ရွှဲရွှီသည် မသေဆုံးသေးသော်လည်း သူ၏ အသက်ရှင်နေသော အခြေအနေသည် သေခြင်းထက် ပိုမိုဆိုးရွားစွာ နာကျင်နေလေသည်။
နတ်ဆိုး ကျင့်ကြံသူများသည် သွေးနှင့် အသက်များဖြင့် ခင်းထားသော ဖြတ်လမ်းအား လျှောက်လှမ်းလေ့ရှိပြီး ပူဇော်ပသခြင်း သို့မဟုတ် ဝိညာဉ် စားသုံးခြင်း နည်းပညာများကို မကြာခဏ အသုံးပြုကြသည်။ အကျိုးကျေးဇူးကား ကျင့်ကြံမှု တိုးတက်မှု လျင်မြန်ခြင်း ဖြစ်သည်။ ဆိုးကျိုးမှာ လျှပ်စီးပစ်ခြင်းအား ခံရနိုင်ခြေ မြင့်မားခြင်းပင် ဖြစ်၏။
သူ၏ ကျင့်ကြံမှု အခြေခံ အတိုင်းအတာအတိုင်းဆိုပါက ရွှဲရွှီသည် တုံ့ပြန်မှုအား ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုမူ သူ၏ ရွှေအမြုတေ ပျက်စီးပြီး ဝိညာဉ်အမြစ် ထိခိုက်သွားပြီဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ပြတ်တောက်သွားရသည်။ အဆုံးမရှိသော ညှဉ်းပန်းနှိပ်စက်မှုသည် သူ့ကို စောင့်ကြိုနေခဲ့လေသည်။
ရွှဲရွှီသည် ဤအရာအား ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ တုန်ယင်နေသော ဝမ်းလင်ယွိ အား စူးစူးဝါးဝါး စိုက်ကြည့်နေသော သူ၏ မျက်လုံးများသည် သွေးဆာနေပြီး တံတွေးထွေးကာ ပြောလိုက်သည်။
“ယုတ်မာလိုက်တာ! အားနည်းပြီး အကာအကွယ်မဲ့သလို ဟန်ဆောင်နေတာ!”
ဝမ်းလင်ယွိသည် သူ့အား တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်သည်။
သွေးများ။ သွေးများစွာသည် သူ၏ လက်များကို စွန်းထင်းနေသည်။ သူ၏ အသံသည် တုန်ယင်နေပြီး မျက်ရည်ဝဲလုနီးပါး ကြောက်ရွံ့မှုဖြင့် ပြောလိုက်၏။
“ကျွန်တော် ဟန်မဆောင်ပါဘူး…”
“ငါ့ရဲ့ ရွှဲမိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး!”
ရွှဲရွှီသည် ရိုင်းစိုင်းစွာ ခြိမ်းခြောက်လိုက်၏။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ လည်ချောင်းမှ ပြင်းထန်သော အော်သံသည် ထွက်ပေါ်လာသည်။
ဝမ်းလင်ယွိသည် ပို၍ ပြင်းထန်စွာ တုန်ယင်သွားသည်။ သူသည် ရွှဲရွှီအား မကြည့်နေသော်လည်း သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသော တုံ့ပြန်မှု၏ ကြောက်မက်ဖွယ် ပုံရိပ်သည် သူ၏ စိတ်ထဲတွင် ထင်ရှားစွာ စွဲထင်နေလေသည်။ သူ၏ မျက်လုံးများကို ဖုံးအုပ်ထားသော်လည်း ထိုမြင်ကွင်းကို မဖျောက်ဖျက်နိုင်ခဲ့ပေ။
…ဟုတ်တာပေါ့။ ဒါက သူက မြင်နေတာ မဟုတ်ဘဲ တစ်ခြားတစ်ယောက်ယောက်က မြင်နေတာပဲ။
ရန်သူ၏ ဆင်းရဲဒုက္ခအား မြင်တွေ့ရခြင်းသည် နတ်ဆိုးအရှင်၏ ဝါသနာများထဲမှ တစ်ခု ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရှုပြီးနောက် ပျော်ရွှင်သော အသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ၊ အခု ကျန်တဲ့ ကြွက်တွေကို ဂရုစိုက်လိုက်”
