Ch 11
Viewers 28k

Chapter 11


မျက်စိတစ်မှိတ်အတွင်း သောကြာနေ့ရောက်လာခဲ့သည်။


ဖေးယိက နှုတ်ဆိတ်နေခြင်းဖြင့် သူ၏အားနည်းချက်ကို တမင်တကာ ဖုံးကွယ်လိုက်ပြီး ဝတ်စုံဒီဇိုင်နာ၏ အကူအညီဖြင့် ပွဲအခမ်းအနားအတွက် ဝတ်စုံပြည့်ဝတ်ဆင်ခဲ့သည်။

ခမ်းခမ်းနားနား တန်ဆာမဆင်ခဲ့ပေ။ ဝတ်စုံဖြူက အနက်ရောင်ဖြင့် အနားကွပ်ထားပြီး ကော်လာရှိ ပဝါမှသာလျှင် တဖျပ်ဖျပ်တောက်ပနေသော အရောင်ကိုပြသနေ၏။ သူ့ဆံပင်က ဤပွဲအခမ်းအနားအတွက် ဖြောင့်စင်းနေကာ အောက်ဘက်သို့ နူးနူးညံ့ညံ့ ကျဆင်းနေသည်။


သူက လိမ္မာရေးခြားရှိပြီး ချစ်စဖွယ်ကောင်းလှသည်။

ပွဲအကြောင်းကို သိလိုက်ရသော ပထမဆုံးနေ့တွင် ဖေးယိ၏ စိတ်က မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။


မူရင်းစာအုပ်၏ ဇာတ်ကွက်အရ ဤဧည့်ခံပွဲတွင် သူကိုယ်တိုင်က အမြှောက်စာဖြစ်ပြီး ပေါ်ယွဲ့မင်က ဗီလိန်ဖြစ်သည့်အပြင် ဇာတ်လိုက်ကုန်းနှင့် ရှို့အပါအဝင် အရံဇာတ်ကောင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည်။ ဤသည်မှာ သူတို့၏ မကျေနပ်မှုများ စတင်ခဲ့သည့် အရေးကြီးသော ဆုံမှတ်တစ်ခုဖြစ်လေ၏။

လူအများရှိနေလျှင် စိတ်လှုပ်ရှားစရာ ပိုကောင်းလိမ့်မည်။ ဖေးယိက ဒီအခွင့်အရေးကို လက်လွတ်ခံစရာလား?


ထိုထက်ပိုသည်မှာ သူနှင့် ပေါ်ယွဲ့မင်က ပေါ်သခင်ကြီး၏ ဖိတ်ခေါ်ခံခဲ့ရသည်။

ပြင်ဆင်ပြီးနောက် ဖေးယိက အချိန်မဆွဲပဲ တံခါးဖွင့်ကာ အောက်ထပ်ဆင်းလာသည်။

အဝတ်အစားဝတ်ပြီးနောက် ပေါ်ယွဲ့မင်က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် မတ်တပ်ရပ်နေပြီး ရိုးရှင်းသော သုံးလွှာဝတ်စုံကို ဝတ်ဆင်ထား၏။

လိုက်ဖက်နေအောင် ဖြတ်တောက်ချုပ်လုပ်ထားသော ဝတ်စုံမှာ ပခုံးကျယ်ကျယ်၊ ခါးကျဥ်းကျဥ်းနှင့် ခြေတံရှည်များအပါအဝင် သူ့ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသည်။ သေသပ်စွာ ပြင်ဆင်ထားသော ဆံပင်နှင့် သွေးနှောသည့် ရုပ်ရည်မျိုးကို ပေါင်းစပ်လိုက်သည့်အခါ သူသည် နိုင်ငံတကာလျှောက်လှမ်း (Runways) ပေါ်ရှိ ပထမတန်းစား အမျိုးသားမော်ဒယ်များထက်ပင် ထင်ရှားပေါ်လွင်လှပြီး မည်မျှပင် ချီးကျူးပါစေ လုံလောက်မည်မဟုတ်ပေ။

ပေါ်ယွဲ့မင်က လှုပ်ရှားသံကို ကြားလိုက်သည်။ “ဖေးယိလား?”


