Ch 12
Viewers 28k

Chapter12


ကြည့်ရှူသူပရိသတ်များ တိတ်ဆိတ်သွားပြီး ငြိမ်သက်နေမှုကြောင့် အပ်ကျသံကိုပင် ကြားနိုင်လေသည်။

ဖေးယိက မီးပုံထဲ လောင်စာထည့်ပေးလိုက်သည်။ သူက ပေါ်ယွဲ့မင်၏ အဝတ်အစားအစွန်းကို တင်းတင်းဆုပ်ကိုင်ထားကာ ဖေးဇနီးမောင်နှံဘက်သို့ ခုခံလိုသော အမူအရာဖြင့် ကြည့်လိုက်လေသည်။ “ကျွန်တော်ပြန်မလိုက်ဘူး။ မရိုက်ပါနဲ့!”

“ ရှောင်ယိ…မင်း…..”

ဖေးရူကျန်း၏ ရှင်းလင်းချက် ရုတ်တရက် ပျက်စီးသွားကာ သူက ပြောစရာပျောက်ရှလောက်အောင် တုန်လှုပ်သွားခဲ့သည်။

ဤနှစ်များမှာ သူက ဖေးယိအား အသုံးချကာ အခြေအနေကို ထိန်းထားခဲ့ပေမယ့် တစ်ဖက်လူက ထပ်ခါထပ်ခါ နှောင့်ယှက်နေမယ်လို့ မထင်ထားခဲ့ပေ။

ပေါ်ယွဲ့မင်၏ မျက်လုံးထဲတွင် အပြုံးပါးလေးတစ်ခု ပေါ်လာပြီး သူက ဖေးယိကို ကစားခွင့်ပေးလိုက်သည်။

ဤလူက တန်ပြန်တိုက်ခိုက်ရန် အချိန်ကောင်းကို အမြဲရယူနိုင်သည်။ ဘယ်လိုရူးနှမ်းမှုမျိုးလဲ? သူ ဘယ်နေရာမှာ ရူးနေလို့လဲ? သူ့အသိဉာဏ်ကို တမင်တကာ ဖုံးကွယ်ထားတာမျိုး မဟုတ်လျှင် သူသည် မူလတည်းက ဝမ်းတွင်းမည်းတစ်ယောက်ဖြစ်နိုင်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာ ဖေးယိ၏မျက်ဝန်းထောင့်က ကြောက်ရွံ့မှုဖြင့် နီရဲလာပြီး သူ့အသံမှာ သဲ့သဲ့ကလေးဖြင့် တုန်ရီနေလေ၏။ သူက ပုံမှန်လို ထဖောက်ပြီး အနေအထားပျက်သွားခြင်းမရှိပဲ လူတွေကို သနားချင့်စဖွယ် စိတ်ဆင်းရဲစေခဲ့သည်။

ဧည့်သည်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့ရင်ထဲရှိ သံသယများ ထိုးထွက်လာခဲ့လေသည်။

ဖေးသခင်ငယ်လေး ကြောက်လန့်တကြား ပုန်းအောင်းနေပုံကိုကြည့်ကာ ဖေးဇနီးမောင်နှံ၏ အရှက်ရနေသော မျက်နှာကို ထပ်ကြည့်လိုက်သည်။ တူဖြစ်သူကို အနိုင်ကျင့်နှိပ်စက်ဖို့ ကလေးထိန်းအား တိတ်တဆိတ် စေခိုင်းခဲ့သည့် ကောလာဟလများမှာ အမှန်ဖြစ်လောက်သည်။

ဒုတိယသခင်လေးပေါ်က သူ့တို့မျက်နှာပေါ်မှာ မေးခွန်းထုတ်ရဲမှတော့ သူက အတွင်းဇာတ်လမ်းကိုသိ၍ သည်းမခံနိုင်တော့တာ ဖြစ်ပေမည်။

“……”

ပြောင်းလဲသွားသော လေထုကို သတိထားမိ၍ ဧည့်ခံပွဲရှင် ပေါ်သခင်ကြီးက စိတ်မကျေနပ်မှုများ ဒီဂရီတစ်ခုအထိ တိုးလာခဲ့လေသည်။


သူက သူ့ဘေးနားမှ တိတ်ဆိတ်နေသော ဒုတိယသားဖြစ်သူ ပေါ်လီဟုန်ကို စိုက်ကြည့်ကာ ရေးတေးတေး နှိုးဆွလိုက်လေသည်။ “မင်းသင်ပေးထားတဲ့ မင်းရဲ့သားကိုကြည့်စမ်း!”

