Ch 8
Viewers 28k

Chapter 08




ပေါ်ယွဲ့မင်က သူ၏ခြေရင်းရှိ လှုပ်ရှားမှုတစ်ခုကို ခံစားမိသဖြင့် စကားစဲသွားပြီး အလိုအလျောက် ငုံ့ကြည့်လိုက်ပေမယ့် ထုံးစံအတိုင်း သူ့မြင်ကွင်းက ဗလာဖြစ်နေခဲ့သည်။

“မြောင်-ဝူး~”


ကြောင်၏လက်သည်းက သူ့ခြေချင်းဝတ်ကို ပွတ်တိုက်သွားပြီး နူးညံ့သော အထိအတွေ့က ဖေးယိ ဆေးလိမ်းပေးခဲ့တာကို သတိရသွားစေသည်။

ညနေတစ်နာရီကျော်နေလေပြီ။ ဦးလေးခိုင်က အဲ့ဒီလူကို ဘာလို့ပြန်မခေါ်လာသေးတာလဲ?


ပေါ်ယွဲ့မင်၏အတွေးများက ကွေးကောက်သွားကာ သူက တစ်နေရာကိုသာ စိုက်ကြည့်နေပြီး စကားမပြောခဲ့ပေ။

ဘေးနားက လက်ထောက်တစ်ဦးဖြစ်သည့် လင်းကျုံးက သူ့သူဌေး၏ တိတ်ဆိတ်နေမှုကို သတိထားမိသဖြင့် ကမန်းကတန်းပြောလိုက်လေ၏။ “မစ္စတာပေါ်၊ ခင်ဗျားရဲ့ခြေထောက်အောက်မှာ ဘယ်ကခုန်ထွက်လာမှန်းမသိတဲ့ ကြောင်လေးတစ်ကောင်ရှိနေတယ်။ သူ့ကိုခေါ်သွားဖို့ အစေခံတစ်ယောက်ကို ခေါ်လိုက်မယ်။”

ဤစကားများကျလာသည်နှင့် အရှိန်ပြင်းသော ခြေသံများထွက်ပေါ်လာ၏။


ကြောင်လေး၏ ဆွဲဆောင်ခံလိုက်ရသော ဖေးယိက သူ့နောက်က ဦးလေး၏ တားမြစ်မှုကို လျစ်လျူရှုကာ ကြောင်ပေါင်လေးအား ဂုတ်ပိုးမှကောက်ချီရန် ငုံ့ကိုင်းလိုက်သည်။

“အိုက်ယိုး…. သခင်ငယ်လေး…” ဦးလေးခိုင်က တောကြောင်လေး ရန်လိုမှာကို စိုးရိမ်သဖြင့် ရှေ့အမြန်လှမ်းလာခဲ့သည်။ “မြန်မြန်လေး ပြန်ချလိုက်ပါ။ ဒီတောရိုင်းကြောင်က ချွန်ထက်တဲ့လက်သည်းတွေနဲ့ မင်းကိုကုတ်ခြစ်လိုက်ရင် ဘယ်လိုလုပ်မလဲ?”

ဦးလေးခိုင်က စိုးရိမ်စကားပြောလိုက်သည်နှင့် ဖေးယိလက်ထဲမှ ကြောင်ပေါက်လေးက သူ့လက်မောင်းကိုဖက်ထားကာ အကြောက်အလန့်မရှိ အဝတ်အစားများကို ပွတ်သပ်နေပြီး မြှောင်သံပိစိလေးမှာ ပို၍ပင် ချစ်ဖို့ကောင်းနေ၏။


ဆံပင်ဖြူအကွက်တစ်ခုမှလွဲ၍ တစ်ကိုယ်လုံးက မည်းနက်နေသည်။

ဖေးယိက ကြောင်နက်လေးကို တင်းတင်းဖက်ထားကာ မျက်လုံးတစ်စုံမှာ အပြုံးတစ်ခုရှိနေ၏။ “ဦးလေးခိုင်…  သူကလိမ္မာပါတယ်။”

“ကြည့်ရတာ အရမ်းဖော်ရွေပြီး နှစ်လသုံးလလောက်ပဲရှိဦးမယ်။” ဦးလေးခိုင်က ပြုံးလိုက်ပြီး ထိုင်နေသေးသော ပေါ်ယွဲ့မင်အား ကြည့်လိုက်သည်။ “တစ်ကိုယ်လုံးမည်းနက်နေပြီး မျက်လုံးတစ်ဖက်က အဝါနဲ့အပြာဆိုတော့ heterochromia** ရှိနေတာပဲ”