ကြွက်တွေလား…
ဝမ်းလင်ယွိသည် သူ၏ လက်များကို ဖယ်ရှားလိုက်ပြီး မျက်လုံးများ နီရဲလျက် ရှင်းကောနှင့် သူ၏ အဖွဲ့ကို လှည့်ကြည့်လိုက်ရာ ကြောက်လန့်တကြား တောင့်တင်းနေသည်ကို တွေ့လိုက်ရသည်။
ဝမ်းလင်ယွိသည် သူတို့အား ရှာတွေ့သွားသည်ကိုမြင်သောအခါ သူတို့သည် သစ်ရွက်များကဲ့သို့ပင် တုန်ယင်နေကြလေသည်။ သူတို့သည် ထွက်ပြေးရန် ကြိုးစားရင်း ခြေထောက်ပေါ်သို့ မတ်တတ်ရပ်ကာ ရုန်းကန်ကြသော်လည်း သူတို့၏ ခြေထောက်များသည် မလှုပ်ရှားနိုင်တော့ဘဲ လဲကျကုန်ကြသည်။ နောက်ဆုံးတွင် အသက်ရှင်သန်လိုသည့် အလိုဆန္ဒကြောင့် သူတို့သည် မတ်တပ်ရပ်နိုင်ခဲ့ပြီး ထွက်ပြေးကြလေသည်။
သို့သော် သူတို့သည် တစ်ဝက်တစ်ပျက်သာ လှမ်းနိုင်သေးချိန်တွင် ဝမ်းလင်ယွိသည် သူတို့၏ လမ်းကြောင်းပေါ်တွင် ပေါ်လာလေသည်။
ဤအရှိန်သည်လည်း ဝမ်းလင်ယွိ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် ပျို့အန်ချင်သလို ခံစားနေရသည်။ ရှင်းကော နှင့် အခြားသူများသည်လည်း ထိုအတိုင်း ခံစားခဲ့ရသော်လည်း ၄င်းတ်ို့မှာကြောက်လန့်မှုကြောင့် ဖြစ်၏။
ရှင်းကော၏ ဒူးများသည် ကွေးညွှတ်သွားပြီး ဒူးထောက်လာသော ပထမဆုံးသူ ဖြစ်၏။
“သ..သခင်လေး၊ ကျွန်..ကျွန်တော် ဘာမှ မမြင်လိုက်ပါဘူး! ကျ..ကျွန်တော့်ကို မသတ်ပါနဲ့!”
သူ့နောက်လိုက်ကာ ကျန်လူများလည်း နောင်တများဖြင့် ပြည့်နှက်လျှက် ဒူးထောက်၍ သနားခံကြလေသည်။
စာသင်ခန်းထဲ၌ ဝမ်းလင်ယွိ၏ နူးနူးညံ့ညံ့ နာခံမှုသည် သူတို့အား လွယ်ကူသော သားကောင်ဖြစ်သည်ဟူသော မှားယွင်းသည့် ထင်မြင်ချက်ကို ပေးခဲ့သည်။ သူသည် သိုလှောင်ကွင်းအား ဝတ်ဆင်ထားသည်ကို သတိပြုမိပြီးနောက် သူတို့သည် အစီအစဉ်တစ်ခုကို ကြံစည်ခဲ့ကြသည်။
သိုလှောင်ကွင်းများသည် ကျင့်ကြံသူများသာမက သာမန်လူများအတွက်ပါ အလွန် လိုချင်တပ်မက်ဖွယ်ရာ ဖြစ်ပြီး အမြဲတမ်း ပြတ်လပ်နေ၏။ ဝမ်းလင်ယွိ ဝတ်ဆင်ထားသည်မှာ ဈေးကြီးသော အမျိုးအစားဖြစ်သည်။ သူတို့သည် ပိုက်ဆံအနည်းငယ် “ချေးယူ” ရန် ဆန္ဒရှိခဲ့ကြသောကြောင့် သူ့နောက်သို့ လိုက်ခဲ့ကြခြင်း ဖြစ်သည်။
သူ သစ်တောထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ သူတို့၏ အခွင့်အရေး ရောက်ရှိလာပြီဟု ထင်ခဲ့ကြသည်။ ၄င်းအစား သူတို့သည် လုံးဝ မျှော်လင့်ထားခြင်းမရှိဘဲ လူသတ်မှု မြင်ကွင်းတစ်ခုအား မျက်မြင်တွေ့လိုက်ရ၏။
သူသည် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအား တစ်ချက်တည်းဖြင့် သတ်လိုက်သည်။
ဒီ အားနည်းယောင်ဆောင်ထားတဲ့လူအတွက် ချီ သန့်စင်ခြင်း အဆင့်ရှိတဲ့ ဘယ်သူမှမဟုတ်တဲ့လူကို သတ်တာက ပုရွက်ဆိတ်လေးတွေကို ချေသလိုမျိုး လွယ်တာလား။