ဖေးယိ ဖေးအိမ်တော်၌ မည်သည့်ဘဝမျိုး နေထိုင်ခဲ့ရလဲ သူစိတ်မဝင်စားပေ။ ၎င်းက သူ့မွေးနေ့ဖြစ်ပြီး ဖေးရူကျန်းနှင့် သူ့ဇနီးက ဧည့်သည်ဖြစ်သည်ကိုသာ သူသိသည်။  ဧည့်သည်တွေကို ဘယ်လိုအပြစ်တင်လို့ရမလဲ? ဒါက မျက်နှာဖြတ်ရိုက်နေတယ်ဆိုတာ ရှင်းနေတာပဲ!

“အဖေ”


ပေါ်လီဟုန်က မျက်မှောင်ကြုတ်ကာ အသံတစ်သံမှ မထွက်ခဲ့ပေ။

ထိုအချိန်က ပေါ်ယွဲ့မင်ပေါ်လာစဥ် သူနဲ့ သူ့လက်ရှိဇနီးက ထိုကိစ္စနဲ့ပတ်သက်ပြီး ခဏခဏရန်ဖြစ်ခဲ့ရသည်။ သူ၏ ကြည်နူးဖွယ် အချစ်သမိုင်းက အင်ပါယာမြို့တော်အသိုင်းအဝိုင်းမှာ အချိန်အတော်ကြာသည်အထိ အတင်းအဖျင်းခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။

ပေါ်လီဟုန်က သူနှင့်မတူသော ဤသားကို သဘောမကျပေ။ ထို့အပြင် တစ်ဖက်လူကို အဘွားဖြစ်သူ ပေါ်ဖေးကျစ်က ပျိုးထောင်ခဲ့တာဖြစ်၍ သားအဖနှစ်ယောက်၏ ဆက်ဆံရေးမှာ သူစိမ်းတွေလိုပင် အားနည်းလေသည်။

မိနစ်ဝက်မပြည့်ခင်မှာ လေထုက အေးခဲမှတ်သို့ ကျရောက်သွားသည်။

အဆုံးမှာ အသံတစ်ခုက ရှေ့မတိုးသာသည့် အခြေအနေကို ဖြိုခွင်းလိုက်သည်။ “ဒုတိယသခင်လေး…အားလုံးပဲ… အထင်မလွဲကြပါနဲ့။ အဲ့ဒါက ကလေးထိန်းရဲ့ အတင့်ရဲမှုပါ။ အဲ့ဒီနေ့က သူ့ရဲ့ အကျင့်စာရိတ္တကို ဖော်ထုတ်ခံလိုက်ရလို့ သူက အပြစ်ကိုရှောင်ချင်ခဲ့တာပါ။”

ဖေးဟွမ်က လူတိုင်း၏အကြည့်ရှေ့တွင် မတ်တပ်ရပ်ကာ သူ့မိဘကိုယ်စား ကလေးထိန်း၏ အပြစ်များကို ဝန်ခံလိုက်သည်။ “ ရှောင်ယိက လိမ္မာရေးခြားရှိတဲ့ ကလေးပါ။ သူ့အပေါ်အနိုင်ကျင့်ရင်တောင် ဘယ်တော့မှထုတ်မပြောဘူး။ ဒါပေါ့..  ကျွန်တော်တို့မိသားစုက ဒီကိစ္စကို နောက်ကျမှသိခဲ့လို့ အပြစ်ရှိပါတယ်။ ဒါကြောင့် ကလေးထိန်းက ဒီလစ်ဟာနေတဲ့အချက်ကို အခွင့်ရေးယူသွားတာ။”

ဖေးရူကျန်း၏ တင်းမာနေသော ပါးစပ်ထောင့်များ လှုပ်သွားပြီး သူ့သား၏ စကားကို ကမန်းကတန်း သံယောင်လိုက်ခဲ့သည်။ “ဟုတ်ပါတယ်။ အဲ့ဒါက လူကြီးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ရှောင်ယိအနိုင်ကျင့်ခံနေရတာကို မသိလိုက်လို့ ဖြစ်ခဲ့တာပါ။”

