Chapter 09
ဂိမ်းများမှတစ်ဆင့် ကနဦး ငွေရှာခြင်းပန်းတိုင်ကို အတည်ပြုပြီးနောက် ဖေးယိက ဂိမ်းအသေးစားနှစ်ခု၏ ကနဦးလည်ပတ်မှုပုံစံအတွက် အသေးစိတ်အစီအစဥ်များကို ရေးဆွဲခဲ့သည်။
သူ့၌ ကမ္ဘာအစစ်မှ ကြိုတင်ပြင်ဆင်မှု အတွေ့အကြုံများရှိတာကြောင့် တိုးတက်မှုက အလွန်ချောမွေ့နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ အားလုံးအဆင်သင့်ဖြစ်သွားလေ၏။
ဖေးယိက တရုတ်နိုင်ငံရှိ အကြီးမားဆုံး ဂိမ်းရောင်းဝယ်ရေးနှင့် လဲလှယ်ရေး ပလက်ဖောင်း - ယိုထူအကောင့်ကို ဖွင့်လှစ်ခဲ့သည်။
ဤဝဘ်ဆိုဒ်သည် တရုတ်ဂိမ်းလောက၌ သက်တမ်းအကြာဆုံး တည်ရှိသည်။ သာမန်ဟုထင်ရသော အကောင့်နောက်ကွယ်တွင် ဂိမ်းထုတ်လုပ်ရေးမှုး သို့မဟုတ် ဂိမ်းကုမ္ပဏီ၏ ပထမဆုံးကစားသမား ရှိနေတတ်သည်။
ယိုထူ၏ မူပိုင်ခွင့်ဆောင်ရွက်ချက်များက အလွန်တင်းကြပ်၏။ မူပိုင်ခွင့် အငြင်းပွားမှုများကို ရှောင်ရှားရန် အသုံးပြုသူများ၏ အချက်အလက်များ တင်သွင်းခဲ့သည့် အချိန်ကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ထားမည် ဖြစ်သော်လည်း တစ်ဖက်လူက သူတို့အား အန္တရာယ်ပေးနိုင်လောက်သည့် တခြားသူများကို သတိထားရန် လိုအပ်နေဆဲပင်။
တကယ်တော့ ဂိမ်းတစ်ခု အခိုးခံလိုက်ရပြီး မူပိုင်ခွင့်အငြင်းပွားမှုများ ပေါ်ပေါက်လာလျှင် ဖေးယိ၏ လက်ရှိအခြေအနေက ၎င်းကို အချိန်နှင့်တပြေးညီ ဖြေရှင်းရန် အဆင်မပြေသေးပေ။ ထို့ကြောင့် သူက ဂိမ်း၏ အပေါ်ယံအပိုင်းအစတချို့ကိုသာ ထုတ်ံပြခဲ့ပြီး အမျှော်အမြင်ရှိသော စီးပွားရေးပါတနာတစ်ဦးက သူ့တံခါးဝသို့ ရောက်လာမည်ကို စိတ်ရှည်ရှည်စောင့်မျှော်နေခဲ့သည်။
ဒေတာနှင့် အချက်အလက်အမျိုးမျိုးကို အပ်လုဒ်လုပ်ပြီးနောက်** ဖေးယိက မတ်တပ်ရပ်ကာ အကြောဆန့်လိုက်၏။ “စစ်ဆေးရေးမှူး?”
