Ch 7
Viewers 28k

Chapter 07


– ခွပ်…

ကျန့်ပင်းက ခပ်ပြင်းပြင်းအထိုးခံလိုက်ရ၍ နောက်ပြန်လဲကျသွားပြီး တံခါးဝက ဖိနပ်စင်နှင့် တိုက်မိသွားခဲ့သည်။

ဖိနပ်စင်ထောင့်မှာ သွေးစွန်းရာတစ်ခု ထွက်ပေါ်လာပြီး စူးရှသောနာကျင်မှုက သူ့ဒေါသကို ကြီးထွားစေခဲ့သည်။


“ဟေ့ကောင်! မင်းသေချင်နေတာလား ဟမ်!”


ကျန့်ပင်းက ရုတ်တရက် မြေကြီးပေါ်မှထလာကာ ဖေးယိ၏မျက်ဝန်းများထဲမှ ပြိုးပြိုးပြက်ပြက်နိုင်သော အလင်းရောင်တစ်ခုကို မမျှော်လင့်ပဲ တွေ့လိုက်ရသည်။

ခဏလေးဆိုပေမယ့် လောလောလတ်လတ် ခံစားလိုက်ရသော အေးစက်မှုက အကြာကြီးမသုံးပဲ ပစ်ထားသော ဓားတစ်လက်နှင့်မတူပဲ ထက်ရှလွန်းသော ဓားတစ်ချောင်းနှင့်တူ၏။

ကျန့်ပင်းက ခဏလောက် တုံ့ဆိုင်းနေခဲ့သည်။

နောက်ဘက်မှာရပ်နေသော ဦးလေးခိုင်က ပြဿနာကို ချက်ချင်းနားလည်သွားကာ သူနဲ့အတူလိုက်ပါလာသော ယာဥ်မောင်းနှင့် သက်တော်စောင့်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ ထိုနှစ်ယောက်က တုံ့ပြန်ပြီး ကျန့်ပင်းကို ထိန်းချုပ်ရရန် ရှေ့တိုးလာကာ ဘယ်နှင့်ညာမှာ ဝန်းရံလိုက်သည်။

ကျန့်ပင်းက နှစ်ကြိမ်လောက် ရုန်းလိုက်ပေမယ့် မလွတ်မြောက်နိုင်သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ “ခင်ဗျားကဘယ်သူလဲ ဟမ်? ကျုပ်ကိုဘာလို့ချုပ်ထားတာလ?”

“ဒီသားအမိနှစ်ယောက်က ကျုပ်အိမ်ကို အပိုင်စီးဖို့ပြောနေတာ မကြားလို့လား? အဲ့ဒီအရူး ကျုပ်ကိုထိုးလိုက်တာရော မမြင်လို့လား? ကျုပ်ရဲခေါ်မယ်! ဒီကိစ္စဖြေရှင်းဖို့ ရဲခေါ်မယ်!”


ကျန့်ပင်း၏အသံမှာ ပိုမိုကျယ်လောင်လာပြီး အခြေအနေကို လာစစ်ဆေးဖို့ အိမ်နီးချင်းများကို ဆွဲဆောင်ခဲ့သည်။

ဖေးယိက သူ့လက်ဆစ်က နာကျင်မှုကို ဖိနှိပ်ကာ တကိုယ်ကောင်းဆန်ပြီး အရေထူသောကျန်ပင်းကို နှစ်ကြိမ်ထပ်ထိုးလိုက်ချင်ပေမယ့် သူက ပတ်ဝန်းကျင်ရှိ လူများ၏ မသက်မသာဖြစ်မှုကို အာရုံခံမိသွားပြီး သူ့ကိုယ်သူ ယာယီထိန်းချုပ်လိုက်ရသည်။

ဤသည်မှာ အင်ပါယာမြို့တော်ဖြစ်၏။

ကျန့်ပင်းက စာချုပ်အရ အိမ်ရှင်ဖြစ်၏။ သူ စာချုပ်ချိုးဖောက်ပြီး ငှားခတိုးတောင်းကာ သားအမိနှစ်ယောက်ကို အရင်အနိုင်ကျင့်ခဲ့သည့်တိုင် သူသာ အတင်းအကြပ် ဒဏ်ရာရအောင် လုပ်မိပါက မလိုလားအပ်သော ပြဿနာတွေဖြစ်လာမှာကို ဖေးယိ စိုးရိမ်မိသည်။

ထိုထက်ပိုသည်မှာ သူ့ခန္ဓာကိုယ်သေးသေးလေးက ယခုချိန်မှာ သန်စွမ်းခြင်းမရှိပဲ ယခုနက ထိုးချက်ကြောင့် နာနေသေးသည်။ ထို့အပြင် ဤကိစ္စသာ ပေါ်ယွဲ့မင်၏နားထဲရောက်သွားလျှင် တစ်ဖက်လူက သူ့ကို ပြဿနာရှာနေသည်ဟု ထင်ကာ စိတ်ဆိုးသွားပေလိမ့်မည်။

ထိုအတွေးဖြင့် ဖေးယိက သူ့အမူအကျင့်ကို အမြန်ပြောင်းလိုက်ရသည်။

သူကိုယ်တိုင်လုပ်ရမှာ အဆင်မပြေသည့်အတွက် သူက ပြဿနာကိုဖြေရှင်းပေးရန် တခြားလူများကို အသုံးချရလိမ့်မည်။

