Ch 10
Viewers 28k

Chapter 10


လိမ္မာတဲ့ကြောင်လေးတွေ?

ဆိုးသွမ်းတဲ့ ကြွက်တွေကို ခုတ်တယ်?

မင်းဘယ်သူ့ကို သွယ်ဝိုက် ကျိန်ဆဲလိုက်တာလဲ!

ရင်ဘတ်ပေါ်ရှိ ကုတ်ခြစ်ရာမှ နာကျင်မှုပြင်းထန်လာသည်။ ပေါ်ဝမ်က ဖေးယိ၏ စိတ်အားထက်သန်ပြီး ဖြူစင်သောမျက်လုံးများကို ကြည့်ကာ သူ့ဒေါသက ပါးစပ်ထဲ၌ပင် တစ်ဆို့သွားရသည်။

“ဖေးယိ… မင်းဘယ်သူ့ကို ဆိုးသွမ်းတဲ့ကြွက်လို့ ခေါ်လိုက်တာလဲ!”

“…….”

ကောင်းတာပေါ့..  မင်းကိုယ်တိုင်က အတည်ပြုလိုက်ပြီ

ဖေးယိက ပေါ်ဝမ်၏ ဒေါသထွက်နေပုံကို မြင်လိုက်ရပြီး သာမန်ကာလျှံ အပြုံးတစ်ခုပေးလိုက်သည်။ “အမှန်ပဲ… စစ်ဆေးရေးမှူးက ဆိုးသွမ်းတဲ့ကြွက်တွေကို ခုတ်တဲ့နေရာမှာ အရမ်းတော်တယ်။”

ဘေးမှာရပ်နေတဲ့ ပေါ်ယွဲ့မင်က ဥပစာစကားကို နားမလည်ပဲနေပါ့မလား?

သူက ပေါ်ဝမ်၏ ယခုလက်ရှိ မျက်နှာကို မမြင်ရသော်လည်း တစ်ဖက်လူက မည်မျှရှက်နေမည်ကို တွေးကြည့်နိုင်သည်။

ပေါ်ကွမ်းချန်ကို လူပုံလယ်မှာ အရှက်ခွဲခြင်းမှ ယခုလက်ရှိ ပေါ်ဝမ်အား သွယ်ဝိုက်ပြောဆိုနေသည်အထိ ဖေးယိ၏ အမှတ်တမဲ့ ရူးနှမ်းမှုတိုင်းက ရန်သူကို အမြဲတမ်း အရှက်ရစေခဲ့သည်။

ပေါ်ယွဲ့မင်က ဖေးယိဘက်သို့ ခေါင်းစောင်းငဲ့ကာ သူ့စိတ်ထဲ၌ သိလိုစိတ်တစ်ခု ပြင်းပြလာပြန်သည်။ 

ဒါတွေအားလုံးက တိုက်ဆိုင်မှုလား?

ဒါမှမဟုတ် ဖေးယိက ကျားကိုခုန်အုပ်ဖို့ ဝက်တစ်ကောင်**လို ဟန်ဆောင်နေတာလား? သူက နဂိုတည်းက ဝမ်းတွင်းမည်းလား?

(**တကယ်တမ်းအင်အားကြီးပေမယ့် အားနည်းချင်ယောင်ဆောင်တာကို ပြောတာပါ။)

ပေါ်ယွဲ့မင်၏ အတွေးများက တခဏမျှ လွင့်မျောသွားပြီးနောက် သူက ပေါ်ဝမ်၏ လေးလံလာသော အသက်ရှုသံကို ကြားလိုက်ရကာ အနှီလူ ဒေါသထွက်နေတာ သိသာနေ၏။

“ပေါ်ဝမ်…မင်း ဖေးယိရဲ့အခြေအနေကို သိသင့်တယ်။ သူ့စကားတွေမှာ တခြားအဓိပ္ပါယ်မရှိဘူး။ အများကြီးမစဥ်းစားနဲ့။”

ပေါ်ယွဲ့မင်က ယခုလေးတင် ဖြစ်ပျက်ခဲ့တာကို မသိချင်ယောင်ဆောင်ကာ ဖေးယိအား မျက်နှာသာပေးလိုက်၏။ “ကြောင်လေးက  ခြံထဲမှာ ကြီးပြင်းလာတာမို့လို့ ကြောင်ခုတ်တာ တကယ်တော်တယ်။”