(*သက်ဆိုင်ရာပလက်ဖောင်းဝဘ်ဆိုဒ်မှာ တင်လိုက်တာကိုပြောတာပါ)
“မြောင်~ဝူး”
စစ်ဆေးရေးမှူးက ကြောင်အိပ်ရာပေါ်ကနေ တွားသွားကာ အကြောဆန့်လိုက်လေ၏။ သူက သူ့ပိုင်ရှင်ဆီ ချဥ်းကပ်သွားကာ အချိန်တန်ပြီဖြစ်၍ ခုန်တက်သွားခဲ့သည်။
ဖေးယိက ၎င်းကို အမြန်ဖမ်းလိုက်ရသည်။ “ပြုတ်ကျမယ်…သတိထား”
စစ်ဆေးရေးမှူး၏ ဦးခေါင်းက လုံးဝိုင်းနေသည့်အပြင် ခုန်နိုင်စွမ်းနှင့် ရဲစွမ်းသတ္တိမှာလည်း မထင်ထားလောက်အောင် ပြင်းထန်လွန်းသည်။ သူ ကောက်ချီလိုက်သည့်တိုင် ၎င်းက သူ့ဘောင်းဘီခြေထောက်ကို ဆွဲနေဆဲပင်။ သို့သော် ရက်အနည်းငယ်အတွင်းမှာ ၎င်းက ခုန်ပေါက်ဖို့ သတ္တိရှိလာခဲ့လေသည်။
စစ်ဆေးရေးမှူးက ဖေးယိ၏လက်ကိုဆုပ်ကိုင်ကာ သူ့အသံက နို့နံ့မစင်သော ညုတုတုအရိပ်အယောင် ရှိနေဆဲပင်။ “မြောင်~ဝူး”
ယနေ့ နေမင်းကြီးက တိမ်တွေထဲမှာ ပုန်းအောင်းနေပြီး မပူပေမယ့် အင်မတန် သက်တောင့်သက်သာရှိလေ၏။
ဖေးယိက အောက်ထပ်ရှိ ဥယျာဥ်ခြံကို ငုံ့ကြည့်ကာ စစ်ဆေးရေးမှူး၏ ခေါင်းလေးကို ပွတ်သပ်လိုက်၏။ “သွားရအောင်… ခြံထဲမှာ ခဏလောက် ကစားဖို့ ခေါ်သွားမယ်။ တစ်နေကုန် ငါနဲ့အခန်းထဲမှာမနေနဲ့။”
သို့နှင့် သူက ပိတ်ထားသောတံခါးကို ဖွင့်လိုက်သည်။
စစ်ဆေးရေးမှူးက ဖေးယိ၏လက်မောင်းထဲမှ စိတ်လှုပ်ရှားစွာ ခုန်ဆင်းသွားပြီး ကြောက်လန့်ခြင်းလုံးဝမရှိပဲ ပြေးထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် ပြန်လှည့်အော်လိုက်လေ၏။ “မြောင်~မြောင်~ဝူး”
တကယ့် စစ်ဆေးရေးမှူးပဲ….
၎င်းက ရှေ့ကိုပြေးလွှားသွားကာ လမ်းကိုစူးစမ်းရတာ သဘောကျနေသည်။
ဖေးယိက သူ့အမည်ကို အလွန်လိုက်ဖက်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူက ပြုံးကာ ပေါ်ယွဲ့မင်၏ အိပ်ခန်းဘက်ကို မျက်လုံးထောင့်မှ စွေကြည့်လိုက်ပြီး စစ်ဆေးရေးမှူးနောက်ကနေ ပထမထပ်သို့ လိုက်လာခဲ့သည်။
. . . . . .
ပေါ်မိသားစုစံအိမ်က ကြီးမားပေမယ့် ဖေးယိက တခြားနေရာများကို ပေါ့ပေါ့ဆဆ မသွားခဲ့ပေ။ သူက ဥယျာဥ်ခြံရှိ ခွေးခြေခုံပေါ်၌ထိုင်ကာ ချုံနှင့်မြက်ခင်းပြင်မှာ ပတ်ပြေးနေသော စစ်ဆေးရေးမှူးအား ကြည့်နေသည်။
နေရောင်ခြည်က နွေးထွေးကာ လေနုအေးများ တိုက်ခတ်နေပြီး သစ်ပင်အရိပ်က အင်မတန် နေထိုင်ရကောင်းစေသည်။
ဖေးယိက အတွေးထဲမှာ နစ်မျောနေစဥ် လှောင်ရယ်သံသဲ့သဲ့လေး ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟက်…ဒါနာမည်ကြီးတဲ့ အရူးမလား? မင်းက ငါတို့မိသားစုမှာ တကယ်လက်ထပ်ခဲ့တာလား?”