ဖေးယိက သူ့နောက်က ဦးလေးခိုင်ကို လှည့်ကြည့်ကာ တောင်းဆိုသောအကြည့်ဖြင့် ခေါ်လိုက်သည်။ “ဦးလေးခိုင်”

ဖြူစင်အပြစ်ကင်းသော မျက်နှာပေါ်တွင် ဒေါသအလွှာပါးလေးတစ်ခုရှိနေပြီး သူ့မျက်ဝန်းထောင့်များက အလွယ်တကူပျောက်ကွယ်မသွားသော နီမြန်းမှုတစ်ခု စွန်းထင်းနေခဲ့သည်။ ဒေါသကြောင့် ရိုးရှင်းသော ခေါ်သံမှာပင် ထိန်းချုပ်မရသော တုန်လှုပ်မှုတစ်ခုပါသွားခဲ့သည်။

ကျန့်ပင်းသည် အစတည်းက နှလုံးသားမဲပြီး မရိုးသားသော လူတစ်ယောက်ဖြစ်သည်ဟု ဦးလေးခိုင် ခံစားရသည်။ ဖေးယိက နူးညံ့တဲ့အသံနဲ့ အကူအညီတောင်းဖို့ လိုပါ့မလား? သူက ကူညီချင်နေတာကြာပြီပင်။

သူက ရှေ့တိုးကာ နှစ်သိမ့်လိုက်သည်။ “သခင်ငယ်လေး… ဒေါသမထွက်ပါနဲ့။ ဦးလေး ဒီကိစ္စကို ဖြေရှင်းလိုက်ပါမယ်။”

.“ဖြေရှင်းလိုက်မယ်? !”

ကျန့်ပင်းက ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ဒုတိယနှင့် တတိယအကြိမ် ကြိုးစားခဲ့သော်လည်း သူလက်နာသွားတာပဲ အဖက်တင်သည်။ သူက စကားအပြောအဆို ပိုရိုင်းလာခဲ့သည်။ “အဘိုးကြီး ခင်ဗျားက သေတော့မယ်အရွယ်ရောက်နေပြီ၊ ဘာကိုဖြေရှင်းမှာလဲ!”

“……”

ဦးလေးခိုင်က အိမ်တော်ထိန်းတစ်ယောက်ဖြစ်သော်လည်း ငယ်ငယ်လေးတည်းက မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ ပေါ်ဖေးကျစ်နှင့် အလုပ်အတူလုပ်ခဲ့ပြီး ယခုအခါ သူက တခြားသူများရှေ့မှာ အရေထူလာခဲ့သည်။ ယခုအခိုက်အတန့်မှာတော့ သူက “သေတော့မယ့်အဘိုးကြီး”လို့ အခေါ်ခံလိုက်ရလေသည်။

ဦးလေးခိုင်၏ပါးစပ်က အတန်ငယ်အေးခဲသွားပြီး သူက ဟန်ဆောင်ပြုံးလိုက်သည်။ “မစ္စတာကျန့်ပြောသလိုပါပဲ။ ကျုပ်တို့ရဲခေါ်ကြမယ်။”

ကျန့်ပင်းက တခဏမျှ အံ့အားသင့်သွားကာ ပွဲကြည့်နေသော အိမ်နီးချင်းများကလည်း ရှုပ်ထွေးသွားကြသည်။

တကယ်တော့ ကြီးကြီးမားမားကိစ္စကို အသေးအမွှားအဖြစ်ပြောင်းကာ အသေးအမွှားကိစ္စကိုတော့ မရှိခဲ့သလို ကျော်သွားလို့ရသည်။ မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားတာ အကောင်းဆုံးပင်။ ဒီကိစ္စမှာ ရဲတွေဝင်ပါစရာလိုလား?


ဦးလေးခိုင်က ဒရိုက်ဘာနှင့် ဘော်ဒီဂတ်ကို အချက်ပြကာ ကျန့်ပင်းကိုလွှတ်ပေးလိုက်ပြီး ဖေးယိအား ချက်ချင်းကြည့်လိုက်သည်။ “ကျုပ်တို့မိသားစုရဲ့ သခင်ငယ်လေးက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပြီး ကိုယ်ခံအားလည်း သိပ်မရှိပါဘူး။ ခုနက ထိုးချက်ကလည်း သူ့အစ်မကိုကာကွယ်ဖို့ပါ။”

“မစ္စတာကျန့်က ဒါကိုဖြေရှင်းချင်ရင်တော့ သခင်ငယ်လေးရဲ့ အုပ်ထိန်းသူကို ရှာပြီး ဖြေရှင်းရလိမ့်မယ်။ မစ္စရှုက သခင်ငယ်လေးရဲ့ မိခင်အရင်းဆိုတော့ အုပ်ထိန်းသူတစ်ယောက်အဖြစ် သတ်မှတ်လို့ရတယ်။”

“ဒါပေမယ့် ခင်ဗျားက သူ(မ)ကိုထိခိုက်အောင် အရင်လုပ်ခဲ့တဲ့သူပဲ”

“……”