(** မျက်လုံးအရောင်မတူသော မျိုးရိုးဗီဇပြောင်းလဲမှုရောဂါ-”


ပေါ်မိသားစုအိမ်တော်က ဧရိယာကျယ်ဝန်းသည်။ လွန်ခဲ့သည့်နှစ်နှစ်မှာ မိသားစုကို တာဝန်ယူထားဆဲဖြစ်သော ပေါ်ဖေးကျစ်*မှာ ကြွက်များကို ရှင်းလင်းရန် ကြောင်အနည်းငယ်မွေးမြူခဲ့သည်။ သူ့ရှေ့က ကြောင်နက်ကလေးမှာ ထိုအသုတ်မှ မွေးခဲ့သော သားပေါက်လေးတစ်ကောင် ဖြစ်နိုင်သည်။

ဖေးယိက တိုးတိုးလေးချီးကျူးလိုက်၏။ “ကြည့်ကောင်းတယ်။”

ကြောင်နက်ကလေးက နားလည်သွားပုံရပြီး တုံ့ပြန်လာ၏။ “မြောင်~ဝူး”


ပေါ်ယွဲ့မင်က ရှင်းမပြနိုင်လောက်စွာ လိုက်ဖက်မှုရှိနေသော “ခေါ်သံနှင့်တုံ့ပြန်သံ”ကို ကြားလိုက်ရတော့ သူ့အမူအရာက မသိမသာ ပြောင်းလဲသွားလေ၏။ “ဟုတ်ပြီ။ ဒီကြောင်လေးကို မြေကြီးပေါ်ပြန်ချလိုက်၊ သူ့ဘာသူထွက်သွားပါစေ။”


ဖေးယိက သူ့လက်ထဲက ကြောင်ကိုကြည့်ကာ မြင်မြင်ချင်း လက်လွှတ်လိုက်ဖို့ ဝန်လေးနေခဲ့သည်။

လက်ထောက်က သဲလွန်စကိုမြင်ပြီး မဝံ့မရဲမေးလိုက်၏။ “သခင်ငယ်လေး၊ မင်း ဒီကြောင်လေးကို သဘောကျလို့ မွေးချင်တာလား?”


ဤသည်ကား ဖေးယိလိုချင်သော စကားဖြစ်၍ ခေါင်းညိတ်ပြလိုက်၏။

သူမှတ်မိတာ မှန်နေမယ်ဆိုလျှင် မူရင်းဝတ္ထုထဲတွင် ၎င်းနှင့်ပတ်သက်သည့် အကျဥ်းချုပ်နိဒါန်းတစ်ခုရှိ၏။


ပေါ်ယွဲ့မင် မျက်စိကွယ်သွားပြီးနောက် Heterochromia ရှိသော ကြောင်နက်တစ်ကောင်နှင့် တွေ့ဆုံခဲ့သည်။ ကြောင်ပေါက်လေးက နေ့စဥ်နေ့တိုင်း သူ့နားတဝဲလည်နေကာ ကပ်တွယ်ခဲ့ပြီး အစပိုင်း၌ လျစ်လျူရှုခံခဲ့ရပြီး နောက်တော့ ပုံမှန်အစာကျွေးခြင်းအဆင့် ရောက်သွားကာ လူနှင့်ကြောင်က လိုက်လျောညီထွေ ပေါင်းသင်းနိုင်သွားခဲ့သည်။

သို့သော် တစ်နေ့မှာ ကြောင်နက်လေးက လူယုတ်မာတစ်ယောက်၏ လည်ပင်းချိုးခံလိုက်ရလေ၏။ အပြစ်ကင်းသော ကြောင်ပေါက်လေးက သေဆုံးသွားကာ ဤဗီလာ၏ တံခါးဝ၌ သရုပ်ဖော်ပြဇာတ်ကဲ့သို့ ဗြောင်ကျကျ ပစ်ချခံခဲ့ရသည်။


၎င်းကိုသိသွားသော ပေါ်ယွဲ့မင်က အချိန်အတော်ကြာ မှိုင်းထိုင်းနေခဲ့ပြီး သူ့အကျင့်စရိုက်မှာမူ ပျက်ပြားချွတ်ယွင်းကာ ကြမ်းတမ်းလာခဲ့သည်။ ဤသည်မှာ သူ့ရင်ထဲ၌ နက်မှောင်သောနှလုံးသား ဖြစ်တည်လာရခြင်း၏ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေသည်။


