိပေ။
မူရင်းဝတ္ထုကို ဖတ်ပြီးနောက် ပေါ်ယွဲ့မင်၏ အပေါ်ယံဒေါသသည် သေးငယ်သောအရာများကို ထိန်းချုပ်နိုင်စွမ်းမရှိ၍ စိတ်ပျက်နေခြင်းဖြစ်ကြောင်း သူသိခဲ့သည်။
တစ်ချိန်က ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော ကလေးက တခြားသူများ၏ အမြင်တွင် “မျက်မမြင်”ဖြစ်လာရသည်။ နောက်ပိုင်းမှာ သူ့မျက်လုံးပြန်ကောင်းလာမည် ဆိုလျှင်ပင် အစောပိုင်းအဆင့်၌ နာကျင်မှုနှင့် အင်အားမဲ့နေမှုက သူ့စိတ်ဓာတ်ကို ပျက်ပြားစေဖို့ လုံလောက်သည်။
ဖေးယိက ပေါ်ယွဲ့မင်၏ ချောမောသော သွေးနှောမျက်နှာကို စိုက်ကြည့်ကာ မဆိုင်းမတွ ဆုံးဖြတ်ချက်ချလိုက်သည်။ “မသွားဘူး။ ခင်ဗျား… သွေးထွက်နေတယ်၊ ဒါကိုအရင်ရပ်အောင်လုပ်ရမယ်။”
မည်သို့ပင်ဖြစ်စေ သူက သူ၏”အိမ်ထောင်ဖက်”ကို အခါအားလျော်စွာ ဂရုစိုက်ပြီး နွေးထွေးမှုပေးပါက ဤ “ဗီလိန်ကြီး”၏ မကောင်းသော စိတ်အရှိန်ကို နှေးကွေးသွားစေကာ ဤမိသားစု၌ သူ့အခြေအနေလည်း ပို၍လွယ်ကူလာနိုင်သည်။
ဖေးယိက သူ့ရည်ရွယ်ချက်ကို ဖြေးဖြေးမှန်မှန် ပြောလိုက်သည်။ “ကျွန်တော် ကူညီပေးမယ်။”
ပေါ်ယွဲ့မင်က အရူးလေး ဖေးယိ ဤစကားမျိုးပြောလာမည်ဟု မထင်ထားခဲ့ပေ။ သူက ဝေဒနာ၏အရင်းအမြစ်ကို ဖြည်းဖြည်းချင်းရှာတွေ့သွားခဲ့သည်။
ညဘက်တံတောင်ဆစ်က ပူထူနေ၏။ သူချော်ကျခဲ့စဥ်က ကြမ်းပြင်နှင့် ရိုက်မိသွားတာဖြစ်နိုင်သည်။
“ငါ့ဘာငါလုပ်လိုက်မယ်။ မင်းထွက်သွား။”
“မရဘူး”
“…….”
ဖေးယိ သူ့ရှေ့မှာ ပြန်လည်ချေပရဲမည်လို့ ပေါ်ယွဲ့မင်မထင်ထားခဲ့သဖြင့် သူ အာစေးမိသွားရသည်။
ဖေးယိက ပေါ်ယွဲ့မင်၏ ဒဏ်ရာကိုကြည့်ကာ တစ်ခွန်းချင်းပြောလိုက်၏။ “သွေးထွက်လွန်နေတယ်။ ဦးလေးခိုင်က ဒီမှာမရှိဘူး။ ကျွန်တော်လုပ်နိုင်ပါတယ်။”
“…….”
သူ့တံတောင်ဆစ်မှ နာကျင်မှုက ပိုသိသာလာသည်။ သွေးထွက်လွန်နေသဖြင့် ဆေးအချိန်မီလိမ်းဖို့ လိုအပ်သည်။ ယခုချိန်မှာ ပေါ်ယွဲ့မင်က ဦးလေးခိုင်ကို အနှောင့်အယှက်မပေးချင်ပေမယ့် သူကိုယ်တိုင်လုပ်နိုင်တာလည်း မဟုတ်ပေ။
သူက ခဏလောက် နှုတ်ဆိတ်နေကော ချီတုံချတုံဖြစ်ပြီးမှ ရွေးချယ်စရာမရှိပဲ ပြောလိုက်လေ၏။ “ဖေးယိ”
ဖေးယိက တိုးညှင်းသောအသံဖြင့် ပြန်ထူးသည်။
“အပြင်ဘက်ဧည့်ခန်းထဲမှာ စားပွဲဖြူတစ်လုံးရှိတယ်။ ဆေးသေတ္တာက ဒုတိယအံဆွဲထဲမှာ….” ပေါ်ယွဲ့မင်က ၎င်းကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ ကြိုးစားကာ သူ့လေသံက ပျော့သွားခဲ့သည်။ “ငါ့ကို ယူပေးလို့ရမလား?”