ရှင်းလင်းသော စကားတစ်စွန်းစီက ကျန့်ပင်းအား ပြောစရာပျောက်ရှသွားစေသည်။

ဖေးယိက ဦးလေးခိုင်၏ အတွေးကို ချက်ချင်းနားလည်သွားပြီး သူ့မျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာမှ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ 

ပထမဦးစွာ ၎င်းသည် ယခုနက သူ့ထိုးချက်၏ပြင်းထန်မှုကို လမ်းကြောင်းလွှဲခြင်းဖြစ်ပြီး ထပ်ဆောင်းအနေဖြင့် လမ်းနံရံမှာ စောင့်ကြည့်ကင်မရာများ ရှိနေပြီး ကျန့်ပင်းကလည်း ရှုဝမ်၏လက်ကို ဒဏ်ရာရစေခဲ့သည်။

ယခုလို အသေးအဖွဲကိစ္စမျိုးက ရဲတွေဆီရောက်သွားလျှင် ပေါ့ပေါ့တန်တန် ဖြေရှင်းကာ နှစ်ဖက်လုံးက ဆေးဖိုးအလျော်ပေးရလိမ့်မည်။

သို့သော် ကိစ္စနှစ်ရပ်က ကွာခြားနေ၏။

နှစ်ဖက်ကြားမှ “ငြင်းခုံရင်းခိုက်ရန်ဖြစ်ပွားမှု” ကိစ္စအသေးလေးကို ဖြေရှင်းပြီးလျှင် “စာချုပ်ဖောက်ဖျက်မှုနှင့် စျေးတက်ခြင်း” ကိစ္စကြီးကို ဖြေရှင်းရတော့မည်။

ထင်သည့်အတိုင်းပင် အတွေ့အကြုံရှိသော ဦးလေးခိုင်က တည်တည်ငြိမ်ငြိမ် သတိပေးလိုက်သေးသည်။ “မစ္စတာကျန်းက အိမ်ရှင်တစ်ယောက်အနေနဲ့  စာချုပ်ကာလအတွင်း စာချုပ်နှစ်ကြိမ်ဖောက်ဖျက်ပြီး စျေးသုံးကြိမ်တိုးမြှင့်ခဲ့တယ်။ ဘယ်သူမှားပြီး ဘယ်သူမှန်လဲ လူတိုင်းကရင်ထဲကနေ သိကြပါတယ်။”

“ဒီလိုဆိုတော့ ကျုပ်ထွေထွေထူးထူး မပြောတော့ဘူး။ စာချုပ်နဲ့ လွှဲပြောင်းမှုသက်သေအားလုံးက မစ္စဖေးရဲ့လက်ထဲမှာရှိနေတော့ နောက်ဆက်တွဲကိစ္စတွေကို မိသားစုရှေ့နေ့အဖွဲ့ဆီ အပ်ရတော့မှာပဲ။”


ကျန့်ပင်း၏ အထိုးခံရသော ပါးစပ်ထောင့်မှာ ပူထူကာ နာကျင်နေပြီး သူ့ပါးစပ်မှာ သွေးစို့နေသေးသည်။ ကျန့်ပင်းက တံတွေးမျိုချကာ ဖေးယိ၏နောက်ခံကို သံသယရှိလာခဲ့သည်။

ဘယ်လိုမိသားစုအခြေအနေလဲ ဟမ်?

ပြီးတော့ မိသားစုရှေ့နေအဖွဲ့ဆိုတာက? လူကိုဖြဲခြောက်နေတာပဲ!

ဦးလေးခိုင်က ကျန့်ပင်း၏ ထိတ်လန့်သွားသော အမူအရာကို မြင်လိုက်ရပြီး သူ့လေသံက လေးနက်လာသည်။ “မစ္စတာကျန်း… တရားခွင်မှာ အရှုံးပေးဖို့ ကြိုပြင်ဆင်ထားပြီး လျော်ကြေးပေးဖို့ ငွေပြင်ထားပါလို့ ကျုပ်အကြံပေးချင်တယ်။ အိမ်နီးချင်းတွေကလည်း အမှန်တရားကို သက်သေလိုက်ပေးဖို့ မျှော်လင့်ပါတယ်။”

“…….”

ဦးလေးခိုင်၏မျက်လုံးများထဲမှာ လိမ်ညာနေပြီး သတ္တိရှိချင်ယောင်ဆောင်နေသော အရိပ်အယောင်မရှိသဖြင့် ကျန့်ပင်းက နောက်ဆုတ်သွားခဲ့သည်။

မူလက သူသည် ဤသားအမိကို ကိုင်တွယ်ရလွယ်ကူသည်ဟု ထင်ကာ ငှားခပိုတောင်းဖို့ အခွင့်အရေးယူခဲ့သည်။ သူ ဘာလို့တရားရုံးသွားချင်ရမှာလဲ? ငွေမရတဲ့အပြင် ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ!”


အနားကလူတွေက ဦးလေးခိုင်၏ အကူညီတောင်းသော အသံကိုကြားသောအခါ တချို့အိမ်နီးချင်းဟောင်းများက ရပ်ကြည့်မနေနိုင်တော့ပေ။ “ကျန့်ပင်း… မင်းက မိဘတွေကို အရှက်ခွဲနေတာပဲ!”

