Ch 6
Viewers 28k

Chapter 06


နောက်နေ့မနက်မှာ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အိမ်တော်ထိန်းဦးလေးခိုင်က သူ့ကို တလေးတစားလာနှိုးခဲ့သည်။ “ဖေးသခင်လေး… နိုးပြီလား?”

အိပ်ရေးမဝသော ဖေးယိက စောင်ဖြင့် အသံကိုပိတ်ဆို့ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူက သူရောက်ရှိနေသော ပတ်ဝန်းကျင်ကို ပြန်တွေးလိုက်ပြီး စောင်ထဲမှ မထွက်ချင်ထွက်ချင် ရုန်းထွက်ကာ တံခါးဖွင့်ဖို့ ထလိုက်သည်။

– ဒေါက် ဒေါက်..

တံခါးကိုအကြာကြီးခေါက်နေသော ဦးလေးခိုင်က နောက်ဆုံးမှာ တံခါးပွင့်လာတာကို တွေ့လိုက်ရသည်။

“ဦးလေးခိုင်”


ဖေးယိမှာ ရှုပ်ပွနေသော ဆံပင်နှင့် အိပ်ငိုက်နေသော မျက်လုံးများရှိပြီး သူ့အသံက ပျင်းရိလေးတွဲနေ၏။ သူ၏ပါးပြင်ပေါ်တွင် အနီကွက်တစ်ခုရှိပြီး သူ၏ မှင်တက်နေသော အသွင်အပြင်မှာ ချစ်ဖို့ကောင်းလှသည်။


ဦးလေးခိုင်က အထက်တန်းကျောင်းတက်နေသော သူ့သားအငယ်ဆုံးလေးကို စဥ်းစားကာ ပြုံးမိသွားသည်။ “သခင်ငယ်လေး… ဗိုက်ဆာနေပြီလား? အောက်ထပ်မှာ မနက်စာသွားစားတော့မလား?”


ဖေးယိက ဦးလေးခိုင်၏ အခေါ်အဝေါ်ပြောင်းသွားပုံကို ကြားလိုက်ရစဥ် သူ့အတွေးများက အိပ်ငိုက်နေမှုကြောင့် နှစ်စက္ကန့်လောက် နှေးကွေးသွားခဲ့သည်။

ဦးလေးခိုင်က သူ့သံသယများကို မြင်သွားပုံရပြီး အရင်ရှင်းပြလိုက်သည်။ “ဒီမိသားစုထဲမှာ အသက်အရွယ်အရ သခင်လေးတစ်ယောက်ရှိပြီးသားဖို့ နောက်ဆို မလိုအပ်တဲ့ ပြဿနာတွေမဖြစ်ရအောင် ဒုတိယသခင်လေးက စကားလုံးပြောင်းသုံးဖို့ ပြောထားလို့ပါ။”

၎င်းကိုကြားတော့ ဖေးယိက မူရင်းစာအုပ်ထဲက ပေါ်မိသားစုမှာ သခင်လေးနောက်တစ်ယောက်ရှိတာကို သတိရသွားသဖြင့် ခေါင်းညိတ်ပြလိုက်သည်။


ခေါင်းစဥ်တစ်ခုပဲမို့ ပြောင်းရအဆင်ပြေပါတယ်။


ဦးလေးခိုင်က သူ့နာရီပေါ်က အချိန်ကို ကြည့်လိုက်သည်။ “သခင်လေး… အောက်မဆင်းခင် သန့်ရှင်းရေးလုပ်လိုက်ပါလား? အကူညီလိုသေးလား?”

ဖေးယိက ခေါင်းခါလိုက်သည်။

မူလပိုင်ရှင်တောင် သူ့ကိုယ်သူဂရုစိုက်နိုင်ရင် သူဆိုရင် ပို့လို့တောင်မလိုအပ်ဘူးမလား….


ဦးလေးခိုင်က သူ့ကို တိုက်တွန်းမနေတော့ပဲ ရိုးရှင်းသည့်အဖြေရပြီးနောက် အောက်ထပ်ဆင်းသွားလေသည်။ ဖေးယိက ရေချိုးဖို့ အခန်းထဲပြန်ဝင်သွားပြီး ခရီးဆောင်အိတ်ကို ဖွင့်လိုက်မှသာ ပြဿနာနဲ့တိုးတော့သည်။