ဝမ်းလင်ယွိ လက်ကို မြှောက်လိုက်သောအခါ သူတို့၏ မျက်နှာများသည် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသည်။
သို့သော် ဝမ်းလင်ယွိသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ညာဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။ သူသည် ထိုအသံအား ပြောလိုက်၏။
“မလုပ်ပါနဲ့! သူတို့ကို၊ သူတို့ကို…”
သူသည် လူသတ်ခြင်းကို မလိုချင်ပေ။ အထူးသဖြင့် သူတို့၏ ရာဇဝတ်မှုများသည် သေဒဏ်ပေးရန် မလိုအပ်သော ဤလူများအား မသတ်ချင်ခဲ့ပေ။
“အသုံးမဝင်တဲ့ အကြင်နာတရား”
ထိုအသံသည် ပြစ်တင်ဝေဖန်လိုက်သော်လည်း နောက်ဆုံးတွင် အတင်းအကျပ် မလုပ်ဆောင်တော့ပေ။
သူ့အတွက်မူ သူတို့အား သတ်သည်ဖြစ်စေ၊ အသက်ချမ်းသာပေးသည်ဖြစ်စေ အနည်းငယ်မျှသာ ကွာခြားမှု ရှိသည်။
ရှင်းကော သည် မျက်လုံးများကို မှိတ်၍ အချိန်အတော်ကြာ စောင့်ဆိုင်းနေသည်။ မည်သည့် နာကျင်မှုမှ မခံစားရသောအခါ သူသည် သတိထား၍ မျက်လုံးများအား ဖွင့်လိုက်သည်။ ဝမ်းလင်ယွိသည် သူ၏ လက်ကို နှိမ့်ချလိုက်သည်ကို တွေ့လိုက်ရ၏။
အဲတာက သူတို့ကို အသက်ချမ်းသာပေးတယ်လို့ ဆိုလိုတာလား။
ရှင်းကောသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြကာ ထပ်ခါတလဲလဲ ဦးညွှတ်ပြီးနောက် ထွက်ပြေးလေတော့သည်။ ကျန်လူများလည်း ထိတ်လန့်တကြားဖြင့် နောက်မှ လိုက်သွားကြသည်။
သူတို့ ပြေးနေစဉ်တွင် နောက်ကျောမှ ရုတ်တရက် တိုက်ခိုက်လာခြင်းအားလည်း ကြောက်ရွံ့နေကြသေး၏။ ဓားစာခံများအား လွှတ်ပေးပြီးနောက် ထွက်ပြေးစဉ် နောက်ကျောမှ ပစ်ခတ်ခြင်းသည် ဗီလိန်များ၏ ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်သည်။
ဘုရားမသဖြင့် သူတို့သည် ကံကောင်းသွားကြပြီး သစ်တောမှ အသက်ရှင်လျက် လွတ်မြောက်သွားကြသည်။
နေရောင်အောက်သို့ ပြန်ရောက်သောအခါ သူတို့သည် မျက်ရည်များ ကျလာပြီး ထိုကဲ့သို့သော မှောင်ရိပ်ခိုသော လုပ်ရပ်မျိုးတွင် နောက်တစ်ကြိမ် မပါဝင်တော့ရန် သစ္စာဆိုလိုက်ကြသည်။
ယုတ္တိကျကျဆိုကာမူ ဝမ်းလင်ယွိလည်း ထွက်ခွာသင့်သည်။ သို့သော် ရွှဲရွှီ၏ ညည်းတွားသံကို ကြားပြီး သွေးစွန်းထင်းနေသည်ကို မြင်သောအခါ သူသည် တုံ့ဆိုင်းနေပြီး ရိုးရှင်းစွာ ထွက်ခွာသွားရန် မတတ်နိုင်ခဲ့ပေ။
သူ၏ စိတ်ထဲမှ အသံက လှောင်ပြောင်လိုက်သည်။
“မင်း သူ့ကို ကယ်တော့မယ်လို့ မပြောနဲ့နော်”
ဝမ်းလင်ယွိ ခေါင်းခါလိုက်သည်။
သူ့ကို သတ်ဖို့ကြိုးစားတဲ့သူကို ကယ်ရလောက်တဲ့အထိ သူ မမိုက်မဲလောက်ပါဘူး၊ ဒါပေမဲ့ ခုနလေးတင် ဖြစ်ပျက်ခဲ့တာက…
ဝမ်းလင်ယွိ သည် အရေးပေါ် နံပါတ်အား ခေါ်ဆိုရန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ထိုအသံနှင့် သတိထားပြန်လာသော ကြက်ပေါက်လေး 998 သည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