“အင်း”

ဖေးယိ၏ မျက်ဝန်းက အတန်ငယ် တောက်ပလာပြီး အနားရောက်လာမှ သူသိလိုက်ရသည်။

အဝေးကကြည့်လျှင် တစ်ကိုယ်လုံးအနက်ရောင်ဟု ထင်ရပြီး ပေါ်ယွဲ့မင်၏ အပေါ်ထပ်ကုတ်အင်္ကျီမှာ အရောင်မှိန်ပေမယ့် အလှတရား လစ်ဟင်းနေခြင်းမရှိသလို သိမ်မွေ့ဆန်းကြယ်သော ခံစားချက်တစ်ခုနှင့် လျှော့မတွက်သင့်သော ကိုယ်ရည်ကိုယ်သွေးတစ်ခုရှိနေလေ၏။


အားလုံး ကြည့်ကောင်းပေမယ့် လည်စည်းက အနည်းငယ်တွန့်နေ၏။

ပေါ်ယွဲ့မင်က မမြင်နိုင်လို့ သူသတိမပေးလျှင် ချိန်ညှိဖို့ လွယ်မည်မဟုတ်ပေ။

ဖေးယိက အနည်းငယ်တွန့်နေသော လည်စည်းကို နှစ်စက္ကန့် သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးနောက် စွဲလမ်းမှုလွန်ကဲသော စိတ်ရောဂါထွက်ပေါ်လာပြီး သူက လည်စည်းကိုအမြန်ဆွဲကာ အလယ်သို့ ရွှေ့လိုက်တော့သည်။


သူ၏ လက်ချောင်းနွေးနွေးလေးများက ပေါ်ယွဲ့မင်၏ လည်စေ့ကို ပွတ်တိုက်သွားပြီး ခပ်ဖျော့ဖျော့ ဓားခြစ်ရာ သို့မဟုတ် ခပ်ဖွဖွ အနမ်းတစ်ပွင့်ကဲ့သို့ အပေါ်ယံ ယားယံမှုတစ်ခု ဖြစ်ပေါ်စေသည်။

သူ့ခန္ဓာကိုယ်၏ အလိုလိုသိစိတ်က ကျိုးကြောင်းဆင်ခြင်မှုထက်ပင် ပိုအားကောင်းသည်။

ပေါ်ယွဲ့မင်က သူ့ရှေ့ကလက်ကို ရုတ်တရက်ဆုပ်ကိုင်ကာ စူးရှနိုးကြားနေသော အမူအရာတစ်ခု ထွက်ပေါ်လာ၏။ “မင်းဘာလုပ်နေတာလဲ?”


ဖေးယိက ရုတ်တရက်ခွန်အားဖြင့် ရှေ့သို့ အဆွဲခံလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က ပေါ်ယွဲ့မင်၏ ရင်ခွင်ထဲသို့ ကျရောက်လုနီးပါး ဖြစ်သွားသည်။


သူက စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်ပြီး မသိမသာနီရဲနေသော တစ်ဖက်လူ၏ လည်စေ့ကြောင့် သူ အံ့အားသင့်သွားရသည်။

ယောကျာ်းအများစုအတွက် လည်စေ့က ထိလွယ်ရှလွယ်ပြီး အန္တရာယ်ရှိသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အပြင်လူတွေကို စိတ်လိုလက်ရ ထိတွေ့ခွင့် ဘယ်လိုပြုနိုင်မှာလဲ?”

“တွန့်နေလို့”

ဖေးယိက လက်အမြန်ရုတ်ကာ သူ့အကြည့်နှင့် အတွေးများက ပေါ်ယွဲ့မင်၏ လည်ပင်းပေါ်တွင် ရှိနေသေးသည်။

ဒါက အရမ်းထိရှလွယ်မနေဘူးလား? ရုတ်တရက်ကြီး ဒီလိုနီရဲလာတာလေ! သူက ဖြူစင်လွန်းတယ်လို့များ ဆိုလိုတာလား? ဒါမှမဟုတ် တချို့ ရှုထောင့်အရ….

ပေါ်ယွဲ့မင်က သူ၏ အယောင်ယောင်အမှားမှား ဖြစ်နေပုံကို သတိထားမိသွားပြီး သူ့လေသံက ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားလေ၏။ “လည်စည်းတွန့်နေရင် ပြောလေ။ မင်းလုပ်ပေးဖို့ မလိုပါဘူး။”


ဖေးယိ၏ ဗလုံးဗထွေး အတွေးများမှာ ပြတ်တောက်သွားပြီး သူက မရေရာသော အဖြေတစ်ခုပေးလိုက်လေ၏။

ဦးလေးခိုင်၏ ခြေသံများ ရုတ်တရက်ထွက်ပေါ်လာပြီး ဤနောက်ဆက်တွဲအပိုင်းကို ရပ်သွားစေသည်။ သူက ဝန်ထမ်းတစ်ယောက်နှင့်အတူ အိမ်ထဲအမြန်ပြေးဝင်လာခဲ့သည်။

“ဒုတိယသခင်လေး..  ဒီပစ္စည်းရောက်လာပါပြီ။ ဧည့်ခဲပွဲမတက်ခင် စမ်းကြည့်ချင်လား?”