မနေ့ညက ဖေးအိမ်တော်၏ အဆိပ်ငွေ့မှ* ရုန်းထွက်လာရသဖြင့် သူက ဗီရိုထဲမှ အဝတ်အစားအစုံအနည်းငယ်သာ ဖြစ်သလိုဆွဲယူလာခဲ့ရသည်။ ယခုမူ သူသေချာကြည့်လိုက်တော့ မူလပိုင်ရှင်၏ အဝတ်အစားအားလုံးနီးပါးက နှစ်ပေါင်းများစွာ ဝတ်ပြီး၍ လျှော်ဖွပ်ခဲ့သည့် အကြိမ်ရေများလွန်းလို့ ဖြူဖပ်ဖြူရော်ပင် ဖြစ်နေလေ၏။

(*ရုန်းရင်းဆန်ခတ်ပြဿနာကိုပြောတာပါ)

ဖေးယိက ရိုးရှင်းသော တီရှပ်ဖြူနှင့် အနက်ရောင်ဘောင်းဘီတစ်ထည်ကိုသာ ထုတ်ယူဝတ်ဆင်လိုက်ရသည်။

သူကြီးပြင်းလာသော ပတ်ဝန်းကျင်နှင့် စိတ်ဓာတ်ကြောင့် မူလပိုင်ရှင်၏အသွင်အပြင်မှာ ဖြူဖွေးပြီး ငယ်ရွယ်ပေမယ့် ခန့်ညားမနေပဲ နူးညံ့သော နို့ကြောင်လေး သို့မဟုတ် ယုန်ဖြူလေးနှင့် တူနေ၏။


သို့သော် ယခုအခါ သူ့တွင် ဤမျှလောက် နက်မှောင်သော အတွင်းစိတ်ရှိနေလေပြီ။


ရေချိုးပြီးနောက် ဖေးယိ အောက်ထပ်ဆင်းလာသည်။ ပထမထပ်ရှိ မီးဖိုချောင်က မနက်စာရနံ့နှင့် ပြည့်နေသည်။

ပေါ်ယွဲ့မင်က သူ့နေရာသူထိုင်ပြီး စားပွဲပေါ်၌ ပန်းကန်လွတ်တစ်ခုရှိနေ၏။ သူစားပြီးလောက်ပြီပင်။

“သခင်ငယ်လေး…. ဒီမှာလာထိုင်ပါ။ ဘာစားချင်လဲ?” ဦးလေးခိုင်က ဖျော်ထားသောကော်ဖီကို ပေါ်ယွဲ့မင်၏လက်ထဲ ထည့်ပေးလိုက်သည်။ “ဆန်းဝစ်ချ်နဲ့ ပေါင်မုန့်တွေရှိတယ်။ စတိခ်နဲ့ ကြက်ဥလည်းကြော်ခိုင်းလိုက်လို့ရတယ်။”

ဖေးယိက မနက်စာအတွက် အများကြီးမလိုအပ်သဖြင့် စားပွဲပေါ်က ပေါင်မုန့်လိပ်ကို ကောက်ကိုင်လိုက်သည်။

၎င်းကိုမြင်တော့ ဦးလေးခိုင်က မေးလာသည်။ “ဘာသောက်ချင်လဲ? ကော်ဖီသောက်မလား?”

ဖေးယိက ပေါ်ယွဲ့မင်၏လက်ထဲမှ ကော်ဖီပူပူကို တစ်ချက်ကြည့်ကာ သူ့လျှာနောက်ဘက်ခြမ်းက ခါးနေပြီဟု ခံစားလိုက်ရသည်။ သူ မနေ့ညက မသောက်ခဲ့ရသော ဝိုင်နီကို ရုတ်တရက်သတိရသွားပြီး နှုတ်ခမ်းကို အသာလေးသပ်လိုက်သည်။

သူမပြောနိုင်ခင်မှာ ပေါ်ယွဲ့မင်က ဖြေလိုက်သည်။ “အိမ်မှာ နို့ရှိသေးလား? သူ့အတွက် တစ်ခွက်နွေးပေးဖို့ ပြောလိုက်။”

“……”

ဖေးယိက ပြောစရာပျောက်ရှသွား၏။


သူ့ညွှန်ကြားချက်ကို ရရှိပြီးနောက် ဦးလေးခိုင်က ခေါင်းညိတ်ပြီး ဖေးယိအား မေးလိုက်သည်။ “သခင်ငယ်လေး…  နို့ပူပူလေးသောက်ချင်လား?”