“အဘိုကြီးကျန့်နဲ့ သူ့ဇနီးက ဒီလောက်စိတ်ထားကောင်းတာ။ တစ်ချိန်လုံး တံခါးလာခေါက်ပြီး အိမ်ငှားခပိုတောင်းနေတဲ့ မင်းလိုအရှက်မရှိတဲ့ အယုတ်တမာကို ဘယ်လိုမွေးခဲ့တာလဲ? မင်းက သူများကို လှည့်စားပြီး ငွေဖြူကို အမည်းဖြစ်အောင် ပြောင်းချင်တာလား?”

“လူလိမ်ပဲ! အစ်မရှုတို့သားအမိ ဘယ်လောက်အေးလဲ ဒီရက်ကွက်ထဲမှာ ဘယ်သူမသိလို့လဲ? ရှောင်ယွမ်.. ဒီလူကြီးမင်းပြောတာကိုနားထောင်ပြီး သူ့ကိုတရားရုံးမှာ တရားစွဲပစ်လိုက်! ပိုက်ဆံယူပြီး တခြားပိုကောင်းတဲ့နေရာမှာ ငှားလိုက်!”

အိမ်နီးချင်းများက သူတို့သဘောထားကို ထုတ်ပြောလာပြီး အားလုံးက ရှုဝမ်နှင့် ဖေးယွမ်တို့ဘက်မှာ နေပေးကြသည်။

“……”

ကျန့်ပင်းက ယခုလို တံတွေးတွေးခံရမယ်လို့ မမျှော်လင့်ထားပေ။ သူ မည်မျှပင် အရေထူပါစေ မလွဲမသွေ အရှက်ရကာ ကပျာကသီဖြစ်ရသည်။ 

အရင်တုန်းက အိမ်ငှားခကို ရှောရှောရှူရှူ မြှင့်လို့ရခဲ့ပေမယ့် အခုမှ ဘာလို့ခက်ခဲနေရတာလဲ?

ကံဆိုးလိုက်တာ!.

“မင်းတို့ ဘာလို့ပွဲလာရှာနေတာလဲ!”

သူမှားသွားမှန်းသိသဖြင့် ကျန့်ပင်းက ပါးစပ်အုပ်ကာ ဖေးယိနှင့် တခြားသူများကို မကြည့်ရဲတော့ပေ။ “ငါ့မှာလုပ်စရာရှိသေးလို့ မင်းနဲ့ဆက်မငြင်းတော့ဘူး!”

ပြောပြီးသည်နှင့် သူက လမ််းထဲမှ အလျင်အမြန် ပြေးထွက်သွားပြီး အထိုးခံရသည့် လျော်ကြေးလည်း မလိုချင်တော့ပေ။

. . . . . .

ကျန့်ပင်းက ထွက်ပြေးဖို့ စိတ်ပိုင်းဖြတ်ထား၍ သူ့နောက်လိုက်ဖမ်းဖို့ အကြောင်းပြချက်မရှိတော့ပေ။

ရှုဝမ်က ရုတ်တရက်ပေါ်လာသော သူမသားအတွက် စိတ်ပူနေမိသည်။ ဝင်ပြောပေးသော အိမ်နီးချင်းများကို ကျေးဇူးတင်ပြီးနောက် သူမက ဖေးယိနှင့် တခြားသူများကို အိမ်ထဲ အမြန်ခေါ်သွားခဲ့သည်။


အိမ်က သိပ်မကျယ်သည့်အပြင် အလွန်ရှေးဆန်သော အပြင်အဆင်နှင့် ပစ္စည်းပစ္စယများရှိသော်လည်း အလွန်သန့်ရှင်းမှုရှိသည်။

ယခင်နှစ်က တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖေးယွမ်က ပန်းချီဆရာမဖြစ်လာခဲ့သည်။ ယခုသူမက သူငယ်ချင်းများနှင့်အတူ သင်တန်းတစ်ခုဖွင့်လှစ်ထားသည်။ သူမအခန်းက သူမ၏ အပြင်ပန်းကိုယ်ရည်ကိုယ်သွေးနှင့် ဆင်တူသည့် ပန်းချီကားချပ်များဖြင့် ပြည့်နေကာ အရောင်များကလည်း အင်မတန်နူးညံ့နေ၏။


မိခင်တစ်ယောက်အဖြစ် ရှုဝမ်က ကုတင်တစ်ခုသာဆန့်သော အိပ်ခန်းတစ်ခန်းကိုယူထားပြီး ဖေးယိက အပြာနုရောင် အိပ်ခန်းလေးတစ်ခုကိုလည်း တွေ့ခဲ့ရသည်။

ရှုဝမ်က ဖေးယိ၏လက်ကို ညင်ညင်သာသာ ကိုင်လိုက်၏။ “ဒါက မင်းပြန်လာနေမယ်လို့ မျှော်လင့်ရင်း မင်းအတွက် ချန်ထားတာလေ။ နှစ်တိုင်းနှစ်တိုင်း စောင်အဟောင်းတွေကို အသစ်ပြောင်းပေးခဲ့တယ်။”

တကယ်တော့ ဖေးယိက လူစိမ်းများ၏ အထိအတွေ့နှင့် ကျင့်သားမရပေမယ့် ဤရိုးရှင်းသောစကားက သူ့နှလုံးသားကို နွေးထွေးစေခဲ့သည်။