၎င်းကိုကြားတော့ ဖေးယိ၏အာရုံက ဦးလေးခိုင်လက်ထဲရှိ အနက်ရောင်ဘူးလေးဆီ ရောက်သွားသည်။ တစ်ဖက်လူက ချဥ်းကပ်သွားကာ လေးထောင့်ဘူးထဲက ပစ္စည်းကို ဂရုတစိုက် ထုတ်ယူလိုက်၏။

၎င်းက မျက်စိရောဂါရှိသူများအတွက် လမ်းညွှန်မျက်မှန်တစ်စုံဖြစ်၏။

“စောင့်နေတာတစ်လကြာမှ နိုင်ငံခြားကနေ ပို့ပေးလိုက်တာပါ။”

သူ ကားမတော်တဆမှု၌ မျက်လုံးကွယ်သွားပြီးနောက် ဦးလေးခိုင်က ဤပစ္စည်းကိုဝယ်ရန် နိုင်ငံခြားကုမ္ပဏီများကို ဆက်သွယ်ခဲ့သည်။

ဤမျက်မှန်အမျိုးအစား၏ ကုန်ကျစရိတ်က အလွန်မြင့်ပြီး ၎င်းတို့မှာ ဝယ်သူတစ်ယောက်ချင်းစီ၏ လိုအပ်ချက်အရ စိတ်ကြိုက်ပြုပြင်ပေးထားခြင်းဖြစ်၏။ သီးသန့်နေရာချထားခြင်းနှင့် အာရုံခံကိရိယာပါရှိကာ အရိုးသွင်းခြင်း* အသံမုဒ်ကို အသုံးပြု၍ လူတွေက သူတို့၏ အမြင်အာရုံကို အသုံးပြုစရာမလိုပဲ ပတ်ဝန်းကျင်ကို အာရုံခံနိုင်လေသည်။

(**အရိုးမှတစ်ဆင့် သယ်ဆောင်လာပေးတဲ့ အသံလှိုင်းကိုပြောတာပါ။ Bone Conduction)

“…….”


ပေါ်ယွဲ့မင်က တိတ်ဆိတ်နေပြီး သူ့သူငယ်အိမ်မှ စိတ်ပျက်လက်ပျက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

နှစ်လအတွင်းမှာ မျက်လုံးကုသခြင်းနှင့်အတူ သူ့စိတ်ဓာတ်က အကြိမ်ပေါင်းများစွာ ပြောင်းလဲနေပြီး ယခုအခါ သူသည် အဖြစ်မှန်ကိုရင်ဆိုင်ရန် ဤနည်းလမ်းကို မှီခိုခဲ့ရသည်။

“ဒုတိယသခင်လေး? စမ်းတပ်ကြည့်မလား?”

“အင်း”


ပေါ်ယွဲ့မင်က မိမိကိုယ်ကို သနားတတ်သူမဟုတ်ပေ။ သူက သူ၏မှုန်ကုပ်နေမှုကို အမြန်ဖိနှိပ်ကာ အိမ်တော်ထိန်း၏အကူအညီဖြင့် ဤအထူးမျက်မှန်တစ်စုံကို ချိန်ညှိတပ်ဆင်လိုက်သည်။ 

ခဏကြာတော့ ချိန်ညှိရအဆင်ပြေသွားသည်။

ဦးလေးခိုင်က တုန်ယင်ခြင်းမရှိ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားသော ပေါ်ယွဲ့မင်ကိုကြည့်လိုက်သည်။ စိတ်သက်သာရာရသွားပြီးနောက် သူက အနီးနားကလူဆီမှ ထောက်ခံချက်တောင်းလိုက်လေ၏။ “သခင်ငယ်လေး… ဒုတိယသခင်လေးကိုကြည့်ဦး… အဆင်ပြေတယ်မလား?”

ဖေးယိက ပေါ်ယွဲ့မင်ကို စိုက်ကြည့်ကာ စိတ်ရင်းဖြင့် ရိုးရိုးရှင်းရှင်း ဖြေလိုက်၏။ “ကြည့်ကောင်းတယ်။”

“……”

“……”


ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်က တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကာ ဤအဖြေမျိုးထွက်လာမည်ဟု မမျှော်လင့်ထားတာ သိသာသည်။

ဦးလေးခိုင်က အပြုံးတစ်ခုဖြင့် တုံ့ပြန်ပြီး ထပ်မံအတည်ပြုလိုက်သည်။ “သခင်ငယ်လေး… ဒုတိယသခင်လေးက ဒီလိုမျက်မှန်နဲ့ ကြည့်ကောင်းလား?”