ဝမ်းလင်ယွိသည် ရဲစခန်းသို့ သွားပြီး ရွှဲရွှီအား သူ၏မိသားစုမှမဟုတ်ဘဲ နတ်ဆိုးကျင့်ကြံသူများ၊ နတ်ဆိုးများနှင့် မကောင်းဆိုးရဲ ဝိညာဉ်များနှင့် သက်ဆိုင်သည့် ကိစ္စများကို ကိုင်တွယ်သော အထူးရဲဌာနဖြစ်သည့် နတ်ဆိုးနှိမ်နင်းရေးဗျူရိုမှ ဖမ်းဆီးသွားလေသည်။
ရွှဲရွှီ၏ ရွှေအမြုတေသည် ပျက်စီးသွားခဲ့ပြီး တုံ့ပြန်မှုသည် ထင်ရှားနေလေသည်။ ဤနေရာရှိ ဥပဒေများသည် ဝမ်းလင်ယွိ သိထားသည့်အရာများနှင့် ကွာခြားသည်။ သူသည် ရွှဲရွှီအား အရင် ရန်စခဲ့သော်လည်း နတ်ဆိုး ကျင့်ကြံသူသည် သူ၏ ဝိညာဉ်နှင့် အသက်အား ခိုးယူရန် ကြိုးစားခဲ့ခြင်းကြောင့် သူ၏ ပြန်လည်တိုက်ခိုက်မှုသည် မိမိကိုယ်ကိုကာကွယ်ခြင်း ဖြစ်၏။
သို့သော် နောက်ယောင်ခံလိုက်ခြင်းသည် ချီးကျူးထိုက်သော အပြုအမူ မဟုတ်သောကြောင့် ဆဲဆိုခြင်းကို ခံလိုက်ရသေးသည်။
ဝမ်းလင်ယွိသည် ထိုဝေဖန်မှုအား အလွန်ပင် လက်ခံပြီး ကိုယ်တိုင် ဆင်ခြင်သုံးသပ်သည့် စာစီစာကုံးကိုပင် ရေးသားလိုက်သေးသည်။
“ကျွန်တော့်ကို လာကြိုရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”
သူ့အား လာကြိုသော အိမ်တော်ထိန်းသည် အထူးသဖြင့် ကားထဲသို့ဝင်လာသော ဝမ်လင်ယွိမှ ထိုစကားဖြင့် တောင်းပန်လာသောအခါ အံ့အားသင့်သွားလေသည်။
ဤစကားများနှင့် လေသံကို ကြားရသောအခါ ယာဉ်မောင်း၏ လက်များသည် စတီယာရင်ဘီးပေါ်မှ ချော်ထွက်လုနီးပါး ဖြစ်သွားလေသည်။ နောက်ကြည့်မှန်မှတစ်ဆင့် အိမ်တော်ထိန်းသည် ယာဉ်မောင်း၏ ကြောက်လန့်နေသော အမူအရာအား မြင်တွေ့နိုင်သည်။
သူ နားလည်လိုက်၏။
အိမ်တော်ထိန်းသည် သူတို့၏ နတ်ဆိုးအရှင် ဘာလုပ်နေသည်ကို တွေးတောကာ တွန့်ဆုတ်နေပြီး အလိုက်သင့်နေသင့်သလား မသေမချာဖြစ်နေလေသည်။
ထားလိုက်ပါတော့၊ သူ ပျော်နေရင်ပြီးတာပဲ။
အိမ်တော်ထိန်းသည် အပြုံးတစ်ခုကို ပြင်ဆင်လိုက်ပြီး ရွှဲ မိသားစု၏ အခြေအနေအား ဝမ်လင်ယွိအား သတင်းပို့လိုက်သည်။
“…ရွှဲမိသားစုထဲမှာ ရွှဲရွှီ တစ်ယောက်တည်း နတ်ဆိုးကျင့်ကြံရေး လုပ်တာ မဟုတ်ပါဘူး၊ ကျွန်တော့်အမြင်အရ သူ့အဖေလည်း ပါနိုင်ခြေ များတယ်၊ ပြီးတော့ ရွှဲရွှီ က ဒီလောက် ငယ်ရွယ်တဲ့ အသက်မှာ ရွှေအမြုတေကို ဖွဲ့စည်းနိုင်တာမလို့ ရွှဲမိသားစုက ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး၊ သခင်လေး ကိုယ်တိုင် ကိုင်တွယ်ချင်လား၊ ဒါမှမဟုတ် ကျွန်တော် တစ်ယောက်ယောက်ကို စီစဉ်ခိုင်းရမလား”
ဝမ်းလင်ယွိသည် အစောပိုင်း အဖြစ်အပျက်မှ ပြန်လည်မထူထောင်နိုင်သေးဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။
