အပိုင်း ၃၀
Viewers 19k

Chapter-30


ဦးရီးတော်ချန်စူး

" ပြောစရာရှိတယ်ဆိုတော့လည်း နားထောင်ရတာပေါ့ ... " ဦးရီးတော်ချန်စူးကရယ်မောလျက် အေးအေးလူလူပြောလိုက်သည်။

ထိုအခါ ချန်ရုံမှာ ထိတ်လန့်သွားပုံရပြီး သူမက ဘယ်ညာလှည့်ကြည့်ကာ " ပြောစရာမရှိတော့ပါဘူး " ဟု ခပ်တိုးတိုးဖြေလာ၏။

ဦးရီးတော်ချန်စူးမှာ တစ်ဖက်လူက သူနှင့် သီးသန့်စကားပြောဆိုချင်နေချင်ကြောင်းကို နားလည်သွားသဖြင့် " နောက်ကလိုက်ခဲ့ ... " ဟုပြောလိုက်ပြီး ထိုင်နေရာမှ ထထွက်သွားလေ၏။

ထိုအချိန်တွင် ချန်ရုံ၏လှပလွန်းသောအသွင်အပြင်၌ နစ်မျောသွားသော လူငယ်တစ်ဦးက နောက်လိုက်တစ်ယောက်အား မေးမြန်းနေသည်။

" အဲ့ဒီမိန်းကလေးက ဘယ်သူလဲ "

 "ချန်အိမ်တော်က အားရုံတဲ့ ... လက်အောက်ခံအနွယ်တော်ခွဲက အငယ်အနှောင်းဖွားသမီးလေ "

ထိုအခါ မေးမြန်းသူလူငယ်က အားလိုအားမရဖြစ်သွားဟန်ဖြင့် ခေါင်းကိုတွင်တွင်ခါယမ်းကာ နေရာ၌ ပြန်ထိုင်သွားလေ၏။

ချန်စူးသည် ချန်ရုံ့အား ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး သူက အိမ်ရှင်ထိုင်ခုံတွင်ဝင်ထိုင်ကာ တစ်ဖက်လူအား ပြုံးပြုံးရွှင်ရွှင် ကြည့်လျက် စကားပုလ္လင်ခံလိုက်သည်။ 

 "ဘာကိစ္စလဲ ... အခုပြောပြလို့ရပြီလား "

ထိုအခါအားရုံက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဒူးထောက်ချလျက် ‌ဆိုလာတော့၏။

“ကိုယ်လုပ်တော်အဖြစ် ဘယ်သူ့ဆီကိုမှ အပေးမခံချင်လို့ ဦးရီးတော်ကိုလာတွေ့တာပါ ” 

ချန်စူးကမျက်ခုံးကိုပင့်တင့်ကာ ချန်ရုံအားစိုက်ကြည့်လျက် အတွေးများနေခဲ့လေသည်။သူမသည် နန်ယန်မြို့သို့ လောလောလတ်လတ်ရောက်ရှိလာသော မိန်းမငယ်ကလေးတစ်ဦးသာဖြစ်ပြီး မျိုးနွယ်စုမှပူပူနွေးနွေးဆုံးဖြတ်ထားသော သဘောတူညီမှု‌အကြောင်းကို မည်သို့သိနိုင်မည်နည်း။တစ်ဆင့်ကြားလာရခြင်းမဟုတ်လျှင်လည်း သူမကိုယ်သူမ တွေးတော၍မှန်းဆခဲ့ခြင်းလော။သို့သော်လည်း သူမသည်အသက်၁၅နှစ်သာရှိသေး၏။

ထိုသို့ဖြစ်နေလျက် နန်ယန်မြို့တွင်စားနပ်ရိက္ခာ ပြတ်လပ်တော့မည်ကို ကြိုသိခဲ့ရုံသာမက မျိုးနွယ်စု၏ အစီအစဉ်များကိုလည်း သိရှိနေသည်။ဤမိန်းကလေးသည် အခြားသူများပြောသကဲ့သို့ အလွန်တရာပင် ဉာဏ်ရည်ထက်မြက်လွန်း၏။