ဖေးယိက ခေါင်းအသာညိတ်ပြသည်။

ဤကဲ့သို့ လမ်းညွှန်မျက်မှန်မျိုးကို သူမမြင်ဖူးတာတော့ မဟုတ်ပေ။ ပစ္စည်းနှင့် ဒီဇိုင်းအကန့်အသတ်ကြောင့် ဤမျက်မှန်မျိုးက သာမန်လူများ၏ မျက်နှာပေါ်တွင် လေးလံပြီး ရိုးစင်းနေမှာဖြစ်ပေမယ့် ပေါ်ယွဲ့မင်ကတော့ ထူးခြားသည်။


မျက်မှန်ဘောင်ကို ဖက်ရှင်အဆင့်မြှင့်တင်ထားသည်။ အနက်နှင့် ရွှေရောင်စပ်ထားသော မျက်မှန်မှာ သူ၏သွေးနှောသည့် မျက်နှာပေါ်၌ ထင်ပေါ်နေပြီး လိုက်ဖက်မှုရှိလှသည်။ စိတ်ကူးယဥ်သိပ္ပံဇာတ်လမ်းတစ်ခုထဲက ပြီးပြည့်စုံသော သရုပ်ဖော် စက်ရုပ်တစ်ရုပ်အလား သူ့အသွင်အပြင်မှာ အဆင့်မြင့်ပြီး ရှိန်ချင်စရာကောင်းသည်.

ကြည့်ကောင်းတယ်?


ဤဘာသိဘာသာ ချီးကျူးစကားက သူ့ရင်ထဲရှိ ထိုင်းမှိုင်းနေမှုကို ချေဖျက်လိုက်နိုင်ပြီး ပေါ်ယွဲ့မင်၏ ပါးစပ်ထောင့်က မသိမသာ ကွေးညွတ်သွားလေ၏။ “ကောင်းပြီ… ဟိုတယ်ကိုသွားရအောင်။”

. . . . . .


ပေါ်သခင်ကြီး၏ မွေးနေ့ဧည့်ခံပွဲက အင်ပါယာမြို့တော်ရှိ အကြီးမားဆုံးကြယ်ငါးပွင့်ဟိုတယ်မှာ ကျင်းပနေခြင်းဖြစ်၏။ ဖေးယိနှင့် တခြားသူများရောက်လာစဥ် ဟိုတယ်ရှေ့၌ ဇိမ်ခံကားများ စုပုံနေခဲ့သည်။

ရှေ့ခုံမှာ ထိုင်နေသော ဦးလေးခိုင်က ခေါင်းလှည့်လာသည်။ “ဒုတိယသခင်လေး… ဒီဧည့်ခံပွဲအတွက် သခင်ကြီးက လူချမ်းသာမိသားစုတွေကို ဖိတ်ခေါ်ဖို့ ဒုက္ခရောက်ခဲ့တယ်။”

သန်မာသောအမျိုးသမီးဖြစ်သည့် ပေါ်ဖေးကျစ်က နှစ်ငါးဆယ် ခြောက်ဆယ်တိုင်အောင် မိသားစု၏အိမ်ထောင်ဦးစီး ဖြစ်ခဲ့သည်။ ယခုအခါ သူမက နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေသဖြင့် ပေါ်သခင်ကြီးက မိသားစုနှင့် ပေါ်ဂရုကို စီမံခန့်ခွဲခွင့်ရခဲ့သည်။ သူ ဒုက္ခမခံရပဲ နေပါ့မလား?


ပေါ်ယွဲ့မင်၏စိတ်က မှန်တစ်ချပ်လိုပင်။ “ဒီနေ့ ဒီနေရာမှာ လူတွေအများကြီးရှိတော့ ကျွန်တော့်လမ်းကို သေချာပေါက် ဖြတ်ကြမှာပဲ။”

ကားက ဟိုတယ်အဝင်ဝ၌ ရပ်သွားသည်။

“ဦးလေးခိုင်… ပါကင်ထိုးဖို့ ဒရိုက်ဘာနဲ့လိုက်သွားလိုက်ပါ။ ဖေးယိနဲ့ ကျွန်တော် အထဲဝင်နှင့်မယ်။”

“ကောင်းပါပြီ။”

သူ့ကို နှုတ်ဆက်ဖို့ရောက်လာသော ဝန်ထမ်းတစ်ယောက်က ကားတံခါးဖွင့်ပေးသည်။ ပေါ်ယွဲ့မင်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မှတ်မိသွားပြီးနောက် “ဒုတိယသခင်လေး… ဧည့်ခံပွဲက ၁၈ထပ်ရဲ့ ကျွီကျင်းခန်းမမှာ စီစဥ်ထားပါတယ်။ ကျွန်တော် အဲ့ဒီကို ခေါ်သွားပေးပါ့မယ်။”