“……”

ပေါ်ယွဲ့မင်၏ လေးနက်သော ရှင်းလင်းချက်ကို ကြားသောအခါ ဖေးယိက ကြေကွဲလုမတတ် ဖြစ်သွားရသည်။ တကယ်တော့ ထိုစကားနောက်ဆုံးတစ်ဝက်ကို ထပ်ပြောလိုက်သော ထိုလူမှာ မည်သည့်ရည်ရွယ်ချက်မျှ မရှိဘူးလို့ ယုံကြည်ဖို့ခက်၏။


တစ်ခါပြောပြီးတာကို နောက်တစ်ခါ ထပ်ပြောလိုက်တယ်!

ပေါ်ဝမ် ကလေးဘဝကတည်းက ယခုကဲ့သို့ အရှက်ခွဲမခံရဖူးပေ။ “ပြောလို့ပြီးပြီလား?!”

ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဖေးယိက ဤစကားများကို စတင်ခဲ့သူဖြစ်၏။ ပေါ်ဝမ်က ဒေါသထွက်လွန်းလို့ လက်သီးရွယ်ကာ တစ်ယောက်ယောက်ကို ထိုးချင်နေမိသည်!

“ဖေးယိ… ငါ မင်းကို အများကြီး ညှာတာခဲ့မိတာလား?”

ဖေးယိ၏ မျက်လုံးတစ်စုံက ရုတ်တရက် ပြောင်းလဲသွားကာ တန်ပြန်တိုက်စစ်ကို ခုခံခါနီးတွင် လူတစ်ယောက်က သူ့ရှေ့ကို ရောက်လာခဲ့သည်။

– ဖက်!


ပေါ်ယွဲ့မင်က အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းရှိပုံရပြီး ပေါ်ဝမ်၏ လက်ကောက်ဝတ်ကို အတိအကျ ဆုပ်ကိုင်ကာ အားကုန်သုံး၍ အောက်သို့ဆွဲချလိုက်သည်။ “မင်း ငါ့အိမ်မှာ လှုပ်ရှားရဲတယ်ပေါ့ ဟမ်?”



ပေါ်ဝမ်က တုန်လှုပ်သွားပြီး သူ့အမူအရာက ချက်ချင်းပင် နာကျင်လာသည်။ သူ့လက်ကောက်ဝတ်ပေါ်ရှိ တွန်းအားမှာ ပြင်းထန်လွန်းသဖြင့် အရိုးနှင့် အရွတ်များ ကျိုးလုမတတ်ပင်။

“ပေါ်ယွဲ့မင်!”

ပေါ်ဝမ်က အော်ဟစ်ပြီး ရုန်းကန်နေခဲ့သည်။ သို့သော် သူ မော့ကြည့်လိုက်သည့်အခါ သူ၏ အပေါ်နှင့် အောက်သွားများ အကြမ်းပတမ်း တုန်လှုပ်သွားခဲ့သည်။


မူလက အခိုးအငွေတစ်လွှာဖြင့် ဖုံးလွှမ်းနေသော ပေါ်ယွဲ့မင်၏ အာရုံစူးစိုက်မှုကင်းမဲ့သည့် သူငယ်အိမ်မှာ ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ဖြင့် လွှမ်းခြုံနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်ကို ခေါင်းစခြေဆုံး အေးခဲသွားစေနိုင်သည်။

သူ့ခန္ဓာကိုယ်မှထွက်လာသော အင်အားကြီးသော ရောင်ဝါမှာ သူမျက်မမြင်မဖြစ်မီကထက် ပိုမိုအားကောင်းလာခဲ့သည်။

ပေါ်ဝမ်က ထိုသို့ဖြစ်နေသော ပေါ်ယွဲ့မင်အား အလွန်ကြောက်သည်။ သူ့လည်စလုတ်က တခဏမျှ လှိမ့်သွားခဲ့သည်။ အတိတ်မှာ သူမည်မျှပင် ရန်စပါစေ တစ်ဖက်လူကို သူ့ကို လျစ်လျူရှုခဲ့သည်။ ဒါဆို အခုဘာလို့ ရန်လိုနေရတာလဲ?

