Chapter 3 : “ သူက အရမ်းကို ကြမ်းတမ်းလွန်းတယ်၊ ကျွန်တော် ကြည့်ရမှာ ကြောက်တယ်”
Viewers 396

“အခု ငါပြောသလိုလုပ်” 


ကုချီသည် ဝမ်းလင်ယွိအား အမိန့်ပေးလိုက်သည်။ 


“မျက်နှာအမူအရာ မထိန်းနိုင်ရင် ကျောခိုင်းထားလိုက်”


“သူ့ကို ခေါ်သွား၊ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းပဲ”


ဝမ်းလင်ယွိသည် မည်သူ့ကိုမှ မကြည့်ဘဲ ညွှန်ကြားချက်တိုင်းကို လိုက်နာလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ပြောရမည့် စကားများကို သွက်သွက်လက်လက် ပြောနိုင်နေပြီး နောက်ဆုံးတွင် တစ်စုံတစ်ခုအား မှန်ကန်စွာ ပြီးမြောက်သွားသည်။ သူ မပြုံးဘဲ မနေနိုင်ခဲ့ပေ။


သူ၏ စကားသံနှင့် ရယ်သံသဲ့သဲ့ကို ကြားရသောအခါ သူ့နောက်မှ လူများသည် အဓိပ္ပာယ်ပါသော အကြည့်များ ဖလှယ်လိုက်ကြသည်။ ခန့်မှန်းရခက်ပြီး ယခင်ကထက် ပိုမိုဆိုးရွားသော အရှင်သခင်ပင် ဖြစ်၏။ အနည်းဆုံးတော့ ယခင်က သူသည် သေလုဆဲလူများ၏ ခံစားချက်များကို လှောင်ပြောင်ကစားလေ့ မရှိခဲ့ပေ။


သို့သော် ယခုအခါ၌မူ...


လူတိုင်းသည် သစ္စာဖောက်၏ မျက်နှာ၌ သွေးမရှိဘဲ ဖြူဖျော့သွားသည်ကို သနားကရုဏာသက်စွာ ကြည့်နေကြသည်။ သူ၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် မျက်လုံးများသည် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် အစားထိုးခံလိုက်ရ၏။ 


မျှော်လင့်ချက်အနည်းငယ်ပေးပြီးမှ ငရဲထဲသို့ ထိုးချလိုက်ခြင်း။ ရက်စက်လိုက်လေခြင်း။ အလွန်တရာမှ ရက်စက်လိုက်လေခြင်း။


ကိစ္စပြီးသွားသောအခါ လူတိုင်း အခန်းထဲမှ ထွက်ခွာသွားကြသည်။ 


ညစာစားချိန်ဖြစ်သော်လည်း ကုချီသည် ရိုးရိုးလူတစ်ယောက်မဟုတ်သဖြင့် အစာမလိုအပ်သောကြောင့် အိမ်တော်ထိန်းသည် ညွှန်ကြားချက်မရဘဲ မည်သည့်အစီအစဉ်မှ မပြုလုပ်ထားပေ။


ဤအချက်သည်လည်း ဝမ်းလင်ယွိအတွက် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုပင် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် ဆာလောင်မှု မခံစားရသောကြောင့် အစာမစားခြင်းသည် အဆင်ပြေပုံရ၏။


အချိန်လည်း စောနေသေးသည်။ သူ၏ အခန်းထဲပြန်ရောက်သောအခါ ဝမ်းလင်ယွိသည် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။


ကုချီသည် ဝမ်းလင်ယွိအား ကွန်ပျူတာဖွင့်ကာ သင်တန်းစာများကို ဆက်လက်လေ့လာရန် ရည်ရွယ်နေသည်ကို စောင့်ကြည့်နေ၏။ ကုချီသည် ထိုအပြုအမူအား ရူးနှမ်းသည်ဟု ထင်သော်လည်း တစ်မျိုးတစ်ဖုံ ချစ်ခင်ဖွယ်ကောင်းနေသည်ကို တွေ့ရှိရ၏။ 


“မင်း ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ဒီအချိန်မှာ ဘာတွေလုပ်လေ့ရှိလဲဆိုတာကို ရှာဖွေသင့်တယ် မဟုတ်ဘူးလား”


ဝမ်းလင်ယွိ ချီတုံချီတုံဖြစ်သွားသည်။


“အဲဒါ သူများရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမလို့ ကျွန်တော်က...”