ယခုလေးတင် သူ့လေသံက ခက်ထန်နေခဲ့သော်လည်း အကူအညီတောင်းနေသော သူ့အမူအရာက အတော်လေးကောင်း၏။
ဖေးယိက နှုတ်ခမ်းစေ့လိုက်သည် “ဟုတ်ကဲ့”
သူက အပြင်ဘက်ဧည့်ခန်းထဲကို ပြန်သွားပြီး ပေါ်ယွဲ့မင်၏ ဖော်ပြချက်အတိုင်း ဆေးသေတ္တာကို ရှာတွေ့ခဲ့သည်။ ၎င်းက လေးလံပြီး အထဲမှာ အသုံးများသော ဆေးဝါးတချို့ပါရှိသည်။
မျက်လုံးမှာ တစ်ခုခုမှားယွင်းနေသည့်အခါ များသောအားဖြင့် ခလုပ်တိုက်မိနေမှာပင်။
စက္ကန့်အနည်းငယ် ကြည့်ရှူပြီးနောက်မှာ ဖေးယိက တစ်ဖက်လူ၏ ကိုယ်ပေါ်မှာ အညိုအမည်းဒဏ်ရာတွေ ရှိနေတာကို တွေ့လိုက်ရသည်။
အခန်းထဲတွင် ပေါ်ယွဲ့မင်က သူ့ရေချိုးသဘက်ကို အနည်းငယ်ညှိကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သူက အခန်း၏အပြင်အဆင်နှင့် ရင်းနှီးပြီးသားမို့ ကုတင်ဘေးသို့ ခြေလှမ်းအနည်းငယ် ဆက်လျှောက်လိုက်သည်။ “ဖေးယိ… ရှာတွေ့လား?”
ဖေးယိက ဆေးသေတ္တာကို သူ့ထံ ကမ်းပေးလိုက်သည်။
“ကျေးဇူးပါ”
ပေါ်ယွဲ့မင်က ကုတင်ဘေးမှာထိုင်ပြီး ဆေးသေတ္တာကိုဖွင့်ကာ ရှာဖွေလိုက်သည်။ ရုတ်တရက် သူ့လက်ချောင်းထိပ်က ပူနွေးသောအမှတ်တစ်ခုကို မတော်တဆထိမိသွားခဲ့သည်။
ဖေးယိက သူ့အား ဂွမ်းသန့်သန့်လေးတစ်ခု လှမ်းပေးလိုက်သည်။ “ဒီမှာ”
“……”
ပေါ်ယွဲ့မင်က တစ်ခဏမျှ မျက်လုံးတွေ မှေးကျဥ်းသွားပြီး မသိစိတ်အလျောက် စမ်းကြည့်လိုက်သည်။ “ သွေးတိတ်အောင်လုပ်ဖို့ နိုတိုဂျင်ဆင်းအမှုန့်ပါတဲ့ ပုလင်းဖြူအသေးလေးလည်းရှိတယ်။”
ဖေးယိက ဆေးမှုန့်တွေကို တစ်ချက်ကြည့်လိုက်သည်။ သူ ဉာဏ်ကောင်းလွန်းနေလျှင် ပေါ်ယွဲ့မင် သဲလွန်စတစ်ခုခုကို သတိပြုမိသွားမှာ စိုးရိမ်သဖြင့် သူက မသိဟန်ဆောင်ကာ မရေမရာ နှစ်မျိုးကောက်ကိုင်ပြီး တစ်ဖက်လူအား သွေးတိတ်စေသည့်အမှုန့် ပေးလိုက်သည်။