ပေါ်ဝမ်က တစ်ဖက်လူ၏ အမြင်အာရုံကို စမ်းသပ်ရန် လက်တစ်ဖက် ဆန့်ထုတ်ကာ တစ်ဖက်လူ၏ မျက်နှာရှေ့၌ ဝှေ့ယမ်းလိုက်ပြီး သတိထပ်ပေးလိုက်သည်။ “ပေါ်အာ…. မင်း ပြဿနာမရှာဖို့ ငါအကြံပေးချင်တယ်!”

“အခု အဘွားကနေမကောင်းလို့ ဆေးရုံကုတင်မှာလဲနေတယ်။ ဒီမိသားစုထဲက ဘယ်သူကမှ မင်းကိုဂရုမစိုက်ဘူး!”

အသံတိတ်မသွားခင်မှာ သူ့လက်ကောက်ဝတ်ပေါ်ရှိ ပေါ်ယွဲ့မင်၏အားက အနည်းငယ်တိုးသွားပြီး သူ့မျက်ဝန်းက အောက်ခြေမရှိသော တွင်းတစ်ခုလုံး နက်မှောင်နေခဲ့သည်။

“ဟုတ်တယ်…အာ…ငါ့မျက်လုံးတွေကို ကုလို့မရတော့ဘူး။ အိမ်ကလူတွေကလည်း ငါ့ကိုဂရုစိုက်နေမှာ မဟုတ်ဘူး။ ငါ မင်းရဲ့အသုံးမဝင်တဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်နေတုန်းပဲလို့ ထင်လား?”

ဆိုရိုးစကားအတိုင်းပင် ခြေဗလာဖြစ်နေသော လူတွေက ဖိနပ်စီးထားသော လူတွေကို မကြောက်ပေ။**

(**ဘာမှမရှိတဲ့လူတွေမှာ ဆုံးရှုံးစရာဘာမှမရှိဟု ဆိုလိုသည်)


ပေါ်ဝမ်၏မျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့သွားပြီး သူက ပေါ်ယွဲ့မင်ကို ရန်စမိလို့ ရုတ်တရက် နောင်တရသွားခဲ့သည်။ 

ဒီလူက ကန်းနေလို့ စိတ်ဓာတ်ပါ ပျက်ပြားသွားတာလား?

အထက်တန်းလွှာ သခင်လေးတစ်ယောက်ရဲ့ အမူအရာမျိုး နည်းနည်းလေးတောင် မတွေ့ရဘူး… ဒီလူက ရန်လိုနေတဲ့ အရူးတစ်ယောက်သာသာပဲ!

“ပေါ်ဝမ်… ဒါ မင်းပြေးချင်သလိုပြေးလို့ရတဲ့ နေရာမဟုတ်ဘူး။ အရင်တုန်းက အဘွားကြောင့် ငါသည်းခံခဲ့ပေမယ့် ငါတို့နှစ်ယောက်ကြားမှာ ညီအစ်ကိုဆက်ဆံရေးမရှိခဲ့ဘူး။ ဒါကို သေချာမှတ်ထား”

ပေါ်ယွဲ့မင်က အေးစက်စွာ သတိပေးပြီး ညစ်ပတ်နေသော သူ့လက်များကို ခါလိုက်သည်။

“……”

ပေါ်ဝမ်က ဒေါသကြောင့် တုန်ရီနေကာ ရောင်ရမ်းနေသော သူ့ညာဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူက ပေါ်ယွဲ့မင်ကို ထပ်မနှောင့်ယှက်ဝံ့တော့ပဲ သူ့နောက်မှာ ပုန်းနေသော ဖေးယိကိုသာ တစ်ချက်ကြည့်လိုက်လေ၏။ “မင်း စောင့်ကြည့်နေလိုက်!”