တန်းရှို့ယာကလည်း တောင်းပန်သော အပြုံးလေးဖြင့် သံယောင်လိုက်လေသည်။


“အတိတ်အကြောင်းမပြောရအောင်… ဘယ်မိသားစုမှာ ဒီလိုဦးနှောက်မရှိတဲ့ ကလေးထိန်းတွေ မရှိလို့လဲ? ပြီးတော့ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာပဲ” ပေါ်သခင်ကြီးက ထိုကိစ္စကို ပေါ့ပေါ့တန်တန် သတ်မှတ်ကာ တစ်ခန်းရပ်လိုက်လေသည်။ “အားလုံးပဲ… ကောင်းကောင်းစားသုံးကြပါ။”

ပေါ်သခင်ကြီးအတွက် ဧည့်သည်များက မေးခွန်းမထုတ်တော့ပေမယ့် သူတို့အားလုံးက ရင်ထဲမှာ နားလည်သွားခဲ့သည်။

ဖူး..!

ဖေးရူကျန်းနဲ့ တန်းရှို့ယာက ဒီနှစ်တွေအားလုံးမှာ လူကောင်းတွေလို ဟန်ဆောင်ခဲ့ကြတာလား?

ဒါဘယ်လိုဂရုစိုက်မှုမျိုးလဲ? သူတို့က တူဖြစ်သူ အရူးလေးကိုတောင် သည်းမခံနိုင်ကြဘူးလား!

လူအများရှေ့မှာ အရှက်ခွဲခံလိုက်ရသည့် ဖေးရူကျန်းက ဧည့်ခံပွဲ၏အလယ်မှာ မည်သို့ဆက်သည်းခံနိုင်မည်နည်း။ သူက ပြဿနာထပ်ရှာလိုက်သော ဇနီးဖြစ်သူကိုကြည့်ကာ ကြုံရာကျပန်း ဆင်ခြေနှင့် အနားသို့လျှောက်သွားလိုက်သည်။

အရှက်ရနေသော တန်းရှို့ယာက သူမသားကိုပါ ဆွဲခေါ်ပြီး ထွက်သွားခဲ့သည်။

စကားဝိုင်း၏ ပျံ့နှံ့နေသော အသံများက ထပ်မံထွက်ပေါ်လာသည်။

ပေါ်သခင်ကြီးက ရောက်တာနဲ့ပြဿနာရှာသော ပေါ်ယွဲ့မင်နှင့် ဖေးယိကိုကြည့်ကာ အိုမင်းနေသော သူ့မျက်နှာက တင်းမာနေခဲ့သည်။ “ယွဲ့မင်… မင်းမျက်လုံးနဲ့ မမြင်နိုင်မှတော့ ဘေးကိုရပ်နေပြီး ဖေးယိကို ဧည့်သည်တွေနဲ့ မတိုက်မိစေနဲ့!”

တစ်ချိန်တည်းမှာ ပေါ်ကွမ်းချန်က တင့်တင့်တယ်တယ် လမ်းလျှောက်လာသည်။ “အဘိုး… ကျွန်တော် ဟိုတယ်ဝန်ထမ်းခေါင်းဆောင်နဲ့ စစ်ဆေးပြီးပြီ။ ဧည့်သည်အားလုံးရောက်ပြီတဲ့။ အဘိုးစင်ပေါ်တက်ပြီး စကားနည်းနည်းလောက် ပြောလိုက်ပါလား?”

ပေါ်သခင်ကြီးက အကြီးဆုံးမြေးဖြစ်သူ ပေါ်ကွမ်းချန်ကို အမြဲတမ်းမျက်နှာသာပေးသဖြင့် သူ၏မကျေနပ်မှုတို့မှာ အများကြီးပျောက်ကွယ်သွားခဲ့သည်။ သူက ခေါင်းအသာညိတ်ပြကာ ဝန်ထမ်း၏အကူအညီဖြင့် ရှေ့ကိုလျှောက်သွားခဲ့သည်။


ပေါ်ကွမ်းချန်က သူ့နောက်လိုက်မသွားပဲ ပေါ်ယွဲ့မင်အနားကို သွားလိုက်သည်။ “ယွဲ့မင်.. အာ…မင်း ဖေးသခင်ငယ်လေးနဲ့ အဆင်ပြေနေတာပဲ… သူ့ကိုကာကွယ်ပေးရလောက်တဲ့ထိ ဘယ်လောက်ကြာပြီမို့လဲ?”