“…….”
ဧည့်သည်က ဖော်ရွေမှုမရှိပေ။
အတွေးတစ်ခုက ဖေးယိစိတ်ထဲ၌ပေါ်လာပြီး သူက စူးစမ်းသော အရိပ်အယောင်ဖြင့် အကြည့်ဖြန့်ကြက်လိုက်၏။
ဧည့်သည်က ပြိုးပြိုးပြက်ပြက်နိုင်သော အင်္ကျီကို လွန်လွန်ကဲကဲ ဝတ်ဆင်ထားပြီး ငယ်ရွယ်ပုံပေါက်ပေမယ့် ထူးခြားမှုမရှိပေ။ သူ၏ ရှည်လျားကျဥ်းမြောင်းသော မျက်ဝန်းက မကောင်းသောအရိပ်အယောင်ဖြင့် ပြည့်နှက်နေ၏။ “ဖေးယိ.. ဒါဘယ်လိုပုံစံမျိုးလဲ? မင်း ငါ့ကိုမမှတ်မိဘူးလား?”
ဖေးယိက မူလပိုင်ရှင်၏ သရုပ်သကန်ကို သတိရသွားပြီး သူ့မျက်လုံးထဲရှိ သတိရှိနေမှုကို အတန်ငယ် ထိန်းထားလိုက်ရသည်။
သူကြောက်နေတယ်လို့ ထင်သွားသော တစ်ဖက်လူက ခြံစည်းရိုးတံခါးကို မောက်မာစွာ ကန်ထုတ်ပြီး ဗီလာ၏ သီးသန့်ဥယျာဥ်ခြံထဲကို ခုန်ဝင်လာသည်။ “မကြာသေးခင်က ငါ့အမေကို နိုင်ငံခြားမှာ အဖော်ပြုပေးနေရလို့ အိမ်က စိတ်လှုပ်ရှားစရာ ကိစ္စလေးတွေကို ဝင်မနွှဲခဲ့ရဘူး။”
သူပြောနေစဥ်မှာ ဖေးယိက ဧည့်သည်တော်၏ သရုပ်သကန်ကို သိလိုက်ရသည်။
ယင်းက ပေါ်ယွဲ့မင်၏ ဖအေတူ မအေကွဲညီလေး၊ ပေါ်မိသားစု၏ သခင်လေး ပေါ်ဝမ်ဖြစ်၏။
အရင်တုန်းက ပေါ်လီဟုန်သည် နိုင်ငံရပ်ခြားမှချစ်သူကို ပေါ့ပေါ့တန်တန် စွန့်ပစ်ခဲ့ကာ တရုတ်ပြည်ကိုပြန်လာပြီး ချန်ဂရု၏ သမီးဖြစ်သူနှင့် ချစ်ကြိုက်ခဲ့သည်။ တစ်နှစ်တွဲပြီးနောက်မှာ သူတို့နှစ်ယောက်က လူကြီးများ၏ တိုက်တွန်းမှုကြောင့် ရှောရှောရှူရှူ လက်ထပ်ကာ အမြွှာလေးနှစ်ယောက် မွေးဖွားခဲ့သည်။
မူရင်းစာအုပ်၏ ဖော်ပြချက်အရ ပေါ်မိသားစု၏ သခင်လေးပေါ်ဝမ်က သူ့ဖခင်ပေါ်လီဟုန်နှင့် အလွန်တူပြီး လိုချင်တာမှန်သမျှကို ရခဲ့သည်။ သူက ငယ်စဥ်ကတည်းက အထိန်းအကွပ်မရှိ အလိုလိုက်ခံရပြီး သူ့နဖူးတွင် “မောက်မာခြင်း”ဟူသည့် စကားလုံးကိုပင် ရေးထွင်းထားချင်ခဲ့သည်။
ထိုလူက သူ့အမည်ခံအစ်ကိုဖြစ်သူ ပေါ်ယွဲ့မင်အပေါ်ကို လေးစားမှုမရှိသလို အရာရာတိုင်းမှာ သူ့ကိုဆန့်ကျင်နေခဲ့သည်။
ပေါ်ယွဲ့မင် မတော်တဆမှုဖြစ်ပြီးနောက်မှာ ထိုလူက မျက််နှာပေါ်မှာ “ ဝမ်းသာတယ်”ဟူသော စကားကိုရေးထားခဲ့သည့် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်လာခဲ့သည်။ တစ်ဖက်လူက အရူးတစ်ယောက်အား လက်ထပ်လိုက်သည်ကို ကြားသောအခါ သူပြန်ရောက်လာသည်နှင့် ရယ်စရာဟာသကို ကြည့်ချင်နေခဲ့သည်။
“မတွေ့ရတာကြာပြီနော်… အတန်းဖော်ဟောင်းလေး…။ ငါတို့မိသားစုဖြစ်လာမယ်လို့ မထင်ထားဘူး။ နေဦး မင်းကိုဘယ်လိုခေါ်ရမလဲ?”
