Chapter-29
အကြီးအကဲများနှင့် တွေ့ဆုံခြင်း
အထိန်းတော်ဖျင်သည် ခြံဝင်းထဲတွင် အချိန်အတော်ကြာအောင် အလုပ်ရှုပ်နေခဲ့ပြီးနောက် လက်များကိုဗျပ်စောင်းပေါ်တင်ကာ မလှုပ်မယှက်ဖြစ်နေသောချန်ရုံအား စိတ်အားထက်သန်စွာ စောင့်ကြည့်နေလေသည်။
မွန်းတည့်ချိန်ရောက်တော့မည်ဖြစ်သည့်အတွက် သူမက ချန်ရုံ့အနားသို့သွားကာ " သခင်မလေး ... တစ်ခုခုမစားသေးဘူးလား " ဟု စိုးရိမ်စွာမေးလိုက်သည်။
တစ်ဖက်မှအဖြေပြန်မလာဘဲ ခေတ္တငြိမ်သက်နေခဲ့ပြီး ထို့နောက်တွင် အထိန်းတော်ဖျင်က စကားဆက်လာခဲ့၏။
“အိမ်ထောင်ရေးကို ကောင်းကင်ဘုံက အဆုံးအဖြတ်ပေးမှာပါ ... ကျွန်မတို့သခင်မလေးကို ကောင်းချီးပေးမှာ သေချာတယ် .... ဒီည ဝမ်ဝူလန်ကတောင် သခင်မလေးကို ထိမ်းမြားခွင့်တောင်းချင် တောင်းဦးမှာ "
အထိန်းတော်ဖျင်က ရှုထောင့်ပေါင်းစုံမှအတွေးများနေလျက်စိတ်အားထက်သန်နေလေ၏။
ချန်ရုံက ခေါင်းကိုခပ်သာသာယမ်းပြီး ဗျပ်စောင်းကိုပိုက်ကာ ဖြည်းညင်းစွာ ထလာသည်။
" အထိန်းတော်ဖျင် "
" ရှင် သခင်မလေး "
“ဦးလေး ချန်ကုန်းရန်းပြန်လာပြီလားလို့ မေးဖို့ အဖိုးစွင်း ကို ပြောလိုက်ပါ ... မဟုတ်ရင်လည်း အိမ်တော်မှာ ဘယ်အကြီးအကဲတွေရှိလဲလို့ပါ တစ်ခါတည်းမေးပေးခဲ့ပါလို့ .... "
" ကောင်းပါပြီ "
အထိန်းတော်ဖျင်မှာ ကျောခိုင်းပြီးနောက် နောက်ကွယ်မှထွက်ပေါ်လာသော ဗျပ်စောင်းသံကြောင့် ခြေပင်မကြွနိုင်လောက်အောင်ဖြစ်နေရှာသည်။ငြိမ့်ညောင်းသောဂီတသံက လူကို အသက်ရှုရခက်လာစေသည်။
အဖိုးစွင်းမှာ အလျင်စလိုပြုမူတတ်သူတစ်ဦးဖြစ်သည့်အလျောက် တစ်နာရီအတွင်း၌ပင် ပြန်ရောက်လာခဲ့၏။
"သခင်မလေးရဲ့ဦးလေးတွေဖြစ်တဲ့
ချန်ယွမ် ၊ ချန်လေ့နဲ့ ချန်စူးတို့သုံးယောက်က အိမ်တော်ကို ပြန်ရောက်နေပါပြီ "
ဦးလေး ချန်စူးကပါ အိမ်ပြန်ရောက်နေပါသည်လော။
" အဖိုးစွင်း"
“ဟုတ်ကဲ့ပါ သခင်မလေး”
“ဂိုဒေါင်ထဲက သစ်အယ်သီးနဲ့ စပါးတွေထုတ်ပြီး လှည်းဆယ်စီးစာ ဖြည့်ပေးထားပါ ”
အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့က " ဟုတ်ကဲ့ပါ " ဟု ပြန်မဖြေမီတွင် အချင်းချင်းအချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ကြသည်။
ရိက္ခာများသယ်ဆောင်ရန် ပြင်ဆင်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။လှည်းဆယ်စီးစာအပြည့်ဖြည့်နိုင်ရန် အစေခံတစ်ဒါဇင်ခန့်က လေးနာရီကြာ အချိန်ယူခဲ့ရသည်။