ဖေးယိ၏ “ဟင့်အင်း” က လည်ချောင်းထဲမှာ တစ်သွားပြီး သူက သူ့ပုံရိပ်ကိုထိန်းရန် စကားပြောင်းလိုက်ရသည်။ “ဟုတ်ကဲ့…. သောက်ချင်ပါတယ်။”

ဝိုင်နီ၊ ကော်ဖီတို့နှင့်ယှဥ်လျှင် နို့ကဲသို့ အချိုရည်များက မူလပိုင်ရှင်၏ပုံရိပ်နှင့် ပိုကိုက်ညီ၏။

ဦးလေးခိုင်က မီးဖိုချောင်ထဲဝင်ပြီး ပြင်ဆင်နေသဖြင့် ကျယ်ဝန်းသော ထမင်းစားခန်း၌ ဖေးယိနှင့် ပေါ်ယွဲ့မင်သာ ကျန်ခဲ့သည်။ အလွန်တိတ်ဆိတ်နေလေ၏။

ပေါင်မုန့်အပိုင်းလေးကို ကိုက်စားလိုက်စဥ် ဖေးယိက တစ်ဖက်လူ၏ တံတောင်ဆစ်ကို မသိစိတ်အလျောက် စိုက်ကြည့်လိုက်သည်။

.

မနေ့ညက သွေးတိတ်စေဖို့ ဆေးမှုန့်ဖျန်းခဲ့ခြင်းနှင့် ယှဥ်လျှင် ယခုချိန်မှာ ဒဏ်ရာကို ရေစိုခံပြီး ပိုးမဝင်နိုင်သော ဆေးပလာစတာတစ်ခုဖြင့် ကပ်ထား၏။

ပေါ်ယွဲ့မင်က ကော်ဖီတစ်ငုံသောက်လိုက်သည်။ “ဒဏ်ရာကောင်းသွားပါပြီ။”

ဖေးယိက ပေါင်မုန့်ဝါးနေတာကိုရပ်ကာ ပေါ်ယွဲ့မင်အား သံသယဖြင့် ကြည့်လိုက်သည်။.

တစ်ဖက်လူ၏မျက်ဝန်းက လှိုင်းတံပိုးများကင်းစင်သော ပင်လယ်နက်ကြီးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး ဘာမှမမြင်ရသော်လည်း အသေးစိတ်ကျသော အလင်းရောင်ဖြင့် ပြည့်နှက်နေ၏။


ပေါ်ယွဲ့မင်က ကော်ဖီခွက်ကို ချထားလိုက်သည်။ “ငါ့ကိုကြည့်နေတုန်းပဲလား?”

“မဟုတ်တာ…မကြည့်ပါဘူး။”

လူမိသွားသော ဖေးယိက ခဏတာ ငြိမ်သက်နေခဲ့သည်။ ပေါ်ယွဲ့မင် တစ်ဖက်ခြမ်းမှ မေးနေစဥ် သူက ပေါင်မုန့်လိပ်ကို မျိုးချပြီးခါစဖြစ်၏။ “ဖေးယိ… မင်းအမေနဲ့ တွေ့ချင်လား?”

“……”

ဖေးယိက တစ်ခဏမျှ အံ့အားသင့်သွားပြီး တစ်ဖက်လူက ထိုကိစ္စကို ပြောလာမယ်လို့ မထင်ထားခဲ့ပေ။

ပေါ်ယွဲ့မင်က ဖေးယိ၏တုံ့ပြန်မှုကို မကြားရသည့်အပြင် သူ့အမူအရာကိုလည်း မလေ့လာနိုင်ပေမယ့် ပြောပြီးသားစကားကို လမ်းတစ်ဝက်နဲ့ ရပ်လိုက်ဖို့ သူ မရည်ရွယ်ထားပေ။

“နှစ်ဖက်မိသားစုက လက်ထပ်ပွဲအတွက် မစီစဥ်ခင်မှာ ငါ မင်းရဲ့အခြေအနေကို စုံစမ်းဖို့ လူလွှတ်ခဲ့တယ်။” ပေါ်ယွဲ့မင်က ထိုအချက်ကို မဖုံးထားပေ။ “မစ္စရှုနဲ့ မစ္စဖေးတို့က မြို့ပေါ်မှာနေတာကြာပြီလို့ ကြားခဲ့တယ်။ သူတို့ မင်းရဲ့အိမ်ထောင်ရေးအကြောင်းသိရဲ့လား?”