ပေါ်ဝမ်က ဖေးယိဆီသို့ လျှောက်သွားကာ သူ့စကားလုံးများက လှောင်ပြောင်မှုအပြည့်ပင်။ “မရီးလား? ဒါမှမဟုတ် ကျောင်းမှာတုန်းကလို အရူးလို့ခေါ်ရမလား?”
ဤစကားကိုကြားတော့ ဖေးယိက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားလေသည်။
အင်ပါယာမြို့တော်ရှိ ချမ်းသာသောမိသားစုများ၊ သက်တူရွယ်တူ သခင်လေးများနှင့် မိန်းမပျိုလေးများသည်လည်း အသိုင်းအဝိုင်းတစ်ခုထဲတွင် တည်ရှိသည်။ အသက်ဆယ်နှစ်မပြည့်ခင်မှာ မူလပိုင်ရှင်နှင့် ပေါ်ဝမ်က အတန်းဖော်များဖြစ်ခဲ့ကြသည်။
တချိန်တုန်းက ကျောင်းပြိုင်ပွဲမှာ မူလပိုင်ရှင်က ပေါ်ဝမ်ထက်ပင် စွမ်းဆောင်ရည်ပိုရှိခဲ့သည်။
အာရုံစူးစိုက်မှု၏ ဗဟိုတစ်ခုဖြစ်ဖူးသော ပေါ်ဝမ်ဟာ ဖြေမဆည်နိုင်ဖြစ်ကာ မူလပိုင်ရှင်အား နှုတ်ဖြင့်ဖိနှိပ်ရန် သူ့သူငယ်ချင်းများကို မြှောက်ပေးလေ့ရှိသည်။
နောက်တော့ မတော်တဆရေနစ်မှုအပြီး မူလပိုင်ရှင် ကျောင်းပြန်တက်သောအခါ ပေါ်ဝမ်က သူ့ကို အရူးလို့ခေါ်ပြီး ဆက်တိုက်ထိုးနှက်ခဲ့သည်။
အနှီလူက ငယ်ငယ်လေးနဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
အဆက်မပြတ် နှုတ်ဖြင့်နှိုးဆော်ခဲ့ခြင်းက မူလပိုင်ရှင်၏အခြေအနေကို ပိုဆိုးသွားစေခဲ့ပြီး တိုးတက်ဖို့ မျှော်လင့်ချက်ပင် မရှိသဖြင့် သူက သီးသန့်သင်ကြားရေးဆရာထံမှ အနည်းငယ်သာ သင်ယူနိုင်ခဲ့သည်။
“……”
ဖေးယိ ၎င်းကိုတွေးမိတော့ ရွံရှာစွာဖြင့် နောက်ဆုတ်လိုက်သည်။
ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်က “ပြဿနာမရှာရ” စည်းမျဥ်းထုတ်ထားသည့်အပြင် သူကိုယ်တိုင်ကလည်း ဤကဲ့သော ရမ်းကားသော သခင်လေးမျိုးနှင့် လုံးဝပြဿနာမတက်ချင်ပေ။
ဤခြေလှမ်းက ပေါ်ဝမ်၏ မျက်လုံးထဲကျရောက်သွားကာ မကျေမနပ်ဖြစ်စေခဲ့သည်။ “မင်းဘာလို့နောက်ဆုတ်သွားတာလဲ? ငါစကားပြောနေတယ်လေ!”