သူက ဤခက်ထန်သော စကားကိုပြောပြီးနောက် အလျင်စလို ထွက်သွားခဲ့သည်။

ဖေးယိက ပေါ်ဝမ် ထွက်ပြေးသွားပုံကို စိုက်ကြည့်ရင်း မည်သို့ပင်ကြည့်စေကာမူ ရယ်စရာကောင်းသည်ဟု ခံစားမိသည်။

မူလက ထိုလူသည် ဟာသပြဇာတ်ကြည့်ရန် ရောက်လာခဲ့ပေမယ့် သူကိုယ်တိုင်က ဟာသပြဇာတ်ဖြစ်သွားရသည်။ ကျောက်တုံးမပြီး ကိုယ့်ခြေထောက်ကို ထုလိုက်တာပဲ!

ပေါ်ယွဲ့မင်က သူ့တံခါးဝသို့ ရောက်လာသော အရှုပ်ထုပ်ကို ဖြေရှင်းက ဘေးဘက်ကို အသာလှည့်လိုက်သည်။ “ဖေးယိ”

ဖေးယိက တဖြည်းဖြည်း အကြည့်ရုတ်ကာ မော့ကြည့်လိုက်၏။

ပေါ်ယွဲ့မင်အနားရှိ အေးစက်မှုက လုံးဝပျောက်ကွယ်သွားသော်လည်း သူ့မျက်ခုံးများက မသိမသာ တွန့်နေသေးသည်။ “မင်းကြောက်နေလား?”

ဖေးယိက ခေါင်းခါပြကာ စကားပြောဖို့ပင် မေ့သွားသည်။

သူကြောက်နေလို့ မဟုတ်ပါပဲ ၎င်းက သူမျှော်လင့်ထားတာထက် အနည်းငယ် သာလွန်နေလို့ဖြစ်၏။

တကယ်တော့ မူလစာအုပ်၏ ဇာတ်ကွက်အရ အစောပိုင်းအဆင့်၌ ပေါ်ယွဲ့မင် မည်မျှပင် မလိုလားစေကာမူ သူသည် ဆက်လက်သည်းခံနေရ၍ အဆုံးမှာ မကောင်းသော အမှောင်စိတ်ဖုံးလွှမ်းသွားခဲ့သည်။

ငြိမ်သက်နေသော လေထုက စက္ကန့်အနည်းငယ်မျှ ကြာသွားလေသည်။

ပေါ်ယွဲ့မင်က ဖေးယိ သူ့ကြောင့် လန့်သွားတယ်လို့ထင်ပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်လေ၏။ “မင်းပြောလိုက်တဲ့စကားက ပေါ်ဝမ်ကို မကျေမနပ်ဖြစ်စေခဲ့တယ်။ ငါဝင်ပါပြီး သူ့ကိုခြောက်ဖို့ စကားကြမ်းကြမ်းတွေ မပြောလိုက်ရင် ငါ အနားမှာမရှိတဲ့အချိန် သူမင်းကို ဒုက္ခပေးဖို့ရောက်လာမှာ သေချာတယ်။”

အပြင်လူများ၏ မျက်လုံးထဲမှာ သူတို့နှစ်ယောက်က “လက်ထပ်ပြီးသား” ဆက်ဆံရေး၌ ချည်နှောင်ထားပြီးဖြစ်၍ ဂုဏ်သိက္ခာကလည်း တစ်ယောက်အပေါ်တစ်ယောက် မှီခိုနေ၏။

ပေါ်ယွဲ့မင်အတွက်မူ ဖေးယိက သူ့အကျိုးစီးပွားကို ထိခိုက်စေမည့် ကိစ္စများကို မလုပ်သရွေ့ သူက သူ့ကို အိမ်နှင့်အပြင် နှစ်နေရာလုံးမှာ ကာကွယ်ပေးမည်ဖြစ်၏။

“…….”

ဖေးယိက အံ့အားသင့်သွားကာ ပေါ်ယွဲ့မင် သူ့အတွက် စဥ်းစားပေးမည်ဟု မထင်ထားခဲ့ပေ။


ပေါ်ယွဲ့မင်က ဖေးယိ၏ တုံ့ပြန်မှုကို မရသေးသဖြင့် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်လေ၏။ “မင်းနားမလည်ရင်လည်း အဆင်ပြေပါတယ်။ နောက်ဆို မင်းသူ့ကိုတွေ့တိုင်း ရှောင်ရမယ်နော်၊ နားလည်လား?”

