Chapter 70
ညရောက်လာသည်။
ဖေးယိက ပေါ်ယွဲ့မင်၏ ဘေးကနေ လိုက်လာကာ ဓာတ်လှေကား တက်သွားသည်ကို ကြည့်နေသည်။ ၇၃ထပ်ရှိသော ကမ္ဘာ့ကုန်သွယ်ရေးစင်တာက ဝမ်းချန်တွင် ကိုယ်စားအပြုဆုံး အထင်ကရနေရာဖြစ်သည်။ ၆၃လွှာရှိ လင်းရွှေစားသောက်ဆိုင်က ပြည်တွင်းဒေသ၌ စံချိန်အမြင့်ဆုံး စားသောက်ဆိုင်ဖြစ်သည်။
တည်နေရာ၊ စားသောက်ဆိုင်၊ ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုအားလုံးသည် ထိပ်တန်းဟု ကြားသိရသည်။
ဖေးယိက သူ့ဘေးကလူကို တိတ်တဆိတ်စိုက်ကြည့်ကာ တွေးလိုက်သည်။
ကောင်းကောင်းစားရမှာကို သိပေမယ့် ဤမျှကောင်းမည်ဟု မထင်ထားခဲ့ပေ။ ဒီနေ့ည အစားအသောက်က စျေးကြီးမှာမလား?
ပေါ်ယွဲ့မင်က ဖေးယိ၏ စိစစ်မှုကို သတိပြုမိပြီး ရှေ့သို့ တည့်တည့်မတ်မတ် ကြည့်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “ဒီစားသောက်ဆိုင်ရဲ့ အချိုပွဲတွေက အရမ်းနာမည်ကြီးတယ်လို့ ကြားတယ်။ ကြိုက်ရင် များများမှာစား။”
သူ့အနှစ်သက်ဆုံး အချိုပွဲများအကြောင်းကို ကြားသည့်အခါ ဖေးယိ၏ စိတ်ဝင်စားမှုလယ်ဗယ်က အလွှာအရေအတွက်ကဲ့သို့ မြင့်တက်လာသည်။
သူ အရက်မသောက်နိုင်တော့သဖြင့် သူ၏ ကြိုးစားအားထုတ်မှုကို ဆုချရန် အချိုပွဲများကိုသာ အားကိုးနိုင်သည်။
– တင်း-တောင်
ဓာတ်လှေကားသည် ၆၃လွှာတွင် ဘေးကင်းစွာ ရပ်သွားပြီးနောက် ပြန်ပွင့်လာသည်။
သူတို့၏ အထောက်အထားများကို အတည်ပြုပြီးသောအခါ တံခါးနားမှာ ရပ်စောင့်နေသော မန်နေဂျာက ကြိုဆိုသောအပြုံးကို ပြသခဲ့သည်။ “မင်္ဂလာ ညနေခင်းပါ။ မစ္စတာပေါ်… ကျွန်တော်တို့ လင်းရွှေစားသောက်ဆိုင်ကနေ ကြိုဆိုပါတယ်။ ခင်ဗျားတို့အတွက် A3ပြတင်းပေါက်ထိုင်ခုံ ချန်ထားပေးပါတယ်ဗျ။ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ။”
စားသောက်ဆိုင်နောက်ကွယ်ရှိ သူဌေးက ဤတစ်လွှာလုံးကို စားသောက်ဆိုင်အဖြစ် ကြိုတင်ငှားထားပြီး မြင်ကွင်းကျယ်သည့် မျက်နှာကြက် ကြမ်းပြင်ဆက် ပြတင်းပေါက်သည် သင် မည်သည့်နေရာတွင် ထိုင်သည်ဖြစ်စေ မြင်ကွင်းကို ခံစားနိုင်လေသည်။
သီးသန့်ခန်းများ မရှိသော်လည်း စားသောက်ဆိုင်သည် နေ့စဥ် ဧည့်သည်စားပွဲဝိုင်းရှစ်ခုသာ လက်ခံပြီး ၎င်းတို့ကြားမှာ အကွာအဝေးတစ်ခုရှိတာကြောင့် ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိလေသည်။