“ကျစ်… ဆယ်နှစ်တောင်ရှိနေပြီကို မင်းဘာလို့တိုးတက်မလာတာလဲ?”
ပေါ်ဝမ်က ရှေ့တိုးကာ ဖေးယိ၏ပခုံးပေါ်လက်တင်ပြီး ကြမ်းကြမ်းတမ်းတမ်း ညှစ်ပစ်လိုက်သည်။ “မင်းက စကားမပြောနိုင်လောက်တဲ့ထိ ရူးသွားတာလား?”
ဖေးယိက လူစိမ်းများ၏ အသာယူခံရခြင်းကို အမုန်းဆုံးပင်။ ထို့အပြင် မူလပိုင်ရှင်အား အနိုင်ကျင့်ခဲ့သည့် ပေါ်ဝမ်လို လူစားမျိုးဆိုရင် ပိုဆိုးသည်။
သူက တစ်ဖက်လူနှင့် အဓိပ္ပါယ်မရှိတာတွေ မပြောချင်ပေ။ အနားမှာ လူမရှိသဖြင့် သူက သူ့ပခုံးပေါ်ရှိ ညစ်ပတ်သောလက်ကို ဆုပ်ကိုင်ကာ ထပ်တူညီသော ခွန်အားဖြင့် လိမ်ချိုးပစ်လိုက်သည်။
“အားးးး!”
ပေါ်ဝမ်၏ အော်သံက အလိုအလျောက် ထွက်လာပြီး နောက်စက္ကန့်မှာ ပေါ်ယွဲ့မင်၏ အသံနက်ကြီးက ကြားဖြတ်ဝင်ရောက်လာခဲ့သည်။ “ပေါ်ဝမ်….မင်းဒီမှာဘာလုပ်နေတာလဲ?”
ဖေးယိက အနောက်မှထွက်ပေါ်လာသော မေးခွန်းကြောင့် တုန်လှုပ်သွားသည်။
သူက ပေါ်ဝမ်ကို အမြန်လွှတ်ပေးကာ ဥပဒ်မပြုတတ်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
တစ်နေရာကနေ သတင်းရရှိခဲ့သော ပေါ်ယွဲ့မင်က ဗီလာခြံဝင်း၏ ဘေးတံခါးမှ တိတ်တဆိတ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာ ခဏတာပျောက်နေခဲ့သော စစ်ဆေးရေးမှုးကလည်း သူ့ခြေထောက်အောက်မှ ထွက်ပေါ်လာသည်။
“မြောင်~ဝူး~”
ပေါ်ယွဲ့မင်က ခေါင်းငုံ့ကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
မူလက သူသည် ပထမထပ် စာဖတ်ခန်းထဲမှာ သူ့လက်ထောက်နှင့် ဖုန်းပြောနေခဲ့သည်။ ထိုစဥ် စစ်ဆေးရေးမှူး၏ အော်သံ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့ဘောင်းဘီခြေထောက်ကို ကိုက်ဆွဲနေခဲ့သည်။
တစ်ခုခုမှားနေပြီဆိုတာသိသဖြင့် ပေါ်ယွဲ့မင်က သူ့လမ်းပြတုတ်ကို ယူဖို့ပင် မေ့သွားခဲ့ပြီး စစ်ဆေးရေးမှုး၏ အော်သံအတိုင်း အပြင်သို့လိုက်ပါလာခဲ့သည်။ သူ တံခါးနားကိုရောက်တော့ ပေါ်ဝမ်၏ မရိုးမသားစကားများကို ကြားလိုက်ရသည်။
သူ့မြင်ကွင်းမှာ မီးခိုးရောင်ဖြစ်နေပြီး ပေါ်ယွဲ့မင်က လက်ရှိအခြေအနေကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သူက မျက်လုံးများကို စွေစောင်းကာ ဖေးယိ၏တည်နေရာကို ရှာဖို့ကြိုးစားလိုက်သည်။ “ဖေးယိလား? မင်းဘာဖြစ်လို့လဲ? ဒီကိုလာ”
ပေါ်ယွဲ့မင်က ပေါ်ဝမ်၏ ဒေါသကို ကောင်းကောင်းသိသည်။ ဖေးယိက ထိုလူကို အနိုင်ရဖို့ အခွင့်အရေးမရှိပေ။
ဖေးယိက ပေါ်ယွဲ့မင်၏ဘေးကို ခုန်ကျော်ထွက်ပြေးကာ ဝမ်းနည်းတကြီး ပြောလိုက်လေ၏။ “သူကမကောင်းဘူး။ ဟုတ်တယ်…ဟုတ်တယ် .. သူကျွန်တော့်ကို အနိုင်ကျင့်တယ်!”