ဤတစ်ကြိမ်မှာတော ဖေးယိက နှုတ်ခမ်းတွန့်ကာ အမြန်ဖြေလိုက်လေ၏။ “ဟုတ်”

ပေါ်ဝမ်၏ရင်ဘတ်ပေါ်မှ ခြစ်ရာကို တွေးကြည့်လိုက်ရာ သူ့စိတ်ထဲမှာ အနည်းငယ်စိုးရိမ်လာခဲ့သည်။

တစ်ဖက်လူက အချစ်ခံ ပေါ်မိသားစုဝင်ဖြစ်၏။ အကယ်၍ ဖေးသခင်ကြီးနှင့် ဒုတိယအိမ်တော်မှ ဇနီးမောင်နှံတို့ သိသွားရင် ပေါ်ယွဲ့မင် ပြဿနာတက်သွားမှာမလား?

ဖေးယိက စိုးရိမ်မှုပြင်းပြစွာ စိတ်ရင်းဖြင့် ပြောလိုက်၏။ “သူ တခြားသူတွေကို ပြောပြလိုက်ရင် ဘယ်လိုလုပ်မလဲ?”


ပေါ်ယွဲ့မင် ထိုမေးခွန်းကို ကြားသောအခါ သူ့အမူအရာက ပြေလျော့သွားသည်။ “ပေါ်ဝမ်က အရှက်ကွဲမှာ အကြောက်ဆုံးပဲ။ သူက လက်စားချေဖို့ နည်းလမ်းတစ်ခုတော့ ရှာလိမ့်မယ်။ ဒါပေမယ့် လူသိရှင်ကြား လုပ်ရဲမှာမဟုတ်ဘူး။”

တစ်ယောက်ယောက်ကို ရန်သွားစလို့ ကိုယ်တိုင်ပြန်ခံရပြီး အရှက်ကွဲသွားတာမလား? သူ၏ဂုဏ်သိက္ခာကြောင့် သူက ဤကိစ္စကို ရင်ထဲမှာသိမ်းထားပြီး လူသိခံမည်မဟုတ်ပေ။

“ပြီးတော့ နောက်ဆိုရင် မင်းသူ့ကိုတွေ့တိုင်း ဝေးဝေးမှာပုန်းနေရမယ်။ နားလည်တယ်မလား?”

ဖေးယိက နားလည်သလို ခေါင်းညိတ်ပြသည်။

ပေါ်ဝမ်က ထွက်သွားပြီဖြစ်၍ သူတို့နှစ်ယောက် တံခါးဘေးမှာ ရပ်နေဖို့ မလိုတော့ပေ။

“အိမ်ထဲပြန်ဝင်ရအောင်။”

ပေါ်ယွဲ့မင်ပြောပြီးသည်နှင့် သူ၏လမ်းပြတုတ်မပါလာမှန်း သတိရသွားပြီး ခြေလှမ်းများကိုရပ်ကာ ဘေးနားက လမ်းညွှန်ဆိုင်းဘုတ်ကို မမြင်မစမ်း ရှာလိုက်လေ၏။

၎င်းကိုမြင်တော့ ဖေးယိက သူ့လက်ကို ဆွဲကိုင်လိုက်သည်။ “ခင်ဗျား ဘယ်သွားမလို့လဲ?”

“…….”

ပေါ်ယွဲ့မင်၏ အမူအရာက အတန်ငယ် ပြောင်းလဲသွားသော်လည်း သူက မရုန်းလိုက်သလို ခြေတစ်လှမ်းမရွေ့ခဲ့ပေ။

ပေါ်ယွဲ့မင် သူ့ကိုမယုံဘူးလို့ ဖေးယိက ထင်လိုက်သဖြင့် သူက အနှီလူအား ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ “မစိုးရိမ်ပါနဲ့။ ကျွန်တော်နဲ့လိုက်ခဲ့။”

ဦးလေးခိုင်က အိမ်မှာမရှိသဖြင့် သူတစ်ယောက်တည်း ဒုတိယထပ်ကို ပြန်တက်ဖို့ လက်တွေ့မကျလှပေ။ ဖေးယိ၏ လက်ဖဝါးက သူ့လက်ကောက်ဝတ်ပေါ်မှာ ရှိနေပြီး ပျော့ပျောင်းနွေးထွေးကာ သူ့အား ထိတွေ့လိုက်သော အရေပြားတစ်လက်မတိုင်းက နူးညံ့အိစက်နေ၏။