“ဘာကို ကိုင်တွယ်ရမှာလဲ”
အိမ်တော်ထိန်းသည် သူ၏ မျက်မှန်အား ချိန်ညှိလိုက်ပြီး သူ၏ အပြုံးကို ထိန်းသိမ်းထားလိုက်သည်။
“သခင်လေးက နောက်နေတာပေါ့၊ ကျွန်တော် ရွှဲမိသားစုကို ဖယ်ရှားပစ်ဖို့ကို ပြောနေတာပါ”
ဝမ်းလင်ယွိ၏ မျက်နှာသည် တောင့်တင်းသွားသည်။ သူ ရဲစခန်းသို့ လှမ်းကြည့်လိုက်ပြီး ထစ်ထစ်အအဖြင့် ပြောလိုက်၏။
“မ..မလိုပါဘူး၊ ဟုတ်တယ်မလား”
ယခုတစ်ခါ အိမ်တော်ထိန်း အလှည့် ဖြစ်သွားပေသည်။ သူ တွန့်ဆုတ်စွာ မေးလိုက်၏။
“ဒါပေမဲ့ သခင်လေးက နတ်ဆိုး ကျင့်ကြံသူတွေကို အမုန်းဆုံး မဟုတ်ဘူးလား”
အဲဒါ ဟုတ်လား။ ဒါဆို ဒီနေ့ မစ်ရှင်က ကုချီက ရွှဲရွှီကို မကြိုက်လို့ တမင် ရန်ရှာတာ မဟုတ်ဘဲ ရွှဲရွှီက နတ်ဆိုး ကျင့်ကြံသူမှန်း သိလို့လား။
ဝမ်းလင်ယွိ မသိခဲ့ပေ။ သူသည် ကုချီ အကြောင်း လုံးဝ မသိသည့်နီးပါး ဖြစ်သည်။ စနစ်သည် သူ့အား မပြောပြခဲ့သလို သူသည်လည်း တခြားသူ၏ ကိစ္စတို့အား ခိုးကြောင်ခိုးဝှက် ကြည့်ဝံ့ခြင်း မရှိပေ။
ဤအရာကို မြင်သောအခါ အိမ်တော်ထိန်းသည် ထိုအကြောင်းကို ရပ်လိုက်၏။ ကား စတင်မောင်းနှင်သောအခါ သူ အခြားကိစ္စတစ်ခုကို ပြောပြလေသည်။ ကုချီ၏ လက်အောက်ငယ်သားတစ်ဦးသည် သစ္စာဖောက်ကာ သတင်းအချက်အလက်များ ဖော်ထုတ်လိုက်သည်။ ထိုသစ္စာဖောက်သည် ကုချီ၏ စီရင်ချက်အား စောင့်ဆိုင်းရင်း အိမ်တွင် ရှိနေ၏။
စီရင်ချက်လား။ သူ ဘယ်လို စီရင်ရမှာလဲ။
ဝမ်းလင်ယွိ၏ စိတ်သည် ရှုပ်ထွေးနေလေသည်။ သူ၏ သာမန် မှေးမှိန်သော ဆယ့်ရှစ်နှစ်တာ ဘဝတွင် ထိုသို့သော အခြေအနေမျိုးအား တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူသည် ယုံကြည်ရသော မိသားစု သို့မဟုတ် သူငယ်ချင်းများ တစ်ခါမျှ မရှိခဲ့သော်လည်း သစ္စာဖောက်မှုကား များစွာ ကြုံခဲ့ဖူး၏။
သူတို့သည် သူ၏ ဓာတ်ပုံများအား နေရာတိုင်းတွင် ကပ်ကြပြီး သူ၏ အရာရာတိုင်းကို ကောလဟာလ ပြောဆိုကြသည်။ သူ့အား ထောင့်ကျဉ်း၌ ပိတ်ကာ ရိုက်နှက်ကြပြီး သူ့ထံတွင် တွေ့သမျှ အရာအားလုံးကို ခိုးယူကြသည်။ သူ့အား လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းများဖြင့် ကြည့်ကြ၏။ သူတို့၏ မျက်လုံးများတွင် သူသည် အသုံးမဝင်သော အမှိုက်တစ်စပင် ဖြစ်သည်။
သူ ထိုလူများနှင့် အခြေအနေတို့အား မည်သို့ ကိုင်တွယ်ခဲ့မည်နည်း။ သူ မကိုင်တွယ်ခဲ့ပေ။ သူ ပြန်မတိုက်နိုင်ခဲ့ပေ။
သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူ့အား နှိပ်ကွပ်ရာတွင် လက်ဝါးချင်းရိုက်နေကြပြီး သူသည် တိတ်တဆိတ် ခံနိုင်ရည်ရှိရုံသာမက မနက်ဖြန်တွင် ကွဲပြားသော ကမ္ဘာတစ်ခု ရောက်ရှိလာရန်၊ သို့မဟုတ် မျက်လုံးများကို ဘယ်တော့မှ မဖွင့်နိုင်တော့ရန် ဆုတောင်းရုံသာ လုပ်နိုင်ခဲ့သည်။