“…….”
ပေါ်ဝမ်က ဒယိမ်းဒယိုင်ခြေလှမ်းဖြင့် နောက်နှစ်လှမ်းဆုတ်လိုက်ရသည်။ သူ၏လိမ်ချိုးခံထားရသော လက်ကောက်ဝတ်က နာနေသေးပြီး ဖေးယိ ထိုစကားမျိုးပြောလာမယ်လို့ မထင်ထားခဲ့ပေ။
သေစမ်း!
အရူးတစ်ယောက်က စကားကောင်းကောင်းမပြောနိုင်ပေမယ့် မျက်နှာပြောင်းသွားပုံက စာအုပ်လှန်တာထက် ပိုမြန်နေသေးတယ်!
ပေါ်ဝမ်က သူ၏ ပြိုးပြိုးပြက်ပြက် အင်္ကျီကော်လံကို ဆွဲထုတ်ကာ ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ သူက ဖေးယိဆီသို့ ခြေနှစ်လှမ်း လှမ်းလိုက်သည်။ “မင်းဘာပြောလိုက်တယ်?”
စစ်ဆေးရေးမှူးက ဧည့်သည်၏ မကောင်းသော ရည်ရွယ်ချက်ကို သတိပြုမိပုံရပြီး အမွေးခါကာ သတိပေးချက်တစ်ခု ထုတ်လိုက်သည်။ “မြောင်~ဝူး!”
ဖေးယိက ကြောင်ပေါက်လေး လန့်သွားမှာကို စိုးရိမ်သဖြင့် အမြန်ကောက်ချီကာ နှစ်သိမ့်လိုက်၏။ သူထလိုက်သောအခါ သူ့လက်မောင်းက ပေါ်ယွဲ့မင်ကို မသိမသာ ပွတ်တိုက်သွားမိသည်။
ပေါ်ယွဲ့မင်၏ မျက်ဝန်းက အတန်ငယ်ရွေ့သွားကာ သူက နှစ်စက္ကန့်လောက် ရှာပြီးမှ စစ်ဆေးရေးမှူး၏ ခေါင်းကိုလှမ်းပွတ်လိုက်သည်။ “ငါရှိတယ်….မကြောက်နဲ့။”
“ဟမ်”
သူ့ရှေ့ကမြင်ကွင်းကြောင့် ပေါ်ဝမ်က မထီမဲ့မြင်အသံတစ်ခု ထုတ်လွှတ်လိုက်သည်။ “ပေါ်အာ…ငါ သူတို့ကို အနိုင်ကျင့်မိသလို လုပ်မနေနဲ့။”
ဖအေတူမအေကွဲ ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူက တွန့်တို့လွန်းကာ “အစ်ကို”လို့ပင် မခေါ်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက “ပေါ်အာ”ဟု အရိုအသေမဲ့စွာ ခေါ်ဆိုခဲ့သဖြင့် သူတို့၏ ဆက်ဆံရေးကွဲပြားမှုကို ပေါ်လွင်သွားစေခဲ့သည်။
ပေါ်ယွဲ့မင်က လက်ပြန်ရုတ်ကာ သူ့လေသံမှာ တည်ငြိမ်နေ၏။ “မင်းနိုင်ငံခြားသွားတာ တစ်လရှိပြီမလား၊ ရောက်တာနဲ့ ငါ့ဆီဘာလို့ရောက်လာတာလဲ?”