ကုချီ ရယ်မောလိုက်သည်။


“သူများလား၊ မင်း အခု ဘယ်သူဖြစ်နေလဲဆိုတာ မေ့သွားပြီလား၊ မင်းက သူ့နေရာမှာ သရုပ်ဆောင်နေရတာ၊ သူ့ကို နားမလည်ဘဲ ဒီဇာတ်ရုပ်ကို ဘယ်လို သရုပ်ဆောင်နိုင်မှာလဲ”


ထိုသို့ မာကျောသော စိတ်ထား၊ လိုက်လျောညီထွေမရှိသော စိတ်နေသဘောထား။ ဝမ်းလင်ယွိထက် "စာအုပ်ကြီးအတိုင်းကျင့်ကြံသူ" အား ကုချီသည် ရာစုနှစ်များစွာအတွင်း မကြုံဖူးသေးပေ။


ဆရာ၏ စကားများကြောင့် ဝမ်းလင်ယွိသည် စကားမပြောနိုင်ဘဲ ဖြစ်သွားရသည်။ 


အမှန်ပဲလေ။ သူက ကုချီကို နားမလည်ဘဲ သူ့လို ဘယ်လို သရုပ်ဆောင်နိုင်မှာလဲ။ စနစ်ရဲ့ မလောက်မငှ အချက်အလက်နဲ့ ခန့်မှန်းချက်တွေကိုပဲ အားကိုးနေရမှာလား။


ကုချီ ဆုံးဖြတ်ချက်ချလိုက်သည်။


“ကျင့်ကြံတော့၊ မင်းရဲ့ ဒီနေ့ စွမ်းဆောင်ရည်က သနားစရာကောင်းတယ်၊ ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်လောက်နဲ့တင် မင်းကို အလွယ်တကူ ဖယ်ရှားလို့ရမယ့် အခြေအနေနီးပါး ဖြစ်သွားတယ်”


“ဘယ်လိုကျင့်ရမှန်း မသိဘူး…” 


ထို့သို့သာ ဝမ်လင်ယွိ ပြန်ပြောနိုင်လေသည်။ ထိုစကားကို ပြောလိုက်စဉ် ရှက်ရွံ့မှုများသည် သူ့အား လွှမ်းခြုံသွားလေသည်။ သူသည် တကယ်ကို အသုံးမကျသူ၊ ဘာမှ မသိသူ ဖြစ်နေခဲ့သည်။


ကုချီ မဲ့ပြုံးပြလိုက်သည်။ 


“ဒါဆိုရင် သင်ပေါ့၊ မသိနားမလည်မှုဆိုတဲ့ ဆင်ခြေကို အသုံးမကျမှုအတွက် ထာဝရ သုံးနေဖို့ စိတ်ကူးထားတာလား”


ဝမ်းလင်ယွိသည် သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး ခေါင်းကို ပို၍ ငုံ့ချလိုက်သည်။

ကုချီသည် မျက်လုံးများအား ကျဉ်းမြောင်းလိုက်ပြီး ဝမ်းလင်ယွိအား စောင့်ကြည့်နေ၏။ ခဏတာ တိတ်ဆိတ်ပြီးနောက် ဝမ်းလင်ယွိသည် ကွန်ပျူတာကို ပြန်ဖွင့်လိုက်သည်။ ကုချီ လှောင်ပြောင်လိုက်ပြန်သည်။


ပျင်းစရာ ကောင်းလိုက်တာ။

 

စိတ်ဝင်စားစရာ တစ်စုံတစ်ရာကို တွေ့ပြီဟု သူ ထင်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သည်။ စိန်ခေါ်မှုများကို ရှောင်ရှားတတ်သည့် အားနည်းသော လူကြောက်တစ်ယောက်။ 


ကုချီသည် စိတ်ပျက်စွာဖြင့် ဤမျက်စိနောက်စရာအား ဖယ်ရှားပစ်ရန် လက်ကို မြှောက်လိုက်ချိန်တွင် ကွန်ပျူတာထဲမှ သိမ်မွေ့သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။


“အစပြုသူများအတွက် ကျင့်ကြံခြင်း၊ သင်ခန်းစာ နံပါတ်တစ်.. ကျောင်းသားတို့၊ စိတ်ဝိညာဉ်စွမ်းအင်ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး နားလည်အောင်လုပ်ကြရအောင်...”