ဟုတ်ပါတယ်။ သူက အသုံးမဝင်တဲ့ အမှိုက်တစ်စ မလို့ သူ ဘာမှ မသိခဲ့ဘူး။
ဝမ်းလင်ယွိ၏ စိတ်ဓာတ်သည် ကျဆင်းနေလေသည်။ သူ၏ ဦးခေါင်းထဲမှ အသံနှင့် 998 တို့ နှစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။ မည်သူမျှ သူ့ကို အကြံဉာဏ် မပေးသလို၊ မည်သူမျှ ဘာလုပ်ရမည်ကို မသင်ပေးခဲ့ပေ။ ထိုသစ္စာဖောက်အား သူ့ရှေ့သို့ ခေါ်ဆောင်လာသောအခါ သူသည် တစ်ဖန် နားမလည်တော့ပြန်ပေ။
ထိုလူ၏ လက်များကို နောက်ကျောတွင် ချည်နှောင်ထားသည်။ သူသည် ဦးခေါင်းကို နှိမ့်ချကာ ဒူးထောက်နေပြီး သူ၏ ကျောပြင်သည် ချွေးအေးများဖြင့် စိုရွှဲနေသည်။
“သခင်လေး ကျွန်တော် အရက်မူးနေရုံပါ၊ ပြီးတော့ သခင်လေး ချင်းယွမ်မှာ ရှိနေတယ်လို့ပဲ ပြောလိုက်တာပါ၊ တခြား ဘာမှ မပြောခဲ့ပါဘူး! ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ! ကျွန်တော် မှားသွားပြီဆိုတာ သိပါတယ်!”
“ရှောင်ထုန်”
ဝမ်းလင်ယွိသည် မသက်မသာ ရွှေ့လျားလိုက်သည်။ လူတွေ ဒူးထောက်သည်ကို သူ ကျင့်သားမရပေ။ သူသည် သူ၏ စိတ်ထဲ၌ 998 အား ခေါ်လိုက်သော်လည်း မည်သည့် အဖြေမှ မရခဲ့ပေ။
998 သည် နတ်ဆိုးအရှင်အစစ်၏ ခြေထောက်များအား နှိပ်နယ်ပေးနေရပြီး သူ၏ သေးငယ်သော မျက်လုံးများတွင် မျက်ရည်များ ဝဲကာ [ 'ကျွန်' မဖြစ်ရန် ကျိန်ဆိုထားသော စနစ်များ၏ Chat Room 101 ] မှ လင်းလက်နေသော မက်ဆေ့ချ်များကိုသာ လှမ်းကြည့်နေခဲ့သည်။
ဝါးးးးး၊ သူ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်ခြင်း မရှိဘူး!
ဝမ်းလင်ယွိ စောင့်ဆိုင်းနေသေးသော်လည်း အသံ ထွက်ပေါ်မလာသေးပေ။ သူသည် သူ့ဘာသာသူ ဖြေရှင်းရတော့မည် ဖြစ်၏။ ဒူးထောက်နေသော လူသည် မည်သည့် အဖြေမှ မကြားရသောအခါ တုန်ယင်လာလေသည်။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် သူ စိတ်ပျက်အားငယ်လုနီးပါး ဖြစ်ချိန်တွင် ဝမ်းလင်ယွိ ပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။
“အရက် အလွန်အကျွံ သောက်တာက တကယ်တော့ မကောင်းပါဘူး၊ ပြီးတော့ ငါ့အကြောင်း၊ ငါ့ကိစ္စတွေကို ပေါ့ပေါ့ဆဆ ပြောတာကလည်း အရမ်းကို မှားတယ်”
ဝမ်းလင်ယွိ သည် ထစ်ထစ်အအဖြင့် ပြောလိုက်၏။
“မင်း တကယ် နောင်တရပြီလား”
စာကြောင်း၏ ရှေ့တစ်ဝက်ကို ကြားသောအခါ ဒူးထောက်နေသော လူသည် သူ့အား လှောင်ပြောင်နေသည်ဟု ထင်လိုက်သည်။ သူသည် ဦးခေါင်းအား ကြမ်းပြင်ပေါ် ရိုက်မိသည်အထိ နှစ်ကြိမ် ဦးညွှတ်လိုက်သည်။
“ကျွန်တော် တကယ် မှားသွားပြီဆိုတာ သိပါတယ်! ကျွန်တော် ဘယ်ပြစ်ဒဏ်မဆို ခံယူပါ့မယ်၊ ကျွန်တော့် အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းဆိုပါတယ်!”