အထူးငှားရမ်းထားသော သံစုံတီးဝိုင်း အဖွဲ့ဝင်များ တိုက်ရိုက်ဖျော်ဖြေနေသည့် လက်ရာမြောက်၍ ဖြည်းညှင်းစွာ လည်ပတ်နေသော စတိတ်စင်သည် စားသောက်ဆိုင်၏ အလယ်ဗဟိုတွင် တည်ရှိသည်။
ဖေးယိက ပတ်ပတ်လည်ကို ကြည့်ကာ သက်ပြင်းချမိသွားသည်။: လူချမ်းသာတွေရဲ့ ကမ္ဘာမှာ လူတွေက စတိုင်ကျကျ ကစားနိုင်တာတော့ အမှန်ပဲ။
စားသောက်ဆိုင်မန်နေဂျာ၏ ဦးဆောင်မှုဖြင့် သူတို့အုပ်စုက အဆင်ပြေပြေ ထိုင်လိုက်သည်။
ဖေးယိနှင့် ပေါ်ယွဲ့မင်က ပြတင်းပေါက်နားတွင် မျက်နှာချင်းဆိုင်ထိုင်နေပြီး ဦးလေးခိုင်နှင့် လင်းကျုံးက မကျေနပ်မှုမရှိပဲ အပြင်ဘက်မှာ ထိုင်ဖို့ ရွေးချယ်လိုက်သည်။
ဒုတိယသခင်လေးနဲ့ သခင်ငယ်လေးသာ သူတို့ကို ခေါ်မလာရင် ဒီလိုအဆင့်မြင့်တဲ့ စားသောက်ဆိုင်ကို ဝင်ဖို့ သူတို့မှာ အပိုငွေ ဘယ်ရှိပါ့မလဲ?
စားသောက်ဆိုင်မန်နေဂျာက တစ်ဦးချင်းစီအတွက် အီလက်ထရွန်းနစ် မီနူးများ ပေးအပ်ခဲ့သည်။ “အားလုံးပဲ..မင်္ဂလာညနေခင်းပါ… ။ ဒီနေ့အတွက် အကန့်အသတ်ရှိတဲ့ မီနူးတွေကို တစ်ချက်ကြည့်ပေးပါ။ ပါဝင်ပစ္စည်းအားလုံးက တစ်နေ့တည်းမှာပဲ နိုင်ငံတကာကနေ လေယာဥ်နဲ့ ပို့ဆောင်ပေးထားတာပါ။”
ဖေးယိက နားမလည်သလို ဟန်ဆောင်ကာ မီနူးကို နှစ်ကြိမ်ပွတ်ဆွဲလိုက်သည်။ သူမြင်ရသော ဟင်းပွဲအားလုံးမှာ ဂဏန်းသုံးလုံးအထိ စျေးမြင့်ပြီး တချို့က ဂဏန်းလေးလုံးကျော်သည်။
အင်း သူဘာပြောနိုင်တော့မလဲ?
၎င်းက သိသာသော ငွေလုယက်ခြင်း ဖြစ်သော်လည်း အနည်းဆုံးတော့ ဤစားသောက်ဆိုင်က မင်းဗိုက်ကို ဖြည့်ပေးနိုင်သည်။
“……..”
ပေါ်ယွဲ့မင်က မမြင်သလို ဖေးယိက နားမလည်နိုင်ပေ။ ဦးလေးခိုင်နှင့် လင်းကျုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အစားအသောက်မှာဖို့ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။ လေးယောက်သားက လောလောဆယ်တွင် လုံးဝမလှုပ်ခဲ့ပေ။
မန်နေဂျာက အဖွဲ့၏ အဓိကဖြစ်သော ပေါ်ယွဲ့မင်၏ အဆင်မပြေမှုကို သတိထားမိပြီး ချိုချိုသာသာ အစဖော်ပေးလိုက်သည်။ “မစ္စတာပေါ်.. လိုအပ်ရင် ကျွန်တော် မီနူးတွေကို အသေးစိတ် မိတ်ဆက်ပေးနိုင်ပါတယ်။”
စကားကျလာသည်နှင့် ထူထဲလေးလံသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ “ခွှင့်လွတ်ပါ။ မင်းက ပေါ်တိချွမ့်က မစ္စတာပေါ်လား?”