ပေါ်ယွဲ့မင်က ပုလင်းအဖုံးကိုဖွင့်ပြီး ဆေးမှုန့်၏ရနံကို ရှူရှိုက်လိုက်ပြီးမှ ဂွမ်းဖြင့် သွေးသုတ်လိုက်သည်။ သူ့အမြင်အာရုံက မကောင်းတော့သဖြင့် သူက အချိန်အတော်ကြာသည်အထိ သန့်ရှင်းအောင် မသုတ်နိုင်ဖြစ်နေ၏။
အစွဲအလမ်းလွန်စိတ်ဝေဒနာ*ရှိသော ဖေးယိက စိုးရိမ်နေသည်။ သူက သွေးသုတ်ဖို့ ဂွမ်းတံကိုထုတ်လိုက်ပြီး ပေါ်ယွဲ့မင်က သူ့ကို ကြည့်မနေသော်လည်း သူက ဟန်ဆောင်နေဆဲပင်။ “ကျွန်တော်လုပ်လိုက်မယ်။”
(OCD)
ပေါ်ယွဲ့မင်က သူ့လှုပ်ရှားမှုကို ရပ်လိုက်ပြီး ဆေးပုလင်း ကမ်းပေးလိုက်သည်။ “သွေးထွက်နေတဲ့ဒဏ်ရာကိုတွေ့လား? အဲ့ဒီပေါ်မှာ ဆေးနည်းနည်းလိမ်းပေးပါ။”
ဖေးယိက ၎င်းကိုယူကာ သွေးထွက်နေသော ဒဏ်ရာပေါ်မှာ ဆေးမှုန့်ဖျန်းလိုက်ပြီး တစ်ဖက်လူ၏ အမူအရာမှ နာကျင်မှုကို ချက်ချင်းဖမ်းမိခဲ့သည်။ ဒဏ်ရာကို ဆေးဖျန်းခြင်းက မနာကျင်စေဘူးဆိုလျှင် အလိမ်အညာတစ်ခုသာ ဖြစ်ပေမည်။
ပေါ်ယွဲ့မင်၏ ခံနိုင်ရည်အားကိုမြင်တော့ ဖေးယိက ဒဏ်ရာတစ်ဝိုက်ကို ဖွဖွပွတ်ပေးကာ ဆေးလိမ်းပေးလိုက်သည်။
နွေးထွေးသော လက်ချောင်းထိပ်များက သူ့အရေပြားကို ထိလိုက်သည်နှင့် ဆေးလိမ်းလိုက်လို့ ဖြစ်ပေါ်လာသော နာကျင်မှုက ယားယံခြင်း၏ တိုက်စားခြင်းခံလိုက်ရသည်။ နည်းလမ်းက အမှားကင်းနေလေ၏။
“……”
လက်မောင်းပေါ်မှ လှုပ်ရှားမှုကို ခံစားမိသဖြင့် ပေါ်ယွဲ့မင်၏ နက်ပြာရောင်မျက်လုံးများထဲတွင် သံသယများ ရှိလာပြန်သည်။ “မင်း ဒါကိုဘယ်လိုသင်ခဲ့တာလဲ?”
တကယ်တော့ ဖေးမိသားစု၏ သခင်လေးက နေ့စဥ်ဘဝတွင် သူ့ကိုယ်သူဂရုမစိုက်နိုင်ဟု ကောလာဟလရှိနေခဲ့သည်။ ဖေးမိသားစုက ချဲ့ကားပြောဆိုနေရင်တောင် ဒီအပြောင်းအလဲက ကြီးလွန်းနေတယ် မဟုတ်ဘူးလား?