ချန်စူးက ယာမကာကို တစ်ငုံချင်းအရသာခံသောက်ရင်း ချန်ရုံအား လေ့လာကြည့်ရှုနေခဲ့သည်။ထို့နောက်သူက ခွက်အဖုံးကိုအောက်သို့ချလိုက်ပြီး အေးစက်စွာမေးလာသည်။

" ဒီအတွက်နဲ့ ရိက္ခာလှည်းဆယ်စင်းစာ ပေးတာလား "

ချန်စူးပြောသောစကားမှာ အလွန်ရိုးစင်းပြီး ဒဲ့တိုးဆန်လှ၏။

 ချန်ရုံကခေါင်းငုံ့နေရင်း ခဏအကြာတွင် " ဟုတ်ပါတယ် " ဟု ခပ်တိုးတိုးဖြေလာသည်။

ဤတစ်ကြိမ်တွင် ချန်စူးသည် ပြောစရာစကားများပျောက်ရှသွားပြီး သူက လက်ထဲမှခွက်ကိုချကာ ချန်ရုံ့အား စူးစိုက်ကြည့်လိုက်သော်လည်း သူ့မျက်နှာတွင် ဒေါသအငွေ့အသက်မရှိပေ။

ထိုအချိန်တွင် ချန်ရုံတစ်ယောက် သူမ၏‌လက်ကျန်သတ္တိများကိုစုစည်းလိုက်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းမော့လျက် ပြောလိုက်တော့၏။

 "ဦးရီးတော် ... တခြား ချန်မျိုးရိုးမိန်းကလေးတွေနဲ့ယှဉ်ရင် ကျွန်မရဲ့ဉာဏ်ရည်ဉာဏ်သွေးကို ဘယ်လိုသဘောရပါသလဲ ”

ချန်စူးက မည်သည်ကိုမှပြန်မဖြေဘဲ မျက်ခုံးပင့်လေသည်။သို့သော်လည်းချန်ရုံက ဂရုမစိုက်ဘဲ သူမ ပြောစရာရှိသည်ကိုသာ ဆက်ပြောလေ၏။

 " အားရုံရဲ့ နိမ့်ကျတဲ့အမြင်အရဆိုရင် မျိုးနွယ်စုက ကျွန်မကို ကိုယ်လုပ်တော်အဖြစ် စေလွှတ်လိုက်ရင် ကျွန်မက အဲ့ဒီယောက်ျားရဲ့ ကစားစရာနယ်ရုပ်ပဲဖြစ်နေမှာပါ ... အဲ့လိုဘဝမျိုးထက် ကြောက်စရာကောင်းတဲ့ယောက်ျားနဲ့လက်ထပ်ပြီး နှစ်တွေအကြာကြီးနေပြီးမှ သေရတာကတောင် ပိုသာပါသေးတယ် "

ချန်စူးက သူမအားစူးစူးရဲရဲစိုက်ကြည့်ပြီး နားထောင်နေသည်။

 “ဒီလို စီစဉ်တာက မျိုးနွယ်စုအတွက် အကျိုးရှိမှာ မဟုတ်ပါဘူး ... ကျွန်မရဲ့အရည်အချင်းနဲ့ဆိုရင် ဒုတိယတန်းစားအထက်တန်းလွှာနဲ့ထိမ်းမြားလိုက်ရင်တောင် ကျွန်မရဲ့ခင်ပွန်းကို အထောက်အကူပြုပေးနိုင်ပါသေးတယ် ... ကံတရားကသာ ကျွန်မတို့ဘက်မှာရှိနေရင် အဲ့ဒီလူက ယောက်ျားသားတွေကြားထဲမှာ လျှို့ဝှက်နဂါးတစ်ကောင်လိုဖြစ်လာပြီး ချန်အိမ်တော်အတွက် အထောက်အကူကောင်းဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာပါလဲ..."