ရှုဝမ်၏အသွင်အပြင်မှာ သူစိတ်ကူးယဥ်ပြီး တောင့်တခဲ့ဖူးသည့် မိခင်မျိုးဖြစ်သည်။

သူမပြောနိုင်ခင်မှာ ဖေးယွမ်က အခန်းထဲမှ ဆေးသေတ္တာကို ထုတ်လိုက်၏။ “အမေ… မြန်မြန်ထိုင်လိုက်။ ဒဏ်ရာရောင်လာမှာစိုးလို့ သမီးဆေးလိမ်းပေးမယ်။”

ဖေးယိက ရှုဝမ်၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ကာ သူမကို ဦးဆောင်ခေါ်သွားလိုက်သည်။

သားအမိနှစ်ယောက်လုံး ဖေးယိ၏အပြောင်းအလဲကို မမျှော်လင့်ထားသဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝမ်းသာမှုကို ပြသခဲ့သည်။

တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီဖြစ်ပေမယ့် ဖေးယိက အများကြီးပွင့်လင်းလာတယ်လို့ သူတို့ဘာလို့ခံစားရတာလဲ? ဒါက ကောင်းတဲ့အရာပဲ!

ဖေးယွမ်က ပိုးသတ်ထားသော ဂွမ်းစကိုယူကာ အပြုံးတစ်ခုဖြင့် တိုက်တွန်းလိုက်သည်။ “အမေ…မြန်မြန်ထိုင်ပါ… စိတ််မပူနဲ့ မောင်လေး”

“ဟိုက်!”


ရှုဝမ်က သူမအနားမှာ အတူရှိတာရှားသော ကလေးနှစ်ယောက်ကို ကြည့်ကာ စိတ်မကောင်းဖြစ်သွားပေမယ့် စိတ်သက်သာရာရခဲ့ပြီး ဆေးလိမ်းလိုက်သည့် နာကျင်မှုဒဏ်ကိုပင် ခဏတာ လျစ်လျူရှုနိုင်ခဲ့သည်။

သူမက မောင်နှမနှစ်ယောက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေရင်း ဦးလေးခိုင် တံခါးဝမှာရပ်နေဆဲဖြစ်ကြောင်း သတိရသွားသည်။ “ငါ့ဦးနှောက်ကိုကြည့်ပါဦး… အထဲဝင်ခဲ့ပါရှင်။ ခုနကကူညီပေးလို့ ကျေးဇူးတင်ပါတယ်။”


“ရှောင်ယိက ရှင့်ကို ဦးလေးခိုင်လို့ခေါ်တာ ကြားလိုက်တယ်။ ရှင့်ကို ဖေးမိသားစုက လွှတ်လိုက်တာလား?”

တံခါးဝမှာရပ်နေဆဲဖြစ်သော ဦးလေးခိုင်က အတိုချုံးမိတ်ဆက်လိုက်သည်။ “နိဟောင်… မစ္စရှု။ ကျွန်တော်က ပေါ်မိသားစုရဲ့ အိမ်တော်ထိန်းကောင်းခိုင်ပါ။ သိပ်မကြာသေးခင်က နှစ်ဖက်မိသားစုက အိမ်ထောင်ရေးအတွက် ကမ်းလှမ်းခဲ့လို့ မနေ့ကမှ သခင်ငယ်လေးက ဒုတိယသခင်လေးနဲ့ အတူနေဖို့ပြောင်းလာတာပါ။”

ရှုဝမ်က ဖေးယိ၏လက်ကိုဆုပ်ကိုင်ကာ ရုတ်တရက် ခါယမ်းလိုက်သည်။ “ဘာပေါ်မိသားစုလဲ? ဘာအိမ်ထောင်ရေးလဲ?”


“တခြားဘာဖြစ်ရဦးမှာလဲ?!” ဖေးယွမ်က ချက်ချင်းတုံံ့ပြန်ကာ သူမမျက်လုံးတွေက ဒေါသကြောင့်နီရဲလာသည်။ “ဒီအိမ်ထောင်ရေးကို ဖေးရူကျန်းက ဆုံးဖြတ်ခဲ့တာလား အဘိုးကြီးက ဆုံးဖြတ်ခဲ့တာလား?”

“သူတို့က ငါတို့ရှောင်ယိကို ဘယ်လိုမြင်နေတာလဲ? လိမ္မာပြီး မခုခံတတ်လို့ အနိုင်ကျင့်နေတာ။ ဒါကြောင့်ပဲ စီးပွားရေးအကျိုးအမြတ်အတွက် ပေါ်မိသားစုထဲကို ထိုးထည့်လိုက်တာမလား?”