ပေါ်မိသားစုဗီလာက ကြီးမားပြီး ကြောင်များ၏ နေရာက ပိုမိုကျယ်ဝန်းပေမယ့် သေးငယ်သော တိရစ္ဆာန်လေးတစ်ကောင်က လူယုတ်မာ၏ လှည့်ကွက်များကို မည်သို့ခံနိုင်မည်နည်း။ သူတို့ကို သင့်ဘေးမှာထားရင်တော့ ပို၍လုံခြုံနိုင်သည်။


“ကြောင်မွေးမယ်?”

ပေါ်ယွဲ့မင်က ဖေးယိ၏ အတွေးအမှန်ကို မသိသော်လည်း မကျေမနပ် မျက်မှောင်ကြုတ်လိုက်၏။


သူ့မှာ ကြောင်မွေးသော အတွေ့အကြုံအနည်းငယ်ရှိ၍ တိရစ္ဆာန်ပေါက်စလေးကို ၁၀၀% ဂရုစိုက်နိုင်စွမ်းမရှိလျှင် ပေါ့ပေါ့ဆဆ မတွေးသင့်ကြောင်း သူသိလေသည်။ 

ဖေးယိက တုံ့ပြန်လိုက်၏။ “ မွေးမယ်….ကျွန်တော်မွေးမယ်။”

တကယ်ချစ်ခင်လို့ဖြစ်စေ ဇာတ်ကြောင်းအသွားအလာကို ထိန်းချုပ်ချင်လို့ဖြစ်စေ သူက ကြောင်လေးကို ဤကဲ့သို့ ကြေကွဲဖွယ် အဆုံးမသတ်စေချင်ပေ။

“ဖေးယိ… မင်းမွေးလို့မရဘူး။”

ပေါ်ယွဲ့မင်၏လေသံက ပေါ့ပါးပြီး သူ၏ငြင်းဆန်မှုမှာ အကြောင်းပြချက်ရှိသော အမြင်တစ်ခုသာဖြစ်၏။ သူ့ကိုယ်သူ ဂရုမစိုက်နိုင်သော “ကလေး”တစ်ယောက်က ကြောင်ပေါက်လေးတစ်ကောင်ကို မည်သို့ပျိုးထောင်နိုင်မည်နည်း။

ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ ဆိုလိုရင်းကို နားလည်ပြီး ဖေးယိအား နှစ်ကြိမ်ဖျောင်းဖျလိုက်၏။


လက်ထောက်လင်းကျုံးကလည်း ဝင်မပါရဲပေ။ ဖေးယိက ကြောင်ကိုကိုင်ထားဆဲဖြစ်၍ သူက စိတ်ထဲမှာတွေးမိသွားသည်။

မစ္စတာပေါ်က အမြဲတမ်းစည်းကမ်းကြီးသူတစ်ဦးဖြစ်၏။ ကြောင်လေးကို မွေးခွင့်မပြုသဖြင့် ယခုလေးတင် စံအိမ်ထဲဝင်လာသော လူကြီးပေါက်စက စိတ်ပျက်သွားရတော့မည်ကို သူစိုးရိမ်မိသည်။

ဖေးယိက တခြားသူများ၏အတွေးကို မသိပေ။ သူက ပေါ်ယွဲ့မင်၏ဘေးကို တည့်တည့်လျှောက်သွားကာ ငုံ့ကိုင်းလိုက်ပြီး ကြောင်နက်ပေါက်စလေးကို ထိုလူ့ရင်ခွင်ထဲ ထိုးထည့်ပေးလိုက်၏။ “ခင်ဗျားဖက်ကြည့်….”