“ဦးလေးနဲ့ သူ့သူငယ်ချင်းတွေက ကျွန်တော့်ကိုရိုက်တယ်။ အဲ့ဒါကအရမ်းနာတယ်။” ဖေးယိက ပေါ်ယွဲ့မင် သံသယဝင်လာမည်ကို အစောတည်းက ခန့်မှန်းမိသဖြင့် သူက ဆင်းရဲဒုက္ခလှိုင်းတစ်ခုကို ကြိုကြားထည့်ရောင်းလိုက်သည်။ “ဒီကိုပွတ်ပေးရင် မနာတော့ဘူးလို့ အမေပြောခဲ့တာ။”
တစ်ဖက်သား၏ သံသယကိုဖယ်ရှားရန် ဤအကြောင်းပြချက်ကို အသုံးပြုကာ ဖေးမိသားစု၏ အယောင်ဆောင်မှုကို တိုးပွားစေခဲ့သည်။
သူ့လေသံက နူးညံ့ပြီး ရှက်ကြောက်နေပေမယ့် သနားစရာကောင်းသော ခွန်အားတစ်ခုကိုလည်း ပေါ်လွင်စေသည်။
ပေါ်ယွဲ့မင်က ပြောစရာပျောက်ရှသွားကာ တောင့်တင်းနေသော သူ့လက်က ဖြည်းဖြည်းချင်းပြေလျော့သွားပြီး ဘာမှဆက်မမေးတော့ပေ။
လိုချင်သောအဖြေကို ရလိုက်သဖြင့် ဖေးယိက သူ၏ရှက်ရွံ့နေသော အမူအရာကို ဖယ်ရှားကာ ဆေးလိမ်းပေးနေလိုက်သည်။
နှစ်ယောက်လုံး စကားမပြောဖြစ်ကြတော့ပဲ ရေချိုးခန်းထဲ၌ ကျဆင်းနေသော ရေသံများကိုသာ အခါအားလျော်စွာ ကြားနေရသည်။
ပေါ်ယွဲ့မင်က ဖေးယိ၏ စိတ်ရင်းအမှန်ကို မမြင်နိုင်သလို ခန့်မှန်းလို့လည်း မရသဖြင့် ဦးလေးခိုင် တင်ပြခဲ့သော အခြေအနေကို ပြန်စဥ်းစားလိုက်သည်။
ဖေးမိသားစုမှ ဖော်ပြထားသော ရူးသွပ်မှုနှင့် စိတ်မနှံ့မှုတို့နှင့် ယှဥ်လျှင် တစ်ဖက်လူက အော်တစ်ဇင်နှင့် ပို၍တူလေသည်။
ထိုသို့သော လူမျိုးက မတုံးအပေ။ သူတို့မှာ ကိုယ်ပိုင်တွေးခေါ်မှုပုံစံရှိပြီး မည်သို့သောနည်းအားဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရမည်ကို ကောင်းကောင်းသိသည်။ တမင်သက်သက် လှုံ့ဆော်ပေးခြင်းမရှိပဲ ညင်ညင်သာသာ ပြောဆိုဆက်ဆံပေးလျှင် သူတို့က နှလုံးသားဖွင့်ပေးပြီး အချိန်မီပြန်လည်ကောင်းမွန်လာနိုင်သည်။
သူ့တံတောင်ဆစ်ပေါ်မှာ အထိအတွေ့အနည်းငယ် ရှိနေဆဲပင်။
ပေါ်ယွဲ့မင်က ဆေးလိမ်းပေးနေသော ဖေးယိအား ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်တွင် ဗလာဖြစ်နေသော အနက်ရောင်သာရှိပေမယ့် သူ့မြင်ကွင်းကတော့ အနက်ရောင်မဟုတ်သော အရိပ်အယောင်တစ်ခုရှိနေသည်။ ယခုလိုဖြစ်လေ သူ၏တခြားသော အာရုံများ အဆမတန်ကြီးမားလာလေဖြစ်၏။
ဖေးယိ၏လက်ချောင်းထိပ်များက အနည်းငယ်ပူလာသည်။ ၎င်းတို့က နူးညံ့ပြီး အသားမာများ ရှိမနေသလို ထိုအခိုက်အတန့်မှာ ဒဏ်ရာကို ညင်ညင်သာသာ ပွတ်ပေးနေသည်။ ဆေး၏အာနိသင်ကြောင့် ဖြစ်နိုင်သည်။ ထိမိသောအရေပြားက ထုံကျင်သွားပြီး မသိမသာ ပူလောင်လာခဲ့သည်။
ထို့နောက် ဖေးယိက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါး၏အပူချိန်မှာ လက်ချောင်းထိပ်များထက်ပင် ပိုပူလာခဲ့သည်။
အကြောင်းပြချက်မရှိစွာပင် ပေါ်ယွဲ့မင်သည် ကလေးဘဝကမွေးခဲ့သော ကြောင်လေးအကြောင်း စဥ်းစားမိသွားသည်။ ၎င်းက သူ့လက်မောင်းကို ခြေဖဝါးနဲ့ ပွတ်လိုက်တိုင်း နူးညံ့နေပြီး နွေးထွေးမှုကို ခံစားရစေသည်။ မနာကျင်စေပဲ နှလုံးသားကို ယားယံစေတာပင်….