ပေါ်တိချွမ့်က ဝမ်းချန်ရှိ ပေါ်ဂရုရုံးခွဲအမည် ဖြစ်သည်။
ဤထူးဆန်းသော အသံကို ကြားသည့်အခါ ဖေးယိက အလိုအလျောက် လှမ်းကြည့်လိုက်သည်။
နက်ပြာရောင် ရှပ်အင်္ကျီဝတ်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးက အနားသို့လျှောက်လာပြီး သူ့အသွင်အပြင်က သာမန်ဆန်သော်လည်း သူက တည်ငြိမ်ပြီး အတွေ့အကြုံရှိပုံရှိသည်။ သူ့လက်ကောက်ဝတ်ရှိ နာရီသည် သန်းပေါင်းများစွာ တန်ဖိုးရှိပြီး ရွှေလက်စွပ်တစ်ကွင်း ဝတ်ထားသော သူ့လက်ထဲတွင် မီးညှိထားသော စီးကရက်တစ်လိပ်ပါသည်။
ဤအခိုက်အတန့်၌ ရောက်လာသူ၏ အပြုံးမျက်လုံးများတွင် မသေချာမရေရာသော စီစစ်မှု အရိပ်အမြွက်တစ်ခု ရှိနေသည်။
စားသောက်ဆိုင်မန်နေဂျာက ပထမဆုံးတုံ့ပြန်သူဖြစ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “ဥက္ကဋ္ဌချန်”
လင်းကျုံးကလည်း ဤလူကို မှတ်မိသွားပြီး သူ့ဘေးရှိ ပေါ်ယွဲ့မင်ကို တိုးတိုးလေးပြောလိုက်သည်။ “သူဌေးပေါ်.. ဒါ ရွှင်းထျန်းဂရုရဲ့ ဥက္ကဋ္ဌ ချန်ရွှင်းပါ။”
ရွှင်းထျန်းဂရုက ဤ “ဝမ်းချန်အားကစားစင်တာ” ပရောဂျက်အတွက် အပြင်းထန်ဆုံး ပြိုင်ဘက်ဖြစ်၏။
ပေါ်ယွဲ့မင်က ချန်ရွှင်းကို မြင်မြင်ချင်းပင် မှတ်မိသည်။ သူက ဖြည်းဖြည်းချင်းထရပ်ကာ သူ့လက်၏ ဦးတည်ရာကို တမင်ပြောင်းလိုက်သည်။ “ဥက္ကဋ္ဌချန်.. ကျွန်တော် ခင်ဗျားအကြောင်း ကြားဖူးတာ ကြာပါပြီ။ ကျွန်တော့်မျက်လုံးတွေ အဆင်မပြေလို့ ချက်ချင်းမနှုတ်ဆက်နိုင်တာ ခွင့်လွှတ်ပါ။”
အင်ပါယာမြို့တော်မှာဖြစ်စေ ဝမ်းချန်မှာဖြစ်စေ သူက တစ်ဖက်လူ၏ရှေ့တွင် အပြစ်အနာအဆာကို မပြသနိုင်ပေ။
“ပေါ်မိသားစုက အင်ပါယာမြို့တော် ရုံးချုပ်ကနေ လူသစ်တစ်ယောက်လွှတ်လိုက်တယ်ဆိုတာ ငါ သိပ်မကြာခင်က ကြားခဲ့ရပါတယ်။” ချန်ရွှင်းက ပေါ်ယွဲ့မင်၏ ဆန့်ထားသောလက်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ “မစ္စတာပေါ်က ငယ်သေးပေမယ့် ဒီပရောဂျက်ကြီးကို လေလံဆွဲဖို့ လက်လွှဲယူနိုင်တာ တကယ်လေးစားမိတယ်”