“……”

နူးညံ့သောကြောင်အမွေးက သူ့လက်မောင်းကို ပွတ်သပ်နေပြီး ယားယံသည့်ခံစားချက်က ရင်းနှီးနေ၏။



ဖေးယိက ကြောင်ကိုစောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ပေါ်ယွဲ့မင်ကို အားမကိုးနိုင်သည့်တိုင် သူအိမ်ကထွက်သွားပြီးလျှင် စောင့်ရှောက်ပေးနိုင်သည်။ “အဲ့ကောင်လေးက လိမ္မာလို့ ကျွန်တော် ဂရုစိုက်ပေးနိုင်ပါတယ်။”


စကားအလွန်အကျွံပြောမိမှာစိုး၍ ဖေးယိက မဆိုင်းမတွထိုင်ချလိုက်ပြီး ပေါ်ယွဲ့မင်၏ လက်ကောက်ဝတ်ကိုကိုင်ကာ တိုးတိုးလေး အသနားခံချင်ယောင်ဆောင်လိုက်၏။ “တောင်းဆိုပါတယ်။!”

“မြောင်- ဝူး”

ကြောက်နက်လေးက ဖေးယိ၏ ကိုယ်ဟန်ကို တုပသယောင် မျက်လုံးဝိုင်းကြီးကိုဖွင့်ကာ ၎င်း၏လက်အသားစိုင်လေးဖြင့် ပေါ်ယွဲ့မင်၏လက်မောင်းကို လှမ်းပုတ်လိုက်သည်။ “ဝူး~”

“……”


ပေါ်ယွဲ့မင်က တခဏမျှ အာစေးမိသွား၏။

ဤအခိုက်အတန့်မှာ သူ့လက်မောင်းကိုထိနေသော လက်နှစ်ချောင်း၏ ကွာခြားချက်ကို သူမပြောနိုင်ခဲ့ပေ။


လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် ဖော်ပြလို့မရအောင် တူညီနေပြီး၊ လိမ္မာရေးခြားရှိမှု၊ ပါးနပ်မှုနှင့် ကျေနပ်စရာကောင်းနေလေ၏။ မည်သူကမျှ သူတို့ကိုစိတ်ပျက်စေမည့် စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

ပေါ်ယွဲ့မင်က စကားလွှဲလိုက်၏။ “ထားလိုက်ပါတော့… မင်းမွေးချင်လည်း မွေးလိုက်ပါ။”

ဦးလေးခိုင်နှင့် လင်းကျုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့က ပေါ်ယွဲ့မင် စိတ်ပြောင်းလွယ်မယ်လို့ မထင်ထားခဲ့ပေ။

ဖေးယိက သူလိုချင်သောအဖြေကို ရခဲ့သဖြင့် ပြုံးကာ လက်ရုတ်လိုက်၏။ “အင်း”

သူ့လက်ကောက်ဝတ်ပေါ်က ဖိအားမှာ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ပေါ်ယွဲ့မင်က ရုတ်တရက် မသက်မသာခံစားလိုက်ရသည်။ သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ အလုပ်နားကြပ်ကို ချွတ်၍ အမိန့်ပေးလိုက်၏။ “ဦးလေးခိုင်… ဒီကြောင်လေးကို စစ်ဆေးဖို့ခေါ်သွားပြီး ဖေးယိအတွက် အိမ်မွေးတိရိစ္ဆာန် အသုံးဆောင်ပစ္စည်းလေးတွေ ဝယ်ပေးလိုက်ပါ။”

ပြောပြီးသည်နှင့် သူ့လက်တစ်ဖက်က ကြောင်အမွေးကို အသာလေးပွတ်သပ်လိုက်သည်။


အနီးနားတွင်ရှိသော ဖေးယိက ပေါ်ယွဲ့မင်၏ လှုပ်ရှားမှုလေးများကို သတိထားမိပြီး ကြောင်နက်လေးကို ပြန်ခေါ်ဖို့ အလျင်မလိုခဲ့ပေ။


တချို့လူတွေက…အာ…

အပေါ်ယံတွင် သူက သူ့တောင်းဆိုမှုကြောင့် လက်ခံခဲ့ရပေမယ့် စိတ်ထဲမှာတော့ သူက သူ့ထက်ပင် ကြောင်ချစ်သူဖြစ်လောက်သည်။

. . . . . .