ဦးလေးခိုင်က သားအမိနှစ်ယောက် ဤမျှတုန်လှုပ်သွားမည်ဟု မမျှော်လင့်ထားသဖြင့် မည်သို့တုံ့ပြန်ရမည်ကို မသိပေ။

တကယ်တော့ မိသားစုနှစ်ခု၏ လူကြီးများမှာ ရှက်စရာကောင်းသော အကြံအစည်ရှိကြပေမယ့် ဒုတိယသခင်လေးသည်လည်း သခင်ငယ်လေးလိုပင် အကူအညီမဲ့စွာ တွန်းအားပေးခံရသူဖြစ်၏။


ဖေးယိက ဦးလေးခိုင်၏ နေရခက်နေမှုကို သတိထားမိသဖြင့် ဖေးယွမ်၏လက်ကောက်ဝတ်ကို ဖြည်းညှင်းစွာ ခါယမ်းလိုက်လေသည်။ “မမ… ပေါ်မိသားစုနဲ့ ဒုတိယသခင်လေးက ကောင်းပါတယ်။ အဘိုးနဲ့ ဦးလေးကမကောင်းတာ။ ကျွန်တော် သူတို့ကိုမကြိုက်ဘူး။”

ဖေးယိက ရိုးရှင်းသောစကားများကို ဖြည်းညှင်းစွာ ပြောလိုက်သော်လည်း ရှုဝမ်နှင့် ဖေးယွမ်၏နားထဲ၌ ကွဲပြားသော ခံစားချက်ရှိနေခဲ့သည်။

ဖေးသခင်မကြီး ကွယ်လွန်ပြီးကတည်းက သူတို့နှစ်ယောက်မှာ ဖေးယိနဲ့တွေ့ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့် ဖေးမိသားစု၏ ငြင်းပယ်မှုကို အမြဲခံခဲ့ရသည်။

သူမ၏ “ရူးနေသော” သားငယ်လေးက ထိုအေးစက်သော စံအိမ်မှာ မည်သို့ဆက်ဆံခံခဲ့ရသည်ကို ရှုဝမ် ရေးတေးတေးခန့်မှန်းနိုင်လေသည်။ သူ့လက်မောင်းမှ ဒဏ်ရာများက ဖေးမိသားစု၏ကျေးဇူးကြောင့်ပင် ဖြစ်၏!

သူမက နောင်တဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဖေးယိ၏လက်မောင်းကို သေချာပွတ်ပေးလိုက်သည်။ “ဒါငါ့အမှားပါ။ ငါတာဝန်မကျေလို့ အခုလိုဖြစ်ရတာ။”


အရင်တုန်းက သူမမိသားစုက အလွန်ဆင်းရဲသည်။ လူအိုကြီးဖေးက ၎င်းကို လုံးဝသဘောမကျသဖြင့် ဖေးရူယဲ့နှင့် သူမကို သဘောမတူခဲ့ပေ။

နောက်တော့ သူမ၏ခင်ပွန်း ကွယ်လွန်သွားပြီး သူမကအားနည်းသွားကာ ကလေးနှစ်ယောက်ကို သူမဘေးမှာ မထားနိုင်ခဲ့ပေ။

သမီးကြီးက မိခင်ကို ပိုအားကိုးသဖြင့် လူအိုကြီးဖေးက ဖေးယိကိုပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကြိမ်ဖန်များစွာ ပြဿနာဖြစ်ကာ နောက်ဆုံးတွင် သွေးသားရင်းချာ ကွဲကွာရသည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။

သူမက ကလေးကိုမလိုချင်လို့ မဟုတ်ပါပဲ သူမမှာ အရည်အချင်းနှင့် အရင်းအနှီးမရှိလို့ဖြစ်၏။


 ဤနှစ်များက မိခင်ဖြစ်သူအတွက် မလွယ်ကူကြောင်း ဖေးယွမ် သိတာကြောင့် သူမ သက်ပြင်းချလိုက်မိသည်။ “ရှောင်ယိ.. ပေါ်မိသားစုအိမ်ကို မသွားနဲ့တော့။ အဘိုးနဲ့ ဦးလေးက မင်းကိုမလိုချင်မှတော့ ဒါ ငါတို့နဲ့ပြောင်းနေလို့ရမယ့် အခွင့်အရေးပဲမလား?”

ရှုဝမ်က သမီးဖြစ်သူကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး တခြားတစ်ဖက်ကတော့ သားဖြစ်သူကို ကိုင်ထားသည်။ “ဟုတ်တယ်…။ အမေ ပိုကြီးတဲ့အိမ်ကောင်းကောင်းလေးရှာပါ့မယ်။ ဒါဆိုသုံးယောက်အတူနေလို့ရပြီ။”


ဖေးယွမ်က ချက်ချင်းထောက်ခံလိုက်သည်။ “ဟုတ်တယ်! ပြီးတော့ အဖေရောပေါင်းရင် ငါတို့ကမိသားစုတစ်ခုပဲ။”

“……”

ဖေးယိက သူ့အနားကလူများ၏ စိတ်ရင်းဖြင့် ဂရုစိုက်မှုကို ခံစားမိပြီး ရင်ထဲထိသွားခဲ့သည်။


သို့သော် ဤသားအမိ၏အနာဂတ်အတွက် သူက ခေါင်းခါကာ ငြင်းလိုက်လေသည်။ “ဟင့်အင်း”


“အဘိုးစိတ်ဆိုးသွားလိမ့်မယ်။ ပေါ်မိသားစုက အရမ်းကောင်းတယ်။ ကျွန်တော် အမေတို့ကိုတွေ့ဖို့ လာခဲ့ပါ့မယ်။”

“…….”