ပေါ်ယွဲ့မင်က ဝန်ထမ်း၏လက်ကိုတွဲဖို့ ငြင်းဆန်ကာ ဖေးယိကို တစ်လုံးချင်းစိ တိုးတိုးလေးပြောလိုက်သည်။ “ငါ့နောက်ကနေ အနီးကပ်လိုက်ခဲ့။ ပတ်ပြေးတာမျိုး ပြဿနာရှာတာမျိုး မလုပ်ရဘူး ဟုတ်ပြီလား?”

ဖေးယိက နာနာခံခံ “အင်း” လို့ပြန်ဖြေလိုက်၏။

တကယ်တော့ သူက အပျော်တမ်းပွဲကြည့်ချင်နေပြီး အကြောင်းပြချက်မရှိ ထဖောက်ကာ ပြဿနာရှာဖို့ မရည်ရွယ်ထားပေ။

. . . . . .

သူတို့နှစ်ယောက်က ဝန်ထမ်းနောက်မှ လိုက်သွားကာ ဧည့်ခံပွဲခန်းမသို့ ဝင်ရောက်လာပြီး ချက်ချင်းဆိုသလိုပင် မျက်လုံးများစွာကို ဆွဲဆောင်နေခဲ့သည်။ ဧည့်သည်များက သုံး၊လေးယောက် အုပ်စုဖွဲ့ရပ်ကာ တီးတိုးပြောသံများ ထွက်ပေါ်လာ၏။

“ကြည့်စမ်း… ဒုတိယသခင်လေးပေါ် လာမယ်လို့ ငါပြောသားပဲ။ ပေါ်သခင်ကြီးရဲ့ မွေးနေ့က ဒီညဆိုတော့ သူတစ်ယောက်တည်း ပျောက်နေလို့မဖြစ်ဘူးလေ။”

“သူ့ဘေးကတစ်ယောက်က ဘယ်သူလဲ? သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“ဘယ်သူရှိရမှာလဲ? အဲ့ဒါ ဖေးမိသားစုရဲ့ အရူးလေးလေ။ အာ! ပေါ်နဲ့ ဖေးမိသားစုကြားက လက်ထပ်ပွဲသတင်းက အမှန်ဖြစ်လောက်တယ်လို့ ငါလောင်းရဲတယ်။ သူတို့က ဒီနေ့အခါသမယကို အသုံးချပြီး အဲ့ဒါကို ကြေညာချင်တာဖြစ်မယ်။”

“ဒီနှစ်ယောက် လက်ထပ်လို့ရလို့လား? ဒါက တမင်သက်သက် အနိုင်ကျင့်နေတာ မဟုတ်ဘူးလား?”


ပေါ်ယွဲ့မင်နှင့် ဖေးယိက သူတို့ပတ်ဝန်းကျင်ရှိ အကြည့်များကို ဂရုမစိုက်ပဲ ဧည့်ခံပွဲခန်းမ၏ ပင်မဧည့်ခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကြသည်။


ပေါ်သခင်ကြီးက နောက်ကျမှ ရောက်လာသော လူနှစ်ယောက်ကို တွေ့သောအခါ သူ့ရင်ထဲ၌ ရုတ်တရက် စိတ်မချမ်းမသာ ဖြစ်သွားပေမယ့် ဖေးမိသားစုရှိနေခြင်းကြောင့် သူက မျက်မှောင်ကြုတ်ကာ ပေါ်ယွဲ့မင်ကိုသာ အပြစ်တင်ဝံ့လေသည်။

“ယွဲ့မင်… မင်းရဲ့ကျင့်ဝတ်တွေ ဘယ်ရောက်ကုန်တာလဲ? ဒီလောက်နောက်ကျမှလာပြီး မင်းရဲ့မိသားစုနဲ့ အိမ်ထောင်ဖက်ရဲ့ မိသားစုကို စောင့်ခိိုင်းလိုက်တာပဲ!”

“……”

မိသားစုနဲ့ အိမ်ထောင်ဖက်ရဲ့ မိသားစု?