နောက်ပိုင်းမှာ သူ့မိခင်က သူ့ကိုစွန့်ပစ်ကာ ပျောက်ကွယ်သွားခဲ့သည်။ ထိုဆွေမျိုးများ၊ မိတ်ဆွေများနှင့် လူကြီးများက သူ့ကို အတင်းအဓမ္မ တရုတ်ပြည်ပြန်ခေါ်လာပြီး ပေါ်အိမ်တော်မှာ ထားခဲ့ကြသည်။ ထို့ကြောင့် ကြောင်လေးကလည်း သူနဲ့ကွဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ဆယ် ကုန်ဆုံးသွားခဲ့သည်။ သူ့မှတ်ဉာဏ်ထဲမှာ ကြောင်လေးမရှိတော့သလို သူ့ကိုစွန့်ပစ်ဖို့ ရွေးချယ်ခဲ့သည့် အမျိုးသမီးလည်း ဘယ်တော့မှ ပြန်ပေါ်လာမှာ မဟုတ်ချေ။
သိပ်မကြာခင်မှာ ဘေးက တိုးညှင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
ပေါ်ယွဲ့မင်က နစ်မြှုပ်နေသော အတွေးများမှ ပြန်ထွက်လာကာ သူ့မျက်ဝန်းက အတန်ငယ် အာရုံလွင့်နေခဲ့သည်။ “ပြီးပြီလား?”
သူ့လက်ကောက်ဝတ်ပေါ်ရှိ တွန်းအားပျောက်ကွယ်သွားကာ ဆေးက အာနိသင်ပြလာသည်။ ပူထူပြီး ယားယံနေသည့် ခံစားချက်အစား ကြည်လင်အေးမြသော ခံစားချက်က တဖြည်းဖြည်း အစားထိုးဝင်ရောက်လာသည်။
အစွဲလန်းလွန် စိတ်ဝေဒနာကို ခံစားနေရဆဲဖြစ်သော ဖေးယိက ဆေးသေတ္တာကို ထုတ်ပိုးရင်း အလုပ်ရှုပ်နေပြီး သူ့ကို လျစ်လျူရှုထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ မူလပိုင်ရှင်က များသောအားဖြင့် နှုတ်ဆိတ်နေတတ်ပြီး မလိုအပ်ပဲ စကားမပြောတာကြောင့် သူက လက်တွေ့ကျကျ ဟန်ဆောင်နိုင်ခဲ့သည်။
တုံ့ပြန်မှုမရတော့ ပေါ်ယွဲ့မင်က ကျင့်သားမရသဖြင့် ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ်။”
ကလစ်…
သေတ္တာပိတ်သွားသည်။
ဖေးယိက သူ့ရှေ့မှာ ထိုင်နေဆဲဖြစ်သော ပေါ်ယွဲ့မင်ကိုကြည့်လိုက်ရာ ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။ သူ့မျက်လုံးက စိတ်ဝင်တစား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေ၏။ “ခင်ဗျား…. ကျွန်တော့်ကို မောင်းမထုတ်နဲ့။ နောက်တစ်ခါမဖြစ်စေရဘူး။”
ဝမ်းနည်းကြောက်ရွံ့မှုက သတိထားနေသော အရိပ်အမြွက်တစ်ခုနှင့် လိုက်ပါလာပြီး ခံစားချက်များက အပြည့်အဝေဖောက်ပြန်နေသည်။
— မင်းကို ငါ့အခန်းထဲဝင်ခွင့်မပြုဘူး။ တွေ့ခဲ့ရင် ပေါ်အိမ်တော်ကနေ ချက်ချင်းမောင်းထုတ်မယ်။
ပေါ်ယွဲ့မင်က ခက်ထန်သော သူ၏သတိပေးစကားကို သတိရသွားပြီး လမ်းပျောက်နေခြင်းကဲ့သို့ ရှားပါးသည့်ခံစားချက်တစ်ခုကို ကြုံတွေ့လိုက်ရသည်။