ချန်ရုံက ဒူးထောက်ထားပြီး မြေကြီးနှင့်နှဖူး မထိရုံတမယ် တုန်လှုပ်ခြောက်ခြားစွာဖြင့်ခေါင်းငုံ့လျက် အနူးအညွတ်တောင်းဆိုနေလေ၏။

"ဦးရီးတော် ...ကျွန်မရဲ့အလှနဲ့ ဉာဏ်ပညာ နှစ်ခုလုံးက တစ်မူထူးပါတယ် ...ဒီအားသာချက်တွေကိုသာမှန်မှန်ကန်ကန် အသုံးချရင် မိသားစုအတွက် အများကြီး အကျိုးရှိလာနိုင်ပါတယ် ... အဲ့လိုမှမဟုတ်ရင် ... ”

ချန်ရုံက ပြောလက်စ စကားကိုရပ်တန့်လိုက်ပြီး ဖြည်းညင်းစွာ မော့ကြည့်လာသည်။

ထိုအချိန်တွင် သူမ၏မျက်နှာငယ်လေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အမြင်အာရုံများက ဝေဝါးနေသော်လည်း သူမက နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။ခေါင်းမာပုံရသောသူမ၏မျက်နှာထားတွင်လည်း အကြင်နာတရားကင်းမဲ့မှုက မသိမသာပေါ်ထွက်‌လာလေသည်။

 "မျိုးနွယ်စုက ကျွန်မကို တစ်စုံတစ်ယောက်ရဲ့ ကိုယ်လုပ်တော်အဖြစ် စေလွှတ်မယ်ဆိုရင် နောက်နောင်ဘာပြဿနာတွေဖြစ်လာမယ်ဆိုတာကို မပြောနိုင်ပါဘူး"

နောင်နောင်ဖြစ်လာမည့် ပြဿနာများကိုမပြောနိုင်ဟု ဆိုလေသည်။ဤသည်မှာ ကလေးမလေးက သူတို့အား ခြိမ်းခြောက်နေခြင်းပင်မဟုတ်ပါလော။

ချန်စူး၏နှလုံးသားထဲတွင် ဒေါသမီးများ ချက်ချင်းတောက်လောင်သွားပြီး သူက တောက်ခေါက်မိတော့မတတ်ဖြစ်သွားသော်လည်း မျက်စိရှေ့ရှိကလေးမလေးထံမှ သနားစရာကောင်းလောက်အောင် မျက်ရည်များစီးကျလာသည်ကို မြင်လိုက်ရသည်။

အကူအညီလိုနေချိန်တွင် စပါးလှည်းဆယ်စင်းစာအထိပေးအပ်ထောက်ပံ့ခဲ့သည်အား ပြန်လည်ငဲ့တွေးမိသောအခါတွင်လည်း အားရုံအပေါ် စိတ်မကွက်ရက်တော့ပေ။

ချန်စူးက သက်ပြင်းအရှည်ကြီးချလိုက်သည်။

 " အားရုံ ... မင်းက ကလေးမလေးအရွယ်ပဲရှိသေးတာလေ... ဘယ်လိုလုပ်ပြီးတော့ မျိုးနွယ်စုကို ခြိမ်းခြောက်နိုင်ရတာလဲ "

စကားလုံးများက လေးနက်သော်လည်း ချန်စူး၏လေသံတွင် ဒေါသအငွေ့အသက်မပါဝင်ချေ။

ချန်ရုံက သူမ၏ခေါင်းကိုကြမ်းပြင်နှင့်ထိလုမတက်ငုံ့ကာ မျက်ရည်များကြားမှ တဆတ်ဆတ်တုန်လျက် ပြောဆိုလာသည်။

" ဦးရီးတော် ... သမီးအရမ်းကြောက်တယ် ...အရမ်းကိုကြောက်တာပါ "

ချန်စူးမှာ ကုန်သည်တစ်ဦးဖြစ်ခဲ့ပြီး ဈေးသည်များစွာဖြင့် စီးပွားရေးအရ ကူးလူဆက်ဆံဖူးသည်။အခြားအကြီးအကဲများသာ ချန်ရုံ၏ခြိမ်းခြောက်မှုကိုကြားလျှင် ကျိန်းသေပေါက် ဒေါကန်ကုန်ကြလိမ့်မည်။သို့သော်လည်း ချန်စူးမှာ တစ်မူထူး၏။ချန်ရုံ့ထံမှ သစ်အယ်သီးနှင့်စပါးလှည်းဆယ်စင်းစာကို လက်ခံရရှိခဲ့သည့်အချိန်မှစ၍ ပြန်လည်ကျေးဇူးတုံ့ပြန်လိုစိတ်က သူ့ထံတွင် ခိုအောင်းနေခဲ့သည်။