ပေါ်ယွဲ့မင်က မျက်မှောင်ကြုတ်လိုက်မိသည်။

ဖေးယိကလည်း ဤစကားလုံးများကြောင့် ဆို့နင်သွားကာ သူ့အနားက လူတွေရဲ့ မျက်လုံးကို စိုက်ကြည့်လိုက်သည်။

ဖေးရူကျန်းက တခြားသူများရှေ့တွင် ဟန်ဆောင်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလာသည်။ “ပေါ်သခင်ကြီး… ဒီလောက်မလိုအပ်ပါဘူးဗျ။ ပြီးတော့ ဒုတိယသခင်လေးရဲ့ မျက်လုံးတွေက အဆင်မပြေသလို ကျွန်တော်တို့မိသားစုရဲ့ ရှောင်ယိလေးကလည်း သိပ်နားမလည်ဘူးလေ။ သူတို့ ဒီရောက်နေပြီပဲ။ အဲ့လောက်နောက်မကျပါဘူး။”

အမြဲတမ်း ဂုဏ်သိက္ခာကို ကိုးကွယ်ခဲ့သော ဖေးသခင်ကြီးကမူ ယခင်တစ်ခေါက်က ဖေးအိမ်တော်တွင် ဖြစ်ပျက်ခဲ့သော အရှုပ်များကြောင့် အရှက်ရနေခဲ့သည်။ ဧည့်ခဲပွဲမှာ ဝေဖန်ရှုတ်ချခံရမှာကို စိုးရွံ့သဖြင့် နေမကောင်းအကြောင်းပြကာ ပွဲမတက်ရောက်ခဲ့ပေ။

သူ့ကိုယ်စားတက်ရောက်ခဲ့သည့် ဖေးဇနီးမောင်နှံအပြင် လူငယ်လေးတစ်ယောက် လိုက်ပါလာခဲ့သည်။

ဖေးယိ၏ သူငယ်အိမ်များ အနည်းငယ်ကျုံ့သွားကာ အများကြီးစဥ်းစားစရာမလိုပဲ တစ်ဖက်လူကို မှတ်မိလိုက်သည်။


အနှီလူက မူလပိုင်ရှင်၏ အမည်ခံဝမ်းကွဲဖြစ်ပြီး မူရင်းဝတ္ထုဖြစ်သည့် “ချမ်းသာသော မိသားစု၏ လွဲမှားသော ကြင်နာမှု”မှ အမျိုးသားဇာတ်လိုက်ရှို့လေး ဖေးဟွမ်ဖြစ်၏။

အနှီလူက “အမျိုးသားဇာတ်လိုက်ရှို့လေး” ဖြစ်လာနိုင်တာကြောင့် ဖေးဟွမ်၏ အသွင်အပြင်နှင့် အရောင်အဝါမှာ သဘာဝကျကျ မဆိုးလှပေ။ စာအုပ်ထဲက ဖော်ပြချက်မှာတော့:

“သူ့မျက်လုံးတွေက ကြယ်တွေပြည့်နှက်နေသလို ချွင်းချက်မရှိလှပပြီး သူ့မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့က လမ်းလွဲနေသော ကြယ်လေးတစ်ပွင့်နှင့်တူကာ အလင်းရောင်က မှေးမှိန်မသွားပေ။ သူ့နာမည်အတိုင်းပင် သူက သူ၏ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများ ထွန်းလင်းနိုင်သော တစ်နေရာရာတွင် ရပ်နေဖို့လိုသည်။”

“……”

ဖေးယိက စက္ကူမှ လူသားအဖြစ် ပြောင်းလာသော ဖေးဟွမ်ကိုကြည့်လိုက်ပြီး နေရာမှာတင် ငြင်းဆိုလိုက်ချင်မိသည်။ “ဒါပဲလား?

သူ့ရုပ်ရည်က အဆင်ပြေပေမယ့် ကမ္ဘာကြီးကိုတော့ တုန်လှုပ်မသွားစေနိုင်ပေ။

စာရေးသူက မိခင်တစ်ဦး၏ မျက်လုံးဖြင့် သူ့ကိုရှုမြင်ပြီး ဤကမ္ဘာပေါ်ရှိ လှပသော စကားလုံးအပြုံလိုက်ကို ဤမင်းသားလေးအပေါ် ထည့်သွင်းချင်နေပုံရသည်။

“ ရှောင်ယိ… မင်း ပေါ်အိမ်တော်မှာ အဆင်ပြေလား?”