ပေါ်ယွဲ့မင်က အပြင်လူတွေကို အားကိုးရတာမကြိုက်ပေမယ့် ယခုချိန်မှာ သူက မငြင်းဆန်နိုင်ခဲ့ပေ။ “ဒုတိယထပ်ကို ပြန်သွားရအောင်”

“ကောင်းပါပြီ။”

သူတို့နှစ်ယောက်က အပေါ်ထပ်ကို တစ်လှမ်းချင်းတက်သွားသည်။ သူတို့က အိပ်ခန်းအပြင်ဘက် တံခါးဝကို ရောက်သည်နှင့် ခြေလှမ်းသံများကို ကြားလိုက်ရ၏။

အလုပ်ပြီးသွားသော ဦးလေးခိုင်က အပေါ်ထပ်ကို အမြန်တက်လာပြီး ပေါ်ယွဲ့မင်နှင့် ဖေးယိအပြင် သူတို့လက်တွေ တင်းတင်းကျပ်ကျပ် တွယ်ယှက်ထားသည်ကိုပင် မြင်လိုက်ရသည်။

“ဒုတိယသခင်လေး..  သခင်ငယ်လေး… မင်းတို့…”

ပေါ်ယွဲ့မင်က ဦးလေးခိုင်၏ တုံ့ဆိုင်းနေမှုကို ကြားလိုက်ရကာ ဖေးယိကို လက်ချောင်းများကို မသိမသာ ပုတ်လိုက်လေ၏။ “အဆင်ပြေပါတယ်။”

“Oh.”

“အို”

ဖေးယိက မဆိုင်းမတွ လွှတ်ပေးလိုက်ပြီး သူ့အခန်းထဲပြန်သွားခဲ့သည်။

ဦးလေးခိုင်က ရှိနေပြီမို့ ပေါ်ယွဲ့မင်က သူ့ကို မလိုအပ်တော့ပေ။ ယင်းအစား သူက စစ်ဆေးရေးမှုးကို စိတ်ပူနေမိသည်။ ယခုနက ၎င်း၏ တုံ့ပြန်မှုကို စစ်ဆေးလို၍ သူက ၎င်းကို ရှာရန် အခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။

“…….”

သူ့လက်ပေါ်က လေးလံမှုမှာ တခဏချင်း ပျောက်ကွယ်သွားပြီး ပေါ်ယွဲ့မင်က နွေးနေဆဲဖြစ်သော လက်ဖဝါးကို မသိစိတ်အလျောက် ဆုပ်လိုက်မိသည်။

ဖေးယိ အိပ်ခန်းလေးထဲ ဝင်သွားသောအခါ ဦးလေးခိုင်က သူ့အနားကပ်လာပြီး “ဒုတိယသခင်လေး… ခင်ဗျားနဲ့ သခင်ငယ်လေးက… .”

ဘာလို့လက်တွဲထားတာလဲ?

ပေါ်ယွဲ့မင်က ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို အကျဥ်းချုပ်ပြန်ပြောပြကာ စကားလွှဲလိုက်သည်။ “ဆေးပညာရှင်အဖွဲ့နဲ့ စာချုပ် အဆင်ပြေခဲ့လား?”

ဦးလေးခိုင်က လက်တွဲထားခြင်း၏ နူးညံ့သိမ်မွေ့သော ကိစ္စရပ်ကို မျိုသိပ်ကာ တိုးတိုးလေး ပြန်ဖြေလိုက်လေ၏။ “စိတ်မပူပါနဲ့။ ပုံမှန်အတိုင်းပါပဲ။ သဘက်ခါ ဧည့်ခံပွဲပြီးသွားရင် ကျွန်တော်တို့ ထွက်သွားဖို့ အကြောင်းပြချက်တစ်ခု ရမှာပါ။”

“ကောင်းပြီ။”

. . . . . .