အိမ်တော်ထိန်းတစ်ယောက်အဖြစ် ဦးလေးခိုင်က အင်မတန်တော်သည်။ ညဘက်အိပ်ရာမဝင်မီ ဖေးယိက ကြောင်မွေးဖို့လိုအပ်သမျှ ပစ္စည်းအားလုံးကို ရခဲ့သည့်အပြင် ကွန်ပျူတာနှင့် ဖုန်းအသစ်တစ်လုံးစီလည်း ပါဝင်သည်။


နေ့ခင်းတုန်းက ကားပေါ်မှာ ဖေးယိက ဦးလေးခိုင်ကို ကာတွန်းကြည့်ဖို့ အကြောင်းပြကာ ကွန်ပျူတာတစ်လုံး တောင်းခဲ့သည်။ တစ်ဖက်လူက သူ့တောင်းဆိုမှုကြောင့် အံ့အားသင့်သွားသော်လည်း ကံအားလျော်စွာ ငြင်းဆိုမှုမရှိပဲ သူ့အတွက် စီစဥ်ပေးခဲ့သည်။

ဦးလေးခိုင်က ဖေးယိအား လိမ္မာသောကလေးတစ်ယောက်လို ဆက်ဆံပြီး မထွက်ခွာမီ သူ့အတွက် ကာတွန်းကြည့်လို့ရအောင် စီစဥ်ပေးခဲ့သည်။

တံခါးပိတ်သွား၏။

ဖေးယိက ကာတွန်းဗီဒီယိုကို ခေတ္တရပ်ကာ ကွန်ပျူတာ၏ ဖွဲ့စည်းပုံကို စစ်ဆေးရန် Property Manager ဆော့ဖ်ဝဲကို ဖွင့်လိုက်သည်။

ထင်သည့်အတိုင်းပင် ဤသည်ကား ချမ်းသာပြီး အာဏာရှိသော မိသားစုတစ်ခု၏ အဆင့်အတန်းဖြစ်သည်။ ကာတွန်းကြည့်ဖို့ပင် စူပါအဆင့်မြင့် ကွန်ပျူတာတစ်လုံးကို အသုံးပြုခဲ့သည်။


သို့ပေသိ ဤသည်မှာ ဖေးယိ အလိုရှိသည့်အတိုင်း ကွက်တိပင်ဖြစ်၏။

သူက ဤကမ္ဘာပေါ်၌ သူ၏ပထမဆုံးသော ရွှေအိုးကိုဖန်တီးရန် ကွန်ပျူတာသုံးဖို့ ပြင်လိုက်သည်။

“မြောင်~”

ကြောင်နက်လေးက အခန်းအပြင်အဆင်နှင့် ရင်းနှီးသွားတော့ ယခုချိန်မှာ သူ့ခြေရင်း၌ လှည့်ပတ်ကာ ပွတ်သပ်နေလေ၏။ ဖေးယိက ၎င်းကို ဒူးပေါ်တင်ကာ ကြောင်မွေးကိုပွတ်သပ်ရင်း ဝဘ်စာမျက်နှာ (web search) ကို ရှာလိုက်သည်။

အစောပိုင်းနှစ်များတွင် ဖေးယိက အကြောင်းအားလျော်စွာ ဂိမ်းပရိုဂရမ်များနှင့် ထိတွေ့ခဲ့သည်။ အစွမ်းကုန်ကြိုးစားပြီးနောက် သူနှင့် သူ့သူငယ်ချင်းနှစ်ယောက်က စတူဒီယိုလေးတစ်ခု ဖွင့်နိုင်ခဲ့သည်။ ဖေးယိက ဂိမ်းတည်ဆောက်မှုကို အဓိကတာဝန်ယူပြီး သူ့သူငယ်ချင်းမှာတော့ အလုပ်ခန့်အပ်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် တိုးတက်အောင် လုပ်ဆောင်ခြင်းအတွက် တာဝန်ယူခဲ့သည်။


၇နှစ် ၈နှစ်အတွင်းမှာ သူတို့၏ ဂိမ်းစတူဒီယိုက တပိုင်တနိုင် ကစားသူများဂိမ်းမှ လူကြိုက်များသော အွန်လိုင်းဂိမ်းကြီးတစ်ခုအဖြစ် တိုးတက်လာပြီး ဖေးယိက ဂိမ်းအသိုင်းအဝိုင်း၌ လူကြိုက်အများဆုံး ဂိမ်းဖန်တီးရှင်ဖြစ်လာခဲ့သည်။

ယခုအခါ ကူးပြောင်းလာခြင်းက အမှန်စင်စစ်ဖြစ်လာ၍ ဖေးယိက သူ့အနာဂတ်အတွက် စဥ်းစားဖို့လိုလာသည်။