ဖေးယိက ခေါင်းခါကာ ပေါ်ယွဲ့မင်၏မျက်လုံးတွေကို ချက်ချင်းသတိရသွားသည်။ “အဘိုးက ကျွန်တော့်ကို သူတို့နဲ့ပေးမတွေ့ဘူး”


ပေါ်ယွဲ့မင်က ယခုလိုဖြစ်နေမယ်လို့ ခန့်မှန်းခဲ့ပြီးသားပင်။ “သူတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး သိစေချင်ရင် နေ့လည်ပိုင်းမှာ မင်း သူတို့နဲ့တွေ့လို့ရအောင် ဦးလေးခိုင်ကို လိုက်ပို့ခိုင်းလိုက်မယ်။”


ဖေးယိက ဤအကြံပြုချက်ကို ကြားသောအခါ အံ့အားသင့်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

မနေ့ညက မအိပ်ခင်မှာ သူက မူလပိုင်ရှင်၏ မိခင်နှင့် အစ်မကို မည်သို့တွေ့ရမည်လဲ စဥ်းစားနေခဲ့ပေမယ့် သူနိုးလာသည့်အခါ ပေါ်ယွဲ့မင်က သူ့ကို တွေ့ခွင်ပေးမည်ဟု မထင်ထားခဲ့ပေ။

ဖေးယိက စိတ်ပိုင်းဖြတ်လိုက်ပေမယ့် မူလပိုင်ရှင်၏ အပြုအမူကိုတော့ မမေ့ခဲ့ပေ။ “ကျွန်တော်… ကျွန်တော်သွားလို့ရလား?”


ပေါ်ယွဲ့မင်က ပူနွေးနေသော ကော်ဖီခွက်ကို လက်ချောင်းထိပ်များဖြင့် ပုတ်လိုက်သည်။ “ရတယ်။”


မနေ့ညက သူ့ဒဏ်ရာကို ဆေးလိမ်းပေးနေစဥ် ဖေးယိက ပေါ်ယွဲ့မင်ကို သူ့မိခင်အကြောင်း ပြောပြခဲ့သည်။ စကားလေးတစ်ခွန်းဖြစ်သော်လည်း ပေါ်ယွဲ့မင်က အမှတ်ရနေခဲ့သည်။

တစ်ဖက်လူက တွေ့ချင်နေတာကြောင့် သူက ဦးလေးခိုင်ကို လိုက်ပို့ခိုင်းလိုက်မည်။

ပထမအချက်မှာ မနေ့ညက ဖေးယိိ၏ကြင်နာမှုကို “ကျေးဇူးဆပ်ရန်”ဖြစ်၏။


ထို့နောက် ဒုတိယအချက်မှာ ဦလေးခိုင်အား ထိုသားအမိ၏ သရုပ်မှန်ကို စုံစမ်းခိုင်းဖို့ဖြစ်သည်။ သို့မှသာ အနာဂတ်တွင် လောဘကြီးပြီး ယုံကြည်လို့မရသော လူတွေက ဖေးယိ၏အမည်ကို အသုံးချကာ ပေါ်မိသားစုအား ဒုက္ခမပေးနိုင်မှာဖြစ်သည်။

. . . . . .

နေ့လည်နှစ်နာရီလောက်မှာ ကားက ပျက်စီးယိုယွင်းနေသော လမ်းကြားတစ်ခု၏အဝင်ဝမှာ ရပ်သွားသည်။ 

မူလပိုင်ရှင်၏ ဒိုင်ယာရီက မူလပိုင်ရှင်၏မိခင်ဖြစ်သူ ရှုဝမ်၏လိပ်စာကို ဖော်ပြထားသည်။ ၎င်းက ပေါ်ယွဲ့မင် လျှို့ဝှက်စုံစမ်းထားသော နံပါတ်၂၆၊ ပိုင်ယန်လမ်းကြားလိပ်စာနှင့် ကိုက်ညီ၏။

ကျောက်ပြားများဖြင့် ဆောက်လုပ်ထားသောလမ်းက ကြမ်းတမ်းပြီး ချိုင့်များဖြင့်ပြည့်နေကာ နှစ်ဖက်လုံးရှိ လမ်းနံရံမှာ ရေညှိများနှင့် ကြော်ညာစာရွက်များဖြင့် ပြည့်နေသည်။ ရိုးရိုးသားသားပြောရလျှင် ဤရပ်ကွက်ရှိ အိမ်ရာများက ကောင်းတယ်လို့ သတ်မှတ်လို့မရသလို ဝေးလည်းဝေးသည်။

ဖေးယိက လမ်းကြားမှာ ခြေချလိုက်သည်နှင့် သူ့စိတ်ထဲမှာ ကျန်ရှိနေသော အမှတ်တရများ ထွက်ပေါ်လာသည်။ မူလပိုင်ရှင်၏ အမေနှင့်အစ်မက အနှစ်နှစ်ဆယ်ကျော် ဤနေရာမှာနေထိုင်ခဲ့ပြီး တစ်ကြိမ်မှ မပြောင်းရွှေ့ခဲ့ပေ။

ဦးလေးခိုင်က ပြောလိုက်သည်။ “သခင်ငယ်လေး… ဒီနေရာကိုမှတ်မိလား? ဒီနေရာမှန်လား?”