ဖေးရူကျန်းက ဖေးယိ၏ အတွေးများကို စကားတစ်ခွန်းဖြင့် ပြန်ဆွဲခေါ်လာပြီး သူ့မျက်နှာမှာ ကြင်နာမှုနဲ့ စိုးရိမ်ပူပန်မှုများ ရှိနေသည်။ “မင်း ငယ်ငယ်လေးတည်းက အိမ်နဲ့အဝေးမှာ မနေဖူးဘူးလေ။ အဘိုးကြီးရော မင်းအဒေါ်နဲ့ ငါကပါ မင်းကိုစိတ်ပူနေတာ။”

သူမ ခင်ပွန်းဘေးမှာ ရပ်နေသော တန်းရှို့ယာက သက်ပြင်းချလိုက်သည်။ ယခင်က ကလေးထိန်းဖြစ်သူ၏ ကိစ္စနှင့်ပတ်သက်ပြီး သူမက အိမ်ထောင်သက်တမ်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖေးရူကျန်၏ ပါးရိုက်ခံခဲ့ရသည်။

နောက်တော့ ဖေးရူကျန်းက ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ပြီး သူမမိဘအိမ်ကနေ ပြန်ခေါ်လာကာ ဤကိစ္စကို ခဏခေါက်ထားခဲ့သည်။

သို့သော် ယခုအခါ ဒုက္ခပေးခဲ့သော ဖေးယိအား မြင်လိုက်ရပြီး တန်းရှို့ယာသည် လုံးလုံးလျားလျား ဒေါသမပြေပျောက်နိုင်ဟု ခံစားလိုက်ရသည်။


သူမက တက်ရောက်လာသော ဧည့်သည်များကို လှည့်ပတ်ကြည့်ရှုကာ ပြဇာတ်တစ်ခု ဖန်တီးလိုက်ရသည်။ “ဟုတ်တယ်…ရှောင်ယိက အိမ်မှာမနေတော့ ငါ့နှလုံးသားလေး ဗလာကျင်းသွားသလိုပဲ”

“ပေါ်သခင်ကြီး… ရှောင်ယိကလေ ငယ်ငယ်တည်းက မိဘတွေကိုဆုံးရှုံးခဲ့ရတာမို့ ကျွန်မက အဒေါ်တစ်ယောက်အနေနဲ့ သူ့ကို သားအရင်းလို ဆက်ဆံခဲ့တာ။”

တန်းရှို့ယာက သက်ပြင်းချကာ စိတ်ခံစားချက် ဒရာမာတစ်ပုဒ် ခင်းပြလိုက်သည်။ “အစားအသောက်နဲ့ အဝတ်အစားမှာ ရှောင်ဟွမ်ရှိသမျှ ရှောင်ယိမှာ ရှိရမယ်။ ရှောင်ဟွမ်မှာမရှိတာလည်း ရှောင်ယိမှာရှိရမယ်။ အစေခံတွေက ကွယ်ရာမှာ သူ့ကို မထီမဲ့မြင်ပြုပြီး အနိုင်ကျင့်နေမှာကို ကျွန်မစိုးရိမ်ခဲ့တာ!”

ဤစကားလုံးများတွင် စိတ်ခံစားချက်ကင်းမဲ့နေပြီး ၎င်းတို့က နည်းလမ်းတစ်ခုသာဖြစ်၍ အသံနှုန်းက ပတ်ပတ်လည်ရှိ ဧည့်သည်များ၏ အာရုံကို ဆွဲဆောင်ဖို့ လုံလောက်ခဲ့သည်။

ဘက်ပေါင်းစုံမှ အကြည့်များကို အာရုံခံမိလိုက်သော တန်းရှို့ယာက ဤအကျိုးအမြတ်ကို လိုလားခဲ့ခြင်းသာဖြစ်၏။

ဒီတော့ ကလေးထိန်းက ဖေးယိကို နှိပ်စက်တဲ့အကြောင်း ကောလာဟလတွေ ပျံ့နှံ့သွားလည်း ဘာဖြစ်လဲ? ဖေးယိကလွဲရင် ဒီဧည့်သည်တွေက အဲ့ဒါကို သူတို့မျက်လုံးနဲ့ မြင်ခဲ့တာမဟုတ်ဘူးလေ….


သူတို့က ပေါ်သခင်ကြီးရှေ့မှာ မေးခွန်းထုတ်တော့မှာမဟုတ်ပေ။

ချမ်းသာပြီး အာဏာရှိသော မိသားစုများနှင့် ဆက်ဆံရာတွင် အရေးကြီးဆုံးက မျက်နှာဖြစ်၏။


ဤကိစ္စပြီးသွားလျှင် သူတို့က “အရမ်းကောင်းတဲ့ ဦးလေးနဲ့အဒေါ်” ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်လိမ့်မည်။

“……”


နောက်ဆုံးတစ်ကြိမ် မျက်နှာကိုဖြတ်ရိုက်ခဲ့တာ သိပ်တောင်မကြာသေးဘူး။ အခု သူတို့က နောက်တစ်ချက် ရိုက်ခံချင်နေပြီလား?