“ဥက္ကဋ္ဌချန်က ချီးကျူးလွန်းနေပါပြီ”
သူတို့နှစ်ယောက်က လက်ဆွဲနှုတ်ဆက်ပြီးနောက် လွှတ်ပေးလိုက်ကြသည်။
“အစက မစ္စတာပေါ်နဲ့ တွေ့ဆုံဖို့ အခွင့်အရေးရှာချင်ပေမယ့် ဒီနေ့ဒီနေရာမှာ တိုက်ဆိုင်သွားမယ်လို့ မထင်ထားဘူး။ ငါ အခုလေးတင် မစ္စတာပေါ်တို့ ဝင်လာတာကို မြင်လိုက်တာ။” ချန်ရွှင်းက စီးကရက်ကို မြှောက်ကာ ဖွဖွရှိုက်လိုက်သည်။ “ငါ့မျက်လုံးတွေကောင်းလို့ လူမမှားခဲ့ဘူး။”
ထိုစကားကို ကြားသောအခါ မီနူးတက်ဘလက်ပေါ်ရှိ ဖေးယိ၏လက်ချောင်းများ တခဏမျှ တင်းကျပ်သွားခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် ချန်ရွှင်းက မကောင်းသော ရည်ရွယ်ချက်ဖြင့် ချဥ်းကပ်လာသည်ဟု သူခံစားမိပြီး ထိုစကားများကြား၌ မရေရာသော မသက်မသာ ခံစားချက်တစ်ခုရှိနေသည်။
“တောင်းပန်ပါတယ်။”
ချန်ရွှင်းက ပေါ်ယွဲ့မင် တပ်ထားသော လမ်းညွှန်မျက်မှန်ကို သတိထားမိသွားပုံရပြီး သူ့မျက်နှာပေါ်တွင် မရေမရာ အားနာသော အမူအရာတစ်ခုရှိနေသည်။ “မစ္စတာပေါ်ရဲ့ မျက်လုံးတွေက……”
“လွန်ခဲ့တဲ့သုံးလေးလက ကားမတော်တဆမှုဖြစ်ပြီး မျက်လုံးကွယ်သွားတာပါ။” ပေါ်ယွဲ့မင်က တစ်ဖက်လူ၏ ရည်ရွယ််ချက်ကို မှန်းဆကာ တိတ်တဆိတ်ပြောလိုက်သည်။ “မိသားစုကို ဒီနေ့ညစာစားဖို့ ခေါ်လာတာ။ အခုဆုံကြပြီဆိုတော့ ဥက္ကဋ္ဌချန်က ကျွန်တော်တို့အတူ ထိုင်စားလိုက်မလား?”
လင်းကျုံးက ၎င်းကိုကြားတော့ လိမ္မာပါးနပ်စွာ သူ့နေရာကိုပေးလိုက်သည်။
“ငါက မစ္စတာပေါ်ထက် စောစောရောက်တာမို့ စားပြီးပါပြီ။” ချန်ရွှင်းက ငြင်းဆန်လိုက်သည်။
သို့သော် သူက ပြုံးလိုက်ပြီး နေရာဖယ်ပေးသော လင်းကျုံးကို တစ်ချက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ထိုင်လိုက်သည်။ “ငါတို့ဆုံဖို့ ကံပါလာတော့ စကားနည်းနည်းလောက် ပြောကြရင် မစ္စတာပေါ် စိတ်ရှိမလား?”