ပေါ်ကွမ်းချန်က ပြဇာတ်တစ်ခုလုံးကို ရပ်ကြည့်ခဲ့သည်။ သူပြောရမယ်ဆိုလျှင် ပေါ်ယွဲ့မင်က လူအိုကြီးအရှေ့မှာ ဖေးရူကျန်းနှင့် သူ့ဇနီးကို မျက်နှာသာမပေးခဲ့တာကြောင့် ဘာအကျိုးအမြတ်မှမရတော့ပေ။

သူ့မျက်လုံးတွေက ကန်းနေပြီး သူ့စိတ်ပါ ကန်းသွားတာဖြစ်မည်။

ပေါ်ကွမ်းချန်က စိတ်ထဲမှာ လှောင်ရယ်နေပြီး သိမ်မွေ့သော အသွင်အပြင်နှင့် စားပွဲထိုးတစ်ယောက်ကိုခေါ်ကာ သူတို့နှစ်ယောက်အတွက် ဝိုင်ဖြည့်ပေးဖို့ စေခိုင်းလိုက်သည်။ “လာ… ဒီနေ့က အဘိုးရဲ့မွေးနေဖြစ်တဲ့အပြင် မင်းနဲ့ ငါ့အတွက် နေ့ထူးနေ့မြတ်လေးလည်းဖြစ်တယ်။ အကြီးတစ်ယောက်အဖြစ် ငါက မင်းကို ခွက်တိုက်ပါ့မယ်”

တကယ်တော့ ဤမွေးနေ့ပွဲမှာ ရည်ရွယ်ချက်နောက်တစ်ခု ရှိသည်။

ပေါ်သခင်ကြီးက ဤအခြေအနေကို အခွင့်ကောင်းယူကာ ပေါ်နှင့်ဖေးတို့၏ လက်ထပ်ထိမ်းမြားမှုကို ကြေညာချင်ခဲ့သည်။ ထိုထက်ပိုသည်မှာ သူက ပေါ်ဂရုကို အုပ်ချုပ်နေသော ပေါ်ယွဲ့မင်၏ အလားအလာအားလုံးကို လူသိရှင်ကြား ဖြတ်တောက်ကာ အနာဂတ်၌ အမွေဆက်ခံခြင်းမှ တားဆီးချင်ခဲ့သည်။

ပေါ်ယွဲ့မင်က ပေါ်ကွမ်းချန်မိသားစု၏ တွက်ချက်မှုကို သတိထားမိသဖြင့် သူတို့အား အသိအမှတ်မပြုပေ။ “သာ့ကော… ခင်ဗျားယဥ်ကျေးလွန်းနေပါပြီ။ ဒါပေမယ့် ကျွန်တော် လောလောဆယ် အရက်သောက်လို့မရဘူးလို့ ဒေါက်တာက သေချာမှာထားတယ်။”

ပေါ်ကွမ်းချန်က စိတ်ပျက်လက်ပျက် ကျစ်သပ်လိုက်လေသည်။ “ငါ မစဥ်းစားမိလိုက်တာပါ။ မင်းမျက်လုံးတွေက အရေးကြီးတယ်။”

ဖေးယိက သူတော်ကောင်းယောင်ဆောင်နေသော ပေါ်ကွမ်းချန်ကိုကြည့်ကာ ပေါ်ယွဲ့မင်၏ လက်ကောက်ဝတ်ကိုကိုင်ပြီး စိတ်ကုန်သလို ပြောလိုက်၏။ “သွားရအောင်… သူက အရမ်းရုပ်ဆိုးတယ်။ ကျွန်တော် သူ့ကိုသဘောမကျဘူး။”

အတိုချုပ်ဆိုရလျှင် ၎င်းက သိသာနေသော ရွံရှာမှုနှင့် လိုက်ပါလာသော ခပ်ညုညုတီးတိုးပြောသံ ဖြစ်လေ၏။

“မင်း!”