“ငါဘာမှမလုပ်ပါဘူး။ စကားနည်းနည်းပြောလိုက်တာနဲ့ မင်းရဲ့အိမ်ထောင်ဖက်က ထဖောက်သွားတာ”
ပေါ်ဝမ်က အနည်းငယ် နာကျင်နေသေးသည့် သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး သူ့ဒေါသက မပြေလျောသေးပေ။ “ပေါ်အာ… မင်းကိုသတိမပေးလို့ အပြစ်မတင်နဲ့။ ဒီအရူးက ရူးနေတာ တစ်နှစ်၊နှစ်နှစ်မကတော့ဘူး။ မင်းသူ့ကို ပိတ်လှောင်ထားပြီး အပြင်ထွက်ခွင့်သိပ်မပေးမှ သူထဖောက်ပြီး မင်းအရှက်ကိုခွဲတာမျိုး မလုပ်နိုင်တော့မှာ!”
ဖေးယိက မျက်လွှာချကာ သူ့သူငယ်အိမ်၏ အနက်ရှိုင်းဆုံးနေရာမှ အေးစက်မှုကို ဖုံးကွယ်ထားလိုက်သည်။ ပြီးတော့ လူကို တကူးတက လာကိုက်တဲ့ ခွေးရူးကဘယ်သူမို့လို့လဲ?
“ပေါ်ဝမ်…ငါ့အိမ်ကလူတွေနဲ့ တခြားအရာတွေအတွက် မင်းစိုးရိမ်ပေးစရာမလိုပါဘူး။” ပေါ်ယွဲ့မင်က ရှေ့တစ်လှမ်းတိုးကာ သူ့စကားတွေက ကာကွယ်ပေးနေသည့် သဘောသက်ရောက်သည်။
ပေါ်ဝမ်က သူ့သတိပေးချက်ကို လုံးဝမကြောက်ပေ။ “မင်း သူ့ကို ကာကွယ်ပေးနေတာလား?”
သူ ဤတစ်ကြိမ်မှာ ဟာသပြဇာတ်ကြည့်ဖို့ ရောက်လာတာဖြစ်၏။
ပေါ်ယွဲ့မင်ရဲ့ ဒေါသထွက်နေတဲ့ အမူအရာကို မမြင်ရပဲ သူဘယ်လိုထွက်သွားနိုင်မှာလဲ?
ပေါ်ဝမ်က ထိုနေရာမှာ ရပ်နေဆဲပင်။ သူ့အကြည့်က ပေါ်ယွဲ့မင်ထံမှ ဖေးယီဆီ ကူးပြောင်းသွားကာ အဆုံး၌ စစ်ဆေးရေးမှူး၏ ကွဲပြားသော မျက်လုံးများထံ ကျရောက်သွားသည်။ “ပေါ်အာ…မင်း ဒီကြောင်နက်ကိုမွေးထားတာလား? ကောင်းကောင်းမွေးထားတာပဲ…ဟမ်”
ပြောပြီးသည်နှင့် သူက စစ်ဆေးရေးမှူးကို လှမ်းထိဖို့ ကြိုးစားလိုက်သည်။
ဖေးယိက ဘေးသို့ဆုတ်ကာ ရှောင်ထွက်သွားသည်။ “မင်းလက်တွေ ညစ်ပတ်တယ်။”
“……”
ကဲ့ရဲ့ခံလိုက်ရသော ပေါ်ဝမ်က အံကြိတ်ကာ အာစလျှာစ ထုတ်သုံးလိုက်သည်။ “ကြောင်တွေမှာ မျက်လုံးအရောင်မတူတာက မွေးရာပါ မျက်လုံးပြဿနာရှိနေလို့ လို့ပြောကြတယ်။”
“ဒါတိုက်ဆိုင်မှုလား?” သူက ပေါ်ယွဲ့မင်ကို လက်ညိုးထိုးကာ တမင်တကာ ထိုးနှက်လိုက်သည်။ “မျက်မမြင်တစ်ယောက်။”