ဖေးယိက ခေါင်းညိတ်ပြသည်။ သူ စကားမပြောနိုင်ခင်မှာ လမ်းကြားထဲမှ စကားများရန်ဖြစ်သံများ ထွက်ပေါ်လာသည်။

“ငါက အိမ်ရှင်လား မင်းကအိမ်ရှင်လား?”

“မင်း အိမ်လခမပေးနိုင်ရင် ဒီကထွက်သွား! ဒီမှာ အကြာကြီးနေခဲ့ရုံနဲ့ အိမ်ကိုပိုင်သွားပြီထင်နေလား? မင်းက ငါ့အိမ်မှာ အတင်းတက်နေပြီး ထွက်မသွားချင်ဘူးပေါ့လေ”

“လကုန်မဟုတ်တော့ ဘာဖြစ်လဲ? မင်း ဒီစာချုပ်မှာ လက်မှတ်မထိုးရင် ဒီကထွက်သွားလိုက်တော့! ဆွေးနွေးစရာ ဘာအကြောင်းမှမရှိတော့ဘူး!”


ခြေလှမ်းများနီးကပ်လာသည်နှင့်အမျှ ငြင်းခုံသံများ ပိုကျယ်လောင်လာသည်။

– ဒုန်း!


နံပါတ်၂၆ တံခါးဝမှ ပစ္စည်းများ လွင့်ထွက်သွားပြီး မြေပြင်မှာ ပြန့်ကျဲသွားလေ၏။ ထို့နောက် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက အားဖြင့်တွန်းထုတ်ခံလိုက်ရပြီး တံခါးဝ၌ လဲကျသွားခဲ့သည်။

“အား….”

အမျိုးသမီး၏ဆံပင်က အနည်းငယ်ရှုပ်ထွေးနေပြီး မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သူမလက်ကောက်ဝတ်က ကျောက်ခဲနှင့် ခြစ်မိကာ သွေးစွန်းသွားခဲ့သည်။

သူမက နာကျင်မှုကို ဂရုမစိုက်ပဲ မြေပြင်ပေါ်တွင် ပစ်ချခံထားရသော ဓာတ်ပုံနှစ်ပုံကို ကောက်ယူကာ သူမမျက်နှာပေါ်၌ အကူအညီမဲ့နေခဲ့သည်။ “မစ္စတာကျန့်… လူတွေကို အဲ့လောက်အနိုင်မကျင့်ပါနဲ့!”

ဖေးယိက ဓာတ်ပုံများ၏ အရိပ်အယောင်ကို မျက်လုံးထောင့်မှ ဖမ်းမိလိုက်ပြီး သူ့အမူအရာက အတန်ငယ်ပြောင်းလဲသွားခဲ့သည်။

ကတုံးဆံပင်ပေါက်နှင့် သာမန်ရုပ်ရည်ရှိသော အမျိုးသားတစ်ဦးက တံခါးအပေါက်ဝကို ဖြတ်ကျော်ကာ သက်လတ်ပိုင်းအမျိုးသမီးအား ထေ့ငေါ့လိုက်သည်။ “သနားစရာကောင်းအောင် လုပ်ပြမနေနဲ့။ ငါဘာမှမဝယ်ဘူး!”

ထိုသို့ပြောပြီးနောက် သူက ဖေးယိ၊ ဦးလေးခိုင်နှင့် အနီးနားရှိ တခြားလူများကို သတိထားမိသွားပြီး ရိုင်းရိုင်းစိုင်းစိုင်း အော်ထုတ်လိုက်လေ၏။ “မင်းတို့ကဘယ်သူလဲ..ဟမ်… ဘာလို့ငါ့အိမ်ရှေ့မှာရပ်ပြီး ပွဲလာကြည့်နေတာလဲ? ထွက်သွားစမ်း… ထွက်သွားကြ!”

သက်လတ်ပိုင်းအမျိုးသမီးက ၎င်းကိုကြားသောအခါ ဘေးဘက်ဝဲယာကို နှေးတုံ့နှေးတုံ့ကြည့်လိုက်ပြီး ဖေးယိနှင့် မျက်လုံးချင်းဆုံသွားခိုက် သူမက အံ့သြဝမ်းသာသွားခဲ့သည်။

“ ရှောင်ယိ…ရှောင်ယိ! ဒီကို ဘယ်လိုရောက်လာတာလဲ?”