ပေါ်ကွမ်းချန်က အပြုံးတုကို တပ်ဆင်ထားပေမယ့် မမျှော်လင့်ထားစွာပင် ဖေးယိက သူ့ကို ဤစကားလုံးများဖြင့် ရန်ဆွလိုက်လေသည်။

ပေါ်ယွဲ့မင်က တစ်ဖက်လူ၏ဒေါသကို ကြားလိုက်ရပြီး သူက အချိန်မီ မချုပ်တည်းနိုင်ပဲ တိုးတိုးဖွဖွ ရယ်မောလိုက်ကာ ဖေးယိ၏ ခါးကို ပြောင်းဖက်လိုက်လေသည်။ “ခွင့်ပြုပါဦး… သာ့ကော..ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။”

“……”

သူတို့နှစ်ယောက်ထွက်သွားသည်နှင့် ပေါ်ကွမ်းချန်က နှုတ်ခမ်းထောင့်များ တွန့်ကွေးနေမှုကို ဖုံးကွယ်ရန် အရက်သောက်ကာ ဆင်ခြေသုံးလိုက်သည်။

စောင့်ကြည့်နေလိုက်စမ်းပါ!

မင်းတို့နှစ်ယောက် ဘယ်လောက်ကြာအောင် မောက်မာနိုင်မလဲ ကြည့်နေမယ်။ အရူးတစ်ယောက်နဲ့ အကန်းတစ်ယောက်!

. . . . . .

ဖေးယိက ပေါ်ယွဲဲ့မင်ကို အနားယူခန်း၏ ထောင့်စွန်းတွင် ထိုင်ခိုင်းပြီး ခဏအကြာတွင် ဧည့်ခံစားပွဲမှ ပေါ်သခင်ကြီး၏ ထုတ်ပြန်ကြေညာချက်ကို ကြားလိုက်ရသည်။

ပေါ်နှင့် ဖေးမိသားစုနှစ်ခုက ခမည်းခမက်ဆက်ဆံရေး တည်ဆောက်လိုက်ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် ပရောဂျက်အသစ်များ ရှိလာနိုင်သည်။

ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုကြောင့် ပေါ်ယွဲ့မင်က ပေါ်ဂရုရှိ သူ့ရာထူးနှင့် ပရောဂျက်များမှ နှုတ်ထွက်ကာ ပေါ်ကွမ်းချန်အား တာဝန်လွှဲပြောင်းပေးခဲ့သည်။

ပွဲတက်ရောက်လာသော ဧည့်သည်များက မလာခင်တည်းက အများကြီး ကြားသိရပြီးဖြစ်ပေမယ့် သတင်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်စဥ် အဘက်ဘက်မှ ဆွေးနွေးသံများ ထွက်ပေါ်လာလေသည်။

“ကြည့်ရတာ အိမ်ထောင်အတုဖြစ်မယ့်ပုံပဲ။ ပူးပေါင်းဆောင်ရွက်မှုက အစစ်ထင်တယ်။ အရှက်ကွဲမှုကလည်း အစစ်ပဲ။”

“ဟုတ်တယ်… ဖေးယိက ဖေးမိသားစုရဲ့ မျက်နှာသာပေးမခံရတဲ့ အရူးတစ်ယောက်ပဲ။ ပြီးတော့ ယောကျာ်းတွေက ကိုယ်ဝန်မဆောင်နိုင်တော့ ဒီအိမ်ထောင်ရေးက ဒုတိယသခင်လေးပေါ်အတွက် ဘာအကျိုးမှရှိမှာမဟုတ်ဘူး။”

“သူ့မှာ ပေါ်သခင်မကြီးရဲ့ ကျောထောက်နောက်ခံမရှိသလို ဒုတိယသခင်လေးရဲ့ နောက်ခံလည်းမရှိတော့ ပေါ်မိသားစုကနေ ဘာအကျိုးအမြတ်ရနိုင်မှာလဲ?”