စကားလုံးအနည်းငယ်ဖြင့် သူ့မျက်နှာအမူအရာက ရွဲ့စောင်းသွားလေ၏။
ပေါ်ယွဲ့မင်၏ အမူအရာက ရုတ်တရက်ပျက်သွားပြီး သူ့မျက်ဝန်းထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် လူကိုမျိုချနိုင်သော မုန်တိုင်းတစ်ခု ပေါ်လာခဲ့သည်။
သို့သော် ပေါ်ဝမ်က သေချင်နေဆဲဖြစ်၍ ဖေးယိနှင့် စစ်ဆေးရေးမှူးအား လက်ညိုးထိုးလိုက်သည်။ “အရူးတစ်ယောက်နဲ့ ကျန်းမာရေးမကောင်းတဲ့ ကြောင်တစ်ကောင်… မင်းက သူတို့နဲ့တွဲဖက်ညီနေတာပဲ။ ကျစ်..ကျစ်… ဒါပြီးပြည့်စုံတယ်လို့ ခေါ်မလား?”
ဤစကားများကျလာသည်နှင့် စစ်ဆေးရေးမှူးက ဖေးယိ၏လက်မောင်းထဲမှ ရုတ်တရက် ရုန်းထွက်သွားသည်။ “မြောင်~ဝူး!”
၎င်းက ချက်ချင်းပင် လက်သည်းထုတ်ကာ ပေါ်ဝမ်၏ ပွင့်ဟနေသော လည်ပင်းပေါ် အားကုန်ခုန်ချ၍ ကုတ်ဆွဲလိုက်တော့သည်။ ပြီးနောက် ၎င်းက မာန်ဖီသောအသံတစ်ခုဖြင့် မြေပြင်ပေါ်သက်ဆင်းလိုက်ပြီး ရိုင်းစိုင်းမှုအပြည့်ဖြင့် အိမ်ထဲပြေးဝင်သွားကာ တခဏချင်းပျောက်ကွယ်သွားလေသည်။
“အား!--”
ပူလောင်သောနာကျင်မှုဒဏ်က ပျံ့နှံ့သွားပြီး ပေါ်ဝမ်က သူ့ရင်ဘတ်ပေါ်ရှိ သွေးစွန်းနေသော ကုတ်ခြစ်ရာကို ကိုင်ထားလိုက်သည်။ သူ့မျက်နှာက အနီကနေ အပြာပြောင်းသွားပြီး ဒေါသက သူ့နဖူးကို လာဆောင့်သည်။ “ဒီကြောင်အသေပဲ!”
ဖေးယိက ပေါ်ဝမ်၏ သတ်ဖြတ်လိုစိတ်ကို မြင်လိုက်ရသဖြင့် သူက ရူးချင်ယောင်ဆောင်ကာ ထိုလူအိမ်ထဲမဝင်မီ တားလိုက်လေသည်။ “မင်း စစ်ဆေးရေးမှူးကို အနိုင်ကျင့်လို့မရဘူး။ သူကလိမ္မာတဲ့ကြောင်လးတစ်ကောင်ပဲ!”
ပေါ်ဝမ်က အံကြိတ်ကာပြောလိုက်၏။ “လိမ္မာတဲ့ကြောင်?”
သေချာတာပေါ့…
ဖေးယိက ခေါင်းညိတ်ပြကာ အပြစ်ကင်းသောအသွင်ဖြင့် ထိုလူအား သေချင်သည်အထိ ဆို့နင်သွားစေမည့် စကားတစ်ခွန်း ပြောလိုက်လေသည်။
“အင်း… လိမ္မာတဲ့ကြောင်လေးတွေကပဲ ဆိုးသွမ်းတဲ့ကြွက်တွေကို ခုတ်နိုင်တာ~”