ဖေးယိက ဖေးရူကျန်းနှင့် တန်းရှို့ယာ ၏မျက်နှာကို ရွံရှာစွာ စိုက်ကြည့်လိုက်သည်။ သူက အရူးထဖောက်ပြီး ဤကြောင်သူတော်မျက်နှာဖုံးများကို လုံးလုံးလျားလျား ခွာချပစ်လိုက်ချင်ပေမယ့် ဧည့်ခံပွဲကို မလာခင် ပေါ်ယွဲ့မင် မှာခဲ့သည့်စကားကို သတိရသွားခဲ့သည်။

“ပြဿနာမရှာနဲ့”

အင်း…အာ.. ကျွန်တော် ပြဿနာမရှာပါဘူး။

မကြာခင်မှာ ကြေညာတော့မည့် “လက်ထပ်ပွဲ”ဟာ လူတိုင်းအတွက် ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာဖို့ လုံလောက်သည်။ သူ “ထဖောက်ပြီး ပြဿနာထပ်ရှာ”လျှင် ၎င်းက ပေါ်ယွဲ့မင်အား အရှက်ရစေမှာ စိုးရိမ်မိသည်။

စက္ကန့်အနည်းငယ်အတွင်း ဖေးယိက သူ့အတွေးများကို ပြန်ရုတ်သိမ်းကာ ဖေးဇနီးမောင်နှံကို ကိုင်တွယ်ဖို့ နည်းလမ်းအသစ်ရှာလိုက်သည်။



“ဖေးယိ”

သူ့လက်ဖမိုးပေါ်မှာ အတန်ငယ် အေးစက်မှုကို ခံစားမိသဖြင့် ဖေးယိက ငုံ့ကြည့်လိုက်သည်။

ပေါ်ယွဲ့မင်က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားပြီး သူ့ကို အနောက်ဘက်သို့ ဆွဲလိုက်ကာ အနှီလူကတော့ ရှေ့သို့ ခြေလှမ်းတစ်ဝက်တိုးလိုက်သည်။ “အစားအသောက်နဲ့ အဝတ်အစား မပြတ်လတ်ဘူး.. ဟုတ်လား?” အစေခံတွေရဲ့ မထီမဲ့မြင်ပြုခံရမှာကို စိုးရိမ်တယ်ပေါ့?”

ပေါ်ယွဲ့မင်၏ အသံက တည်ငြိမ်နေပေမယ့် လူတွေကို မုန်တိုင်းတစ်ခုရောက်လာတော့မည်ဟု ခံစားရစေသည်။ အမြင့်၁.၉မီတာရှိသော သူ၏သာလွန်သောအရပ်မှာ ဖေးယိအား သူ့ခန္ဓာကိုယ်နှင့် အလွယ်တကူ ကာထားပေးနိုင်သည်။

ဖေးယိက အေးစက်နေသော သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်ရာ ရုတ်တရက် စိတ်အေးသွားသလို ခံစားလိုက်ရပြီး သူက စကားမပြောပဲ ပေါ်ယွဲ့မင်၏အနောက်မှာသာ ပုန်းနေပေးလိုက်သည်။

ပေါ်ယွဲ့မင်က ရုတ်တရက် ထပြောလာသဖြင့် ဖေးရူကျန်းနှင့် တန်းရှို့ယာက အကြည့်ချင်းဖလှယ်ကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ “ဒုတိယသခင်လေး… မင်းဘာကိုဆိုလိုတာလဲ?”


“ကျုပ်ကြားတာက–”

ပေါ်ယွဲ့မင်က သူတို့၏ ကြောင်သူတော်မျက်နှာဖုံးများကို လူတိုင်း၏ရှေ့မှာ ခွာချဖို့ ဆုံးဖြတ်လိုက်သည်။ “ဖေးမိသားစု ကလေးထိန်းကိုယ်တိုင်က ဝန်ခံထားတာလေ။  ဖေးယိကိုရိုက်ဖို့ ခင်ဗျားတို့နှစ်ယောက်က သူ့(မ)ကို တစ်နှစ်ပတ်လုံး မြှောက်ပေးခဲ့တာ။ ရလဒ်အနေနဲ့ သူ့စိတ်အခြေအနေက မတည်မငြိမ်ဖြစ်သွားတယ်။ ဒါကိုဘယ်လိုရှင်းပြမလဲ”


“……”

တည်တည်ငြိမ်ငြိမ် ဖိအားပေးကာ မေးခွန်းထုတ်နေသော အသံက ကျယ်လောင်သော ပါးရိုက်သံနှင့်တူသဖြင့် ချက်ချင်းဆိုသလိုပင် ဖေးဇနီးမောင်နှံက အရှက်ကွဲသွားလေတော့သည်။

________________________________________