“ဒီလိုဆိုရင် ပေါ်ယွဲ့မင်မျက်လုံးက ပြန်ကောင်းသွားရင်တောင် ဘာအသုံးဝင်တော့မှာလဲ? ဖေးယိကို ကွာရှင်းပြီး အဆက်အသွယ်တွေ ပြန်ရှာဖို့ ဖြစ်နိုင်ပါ့မလား? ပြောကြည့်စမ်းပါ… အင်ပါယာမြို့တော်အသိုင်းအဝိုင်းရဲ့ ဘယ်မိသားစုက သူတို့ရဲ့ အဖိုးတန်သားသမီးတွေ တစ်ခုလပ်နဲ့ လက်ထပ်ပေးချင်တော့မှာလဲ?”

“ဟုတ်သား…သနားစရာပဲ…”

စာနာစိတ်၊ သနားစိတ်၊ မထီမဲ့မြင်ပြုခြင်း သို့မဟုတ် ဥပေက္ခာပြုလိုသော အကြည့်များစွာ ဆက်တိုက်ထွက်ပေါ်လာသည်။ ဖေးယိက ၎င်းတို့အားလုံးကိုမြင်တော့ တွေးမိလိုက်သည်။

ဘာက သနားစရာကောင်းတာလဲ?

အချိန်မတန်သေးလို့ပါနော်….

ပေါ်ယွဲ့မင် မျက်လုံးပြန်ကောင်းသွားလျှင် မကောင်းသော ရည်ရွယ်ချက်များရှိပြီး အနာပေါ်ဆားသိပ်လိုသည့် ထိုလူတွေအားလုံးက တန်ကြေးပြန်ပေးဆပ်ရလိမ့်မည်။

သို့သော် ဤလူများက အနာဂတ်လမ်းကြောင်းကို မခန့်မှန်းနိုင်သလို သူတို့ချမ်းသာလာလေ အနိမ့်ကို တက်နင်းပြီး အမြင့်ကိုချီးကျူးလေဖြစ်၏။

ဖေးယိက အလွန်တည်ငြိမ်နေသော ပေါ်ယွဲ့မင်အား ဘေးတိုက်ကြည့်လိုက်သည်။ မျက်မှန်အောက်မှာ ဝှက်ထားသော မျက်လုံးများက အနည်းငယ်စင်းကျနေကာ သူ့စိတ်အခြေအနေအမှန်ကို နားလည်ရန် ခက်ခဲစေသည်။



သူတို့နှစ်ယောက်က “လက်ထပ်ထိမ်းမြားခြင်း”ဖြစ်စဥ်မှာ ပါဝင်ခဲ့တာ သေချာသော်လည်း မည်သူကမျှ သူတို့ကို လာမနှုတ်ဆက်ခဲ့ပေ။ ဧည့်သည်များက အာဏာဆုံးရှုံးသွားသော ပေါ်ယွဲ့မင်အား လျစ်လျူရှုကာ ဒုတိယအကိုင်းအခက် ဇနီးမောင်နှံနှင့် ပေါ်ကွမ်းချန်ဆီသို့ အစုအပြုံလိုက်ရောက်သွားကြသည်။


လက်တွေ့ကျတာ တစ်စုံတစ်ခုမှ မလုပ်ဖူးသည့် ဒုတိယအကိိုင်းအခက်မှ သားအဖ ပေါ်ဝမ်နှင့် ပေါ်လီဟုန်ပင်လျှင် အနားမှာ လူတွေစုပြုံလျက်ရှိသည်။


ပေါ်ယွဲ့မင်က သူ့မျက်နှာပေါ်ရှိ ဖေးယိ၏အကြည့်ကို သတိထားမိကာ နူးနူးညံ့ညံ့ ပြောလိုက်လေသည်။ “ဖေးယိ… မင်းငါ့ဘေးမှာနေရင် ငြီးငွေ့သွားမှာလား?”

ဖေးယိက ဧည့်ခံပွဲခန်းမရှိ ငဖားများနှင့် အယောင်ဆောင် သူတော်ကောင်းများကို ရှင်းရှင်းလင်းလင်း မြင်ရပြီး ခေါင်းအသာခါယမ်းလိုက်သည်။ “ခင်ဗျားနဲ့ သူတို့ကမတူဘူး။ ခင်ဗျားကကောင်းတယ်။”

မြှောက်ပင့်ဟန်ဆောင်နေသော ငဖားများနှင့် အတူရှိနေရတာထက် တိတ်ဆိတ်အေးချမ်းစွာ နေထိုင်ရခြင်းက ပိုကောင်းလေသည်။

“မတူဘူးလား?”