ဖေးယိက ဤကမ္ဘာရှိ ဂိမ်းဖြန့်ချီရေးစနစ်နှင့် ဆက်စပ်ဖိုရမ်များကို စစ်ဆေးခဲ့ရာ သူ့အတွေ့အကြုံနှင့် ကွာခြားမှုသိပ်မရှိကြောင်း တွေ့ခဲ့ရသည်။ ကွန်ပျူတာတစ်လုံးဖြင့် အကြီးစားဂိမ်းများဖန်တီးပြီး ဂိမ်းကုမ္ပဏီတစ်ခုကို ထူထောင်ဖို့တော့ မဖြစ်နိုင်တာ သိသာလှသည်။


သို့သော်ငြား အရာအားလုံးကို ခြေလှမ်းလေးများဖြင့် စတင်နိုင်၏။

လက်ရှိတွင် ပရိုဂရမ်အသေးစားဂိမ်းများက ရေပန်းစားသော ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်နေ၏။ ကစားသမားများအတွက် အသေးစားဂိမ်းများကို ဒေါင်းလုဒ်လုပ်ရန် မလိုအပ်သလို ပျင်းရိနေစဥ် အချိန်ဖြုန်းရန် သုံးရလွယ်ကူပြီး အဆင်ပြေလေ၏။ ဆော့ဝဲလ်ရေးသူများအတွက်မူ ၎င်းတို့က ရိုးရိုးရှင်းရှင်းပြုလုပ်ရလွယ်ကူသည်။ သက်ဆိုင်ရာ ဂိမ်းပလက်ဖောင်းပေါ်၌ ကလစ်*များရှိနေသရွေ့ သူတို့က အထိုက်အလျောက် ဝင်ငွေရရှိနေပေမည်။ 

(ကလစ်နှိပ်တဲ့ခလုတ်ကိုပြောတာပါ)

ထို့အပြင် ဖေးယိက ဆန်းသစ်သော ဂိမ်းပရောဂျက်များကို အကောင်းဆုံးနားလည်ပြီး ဝယ်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ တရားဝင်လည်ပတ်မှုများကို ဆက်တိုက်လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဂိမ်းဖိုရမ်များ၌ ထုတ်လုပ်ရေးကုမ္ပဏီများကို ရှာဖွေလို့ရသည်။

ဤအခြေအနေကို အတည်ပြုပြီးနောက် ဖေးယိက လုံးလုံးစိတ်သက်သာရာ ရသွားခဲ့သည်။ ဂိမ်းပရိုဂရမ် အသေးစားတချို့ကို ပုံစံထုတ်ပေးရန် သူ့အတွက် မခက်ခဲပေ။ ထို့အပြင် သူ့စိတ်ထဲတွင် အကြီးစားဂိမ်းများအတွက် ဆန်းသစ်သော အိုင်ပီအနည်းငယ်ရှိနေသေးသည်။


ဘယ်နည်းလမ်းက ချမ်းသာဖို့ အလားအလာမရှိလို့လဲ ဟမ်!

ဖေးယိက ပြုံးကာ ကြောင်လေး၏ခေါင်းကို ခပ်ပြင်းပြင်း ပွတ်သပ်လိုက်၏။ “ဟုတ်ပြီ၊ ငါ့မှာ ပိုက်ဆံရှိလာရင် မင်းအတွက် ငါးသေတ္တာဝယ်ကျွေးမယ်၊ အကောင်းဆုံးအမျိုးအစား!”


ကြောင်နက်ကလေးက ခေါင်းငဲ့စောင်းကာ သူ့လက်ချောင်းထိပ်များကို လျှာဖျားဖြင့် လျက်ကာ တုံ့ပြန်လိုက်လေ၏။ “မြောင်!”

. . . . . .


ဖေးယိ၏ အကောင်အထည်ဖော်နိုင်စွမ်းက အမြဲတမ်းအားကောင်းနေဆဲပင်။ ဂိမ်းအသေးစားများ လည်ပတ်ရန် သက်ဆိုင်ရာ စည်းမျဥ်းများကို လေ့လာပြီးနောက် သူက ကနဦးလုပ်ဆောင်ချက်ထဲမှာ သူ့ကိုယ်သူ မြှုပ်နှံလိုက်ပြီး အပြင်မထွက်ပဲ အခန်းထဲမှာသာနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ မူလပိုင်ရှင်က အပြင်ထွက်ရတာကို မကြိုက်သဖြင့် သံသယတွေကို နှိုးဆွပေးမိမှာမဟုတ်ပေ။

“မြောင်~ဝူ”


ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်ကတောက်ပနေပြီး သူ့ဒူးပေါ်မှာတင်ထားသော ကြောင်နက်လေးက ရုတ်တရက်နိုးကြားလာသည်။ အလုပ်ထဲတွင် နစ်မြှုပ်နေသေးသော ဖေးယိက ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိပြီး ကွန်ပျူတာမျက်နှာပြင်ကို အမြန်ပြောင်းလိုက်လေ၏။

ထင်သည့်အတိုင်းပင် လော့မချထားသော တံခါးက တွန်းဖွင့်ခံနေရသလို ရွေ့လျားနေ၏။


ဦးလေးခိုင် တံခါးဖွင့်လိုက်သည်နှင့် ဂန္တဝင်ကလေးကာတွန်းကား “စုံထောက်ကြောင်နက်”ကို ပြသနေသော ကွန်ပျူတာကို စေ့စေ့ကြည့်နေသည့် ဖေးယိအားမြင်လိုက်ရသည်။

သူတင်မက ကွန်ပျူတာဘေးမှာ လဲလျောင်းနေသော ကြောင်နက်ကလေးကလည်း စူးစိုက်ကြည့်နေလေ၏။

တံခါးလာခေါက်သော်လည်း တုံ့ပြန်မှုမရခဲ့သော ဦးလေးခိုင်က ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။ “သခင်ငယ်လေး… အောက်ထပ်မှာ ညစာစားဖို့ အချိန်ရောက်ပါပြီ။ ကွန်ပျူတာကို အကြာကြီးစိုက်ကြည့်နေရင် မျက်လုံးထိခိုက်လိမ့်မယ်။”

ဖေးယိက ခေါင်းညိတ်ကာ ကာတွန်းကားပေါ်ရှိ “ရပ်”ဟူသော ခလုတ်အားနှိပ်လိုက်ပြီး အခုန်မြန်နေသော သူ့နှလုံးကို တိတ်တဆိတ် ဖြေလျော့ခဲ့သည်။

မိတော့မလို့!


သူ့ကို မိတော့မလို့!

ဖေးယိက ကြောင်လေးကိုချီကာ ဦးလေးခိုင်နှင့်အတူ အောက်ထပ်ဆင်းလာသည်။ သူတို့နှစ်ဦး ထမင်းစားခန်းကို ရောက်သည့်အခါ ပင်မထိုင်ခုံမှာ ထိုင်နေသော ပေါ်ယွဲ့မင်က စားပြီးပြီဖြစ်၏။

ပေါ်ယွဲ့မင်နှင့် ကျန်သည့် ပေါ်မိသားစုဝင်များ၏ ဆက်ဆံရေးက မရင်းနှီးပေ။ ပေါ်ဖေးကျစ် ဆေးကုသရန် နိုင်ငံခြားရောက်သွားကတည်းက သူက တခြားသူများနှင့် ထမင်းလက်ဆုံစားရန် ပင်မအိမ်တော်သို့ မသွားခဲ့ပေ။

ပေါ်ယွဲ့မင်က ခြေလှမ်းနှစ်စုံကို ကြားလိုက်ရသည်။ “နောက်ဆုံးတော့ မင်းဆင်းလာပြီပေါ့”

အလုပ်ကြိုးစားနေလို့ စားဖို့ပင်မေ့သွားသော ဖေးယိက မလုံမလဲဖြစ်ကာ သူ့ရှေ့တွင် တိတ်တိတ်လေး ထိုင်နေလိုက်သည်။


ဦးလေးခိုင်က အခန်းထဲဝင်သွားခဲ့စဥ် မြင်ကွင်းကိုတွေးကာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိသည်။ သူက ဖေးယိအတွက် ငါးစွပ်ပြုတ်ပန်းကန်ကို ယူပေးကာ ရှင်းပြလိုက်သည်။ “ဒုတိယသခင်လေး… သခင်ငယ်လေးက ကလေးစိတ်နဲ့မို့ ကာတွန်းကားကြည့်ရတာ စွဲလမ်းနေတာပါ။”

“……”


ကလေးစိတ်လား?

ဖေးယိက စွပ်ပြုတ်ပန်းကန်ကိုယူကာ သူ့ပါးပြင်နှစ်ဖက်က ပူနွေးလာသည်။

ပေါ်ယွဲ့မင်က ထိုအခြေအနေမျိုးကို မမျှော်လင့်ထားသဖြင့် အတန်ငယ် မှင်တက်သွားမိသည်။ “ကာတွန်းကား?”