ပေါ်ယွဲ့မင်က ထိုင်ချလိုက်ပြီး သူ့စကားထဲမှာ လျှို့ဝှက်အဓိပ္ပါယ်တစ်ခု ပါနေသည်။ “ဥက္ကဋ္ဌချန်က ကျွန်တော့်မိသားစုနဲ့ လက်ထောက်ရဲ့ရှေ့မှာ စကားပြောဖို့စိတ်မရှိရင် ကျွန်တော်လည်း စိတ်မရှိပါဘူး။”
ချန်ရွှင်းက ဆန့်ကျင်ဘက်ရှိ ဖေးယိနှင့် ဦးလေးခိုင်ကိုကြည့်လိုက်ပြီး စီးကရက်၏ မီးခိုးငွေ့က သူ့မျက်ဝန်းထဲရှိ အထင်သေးသော အရိပ်အမြွက်ကို လုံးလုံးပိတ်ဆို့နေခဲ့သည်။
ဝမ်းချန်အားကစားစင်တာ၏ ပရောဂျက်ကြီးသည် ယခုနှစ်တွင် ရွှင်းထျန်းဂရု၏ ထိပ်တန်းဦးစားပေးဖြစ်သည်။ ထို့အပြင် သူသည် ပြိုင်ဘက်များနှင့် တာဝန်ခံအားလုံးကို အထူးအာရုံစိုက်ခဲ့သည်။
မကြာသေးမီက သူသည် တာဝန်ခံဖုန်းကျန့်ကို ခက်ခက်ခဲခဲ ဖယ်ရှားနိုင်ခဲ့သည်။ မထင်မှတ်ထားသည်မှာ ပေါ်မိသားစုက အရှုံးမပေးပဲ နောက်တစ်ယောက်ကို စေလွှတ်ခဲ့ခြင်းပင်။
သို့ပေမယ့် ပေါ်ယွဲ့မင် ပရောဂျက်ကို လွှဲပြောင်းယူလိုက်သည့် ပထမဆုံးနေ့တွင် ချန်ရွှင်းက သူ့နောက်ခံသမိုင်းကြောင်းကို စုံစမ်းရန် လူလွှတ်ခဲ့သည်။
အနှီလူက ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ရှိပေမယ့် မိသားစုနောက်ခံက ဆိုးရွားသဖြင့် မကြာသေးမီက မျက်စိကွယ်သွားခဲ့သည်မှာ စိတ်မကောင်းရာပင်။
သူ၏ တစ်ဦးတည်းသော ကျောထောက်နောက်ခံဖြစ်သည့် အဘွားက ပြိုလဲသွားတာကြောင့် ပေါ်အိမ်တော်၏ လူကြီးများနှင့် ဆွေမျိုးများက သူ့အား အိမ်ထောင်ရေးလက်နက်အဖြစ် အသုံးချကာ သူ၏ အိမ်ထောင်ဖက်သည်လည်း အင်ပါယာမြို့တော်ရှိ လူသိများသော အရူးဖြစ်နေသည်။
ဤပရောဂျက်ကို လွှဲပြောင်းယူရန် စေလွှတ်ခံရခြင်းနှင့် ပတ်သက်၍ အကောင်းဘက်ကကြည့်လျှင် သူက တန်ဖိုးထားခံရတာဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပြည်နှင်ဒဏ်ပေးခံရတာဖြစ်၏။ သူ့မှာ အနာဂတ်လုံးဝမရှိသလို သူသည် အပြင်လူများကြား၌ ဟာသတစ်ခုသာ ဖြစ်သည်။
သူ့အဖွဲ့က ပရောဂျက်ကို အနိုင်ရနိုင်မယ်လို့ ချန်ရွှင်းယုံကြည်ပေမယ့် လေလံမဆွဲမီ ပြိုင်ဘက်ကို ဖယ်ရှားနိုင်ရင် စိတ်ဖိစီးမှုနည်းသွားနိုင်တယ်မလား?