ချန်စူးက ချန်ရုံ၏လှပသောအသွင်အပြင်ကို ခဏတာ အကဲခတ်ကြည့်နေသည်။ဤမိန်းကလေးသည်ပြေပြစ်သော အသွင်အပြင်ရှိရုံသာမက ဉာဏ်ပညာလည်း ထက်မြက်လှ၏။ သူမ ပြောခဲ့သည့်အတိုင်း ၄င်းအားသာချက်များကို မှန်ကန်စွာအသုံးချလျှင် သူမသည် မျိုးနွယ်စုအတွက် သေချာပေါက် အထောက်အကူဖြစ်လာလိမ့်မည်။

ချန်စူး တုံ့ဆိုင်းနေချိန်မှာပင် ကလေးမလေးထံမှ ငိုကြွေးသံကိုထပ်ကြားလိုက်ရ၏။

ထိုအခါချန်စူး၏မျက်ဝန်းများထဲတွင် တစ်ဖက်လူအားပိုမို ကရုဏာသက်မိသွားသောအရိပ်အယောင်များပေါ်လွင်လာကာ နောက်ဆုံး၌ သူက သက်ပြင်းချလိုက်ပြီးအေးအေးလူလူပြောသည်။

 “မငိုပါနဲ့ ... မတ်တတ်ထပါ "

ချန်ရုံက မျက်ရည်များကိုသုတ်လျက် ရိုကျိုးစွာထလာခဲ့၏။

ချန်စူးက ခေါင်းညိတ်နေရင်းပြောလက်စကို ဆက်လက်၍စကားဆက်သည်။

 "မင်းတောင်းဆိုတာကို ဦးရီးတော် စဉ်းစားပေးပါ့မယ်"

 "ကျေးဇူးတင်ပါတယ် "

 “သွားတော့”

 “ဟုတ်ကဲ့ပါ”

ချန်ရုံက ခေါင်းငုံ့ကာ အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီး သူမ၏ပုခုံးတန်းများကမူ တုန်ရီနေခဲ့၏။

ခြေလှမ်းငါးလှမ်း လှမ်းပြီးနောက် ချန်ရုံက ခေတ္တရပ်လိုက်သည်။ချန်စူးလည်း လှမ်းကြည့်လိုက်ရာ ချန်ရုံက ဝတ်ရုံထဲမှ လက်ကိုင်ပုဝါကိုထုတ်၍ မျက်ရည်များအား သေချာသုတ်နေသည်ကို မြင်လိုက်ရ၏။ထို့နောက်တွင် သူမက ကြည့်မှန်နှင့်မျက်နှာချေမှုန့်ဘူးတို့ကိုပါ တစ်ပါတည်းထုတ်ကာ မျက်ရည်ကြောင့်ယိုယွင်းသွားသောမျက်နှာနေရာများအား ပေါင်ဒါဖို့နေလေသည်။

ဤမိန်းကလေးက သူမ ငိုကြွေးခဲ့သည်ကို အခြားသူများအားမသိစေချင်ဘဲ သူမတို့နှစ်ဦးကြားထဲတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလို ပြုမူပြရန်ကြိုးစားနေ၏။