၎င်းကိုမြင်တော့ ဦးလေးခိုင်က တိတ်တိတ်လေး ရှောင်ထွက်သွားပြီး သုံးယောက်သားစကားပြောဖို့ အချိန်ပေးလိုက်၏။

ဖေးယွမ်က သူမမောင်လေး၏ဆိုလိုရင်းကို တိတိပပနားလည်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်၏။ “အမေ… ရှောင်ယိပြောတာမှန်တယ်။ သမီးတို့ ရှောင်ယိကို တိတ်တိတ်လေးခေါ်ထားတာ အဘိုးကြီးသိသွားပြီး နှစ်ဖက်မိသားစုကြားက လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဖျက်သိမ်းလိုက်ရရင် သူက သမီးတို့ကို ဒုက္ခပေးလိမ့်မယ်။”

ရှုဝမ် ထိုစကားကြားတော့ စိတ်ပျက်သွားခဲ့သည်။

သူမက ဖေးသခင်ကြီး၏ နည်းလမ်းများကို မြင်ဖူးသည်။ သူမ ငယ်ရွယ်စဥ်မှာ ပစ်မှတ်ထားခံရတာ ကိစ္စမရှိပေမယ့် သူမကလေးတွေကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ?

ဖေးယိက ဤမိသားစုထဲရှိ မူလပိုင်ရှင်၏နေရာကို ကျင့်သားရနေပြီဖြစ်ကြောင်း ကိုယ်တိုင်သတိမထားမိလိုက်ပေ။ ဘယ်နှင့်ညာမှ မျက်မှောင်ကြုတ်နေသော မျက်နှာများကို မြင်လိုက်ရသည့်အခါ သူက အခြေအနေကို ဖြေလျှော့ဖို့ ကြိုးစားလိုက်သည်။ “ကျွန်တော် မကြာမကြာလာခဲ့ပါ့မယ်။ သူက ကျွန်တော့်ကို လာခွင့်ပြုတယ်။”

ဖေးယွမ်က မောင်ဖြစ်သူ၏ ရိုးရှင်းသောစကားကို နားလည်သည်။ “ရှောင်ယိ.. ဒုတိယသခင်လေးပေါ်က လူကောင်းတစ်ယောက်လို့ ပြောနေတာလား? ပေါ်မိသားစုက ငါတို့နဲ့တွေ့ဖို့ မင်းကိုလာခွင့်ပြုပေးမှာပေါ့?”

ဖေးယိက လေးလေးနက်နက် ခေါင်းညိတ်ပြကာ တိုးတိုးလေးပြောလိုက်သည်။ “နောက်ဆိုရင် ကျွန်တော်တို့ တူတူနေကြမယ်။”

သူ့ရင်ထဲတွင် ဗီလိန်ပေါ်ယွဲ့မင်က ဖေးမိသားစုထက် ပိုကောင်းသည်။ ထိုထက်ပိုသည်မှာ သူက ပေါ်မိသားစုမှ ထွက်လာဖို့ စီစဥ်ထားပြီး မူလပိုင်ရှင်၏ အမေနဲ့ အစ်မကို သူနှင့်အတူခေါ်ထားမည်။

သို့သော် ယခုတော့မရသေးပေ။

“တကယ်လား?”


“အင်း”

ဖေးယိက မူလပိုင်ရှင်၏ အကျင့်စရိုက်ကို ထိန်းသိမ်းထားပြီး သားအမိနှစ်ယောက်နှင့် ဖြည်းဖြည်းချင်း ပြောဆိုဆက်ဆံခဲ့သည်။ အဆုံးမှာ သူတို့က စိုးရိမ်ပူပန်မှုများနှင့် ငြင်းဆိုမှုများကို ယာယီချုပ်တည်းထားနိုင်ခဲ့သည်။


ညစာစားချိန်နီးလာသည်နှင့်အမျှ ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို စိတ်ပူနေပြီး ပြန်ဖို့တိုက်တွန်းရန် အခန်းထဲဝင်လာခဲ့သည်။

ရှုဝမ်နှင့် ဖေးယွမ်တို့က ဖေးယိနှင့်ခွဲဖို့ တွန့်ဆုတ်နေသော်လည်း ကံမကောင်းစွာပင် နှစ်ဖက်လုံးက နောက်တစ်ကြိမ်ပြန်ဆုံဖို့ ကတိပေးခဲ့တာကြောင့် သူတို့က ဖေးယိ ဖေးအိမ်တော်မှာ နေခဲ့စဥ်ကထက် မျှော်လင့်ချက်ပိုရှိလာသည်။

ကားက လမ်းကြားထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။

ဖေးယိက တဖြည်းဖြည်း အစက်အပျောက်ဖြစ်သွားသော လူနှစ်ယောက်၏ပုံရိပ်ကိုကြည့်ရင်း ဦးလေးခိုင်၏ နှစ်သိမ့်မှုကို ရုတ်တရက် ကြားလိုက်ရသည်။ “သခင်ငယ်လေး…. စိတ်မပူပါနဲ့။ ဒီနေ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုတိယသခင်လေးကို အမှန်တိုင်းပြောပြပေးပါမယ်။”

မပြန်ခင်မှာ သူက ကျန့်ပင်းပြဿနာထပ်မရှာစေရန် တိတ်တိတ်လေးစောင့်ကြည့်နေဖို့ ဘော်ဒီဂတ်ကိုမှာခဲ့သည်။