“ပြစ်ဒဏ်…”
ဝမ်းလင်ယွိ သည် ထိုလူ၏ လက်လျှော့ ဒူးထောက်နေသော ပုံစံကို ကြည့်လိုက်ပြီး သင့်တော်သော ပြစ်ဒဏ်ကို စဉ်းစားမရနိုင်ခဲ့ပေ။
“ရှောင်ထုန်၊ မင်း ရှိလား”
ထိုကြက်ပေါက်လေးသည် သူ၏ အမွေးပွမျက်နှာပေါ်တွင် ပုံမှန်အတိုင်း ပြုံးရယ်နေပြီး သူ၏ အတောင်ပံများသည် မရပ်မနား အလုပ်လုပ်နေသည်။ နတ်ဆိုးအရှင် ကုချီ ကိုယ်တိုင်သည် သူ့အား တစ်ချက် ကြည့်လိုက်၏။
998 သည် နတ်ဆိုးအရှင်၏ အမူအရာကို သတိထား၍ တိုင်းတာကာ စမ်းသပ်သည့် သဘောဖြင့် အကြံပြုလိုက်သည်။
“ဟေး၊ သူ့ကို ပါး နှစ်ချက်လောက် ရိုက်ပေးလိုက်ရင် ဘယ်လိုလဲ”
998 ၏ အသံကို ပြန်ကြားရသောအခါ ဝမ်းလင်ယွိ သည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားလေသည်။ သူ တစ်ယောက်တည်း မဟုတ်တော့ပေ။ သူသည် မတ်တပ်ရပ်ကာ ထိုလက်အောက်ငယ်သားဆီသို့ လျှောက်သွားလိုက်သည်။
ထိုလက်အောက်ငယ်သားသည် ဆက်လက် ဒူးထောက်နေပြီး သူ၏ ဦးခေါင်းသည် ကြမ်းပြင်အား ထိလုနီးပါး ဖြစ်နေသည်။ ဤထောင့်မှဆိုလျှင် ဝမ်းလင်ယွိသည် သူ့အား လွယ်လွယ်ကူကူ ပါးရိုက်နိုင်မည် မဟုတ်သောကြောင့် သူ့ကို ဦးခေါင်း မော့ခိုင်းရမည် ဖြစ်သည်။
ထိုလက်အောက်ငယ်သားသည် တံတွေးမျိုချလိုက်ပြီး ကြောက်လန့်တကြား ဦးခေါင်းကို မော့ကာ သူ၏ ကံကြမ္မာကို စောင့်ဆိုင်းနေလေသည်။
ဝမ်းလင်ယွိသည်လည်း လူများကို ပါးရိုက်ရာတွင် အတွေ့အကြုံ မရှိသောကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးနောက် နောက်ဆုံးတွင် သွားများကို ကြိတ်ကာ ပါးရိုက်လိုက်လေသည်။
အခန်းသည် တိတ်ဆိတ်သွားပြီး ထူးဆန်းသော တိတ်ဆိတ်မှုမျိုး ဖြစ်၏။
ပါးရိုက်ခံရသော လက်အောက်ငယ်သားသည် ထိတ်လန့်သွား၏။
သခင်လေးက သူ့ကို… ဖွဖွလေးရိုက်လိုက်တာလား။
သူသည် ရဲစွမ်းသတ္တိအား စုဆောင်း၍ ဝမ်းလင်ယွိ ကို ကြည့်လိုက်ရာ ယနေ့နတ်ဆိုးအရှင်သည် ကွဲပြားနေသည်ကို သတိပြုမိသွားသည်။ သူ၏ မျက်လုံးများသည် နီရဲနေပြီး ထူးဆန်းစွာပင် သနားစရာ ကောင်းနေသည်။
ထိုလက်အောက်ငယ်သား၏ စိတ်ထဲတွင် ရိုင်းစိုင်းသော အတွေးတစ်ခု ဖြတ်သန်းသွားသည်။ သူ၏ ချည်နှောင်ထားသော၊ ဖောင်းပွနေသော ကြွက်သားများကို ကြည့်လိုက်ပြီး မကြာခဏ ချီးမွမ်းခြင်းခံရသည့် သူ၏ ချောမောသော မျက်နှာအား ပြန်လည် အမှတ်ရလိုက်သည်။
သခင်လေးက သူ့ကို သဘောကျသွားတာလား။
ထို့နောက် ပျော်ရွှင်မှု ဖြစ်ပေါ်လာလေသည်။
အဲတာက သူ သေရတော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာလား!