ဖေးယိက တစ်ဖက်လူ၏ သရုပ်သကန်ကို တရားဝင်အတည်ပြုလိုက်သည်။ ယင်းမှာ မူလပိုင်ရှင်၏ မိခင်ရှုဝမ်ဖြစ်၏။ သူက အမြန်လျှောက်သွားလိုက်ပြီး တစ်ဖက်လူကို မြေကြီးပေါ်မှ ဆွဲထူကာ လက်ကောက်ဝတ်ပေါ်ရှိ ခြစ်ရာကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

“နာလား?”

“ ရှောင်ယိ…. ဒါတကယ် ငါ့ရဲ့ရှောင်ယိပဲ…အာ!”

ရှုဝမ်က သူမ၏သားအရင်းကို တွေ့လိုက်ရသည့်အတွက် ထိတ်လန့်မှုကြား နစ်မြုပ်နေခဲ့သည်။ ထို့ကြောင့် သူမက မေးခွန်းမေးလာသော လေသံကို  သတိမထားမိခဲ့ပေ။ သူမက ဖေးယိ၏ပခုံးကို တုန်တုန်ယင်ယင် ပွတ်သပ်နေကာ အာစေးမိနေပြီး ဘယ်ကစပြောစရမလဲ မသိတော့ပေ။

“အမေ သေချာကြည့်ပါရစေဦး။ မင်းဘာလို့ အရမ်းပိန်သွားတာလဲ? မင်းလက်က ဒဏ်ရာတွေကဘာတွေလဲ?”

မိခင်နှင့်သား၏ကြားက နွေးထွေးမှုမှာ စက္ကန့်အနည်းငယ်သာ ကြာခဲ့ပြီး အိမ်ရှင်က ကြားဖြတ်ပြောလာခဲ့သည်။ “ဟေး.. ဒါမင်းအမြဲပြောနေတဲ့ ကျပ်မပြည့်တဲ့သားလေးဆိုတာလား?”

“သူ အချိန်မီရောက်လာတာပဲ! မင်း ဒီနေ့ ငှားခတိုးမပေးရင် ဒီကနေတူတူထွက်သွားကြတော့!”

သူ့လေသံက ပိုရိုင်းလာသည်။


အိမ်ရှင်၏ဒေါသက ဖေးယိကို ကြောက်လန့်စေမှာ စိုးရိမ်သဖြင့် ရှုဝမ်က သူမ၏ကူကယ်ရာမဲ့နေသော အတွင်းစိတ်ကို အတင်းဖိနှိပ်ကာ သူမသားကို နောက်ပို့ထားလိုက်သည်။ “မစ္စတာကျန်း… ကျွန်မသားကို မဆွပါနဲ့။ ပြောစရာရှိရင် စကားကောင်းကောင်းပြောရအောင်။ သူ့ကို မခြောက်ဖို့တောင်းဆိုပါတယ်။”

သူမအသံက နူးညံ့နေပေမယ့် တင်းမာသော အသံတစ်ခု နောက်ကကပ်ပါလာသည်။ “အမေ! ဒီအရှက်မရှိတဲ့ လူယုတ်မာနဲ့ ဘာတွေပြောနေတာလဲ!”

လူတိုင်းက ရောက်လာသော လူကို တစ်ပြိုင်တည်းကြည့်လိုက်တော့ လှပပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် မိန်းမငယ်လေးတစ်ယောက်က အပြေးရောက်လာခဲ့သည်။ သူတို့မျက်လုံးချင်းဆုံသွားတော့ သူမက မူလပိုင်ရှင်၏ အစ်မ ဖေးယွမ်ဖြစ်မှန်း ဖေးယိသိလိုက်သည်။


ဖေးယွမ်က ဖေးယိကို အံ့သြဝမ်းသာသော အပြုံးဖြင့် ကြည့်လိုက်ပြီးမှ ရှုဝမ်၏ ဒဏ်ရာရထားသော လက်ကောက်ဝတ်ကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်သည်။ “အမေ… ရှောင်ယိ ဘာလို့ဒီရောက်နေတာလဲ? အားလုံးအဆင်ပြေရဲ့လား?”

“လူယုတ်မာ”ဟု အခေါ်ခံရသော ကတုံးဆံပင်ပေါက်နှင့် အိမ်ရှင်က ဒေါသတကြီး ရှေ့တိုးလာသည်။ “*ိး… . မင်း ဘယ်သူ့ကို လူယုတ်မာလို့ခေါ်လိုက်တာလဲ?”

ဖေးယွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူမက သေးသေးလေးဆိုပေမယ့် သူမ၏မိခင်နှင့် မောင်လေးရှေ့မှာ ရပ်တည်ပေးဖို့ သတ္တိရှိနေဆဲပင်။ “ကျန့်ပင်း… ဒီသားအမိက ရှင့်ကို ထပ်ခါထပ်ခါ သည်းခံနေမယ် မထင်လိုက်နဲ့!”

“အရင်ခြောက်လက ကျွန်မတို့ အစပိုင်းမှာချုပ်ထားတဲ့ စာချုပ်ကို ရှင်ချိုးဖောက်ပြီး လစဥ်အိမ်ငှားခ ၅၀၀၀ကနေ ၆၀၀၀ ၊ ၆၀၀၀ကနေ ၈၀၀၀ တိုးခဲ့တယ်။ ပြီးတော့ အခု ၁၀၀၀၀ အထိ တိုးချင်နေပြန်ပြီ!”

(* USD နဲ့ဆို700/850/1200/1500 အသီးသီးပါ)


“ကျွန်မတို့ သဘောမတူတာနဲ့ ရှင်က ပြဿနာရှာဖို့ ဖောက်ဝင်လာတာ! အရင်တစ်ခေါက်က ရှင် ကျွန်မအမေကိုတွန်းချပြီး ခြေထောက်အဆစ်လွဲအောင် လုပ်ခဲ့တယ်။ အခုလည်း သူမလက်ကောက်ဝတ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်! ဘယ်သူက ကျိုးကြောင်းမဆီလျော်ပဲ အရှက်မရှိငြင်းခုံနေတာလဲ သိသာနေတာပဲလေ!”

ဤအခန်းက အလွန်သေးပြီး ရှုဝမ်နှင့် သူမ၏ခင်ပွန်း ဖေးရူယဲ့တို့ အိမ်ထောင်တစ်ခု စတင်ခဲ့သည့်နေရာလည်းဖြစ်၏။

မူလအိမ်ပိုင်ရှင်က အလွန်သဘောကောင်းသော ကျန့်ပင်း၏ မိခင်ဖြစ်၏။


လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်က သူမသည် ရှုဝမ်၏ အခက်အခဲများကို သိရှိခဲ့ပြီး အားလပ်ရပ်များမှာ သူမအား အမြဲဂရုစိုက်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကုန်စျေးနှုန်းများ မြှင့်တက်လာခဲ့သော်လည်း မူလအိမ်ပိုင်ရှင်၏ အိမ်ငှားခက သူတို့သားအမိတတ်နိုင်သော ပမဏမအတွင်း ရှိနေခဲ့သည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က မူလအိမ်ပိုင်ရှင်သည် အဆိုပါအိမ်ကို သူမ၏ သားဖြစ်သူ ကျန့်ပင်းထံ လွှဲပြောင်းပေးခဲ့သည်။ တစ်ဖက်လူက အိမ်ကိုရပြီး ချက်ချင်းဆိုသလိုပင် စျေးနှုန်းတိုးပေးဖို့ တောင်းဆိုခဲ့သည်။

ရှုဝမ်နှင့် ဖေးယွမ်က အစပိုင်းမှာ လက်ခံသဘောတူခဲ့သည်။ သူတို့က မိခင်ဖြစ်သူ၏ မျက်နှာသာပေးမှုကို ဆက်လက်ရရှိခဲ့တာကြောင့် နှစ်ဦးနှစ်ဖက်လုံးက အငှားစာချုပ်ကို ပြန်လည်ချုပ်ဆိုခဲ့ပြီး စပေါ်ငွေပေးချေကာ နှစ်လတစ်ကြိမ် အိမ်ငှားခပေးရန် သဘောတူခဲ့ကြသည်။

ရှုဝမ်က သူ့သမီးကို အိမ်ငှားခအများကြီးမပေးစေချင်တာကြောင့် စောစောထကာ အချိန်ပိုင်းအလုပ်နှစ်ခုလုပ်ပြီး နောက်ကျမှပြန်လာပေမယ့် သူမ ဘယ်တုန်းမှ မညည်းညူခဲ့ပေ။ ခြိုးခြံချွေတာခဲ့သော နှစ်များမှ လက်ကျန်စုဆောင်းငွေများဖြင့် အိမ်ငှားခပေးဖို့ မခက်ခဲခဲ့ပေ။

မမျှော်လင့်ထားသည်မှာ နှစ်ဝက်ကြာပြီးနောက် ကျန့်ပင်းက ငှားခတိုးမည့်အကြောင်းကို ပြန်ပြောလာခဲ့သည်။