ပေါ်ယွဲ့မင်က ထိုသို့သော အဖြေမျိိုးကို ဖေးယိဆီမှ မမျှော်လင့်ထားသော်လည်း ဤအခြေအနေမှာတော့ သူ့စိတ်ထဲတွင် ဖော်မပြနိုင်သော နှစ်သိမ့်အားပေးမှုတို့ကို ခံစားမိခဲ့သည်။

သိပ်မကြာခင်မှာ မထင်မှတ်ထားသော နှုတ်ဆက်သံတစ်ခု ထွက်ပေါ်လာ၏။ “ယွဲ့မင်… မတွေ့ရတာကြာပြီနော်။”

ဖေးယိက အသံကြားပြီး ခေါင်းမော့ကြည့်လိုက်ရာ အရပ်ရှည်ကာ အဖြူဝတ်ဆင်ထားသည့် ရွှေဝါရောင်မျက်မှန်တစ်လက်နှင့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သေချာသော အတည်ပြုချက်တစ်ခု သူ့စိတ်ထဲမှာ ပေါ်လာသည်။

ယန်စမ်း….

မူရင်းဝတ္ထုရဲ့ အဓိကဇာတ်လိုက်ကုန်း ရောက်လာခဲ့ပြီ!


ဆိုဖာပေါ်မှာ ထိုင်နေသော ပေါ်ယွဲ့မင်က သူ့ကိုနှုတ်ဆက်ဖို့ ထရပ်လိုက်သည်။ “မင်း ဘာလို့ဒီရောက်နေတာလဲ?”

“ငါ လေယာဥ်ဆင်းတာနဲ့ မင်းရဲ့အဘိုးကြီး ဧည့်ခံပွဲကျင်းပနေတယ်ဆိုပြီး ငါ့မိသားစုဆီကကြားခဲ့တာ။ ဖြစ်ချင်တော့ ငါဒီနားကဖြတ်သွားရင်း လမ်းကြုံလို့တစ်ချက်လာကြည့်တာ။” ယန်စမ်းက ဝိုင်စားပွဲမှ ရှန်ပိန်နှစ်ခွက်ယူကာ သူ့သူငယ်ချင်းကို တစ်ခွက်ပေးလိုက်သည်။ “သောက်မလား?”

“ဟုတ်ပြီ”

ဖန်ခွက်များ၏ မြည်သံတိုးတိုးလေး ထွက်ပေါ်လာ၏။

သူငယ်ချင်းတစ်ယောက်၏ ဖိတ်ခေါ်မှုကို ပေါ်ယွဲ့မင်က မငြင်းနိုင်ပေ။


ဖေးယိက ဆိုဖာပေါ်မှာထိုင်နေပြီး ဇာတ်လိုက်ကုန်း၏ ရုတ်တရက် ရောက်ရှိလာမှုကို တိတ်တဆိတ်လေ့လာနေ၏။

မာနကြီးပြီး အေးစက်သော ပေါ်ယွဲ့မင်နှင့် နှိုင်းယှဥ်ကြည့်ရာ မူရင်းစာအုပ်ထဲတွင် ယန်စမ်းက အပြင်ပန်းနူးညံ့သည့် ဝမ်းတွင်းမည်းအမျိုးအစားဖြစ်ကာ သူ့အပြုအမူတိုင်းက ပြေပြစ်ရဲရင့်သည်။

မူရင်းစာအုပ်၏ ဖော်ပြချက်အရ ယန်စမ်းက ယန်မိသားစု၏ အကြီးဆုံးသားဖြစ်ပြီး ငယ်ငယ်လေးတည်းက ပေါ်ယွဲ့မင်၏ ရင်းနှီးသောသူငယ်ချင်းဖြစ်ခဲ့သည်။ ဘွဲ့ရပြီးနောက် သူတို့နှစ်ဦးက နိုင်ငံရပ်ခြားတွင် ကြော်ညာကုမ္ပဏီတစ်ခု တွဲဖက်ထူထောင်ခဲ့ပြီး တစ်ယောက်က လူလုံးထွက်ပြပြီး တစ်ယောက်က နောက်ကွယ်မှခြယ်လှယ်ကာ ကုမ္ပဏီကို အကြီးဆုံးအတိုင်းအတာတစ်ခုအထိ တိုးတက်စေခဲ့သည်။