ရန်သူကို တစ်ချက်လှုပ်ရှံဖြင့် မတွန်းလှန်နိုင်သော်လည်း အနည်းဆုံးတော့ အခြေအနေမှန်ကိုသိပြီး ပြိုင်ဘက်ကို အနှောင့်အယှက်ပေးရမှာကို သူသိသည်။
ချန်ရွှင်းက သူ၏ပါးနပ်မှုနှင့် ကြမ်းတမ်းခက်ထန်မှုကို အလွယ်တကူထုတ်မပြပဲ ညင်ညင်သာသာပြော၍ လှုံ့ဆော်လိုက်သည်။ “မစ္စတာပေါ်.. ဝမ်းချန်အားကစားစင်တာ ပရောဂျက်က မလွယ်ပါဘူး။ မင်းရဲ့ ပေါ်မိသားစုက ကမ်းရိုးတန်းဒေသစျေးကွက်ကို ဝင်ရောက်ချင်ရင်တောင် မင်း ဒီပရောဂျက်နဲ့ မစသင့်ဘူး။”
ချန်ရွှင်းသည် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ဉာဏ်နီဉာဏ်နက်အများဆုံး မြေခွေးအိုကြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိအခိုက်အတန့်တွင် သူ၏ “ကောင်းသောရည်ရွယ်ချက်များ”သည် သဘာဝကျသည့် တစ်ဖက်လှည့်ရည်ရွယ်ချက်သာ ဖြစ်သည်။
ပေါ်ယွဲ့မင်က ၎င်းကိုသိသဖြင့် အားနည်းသော လေသံဖြင့် ပြောလိုက်သည်။ “ကျွန်တော် ဝမ်းချန်ကိုရောက်တာ ရက်ပိုင်းပဲရှိသေးတော့ ပရောဂျက်ရဲ့ အခြေအနေကို တကယ်မသိဘူး။ ဥက္ကဋ္ဌချန်က ဘာကိုဆိုလိုတာလဲ? တခြားအကြံပြုချင်တာမျိုး ရှိလား?”
ဒီလူက ငယ်လေးလို့ စကားလုံးအနည်းငယ်ပြောလိုက်ရုံနဲ့ အရှိန်အဝါ ပျောက်သွားတော့တာပါပဲ!
ချန်ရွှင်းက “စိတ်ထားကောင်းစွာ” အကြံပေးလိုက်သည်။ “မစ္စတာပေါ်.. အသေးစား ဒါမှမဟုတ် အလတ်စားပရောဂျက်တွေနဲ့ စတင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားတာက ပိုကောင်းပါတယ်။ ပေါ်မိသားစုက ရောက်လာတာနဲ့ ကိတ်ကြီးတစ်ခုလုံး မျိုချချင်နေရင် ပုန်းအောင်းနေတဲ့ မြှားတွေကို သတိထားဖို့ ခက်ခဲလိမ့်မယ်။”
နောက်ဆုံးစာကြောင်းတစ်ဝက်မှာ လျှို့ဝှက်သော အဓိပ္ပါယ်တစ်ခုရှိသည်။
ပေါ်ယွဲ့မင်က ပြုံးကာ ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ “ဥက္ကဋ္ဌချန်.. လေလံပွဲမှာ ပါဝင်မယ့် ကုမ္ပဏီသုံးခုပဲ ကျန်ပါတော့တယ်။”
အပြင်က ပေါ်မိသားစုမှလွဲ၍ ရွှင်းထျန်းနှင့် ယိုမိသားစုသာ ကျန်တော့သည်။ ဒီတော့ ဘယ်သူက တိုက်ခိုက်မှာလဲ? ဘယ်မိသားစုက သူတို့နောက်ကျောကို ဓားနဲ့ထိုးမှာလဲ?
“……..”
ချန်ရွင်းက နှစ်စက္ကန့်မျှ ထိတ်လန့်သွားပေမယ့် သူက ပြုံးလိုက်သေးသည်။ “မစ္စတာပေါ်… မင်းကို အမှန်တရားပြောပြမယ်။ ရွှင်းထျန်းဂရုက ဒီပရောဂျက်ကို အရယူဖို့ ဆုံးဖြတ်ထားတယ်။ ဒီလိုညစ်ပတ်တဲ့ လှည့်ကွက်တွေကို ငါကစားမှာမဟုတ်ဘူး။”
“ကံတရားကြောင့် ငါ မစ္စတာပေါ်နဲ့ ရင်းနှီးသလို ခံစားရလို့ သတိပေးတာပါ–”
“ငါနဲ့ယှဥ်ရင် နှစ်အစပိုင်းမှာ လမ်းဖောက်ထွက်လာပြီး ကိုယ်ပိုင်လုပ်ငန်းကို လက်လွှဲယူခဲ့တဲ့ ယိုချီနျန်ကမှ တကယ့်အဆိပ်ပြင်းပြီး ရက်စက်တဲ့ ဇာတ်ကောင်ပဲ။”