သူသည် ပို၍ ရဲရင့်လာပြီး ပြောလိုက်သည်။
“သခင်လေး ကျေးဇူးတင်ပါတယ်! သခင်လေး ကြိုက်သလို ကျွန်တော့်ကို အပြစ်ပေးနိုင်ပါတယ်!”
အခန်းထဲမှ အိမ်တော်ထိန်းနှင့် အခြားသူများသည် သူ့အား သေဆုံးသွားသော လူတစ်ဦးကဲ့သို့ စိုက်ကြည့်နေကြသည်။
သူ အဲတာကို ကျေနပ်နေတာလား။
သူတို့လည်း အံ့သြနေကြသည်။
ဒီနေ့ သခင်လေး ဘာဖြစ်သွားတာလဲ။
သူ့အား သစ္စာဖောက်သူများသည် အမြဲတမ်း အဆိုးဆုံး ကံကြမ္မာနှင့် ကြုံတွေ့ရလေ့ရှိသည်။
သူ ဘာလို့ ရုတ်တရက် သူမဟုတ်တဲ့အတိုင်း လုပ်နေတာလဲ။ တစ်စုံတစ်ယောက် ဝင်ပူးနေတာလား။
ထိုအတွေး ပေါ်ပေါက်လာပြီးနောက် သူတို့ ချက်ချင်း ပယ်ချလိုက်ကြသည်။
ဘယ်သူက ကုချီကို ပူးကပ်နိုင်မှာလဲ။
ကုချီသည် ဤမြင်ကွင်းအား ကြည့်နေပြီး သူ၏ နှာခေါင်းအား ညှစ်လိုက်သည်။ သူသည် နောက်ထပ် မသည်းခံနိုင်တော့ပေ။
“ဗီလိန်ကို အဲလိုလုပ်တာလား”
“ကျွန်တော် ကောင်းကောင်းမလုပ်နေဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ တကယ် ဘယ်လို လုပ်ရမယ်မှန်း မသိလို့…”
ဝမ်းလင်ယွိသည် ဤအသံကို အနည်းငယ် ကြောက်သော်လည်း ကျေးဇူးတင်မိသည်။ သူသာ မရှိခဲ့ပါက သူသည် ရွှဲရွှီ၏ လက်ထဲတွင် သေဆုံးနှင့်ပြီး ဖြစ်မည်။ သူ ထပ်ပြောလိုက်၏။
''ခင်ဗျားက ဘယ်သူလဲ ဆိုတာ ကျွန်တော်မေးလို့ရမလား”
“ငါ ဘယ်သူလဲဟုတ်လား”
ကုချီ ရယ်မောလုနီးပါး ဖြစ်သွားသည်။
အဲတာက မေးခွန်းတစ်ခုတောင် ဟုတ်ရဲ့လား။
သို့သော် ဝမ်းလင်ယွိ၏ ကြောက်ရွံ့တတ်သော သဘာဝအား သတိရပြီး ရိုရိုသေသေ ပုန်းဝပ်နေသော ကြက်ပေါက်လေး 998 ကို ကြည့်လိုက်၏။ သူသည် ပြုံးရယ်လျက်ပင် ပြောလိုက်သည်။
“ငါက အဲဒီ ကြက်ကောင် မင်းအတွက် ငှားထားတဲ့ ဆရာပဲ၊ မင်း ဗီလိန်လုပ်တတ်မယ့်ပုံမပေါ်လို့ ငါ မင်းကို သင်ပေးမယ်”
998 သည် လျင်မြန်စွာ ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီဆရာကြီးက အထူး ငှားရမ်းထားရတာ! မင်း ကြိုးစားပြီး သင်ယူရမယ်!”
ဝမ်းလင်ယွိသည် ဤကမ္ဘာသို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် ပြုံးလိုက်မိသည်။ စိတ်သက်သာရာ ရသွားပြီး သူ နာခံစွာပင် ပြောလိုက်၏။
“မင်္ဂလာပါ၊ ဆရာ”
ဤနှုတ်ဆက်စကားကို ကြားသောအခါ ကုချီ၏ စိတ်ခံစားချက်သည် ပိုမို တောက်ပလာလေသည်။
ဟမ်းးး ဒီလိုမျိုး တက်ကြွပြီး အသုံးမဝင်တဲ့ အရာသေးသေးလေးမျိုးကို သူ မတွေ့ဖြစ်တာတောင် ကြာပြီပဲ။
~~~