“မစ္စဖေး အိမ်အသစ်နဲ့ ဥပဒေအကူအညီလိုအပ်ရင် အကူအညီပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာပေးလို့ရပါတယ်။”

ဦးလေးခိုင်က ချမ်းသာသောမိသားစုမှာ လေ့ကျင့်သင်ကြားခဲ့သူ ဖြစ်ထိုက်သည်။ သူပြောသမျှနှင့် လုပ်သမျှက အင်မတန်စွမ်းဆောင်ရည်ရှိသည်။

ဖေးယိ၏စိုးရိမ်မှုများက တဖြည်းဖြည်း ပြေပျောက်သွားသော်လည်း ယနေ့အဖြစ်အပျက်ပြီးသွားတော့ သူက ငွေရှာမည့်အစီအစဥ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် စဥ်းစားလိုက်သည်။

ဤကမ္ဘာကြီးမှာ နေထိုင်ကြသော လူတွေအတွက်မူ တခြားသူများကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုအားကိုးတာ ပိုကောင်းသည်။

သူက အိမ်ထောင်ပြုကာ ပေါ်မိသားစုထဲသို့ ဝင်ရောက်လာခဲ့သော်လည်း ပေါ်ယွဲ့မင်၏ တောင်ပံအောက်မှာ တစ်သက်လုံးနေထိုင်ဖို့ မရည်ရွယ်ထားပေ။ ထိုထက်ပိုသည်မှာ သူက အနာဂတ်တွင် မူလပိုင်ရှင်ကိုယ်စား သူ့မိခင်နှင့် အစ်မကို စောင့်ရှောက်ရပေမည်။

ဖေးယိက ကူးပြောင်းမလာမီ သူ့အလုပ်ကိုစဥ်းစားလိုက်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။

ငွေရှာရန် စိတ်ပိုင်းဖြတ်ပြီးကတည်းက သူ့မှာ ကျွမ်းကျင် “လက်နက်”တစ်ခုရှိဖို့လိုသည်။ သူက ဦးလေးခိုင်ကို မျှော်လင့်တစား ကြည့်ဟန်ဆောင်လိုက်သည်။ 

“ဦးလေးခိုင်… ကျွန်တော်… ကျွန်တော် တစ်ခုလိုချင်လို့”

ဦးလေးခိုင်က ဖေးယိဘက်မှ စတင်တောင်းဆိုလာမည်ဟု မထင်ထားပေမယ့် ထိုစကားကို အလိုက်သင့်ဖြေလိုက်သည်။ “သခင်ငယ်လေး… ပြောပါ… ဘာလိုချင်လို့လဲ?”

. . . . . .

သူတို့နှစ်ယောက် မိသားစုဗီလာကို ပြန်ရောက်သောအခါ ကောင်းကင်က အလင်းမှိန်ဖျော့နေဆဲပင်။

ပေါ်ယွဲ့မင်က ဘလူးတူးနားကြပ်တပ်ဆင်ထားပြီး ဗီလာ၏ဥယျာဥ်ခြံမှာထိုင်ကာ မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်။

၎င်းကိုမြင်တော့ ဦးလေးခိုင်က တီးတိုးပြောလာသည်။ “သခင်ငယ်လေး… ဒုတိယသခင်လေးက စီးပွားရေးကိစ္စဆွေးနွေးနေတာ ဖြစ်နိုင်တယ်။ လောလောဆယ် သွားမနှောင့်ယှက်ရအောင်။”

ဖေးယိက ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

မူရင်းစာအုပ်၏ ဖော်ပြချက်အရ ပေါ်သခင်ကြီးနှင့် မိသားစု၏ ဒုတိယအိမ်တော်က ပေါ်ယွဲ့မင်အား အဖွဲ့လိုက်ပရောဂျက်များမှ ဖယ်ထုတ်ထားသော်လည်း သူ့မှာ ကိုယ်ပိုင်စီးပွားရေးရှိနေဆဲဖြစ်ပြီး ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် သူ့လက်ထောက်များကို ခိုင်းလို့ရသေးသည်။

နှစ်ယောက်သား လျှောက်ထွက်သွားခါနီးမှာ ရုတ်တရက် ကြောင်ပေါက်လေးတစ်ကောင်၏ အော်သံထွက်ပေါ်လာ၏။

“မြောင်~ဝူး~၊ မြောင်~၊ ဝူးဝူး~”

ဖေးယိက ခေါ်သံကြောင့် ဆွဲဆောင်ခံလိုက်ရပြီး နေရာမှာရပ်ကာ အသံအရင်းအမြစ်ကို စူးစမ်းလိုက်သည်။

အနက်ရောင် ကြောင်ပေါက်စလေးတစ်ကောင်က မည်သည့်နေရာမှ ထွက်လာမှန်းမသိပေမယ့် လက်ရှိမှာ သူက ပေါ်ယွဲ့မင်၏ ဘောင်းဘီရှည်အစွန်းကို ဆွဲကာ အတင့်ရဲစွာ ခုန်တက်ဖို့ ကြိုးစားနေ၏။


“မြောင်~ဝူ! အောင်း~”

အား!

တစ်ခါပြီးတစ်ခါ ခေါ်နေသည်မှာ သူတို့အား အလွန်အမင်း စိတ်အနှောင့်ယှက်ဖြစ်စေ၏။