ဖေးယိ အခန်းထဲဝင်လာသည်နှင့် ကုတင်အောက်မှာ ပုန်းနေသော စစ်ဆေးရေးမှူးက ခေါင်းလေးကို ထုတ်ပြလာသည်။ “မြောင်~ဝူး~”

၎င်းက ကုတင်အောက်ကနေ လျှောထွက်လာပြီး သခင်၏ဘောင်းဘီခြေထောက်ကို ခေါင်းလေးဖြင့် ညုတုတုပွတ်သပ်နေလေ၏။ လူတွေကို ကုတ်ခြစ်ပြီးနောက် အရိုင်းဆန်ပြီး သတ်ဖြတ်လိုသော အရောင်အဝါမှာလည်း ယခုချိန်၌ လုံးဝမရှိတော့လေပြီ။

ဖေးယိက ၎င်းကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်ပြီး ပြင်ပဒဏ်ရာမရှိတာ သေချာမှ စိတ်သက်သာရာရသွားခဲ့သည်။

စစ်ဆေးရေးမှူးကို မွေးစားရန် ဆုံးဖြတ်လိုက်စဥ် ဦးလေးခိုင်က ၎င်းအား အလုံးစုံစစ်ဆေးရန် အိမ်မွေးတိရစ္ဆာန်ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ဤကွဲပြားသော မျက်လုံးတစ်စုံမှာ သဘာဝဆန်ပေမယ့် အမြင်အာရုံ၊ အကြားအာရုံနှင့် တခြားရှုထောင့်များ၌ ၎င်းက ပေါ်ဝမ်ပြောသလို မကျန်းမာသော ကြောင်တစ်ကောင်မဟုတ်ပါပေ။

ဖေးယိက စစ်ဆေးရေးမှူးကိုဖက်ကာ စားပွဲရှေ့မှာ ထိုင်လိုက်ပြီး ခေါင်းသေးသေးလေးကို ပွတ်ပေးလိုက်၏။ “ဒီနေ့ အရမ်းတော်တယ်။ ဒါပေမယ့် နောက်တစ်ခါ အပြင်ထွက်လို့ လူဆိုးတွေနဲ့ တွေ့ရင် သူတို့ကို ရှောင်ရမယ်။ မင်း ငါ့နားမှာပဲ နေရမယ်နော်..နားလည်လား?”


စစ်ဆေးရေးမှူးက မျက်လုံးရွဲကြီးများကို ဖွင့်ကာ မြောင်လိုက်သည်။

ဖေးယိက သူ့ကို ဆုချရန် စည်သွတ်ဘူးတစ်ခု ဖွင့်ပေးလိုက်ပြီး ယခု သူအားလပ်နေသဖြင့် ဂိမ်းဖလှယ်ရေးဝဘ်ဆိုဒ်ကို ဖွင့်လိုက်တော့သည်။

မကြာသေးမီက သူသည် ဂိမ်းကုဒ်နှစ်ခုနှင့် ဖန်တီးမှုသဘောတရားအကျဥ်းချုပ်ကို အပ်လုဒ်တင်ခဲ့ပြီး ၎င်းတို့သည် လိုက်ခ်နှင့် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့သည်။ အကောင့်အသစ်ဖွင့်ထားသော လူသစ်လေးတစ်ယောက်အတွက် ဤရေတိုဒေတာလှိုင်းရှိနေတာ ကောင်းလွန်းလှပြီဖြစ်၏။

(Upload/likes)

ဖေးယိက သူ့အကောင့်သစ်၏ ကိုယ်ပိုင်စာမျက်နှာ(Personal Page) ကို နှိပ်ကြည့်လိုက်ရာ မက်ဆေ့၇စောင်၊ ၈စောင်လောက် စောင့်နေသည်ကို တွေ့လိုက်ရသည်။ အောက်ခြေကိုဆွဲလိုက်တော့ ကနဦးစုံစမ်းရေးမက်ဆေ့ချ်များက လိုရှင်းတိုရှင်း ထွက်ပေါ်လာ၏။