နောက်တော့ ဇာတ်လိုက်ရှို့ ဖေးဟွမ်ကို တစ်ပြိုင်နက်တည်း ချစ်မိသွား၍ စိတ်ဝမ်းကွဲကာ အဆုံးမှာ လမ်းခွဲလိုက်ကြသည်။

ယန်စမ်းက ဖေးယိ၏ စူးစမ်းနေသော အကြည့်ကို တွေ့လိုက်ရသည်။ “ဒါက ဖေးမိသားစုရဲ့ သခင်လေးမလား?”

“…….”

ဖေးယိက ခေါင်းငုံ့ကာ မလုံမလဲအသံသဲ့သဲ့ဖြင့် တုံ့ပြန်လိုက်သည်။

သူက ပေါ်ယွဲ့မင်၏ဘေးမှာ ရှိနေတာ အချိန်အနည်းငယ်ကြာပြီဖြစ်၍ လူတွေကို စိုက်ကြည့်ရတာ ကျင့်သားရနေခဲ့သည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် သူက သတိလက်လွတ်ဖြစ်ကာ ကျင့်ဝတ်ကို မေ့သွားခဲ့သည်။ ယန်စမ်း သဲလွန်စများကို သတိထားမိသွားလျှင် မကောင်းတာဖြစ်လိမ့်မည်။

ကံအားလျော်စွာ ယန်စမ်းက သံသယမဝင်ခဲ့ပဲ အလျင်အမြန် အကြည့်ရုတ်သွားသည်။ “ဒါနဲ့… ငါ အပြင်မှာ ဦးလေးခိုင်ကို တွေ့ခဲ့တယ်။ မင်းရဲ့ကားကို တခြားတစ်ယောက်ရဲ့ကားက မတော်တဆခြစ်မိသွားလို့ သူနဲ့ ဒရိုက်ဘာက ပြဿနာရှင်းနေတယ်။”

ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်လိုက်သည်။ “ဒါကြောင့် သူဝင်မလာသေးတာကိုး”


ယန်စမ်းက ရောက်ရှိလာသော ဧည့်သည်များကို လှည့်ပတ်ကြည်ှရှုလိုက်သည်။ “ယွဲ့မင်… မင်းငါ့ကို စုံစမ်းခိုင်းတဲ့ကိစ္စမှာ သဲလွန်စတချို့ရခဲ့တယ်။ တစ်နေရာမှာ စကားသွားပြောကြမလား?”

၎င်းကိုကြားတော့ ပေါ်ယွဲ့မင်၏ မျက်နှာပေါ်မှာ ခက်ထန်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။ “ဟုတ်ပြီ။”

သူက ဆိုဖာပေါ်မှာ ထိုင်နေဆဲဖြစ်သော ဖေးယိကို တွေးကာ သူ့လေသံက ရုတ်တရက် ပြေလျော့သွားသည်။ “ဖေးယိ…မင်း ဒီမှာထိုင်ပြီး အနားယူနေပါ။ ငါပြီးရင် ပြန်လာခဲ့မယ်။”

ဖေးယိက နားလည်မှုရှိသဖြင့် သူတို့နှစ်ယောက် ခန်းမထဲက ထွက်သွားတာကို ကြည့်နေလိုက်သည်။

အချိန်တွေ ကုန်ဆုံးသွားသည်။

ခန်းမကြီးက သူ့နည်းသူ့ဟန်ဖြင့် သက်ဝင်နေသော်လည်း ထိုမျက်နှာနှစ်ဖက်ရှိသော လူမှုဆက်ဆံရေးက ပျင်းစရာကောင်းသည်ဟု ဖေးယိထင်သည်။ ထို့ကြောင့် သူက မတ်တပ်ထရပ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။

မထင်မှတ်ထားသည်မှာ ဤမြင်ကွင်းက စောင့်ကြည့်နေသူတစ်ဦး၏ မျက်လုံးထဲကို ကျရောက်သွားခဲ့လေသည်။