ဦးလေးခိုင်က “စုံထောက်ကြောင်နက်” ဆိုသည့် စကားလုံးလေးခုကို အလေးအနက်ပြောလိုက်၏။ ဖေးယိက သူ့မျက်နှာကို ဟင်းချိုပန်းကန်ထဲမှာ မြှုပ်ထားလိုက်ချင်မိတော့သည်။

စောစောကသာသိခဲ့လျှင် “ကာတွန်းကားကြည့်ရန်”ဟု အကြောင်းပြကာ ကွန်ပျူတာတောင်းခဲ့မည်မဟုတ်ပေ။ ယခုတော့ သူက ကလေးငယ်တစ်ယောက်လို ဆက်ဆံခံရတော့မှာဖြစ်ပြီး သူ၏ ပုံရိပ် ကျဆင်းသွားတော့မည်။ အား!

ဦးလေးခိုင်၏ စိတ်ဝင်စားမှုက မရပ်သွားပဲ ဆက်ရှင်းပြလိုက်၏။ “ဒုတိယသခင်လေး… သခင်ငယ်လေးက ကာတွန်းကြည့်နေရင် ကြောင်လေးနဲ့တူတယ်။”

“မြောင်~”

ပေါ်ယွဲ့မင်က စမ်းတဝါးဝါးဖြင့် သူ့ခြေရင်းကိုပြေးလာသော ကြောင်နက်လေးအား ကောက်ချီလိုက်၏။ ဦးလေးခိုင် ဖော်ပြခဲ့သော မြင်ကွင်းကို စိတ်ကူးကြည့်မိပြီး သူ့မှာ ယခင်ကထက် ကျီစယ်ချင်စိတ်တွေ ပိုဖြစ်လာသည်။

“ဖေးယိ… ဒီကြောင်နက်လေးကို နာမည်ပေးပြီးပြီလား? သူက စုံထောက်လား?”

“…….”

အမည်ကဆိုးရွားလွန်းလို့ ဖေးယိ ဆို့နင်သွားသည်။ 


မူလက သူသည် ၎င်းကို လွယ်ကူသော အမည်ပေးချင်ခဲ့သော်လည်း ပေါ်ယွဲ့မင်၏ အပြုံးမမည်သော အပြုံးတစ်ခုကို မြင်သောအခါ သူက အသည်းသန် ခေါင်းခါပြလိုက်လေ၏။ “ဟင့်အင်း… မဟုတ်ဘူး။”

ဦးလေးခိုင်က ထမင်းစားစားပွဲမှာ စကားစမြည်ပြောမှုများ ပိုရှိလာစေချင်သည်။ သို့မှသာ ယခင်ကလို ပျင်းရိစရာမကောင်းတော့မှာပင်။ ထို့ကြောင့် သူက ချက်ချင်းမေးလိုက်၏။ “သခင်ငယ်လေး… ဒီကြောင်ကို ဘယ်လိုနာမည်ပေးမလဲ?”

ဖေးယိက ဉာဏ်ကောင်းသဖြင့် စိတ်ဝင်စားစရာကောင်းသော အမည်ပြောင်တစ်ခု ပေးလိုက်သည်။ “စစ်ဆေးရေးမှုး”

ပေါ်ယွဲ့မင်က စကားတစ်ခွန်းမှမပြောပဲ ကွေးညွတ်နေသော သူ့ပါးစပ်ကိုဖုံးရန် ရေသောက်လိုက်၏။

အဲ့ဒါနဲ့ စုံထောက်က ကွာခြားမှုရှိသေးလို့လား?

ကြောင်ကိုနာမည်ပေးဖို့ ကာတွန်းကားကြည့်ခဲ့တာလား? ဒါက ကလေးသာသာ အတွေးအခေါ်တစ်ခုပဲ…

ပေါ်ယွဲ့မင်က ကြောင်လေး၏ခေါင်းကို မသိစိတ်အလျောက် ထပ်မံထိလိုက်ပြီး ဖေးယိ၏ စွပ်ပြုတ်သောက်နေသည့် အသံတိုးတိုးလေးကို ကြားလိုက်ရသည်။ “စစ်ဆေးရေးမှုး?”

အင်း… နည်းနည်းတော့ ချစ်စရာကောင်းတယ်…