– ဟယ်လို… ဂိမ်းနှစ်ခုရဲ့ ကနဦးအရောင်းစျေး ဘယ်လောက်လဲ သိချင်ပါတယ်ဗျ၊ ဝယ်ယူဖို့နဲ့ နောက်ဆက်တွဲ အကျိုးအမြတ်ဝေမှုကို လက်ခံပါတယ်။ နောက်ထပ်လည်း ဆက်သွယ်နိုင်မယ်လို့ မျှော်လင့်ရင်း ခင်ဗျားရဲ့ ပြန်စာကို စောင့်နေပါတယ်။

အိုင်ဒီမှာ သစ်တော်သီးခြံ* ဖြစ်ပြီး ၎င်း၏အနောက်မှာ သစ်တော်သီး သေးသေးလေးပါရှိသည်မှာ အင်မတန် ချစ်စရာကောင်းလှသည်။

(** လီယွမ် သို့မဟုတ် သစ်တော်သီးခြံက တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်နှင့် ဂီတသင်တန်းကျောင်းပါ)

မက်ဆေ့ချ်ကို လွန်ခဲ့သည့် ဆယ့်ငါးမိနစ်က ပေးပို့ခဲ့ခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဂိမ်းနှစ်ခုကို အပ်လုဒ်တင်ပြီးနောက် ဆယ်မိနစ်မပြည့်မီတွင် “သစ်တော်သီးခြံ” ID နှင့် ပါတီ Aက စိတ်ဝင်စားလာခြင်းဖြစ်၏။


ဖေးယိက နှုတ်ခမ်းတွန့်ကွေးကာ သူ့ကိုယ်သူအပါအဝင် တခြားသူများကို ချီးကျူးလိုက်၏။ “အတော်လေး အမြင်ရှိတာပဲ”

သူပြောလိုက်သည်နှင့် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ “သခင်ငယ်လေး?”

ဦးလေးခိုင်၏အသံကို မှတ်မိသဖြင့် ဖေးယိက မတ်တပ်ထရပ်ကာ တံခါးဖွင့်လိုက်သည်။

ဦးလေးခိုင်က လတ်လတ်ဆတ်ဆတ် လှီးထားသော  အသီးအနှံတစ်ပန်းကန်ကို ယူလာပေမယ့် ပေါ့ပေါ့တန်တန် အထဲမဝင်လာပေ။ “သခင်ငယ်လေး… အခုလေးတင် ဒုတိယသခင်လေးပြောတာကို ကြားခဲ့ရတယ်။ စိတ်မပူပါနဲ့။ အသီးနည်းနည်းစားပြီး စိတ်လျှော့လိုက်။”

ဖေးယိက ၎င်းကို ယူလိုက်သည်။ “ဟုတ်ကဲ့”


ဦးလေးခိုင်က ပြုံးကာ ဤအချိန်၌ တံခါးလာခေါက်ရခြင်း၏ ရည်ရွယ်ချက်ကို စတင်ရှင်းပြလိုက်သည်။ “သခင်ငယ်လေး… ဝတ်စုံဒီဇိုင်နာက သခင်ငယ်လေးရဲ့ ကိုယ်တိုင်းယူပြီး အဝတ်အစားအသစ်ရွေးချယ်ပေးဖို့ ရောက်လာလိမ့်မယ်။ သူနဲ့ ပူးပေါင်းဆောင်ရွက်ပေးလို့ ရမလား?”

ဖေးယိက ပန်းသီးတစ်လုံးကိုက်ကာ ဝါးမစားခင် စက္ကန့်ဝက်လောက်ရပ်လိုက်သည်။ “အသစ်…အဝတ်စားအသစ်လား?”

“သဘက်ခါက သခင်ကြီးရဲ့မွေးနေ့လေ။ ပေါ်မိသားစုက ဧည့်ခံပွဲအခမ်းအနားတစ်ခု ကျင်းပမှာ။ ပြီးတော့ ဖေးသခင်ကြီးနဲ့ တခြားလူတွေလည်း လာကြမှာပါ။”

ဦးလေးခိုင်က သူ့ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း ရှင်းပြနေပြီး အတန်ငယ် ကူကယ်ရာမဲ့နေ၏။ “ဒီဧည့်ခံပွဲအတွက် သခင်ကြီးက ဒုတိယသခင်လေးနဲ့ သခင်ငယ်လေးကို အတူတက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။”

________________________________________