၎င်းသည် လူကြိုက်များပြီး ဝေဖန်မှုကောင်းများစွာ ရရှိထားသည့် အွန်လိုင်းမှ ကျင့်ကြံခြင်း မိတ်ဆက်သင်တန်းတစ်ခု ဖြစ်သည်။

ကုချီ၏ မျက်နှာအမူအရာ ပျော့ပြောင်းသွားသည်။ သူသည် တုန်ရီနေသော ကြက်ပေါက်ဝါလေးအား ဆန့်ထုတ်၍ ညှစ်လိုက်သည်။ ထိုကြက်ပေါက်ဝါလေးသည် ဝမ်းလင်ယွိနှင့်အတူ ဖျက်ဆီးခံရခြင်းမှ ကံကောင်းစွာပင် လွတ်မြောက်သွားလေသည်။


998 သည် နတ်ဆိုးအရှင်၏ စိတ်ကျေနပ်မှုအား ရရှိပြီး အသက်ချမ်းသာရာ ရစေရန် မျှော်လင့်ချက်ဖြင့် သူ၏ အမွေးအတောင်များကို အဆုံးစွန်ထိ ဖောင်းကားကာ ရွေ့လျားရန်ပင် မဝံ့ရဲတော့ပေ။


ဝမ်းလင်ယွိသည် ဗီဒီယိုထဲမှ ဆရာမ ပြောသည်မှာ မှန်ကန်သည်ဟု ခံစားရသည်။ သူ မသိလျှင် သင်ယူမည်။ သူ၏ ကမ္ဘာနှင့်မတူဘဲ ယခု သူသည် အခွင့်အရေးရနေသည်။ သူ၏ အကျင့်ပါနေသော “ဘယ်လိုလုပ်ရမှန်း မသိဘူး” ဆိုသည့်စကားသည် သူ၏ လက်ရှိအခြေအနေတွင် သူ့အတွက် အကျိုးရှိမည် မဟုတ်ပေ။


ဖျက်ဆီးခံရလုနီးနီး အခြေအနေမှ သူ မည်မျှ နီးစပ်ခဲ့သည်ကို မသိဘဲ ဝမ်းလင်ယွိသည် အွန်လိုင်းသင်ခန်းစာကို အာရုံစူးစိုက်ကာ နားထောင်နေလေသည်။


အွန်လိုင်းတွင် ကျင့်ကြံခြင်း မိတ်ဆက်သင်တန်းများစွာ ရှိသကဲ့သို့ ထူးဆန်းသော တိုက်ရိုက်ထုတ်လွှင့်မှုများလည်း ရှိသည်။ သူ ဘာမှမသိသောကြောင့် အခြေခံမှ စတင်ရမည်ဖြစ်၏။


ဤခန္ဓာကိုယ်သည် အမှန်ပင် ထူးခြားဆန်းပြားသည်။ တစ်ညလုံး လေ့လာပြီးနောက် ဝမ်းလင်ယွိသည် မောပန်းခြင်းကို မခံစားရဘဲ စွမ်းအင်များသာ တိုးလာသည်ကို ခံစားရသည်။ သူသည် ဤအရာကို အလွန်ပင် အားကျနေမိ၏။


အချိန်ကို ကြည့်လိုက်ရာ နံနက် ၆ နာရီ ရှိနေလေပြီ။ ဝမ်းလင်ယွိသည် စိတ်ကို ရှင်းလင်းရန် ခဏတာ တရားထိုင်ပြီးနောက် လန်းဆန်းတက်ကြွစွာ ပြင်ဆင်လိုက်သည်။ ယနေ့ သူသည် အတန်းများစွာ တက်ရပေမည်။ သူ မနားလည်သေးလျှင်ပင် အရာအားလုံးကို မှတ်တမ်းတင်ထားရမည်ဖြစ်၏။ သင်ယူမှု၏ ထိုအဆင့်သို့ ရောက်သောအခါ ဘာလုပ်ရမည်ကို သူ သိလိမ့်ပေမည်။


အဆင့်အတန်း မြင့်မားစွာ ကျင့်ကြံပြီးသားဖြစ်သော ကုချီသည် ကြာမြင့်စွာကတည်းက စင်ကြယ်ကာ အညစ်အကြေးကင်းသော ခန္ဓာကိုယ်ကို ရရှိပြီးဖြစ်သည်။ သို့သော် ဝမ်းလင်ယွိသည် မနက်တိုင်း၊ ညနေတိုင်း သန့်ရှင်းရေးလုပ်သည့် အလေ့အကျင့်ကို ရှိနေဆဲပင်။ သို့သော် ရေချိုးခန်းထဲတွင်မူ သူသည် မှန်ထဲသို့ ကြည့်ချင်စိတ်ရှိနေပေ။