ချန်စူးသည်လည်း သူကိုယ်တိုင်ပင်မသိဘဲ ခေါင်းတဆတ်ဆတ်ညိတ်လိုက်မိသည်။

ထိုအခိုက်အတန့်၌ ချန်ရုံကမျက်နှာချေမှုန့်ဘူးအား ဝတ်ရုံ‌အောက်ထဲသို့ပြန်ထည့်လိုက်ရာတွင် အေးစက်မှုတစ်ခုက ဖြတ်ပြေးသွားတော့၏။ချန်စူးတစ်ယောက် ချန်ရုံ၏ညာဘက်ဝတ်ရုံအောက်ထဲတွင် ဝှက်ထားသော ဓားမြှောင်ကို ရှင်းရှင်းလင်းလင်းပင် လှမ်းမြင်လိုက်ရပြီး သူက အံ့အားသင့်သွားကာ မျက်လုံးများပြူးကျယ်ကုန်သည်။

ဤကလေးမသည် လက်နက်ငယ်တစ်ခုကို ကိုယ်နှင့်မကွာဆောင်ထား၏။မဟုတ်မှလွဲ၍ ....

ချန်စူးက မျက်မှောင်ကြုတ်ကာ အခြေအနေကို သေချာတွေးတောနေပြီး ခပ်သုတ်သုတ်ထွက်ခွာသွားသောချန်ရုံအား စိုက်ကြည့်နေမိသည်။ထိုအချိန်တွင် တံခါးနားမှ အစောင့်တစ်ယောက်မေးမြန်းလာခဲ့၏။

 “သခင်ကြီး ကလေးမလေး သယ်လာတဲ့ လှည်းဆယ်စင်းစာ ရိက္ခာတွေကို ဘယ်လိုလုပ်လိုက်ရမလဲဗျ "

စပါးနှင့် သစ်အယ်သီး လှည်းဆယ်စင်းစာအပြည့်ဖြစ်သည်။ဤကလေးမလေးသည် ငယ်ရွယ်သော်ငြားလည်း အလွန်ပင်ပြတ်သားပြီး ဆုံးဖြတ်လိုက်သည်နှင့် နောက်မတွန့်ဘဲ ပေးကမ်းပစ်လိုက်နိုင်သော လူစားမျိုးပင်။

 “အရင်ဆုံး လှည်းတွေကို အနောက်ဘက် ဂိုဒေါင်ထဲ ရွှေ့လိုက်”

 " ကောင်းပါပြီ "

" ပြီးတော့ ကလေးမလေး ...မဟုတ်ဘူး... အားရုံကိုသွားပြောပါ ... ငါ့ခွင့်ပြုချက်နဲ့ ဒီည ပွဲတက်စရာ မလိုတော့ဘူးလို့ "

 " ဟုတ်ကဲ့ပါ "

 “ဒါ‌ပေမဲ့ ချန်မျိုးနွယ်ထဲမှာ မိန်းမလှတစ်ယောက်ရှိတယ်ဆိုတာကို အကုန်လုံးသိထားပြီးသားမလို့ ငါလုပ်နိုင်တာ များများစားစားမရှိဘူးလို့ပြောလိုက်ပါ "

" ကောင်းပါပြီ "

ချန်စူးတစ်ယောက် တစ်ကိုယ်တည်း တွေးတောနေမိသည်။ကလေးမလေးမှာ မျိုးနွယ်စုမှ အကာအကွယ်ကိုရှာဖွေနေသော ငယ်ငယ်ရွယ်ရွယ် မိဘမဲ့မိန်းကလေးတစ်ဦးသာဖြစ်လေ၏။မည်သို့ပင်ဆိုပါစေ သူမထံမှ ရိက္ခာအား အလကားမယူရက်ပေ။

ထိုအကြောင်းကြောင့် ချန်စူးက ဤကဲ့သို့ မိန့်ကြားခဲ့သည်။

“ အားရုံဆီကို ပိုးထည်လှည်းရှစ်စင်းစာနဲ့ အထည်အလိပ်လှည်းနှစ်စင်းစာပို့ပေးလိုက် ... ရွှေသားအချပ်နှစ်ဆယ်လည်းထည့်ပေးလိုက် "

အတိအကျတွက်ချက်ကြည့်လျှင် အဆိုပါ ကုန်စည်များသည် ရိက္ခာလှည်းဆယ်စင်းစာ၏လက်ရှိပေါက်ဈေးထက် အနည်းငယ်ပို၍ တန်ဖိုးရှိလေ၏။

 

Xxxxxc