(** ကိုယ့်စကားကြောင့် အခုချိန်မှာ ဘာပြောရမှန်းမသိဖြစ်သွားတာကို ပြောတာပါ)
ဖေးယိ၏ အပြင်ပန်းအသွင်အပြင်နှင့် နားမလည်နိုင်သော ပေါင်းသင်းဆက်ဆံရေးကြောင့် သူက ဤအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်မရှိတော့တာဖြစ်နိုင်သည်။ အဆုံးမှာ ဤကိစ္စကို ဦးဆောင်သော လူတွေက နှစ်ဖက်မိသားစု၏ လူကြီးတွေဖြစ်ပြီး တစ်ဖက်လူကလည်း သူ့လိုပင် အားနည်းချက်ရှိ၍ ဤကိစ္စ၌ ရွေးချယ်ခွင့်မရှိခဲ့ပေ။
“ဒီညဖြစ်ခဲ့တာကို ထည့်မတွက်ဘူး။ ငါ မင်းကို မောင်းမထုတ်ပါဘူး။” ပေါ်ယွဲ့မင်၏ တင်းမာနေသော ပုံရိပ်က တစ်ခဏမျှ ပြေလျော့သွားပြီး သူက ထပ်ပြောလိုက်လေ၏။ “နောက်ဆို မင်းကိုယ်တိုင်ထွက်မသွားချင်သရွေ့ ဘယ်သူမှငါ့ကိုကျော်ပြီး မင်းကိုမောင်းထုတ်ရဲမှာမဟုတ်ဘူး။”
ဖေးယိက မျက်ခုံးပင့်ကာ အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ “အင်း”
ဤနေ့လည်က ဥယျာဥ်ခြံထဲရှိ အေးစက်သော တောင်းဆိုချက်များနှင့်ယှဥ်လျှင် ယခုချိန်က သက်တောင့်သက်သာပိုရှိနေခဲ့သည်။ ဒါက အခြေအနေပြောင်းပြန်ဖြစ်သွားတာလား?
ပေါ်ယွဲ့မင်က သူ၏ရှားရှားပါးပါး ရှက်ရွံ့နေမှုကို ဖိနှိပ်လိုက်သည်။ “ဟုတ်ပြီ။ မင်းအခန်းပြန်ပြီး အနားယူတော့။ နောက်ဆိုရင် ဦးလေးခိုင်ကို အကူအညီတောင်းပါ။”
နောက်ကျနေပြီဖြစ်၍ ဤအပိုင်းလေး ပြီးသွားသင့်သည်။
ဖေးယိကလည်း ဆက်မနေချင်တော့သဖြင့် မတ်တပ်ထရပ်ကာ ထွက်သွားသည်။
အိပ်ခန်းတံခါးပိတ်လိုက်သောအခါ သူက သူ၏ချစ်စရာကောင်းသော မျက်နှာဖုံးကို ချက်ချင်းချွတ်ပစ်ကာ သူ့ပါးစပ်ထောင့်က ကော့တက်သွားလေသည်။
ဗီလိန်ဖြစ်သွားသော ပေါ်ယွဲ့မင်က နောက်ပိုင်းမှာ စိတ်ဖောက်ပြန်နေသာ်လည်း ယခုချိန်မှာတော့ ပြောဆိုဆက်ဆံရတာ သိပ်မဆိုးလှပေ။
ဤအိမ်ထောင်ရေးနှင့် ပူးပေါင်းမှုကြားမှာ သူက သူ့ဘဝလွယ်ကူစေရန် တစ်ခုခုတော့လုပ်ရမည်။ ဟုတ်တယ်မလား?
စဥ်းစားနေစဥ်မှာ ဖေးယိ၏မျက်လုံးများက ဝိုင်စားပွဲပေါ် ကျရောက်သွားခဲ့သည်။ အခြေအနေကို အမြန်အတည်ပြုပြီးနောက် အကျိုးအကြောင်းမသင့်သော စိတ်ပျက်မှုနှင့် နောင်တတို့က သူ့ရင်ထဲမှာ စုပြုံလာခဲ့သည်။
သူ စောစောသိခဲ့လျှင် စိတ်ပျော့ပြီး ပေါ်ယွဲ့မင်ကို ကူညီပေးခဲ့မှာမဟုတ်ပေ။
ယခုတော့ သူ့ကိုအကြာကြီးစောင့်နေသည့် ဝိုင်နီကို ဆုလာဒ်အဖြစ်ပင် တစ်စက်မှမသောက်ခဲ့ရပေ!