ကုချီသည် ဤသေးငယ်သော လုပ်ဆောင်ချက်အား သတိပြုမိပြီး စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။


“ဘာလို့ မှန် မကြည့်တာလဲ၊ သူက အဲဒီလောက် ရုပ်ဆိုးနေလို့လား” 


ဝမ်းလင်ယွိ ခေါင်းခါလိုက်သည်။ 


“မဟုတ်ဘူး၊ သူက မရုပ်ဆိုးဘူး၊ ဒီအတိုင်း.. ဒီအတိုင်းပဲ...”


နတ်ဆိုးအရှင် ကုချီသည် ရုပ်မဆိုးရုံသာမက အလွန်ပင် ခန့်ညားသူဖြစ်သည်။ ဂိမ်းဇာတ်ကောင် မော်ဒယ်ကဲ့သို့သော မျက်နှာ၊ ပြတ်သားသော မျက်နှာသွင်ပြင်နှင့် သန်မာသော မေးရိုးရှိသူ ဖြစ်သည်။


“ဒီအတိုင်းပဲ ဘာဖြစ်လဲ” 


ကုချီ မေးလိုက်သည်။


ဝမ်းလင်ယွိ တီးတိုးရေရွတ်လိုက်၏။ 


“အရမ်းကို ကြမ်းတမ်းလွန်းတယ်၊ ကျွန်တော် ကြည့်ရမှာ ကြောက်တယ်”


“...” 


ကုချီသည် သဘောကျစွာ ရယ်မောလိုက်၏။ 


သူက ကြမ်းတမ်းတယ်တဲ့လား။ 


“ကြည့်၊ မင်း ကြည့်ကို ကြည့်ရမယ်၊ မင်းက ဗီလိန်ဇာတ်ကောင်ကို သရုပ်ဆောင်နေတာ၊ ကိုယ့်အရိပ်ကိုတောင် ဘာလို့ ကြောက်နေရမှာလဲ”


“ဆရာ၊ ကျွန်တော်က...” 


ဝမ်းလင်ယွိ ဆင်ခြေမပေးနိုင်တော့ပေ။ ဆရာပြောသည်မှာ မှန်ကြောင်း သူ ဝန်ခံရပေမည်။ 

သို့သော်…


“ကျွန်တော် ကြောက်တယ်”


ကုချီ နှာမှုတ်လိုက်သည်။ 


“ကြောက်သည်ဖြစ်စေ၊ မကြောက်သည်ဖြစ်စေ ကြည့်၊ ဒီမျက်နှာကို လုံးဝကျင့်သားရတဲ့အထိ ကြည့်နေ”


ထို့ကြောင့် ဝမ်းလင်ယွိသည် မှန်ထဲရှိ သူ့ကိုယ်သူ အချိန်အပြည့်အဝ တစ်မိနစ်ကြာအောင် ကြည့်ရန် အတင်းအကြပ် ဖိအားပေးခံရလေသည်။ 


တစ်မိနစ်သည် သူ့အတွက် အများဆုံး ကန့်သတ်ချက်ပင် ဖြစ်ပေသည်။ 


ကုချီ၏ ပုံပန်းသဏ္ဌာန်သည် သူ့ကိုယ်ပိုင် ရုပ်ရည်နှင့် အလွန်ကွာခြားသည်။ မှန်ထဲရှိ ပုံရိပ်အား ကြည့်လိုက်တိုင်း ကုချီသည် သူ့ကို ပြန်ကြည့်နေသကဲ့သို့ ခံစားရ၏။


သူသည် ထိုမျှကြာအောင် မျက်လုံးချင်းဆုံအောင် ကြည့်ခဲသည်။ တစ်မိနစ်သည်ပင် သူ့အား တုန်လှုပ်ချောက်ချားစေပြီး မျက်နှာမှ သွေးများ ကျဆင်းကုန်ရန် လုံလောက်စေ၏။


ကုချီ မျက်မှောင်ကြုတ်လိုက်သည်။ ဤအားနည်းသူလေးသည် ပြဿနာများစွာ ရှိနေပေသည်။


998 သည် အားအင်မရှိစွာ ဝင်ပြောလိုက်သည်။


“စိတ်ဒဏ်ရာ တစ်မျိုးမျိုးရှိပုံရတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာပေါ့”