ဤအိမ်က ရှုဝမ်၏ အမှတ်တရများစွာကို သယ်ဆောင်ထားပြီး သူမက အလွယ်တကူ မပြောင်းချင်ခဲ့ပေ။ ထို့အပြင် ဖေးသခင်မကြီး ဆုံးပါးသွားပြီးနောက်တွင် သားအမိနှစ်ယောက်က ဖေးမိသားစု၏ အပယ်ခံရပြီး ဖေးယိအား အချိန်အကြာကြီး မတွေ့ခဲ့ရပေ။


ဤအိမ်လိပ်စာက ဖေးယိ သူတို့အား ရှာတွေ့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့သည်။

သားဖြစ်သူနှင့် မောင်လေးကြောင့်…..

(**မိခင်၏ သား၊ အစ်မဖြစ်သူ၏ မောင်လေးဖြစ်နေလို့ဟု ဆိုလိုပါတယ်)

သားအမိနှစ်ယောက်က ထပ်ခါတလဲလဲ အံကြိတ်ကာ ငှားခတိုးပေးဖို့ သဘောတူခဲ့ပေမယ့် ကျန့်ပင်းက တရားလွန်လာမယ်လို့ သူတို့မထင်ထားခဲ့ပေ!


ဖေးယွမ်က ၎င်းအကြောင်းစဥ်းစားလေ ဒေါသပိုထွက်ကာ ဝမ်းနည်းရလေဖြစ်ပြီး တုန်ယင်နေသောအသံဖြင့် စွပ်စွဲပြောဆိုလိုက်သည်။ “ကျန့်ပင်း… ဒီရပ်ကွက်က အိမ်တွေကို ဒီစျေးနဲ့ ငှားလို့မရဘူး! ကျွန်မတို့ဒီအိမ်ကို လိုအပ်နေတာ ရှင်သိလို့ မိဘမဲ့နဲ့ မုဆိုးမတွေကို အနိုင်ကျင့်ဖို့လွယ်တယ်လို့ တွေးပြီး ငှားခတွေကို အဆမတန်တိုးခဲ့တာမလား!”

ထိုလူက အငှားစာချုပ်ကို ချိုးဖောက်ပြီး ငှားရမ်းခကို အဆမတန်တိုးခဲ့သည်။ အိမ်ငှားခကောက်ခံဖို့ ရောက်လာတိုင်း ထိုလူ၏အကြမ်းဖက်မှုက ပိုမိုပြင်းထန်လာခဲ့သည်။ အိမ်ငှားခယွမ်တစ်သောင်းက အင်ပါယာမြို့တော်မှာ အသေးအမွှားပမာဏတစ်ခုမှ မဟုတ်တာလေ!

“ကျွန်မပြောလိုက်မယ်! အငှားစာချုပ်နဲ့ လွှဲပြောင်းမှုစာချုပ်တွေအားလုံးကို ကျွန်မသိမ်းထားတယ်!”

ဖေးယွမ်က ကျန့်ပင်း၏ လူကောင်ကြီးပြီး အရပ်ရှည်သော ရုပ်သွင်ကိုကြောက်သော်လည်း သူ့မိခင်နှင့် မောင်လေး၏ မသိနားမလည်မှုကြောင့် သူမက ခက်ခက်ခဲခဲ အသက်ရှူလိုက်ကာ “ရှင်မဆင်မခြင် ထပ်လုပ်ရင် ကျွန်မရဲတိုင်မယ်! ဘယ်သူက ယုတ်မာပြီး ဆင်ခြင်တုံတရားကင်းမဲ့လဲဆိုတာ ကြည့်ကြသေးတာပေါ့!”

“မင်း…..”


ကျန့်ပင်းက သူမှားနေတာကို သိပေမယ့် ဖေးယွမ်အရှေ့မှာ အရှက်မကွဲချင်ပေ။ သူက သူ့ရှေ့ကလူကို ခြောက်လှန့်ရန် ဒေါသတကြီး လက်သီးရွယ်လိုက်သည်။ “ငါ မိန်းမတွေကို မရိုက်ရဲဘူးမထင်လိုက်နဲ့!”

ခြိမ်းခြောက်သော စကားလုံးများ ကျလာသည်နှင့်–

သားအမိနှစ်ယောက်၏ ကာကွယ်ပေးခံထားရသော ဖေးယိက သည်းမခံနိုင်တော့ပဲ သူ့ကို ပြေးထိုးလိုက်တော့သည်!

________________________________________