နတ်ဆိုးအရှင် တိတ်ဆိတ်သွားသည်ကို တွေ့သောအခါ 998 သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာပင် မကျေနပ်ချက်လေးသာ ရှိပြီး သူတို့နှစ်ဦး ဖျက်ဆီးခံရလောက်အောင် စက်ဆုပ်ရွံရှာမှုအဆင့် မရောက်သေးပေ။


ဝမ်းလင်ယွိသည် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းချုပ်ကာ ရေချိုးခန်းမှ ထွက်လာလိုက်သည်။ ဆရာ၏ ဆူပူသံကို မကြားရသောအခါ သူသည် စိတ်အေးသွား၏။ အိမ်တော်ထိန်းသည် မနက်စာကို တိုက်ရိုက် ပြင်ဆင်မပေးသေးဘဲ ဝမ်းလင်ယွိ၏ ဆန္ဒများကို မေးမြန်းလေသည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဝမ်းလင်ယွိ ငြင်းပယ်လိုက်၏။


ကုချီသည် ဤအရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ ဝမ်းလင်ယွိ ကားထဲရောက်သောအခါ ကုချီက မေးလိုက်၏။


“မင်းက အရင်က အစာရှောင်နိုင်တဲ့အစွမ်း မရှိတဲ့ သာမန်လူတစ်ယောက်လေ၊ မင်း မစားချင်ဘူးလား”


ဝမ်းလင်ယွိသည် အနည်းငယ် မျက်နှာနီမြန်းသွားသည်။


“စားချင်ပါတယ်”


ကုချီ : “ဒါဆို ဘာလို့ မပြောတာလဲ”


ဝမ်းလင်ယွိက တီးတိုးရေရွတ်သည်။


“ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်သွားမှာ စိုးလို့...”


ကုချီသည် နားမလည်နိုင်ပေ။


“သူများကို အနှောင့်အယှက်ပေးမယ့်အစား ကိုယ်တိုင် ဒုက္ခခံချင်တာလား၊ အဲဒါက သူ့ရဲ့ တာဝန်ပဲလေ၊ ဘာလို့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်တယ်လို့ သတ်မှတ်တာလဲ၊ မင်းက တခြားသူအားလုံးကို ဦးစားပေးတယ်၊ မင်းကိုယ်မင်း ဘယ်နေရာမှာ ထားလဲ”


ဝမ်းလင်ယွိသည် ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားမပြောနိုင်ခဲ့ပေ။


“တကယ်ပဲ မိုက်မဲလွန်းတယ်၊ ကိုယ့်အတွက် ကိုယ်ပိုင် အသိစိတ်လေးတောင် မရှိဘူး” 


ကုချီသည် မထီမဲ့မြင် ပြောလိုက်သည်။


“မင်းက ရုပ်သေးရုပ်တစ်ရုပ်လောက်တောင် ကောင်းကောင်းမလုပ်နိုင်ဘူး”


သူ အဆူခံလိုက်ရတာလား။ 


ဝမ်းလင်ယွိ၏ ပထမဆုံး တုံ့ပြန်မှုသည် ဒေါသမဟုတ်ဘဲ အပြစ်ရှိသလို ခံစားရခြင်းပင် ဖြစ်သည်။


သူ နောက်ထပ် တစ်ကြိမ် ကျရှုံးသွားပြီလား။ 


ကျောင်းသို့ သွားရာလမ်း တစ်လျှောက်လုံး ဆရာသည် တိတ်ဆိတ်နေခဲ့၏။ 


သူ စိတ်ပျက်သွားပြီလား။


စိတ်မချမ်းမသာဖြင့် ဝမ်းလင်ယွိသည် သင်ကြားရေး အဆောက်အအုံသို့ ဦးတည်နေသော လှေကားအဆင့် တစ်ရာအား တစ်ဖန် ရင်ဆိုင်ရပြန်သည်။ သူသည် ၎င်းတို့ကို တက်ရန် ရွေးချယ်လိုက်သည်။


ကုချီသည် သူ၏ ခေါင်းငိုက်စိုက်ကျနေသော ပုံစံကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။ 


“လှေကားတက်နေရင်းနဲ့ မင်း ညက သင်ခဲ့တဲ့ အခြေခံ ကျင့်ကြံခြင်းနည်းပညာကို လေ့ကျင့်လို့ရတယ်”


သူ၏ အသံသည် ဝမ်းလင်ယွိ၏ ဆံပင်များကိုပင် ပြန်လည် အသက်ဝင်လာစေသကဲ့သို့ ရှိပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ပေါ်လာကာ နာခံစွာ ပြန်ဖြေလေ၏။ 


“ဟုတ်ကဲ့၊ ဆရာ”


ကုချီ ခေတ္တရပ်သွားသည်။ ထူးဆန်းပြီး မရင်းနှီးသော ပြီးမြောက်အောင်မြင်မှု ခံစားချက်သည် သူ့ကို လွှမ်းခြုံသွားသည်။ 


မဆိုးဘူး။ တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာ ကောင်းလာပြီ။


သူ၏ စိတ်အခြေအနေ ကောင်းမွန်လာပြီး စကားဝိုင်းကို ပြန်စလိုက်သည်။ 


“မနေ့က မင်း သူ့ပိုက်ဆံကို မသုံးချင်လို့ တိမ်တိုက်စက်လှေကားကို မစီးခဲ့တာလား”


ဝမ်းလင်ယွိသည် လှေကားတက်ရင်း ကျင့်ကြံခြင်းနည်းပညာကို လေ့ကျင့်လျက် ပြန်ဖြေသည်။


“ဟုတ်တယ်၊ ကျွန်တော်က...”


သူသည် ကုချီအား အနှောင့်အယှက်ပေးမည်ကို စိုးရိမ်ကြောင်း ပြောလိုသော်လည်း ထိုသို့ပြောလိုက်လျှင် နောက်ထပ် အဆူခံရဖွယ် ရှိနေသည်။

မပြောဘဲနေသော်ငြားလည်း ကုချီသည် နားလည်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ 


“သူ့ပိုက်ဆံ မသုံးတာက သူ့ကို အနှောင့်အယှက် မပေးတာလို့ မင်း ထင်နေတာလား၊ မင်းက သူ့ခန္ဓာကိုယ်ကို နေရာယူထားတာ၊ သူ့ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်အောင် အရာရာတိုင်းကို ကြိုးစားမလုပ်သင့်ဘူးလား၊ အဲဒါကမှ တကယ့်ကို အနှောင့်အယှက် မဖြစ်စေတာပဲ”


“ပိုက်ဆံ မသုံးတာလား၊ ဟားဟား… ဘယ်လောက် ကလေးဆန်တဲ့ အတွေးလဲ၊ ချွေတာတာက သူ့အတွက် ကောင်းတဲ့အရာလို့ မင်း ထင်နေတာလား၊ မဟုတ်ဘူး.. တခြားသူတွေက အစွမ်းထက်တဲ့ နတ်ဆိုးအရှင်ဟာ တိမ်တက်စက်လှေကား ဒါမှမဟုတ် အစားအစာတစ်နပ်ကိုတောင် မတတ်နိုင်လောက်အောင် ဆင်းရဲနေတယ်လို့ပဲ ထင်ကြမှာ”


ဝမ်းလင်ယွိသည် အံ့ဩတုန်လှုပ်သွား၏။ 


အမှန်ပင်။ သူသည် ကုချီ၏ စိတ်နေသဘောထားအတိုင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်စိတ်ထားအတိုင်း ပြုမူနေခဲ့ခြင်း ဖြစ်သည်။ သူ အနှောင့်အယှက် ဖြစ်စေခြင်းကို ရှောင်ရှားရန် ကြိုးပမ်းမှုများသည် ကုချီ၏ ရှုထောင့်အပေါ် အခြေခံထားခြင်း လုံးဝမရှိခဲ့ပေ။


ဝမ်းလင်ယွိသည် သူ့အားတားဆီးနေသော တစ်စုံတစ်ရာကို နားလည်လုနီးနီး ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။


အတန်းထဲသို့ ဝင်ရောက်သောအခါ ရှင်းကောနှင့် အခြားသူများကို တွေ့လိုက်ရသည်။ သူတို့သည် ပို၍ပင် စောရောက်နေခဲ့ကြ၏။ သူတို့သည် သူ့အား မြင်သည်နှင့် တုန်ယင်သွားကြသည်။

သို့သော်လည်း သူတို့သည် သူ့ကို နှုတ်ဆက်ရဲကြပြီး မနေ့က ဖြစ်ရပ်အကြောင်း မည်သည့်စကားလုံးမှ ထုတ်ဖော်မည် မဟုတ်ကြောင်း အကြိမ်ကြိမ် အာမခံကြသည်။


ထို့အပြင် ထိုမနက်က သူတို့၏ မာနကြီးသော အပြုအမူအတွက် နက်နက်နဲနဲ နောင်တရကြောင်း ပြောကြသေး၏။


ဝမ်းလင်ယွိသည် စိတ်မသက်မသာ ဖြစ်ပြီး ရိုးရိုးလေးသာ ပြန်ပြောလိုက်သည်။


“အဆင်ပြေပါတယ်” 


သူ၏ နူးညံ့သော စကားကြောင့် ရှင်းကော၏ အပြုံးသည် ငိုကြွေးသံထက်ပင် ပိုမိုတင်းမာနေလေသည်။ 


အမှန်တကယ်ကို လိမ်ညာလှည့်ဖြားသူပင်။


အလွန်ကြမ်းတမ်းပါလျက် အားနည်းဟန် ဆောင်နေသောလူ။


သို့သော် သူတို့သည် မငြီးတွားရဲကြဘဲ ဦးညွှတ်ပြီး ရှေ့ဆုံးတန်းသို့ အမြန်ပြေးဝင်သွားကြသည်။

သူတို့သည် နောက်ကျောတန်းတွင် ကျန်ရှိနေသော ဘဝတစ်လျှောက်လုံး ထိုင်ရဲတော့မည် မဟုတ်ပေ။


“ဟင်း” 


ကုချီ နှာမှုတ်ပြီး မေးလိုက်သည်။ 


“မင်းနောက်ကို ဘာလို့ သူတို့ လိုက်လာတယ်လို့ ထင်လဲ”


“...” 


အဖြေသည် ဝမ်းလင်ယွိ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။


“ကျွန်တော်က အနိုင်ကျင့်ရလွယ်လို့”


“မှန်တယ်၊ မင်းက အနိုင်ကျင့်ရ လွယ်တယ်၊ ဒါကြောင့် ဘယ်သူမဆို မင်းကို နင်းခြေလို့ရတယ်၊ ငါ ထပ်ပြောဖို့ လိုသေးလား”


“မလိုပါဘူး” 


ရေခဲရေ တစ်ပုံးအား ဝမ်းလင်ယွိအပေါ် လောင်းချလိုက်သကဲ့သို့ သူသည် နိုးကြားသွား၏။

ကမ္ဘာတစ်ခုမှ နောက်တစ်ခုသို့ ထွက်ပြေးခြင်းသည် သူ၏ ရှင်သန်မှုကို အာမမခံနိုင်ကြောင်းနှင့် သူသည် လူကောင်းများဖြင့်သာ ကြုံတွေ့ရမည်ဟု မျှော်လင့်၍မရနိုင်ကြောင်းကို နောက်ဆုံးတွင် သူ သဘောပေါက်သွားလေသည်။


သူသည် သူသာ ဖြစ်နေဆဲ။ အားနည်းပြီး အသုံးမကျသူအဖြစ် ရှိနေဆဲပင်။ ဤကမ္ဘာရှိ အစွမ်းထက်သူ ကုချီအဖြစ် ရှိနေသော်လည်း သူသည် ပစ်မှတ်ထားခံနေရဆဲ ဖြစ်၏။


သူသည် မပြောင်းလဲနိုင်။ သူ့လှောင်အိမ်မှ မလွတ်မြောက်နိုင်ပေ။ မတူညီသော ကမ္ဘာတစ်ခုတွင်ပင် သူသည် ယခင်ကအတိုင်း ဆက်လက် ရှင်သန်နေရမည်။


ဤအရာကို နားလည်သောအခါ ဝမ်းလင်ယွိ၏ မျက်လုံးများ နီရဲလာပေသည်။ သူသည် စိတ်ရင်းမှန်ဖြင့် ပြောလိုက်၏။


“ဆရာ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ နားလည်ပါပြီ”


ဤသူသည် သူ့အား ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကာကွယ်ခြင်းကို သင်ကြားပေးသည့် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သူ့အား လမ်းညွှန်ပေးလိုစိတ်ရှိသည့် ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ 


သူသည် အမှန်တကယ်ပင် ကျေးဇူးတင်မိပေသည်။


~~~