ထိုအချိန်တွင် ချန်ရုံက အသေအချာပင် ရေမိုးချိုးနေခဲ့ပြီး ယမန်နေ့ညက မျိုးနွယ်စုဘက်မှ ပေးပို့လာခဲ့သောအဝါရောင်ဖျော့ဖျော့နှင့် ခရမ်းရောင်စပ်ထားသည့်ပွဲတက်ဝတ်စုံကို ၀တ်ဆင်ခဲ့သည်။
ချန်ရုံ၏ဆံပင်အားဖြီးသင်ပေးနေစဉ်မှာပင် အထိန်းတော်ဖျင်တစ်ယောက် တုန်လှုပ်ချောက်ချားသွားတော့၏။သူမက မျက်စိရှေ့မှသခင်မလေးအား စိုက်ကြည့်လျက် ဆိုလာခဲ့သည်။
“သခင်မလေး ဒီလောက်အထိလှတယ်ဆိုတာကို ဘယ်တုန်းကမှမသိခဲ့ဘူး ”
ကြေးဝါမှန်ထဲမှ သူမ၏လှတပတမျက်နှာလေးအား မြင်လိုက်ရသောချန်ရုံသည်လည်း မျက်လုံးပြူးသွားသည်။
သူမက မျက်နှာကို အသာအယာထိတွေ့နေရင်း " ငါ ဘယ်လိုတောင်ပြောင်းလဲသွားတာလဲ " ဟု တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်နေလေ၏။
ယခင်ဘဝ၌ ဤလိုအသက်အရွယ်နှင့် ဤကဲ့သို့သောပုံပန်းသွင်ပြင်မျိုးရရှိရန် မဖြစ်နိုင်ခဲ့ချေ။
လှပသောအဝတ်အစားများက သူမ၏ကိုယ်ရောင်ကိုယ်ဝါကိုတောက်ပစေပြီး ငယ်ရွယ်မှုက သူမ၏အသွင်အပြင်အား ဖြူစင်သွားစေကြောင်းကို ကြေးမုံပြင်ထဲတွင်အတိုင်းသားမြင်နေရသည်။ဤအခိုက်အတန့်တွင် ချန်ရုံမှာ နံနက်စောစော၌ မြူနှင်းဥများဖြင့်ပြည့်နှက်နေသော နှင်းဆီနီကလေးတစ်ပွင့်သဖွယ် နူးညံ့စွာတောက်ပလျက်ရှိပြီး ထိုအသွင်အပြင်မှာရင်သပ်ရှုမောဖွယ်ရာကောင်းပေ၏။
" အထိန်းတော်ဖျင် ဆံပင်ပြင်မနေတော့ဘူး ”
ချန်ရုံက မှန်ကိုစိုက်ကြည့်နေရင်း ပြောလာသည်။
" ကောင်းပါပြီ "
" ကျွန်မကို ဖိနပ်တွေယူလာပေးပါ "
" ဟုတ်ကဲ့ပါ "
သပ်ရပ်စွာ၀တ်စားဆင်ယင်ပြီးနောက်တွင် ချန်ရုံက အသက်ပြင်းပြင်းရှူကာ နံရံတွင် ချိတ်ထားသည့် ဓားမြှောင်ကို လှမ်းယူပြီး သူမ၏ဝတ်ရုံထဲတွင် ဝှက်ထားလိုက်သည်။ထို့နောက်ထွက်ခွာရန်ပြင်ဆင်လေ၏။
ဓားမြှောင်ဝှက်လိုက်သည်ကို မြင်သွားခဲ့သော အထိန်းတော်ဖျင်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
" သခင်မလေး ... "
" စိတ်မပူပါနဲ့ ... ရူးနှမ်းတာမျိုးမလုပ်ပါဘူး "
ချန်ရုံက အနောက်သို့တစ်ချက်လှည့်မကြည့်ဘဲ တည်ငြိမ်စွာဖြေလာ၏။ထိုအချိန်တွင် အိမ်အပြင်ဘက်မှ အဖိုးစွင်း၏လေသံကထွက်ပေါ်လာသည်။
" မမလေး ... သစ်အယ်သီးနဲ့ စပါးတွေအဆင်သင့်ဖြစ်ပါပြီ "
" ကောင်းပါပြီ "
ချန်ရုံတံခါးကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ကြိုတင်မှန်းဆထားသလိုပင် အစေခံများ၏ပြူးကျယ်နေသောမျက်ဝန်းများနှင့် ကြုံဆုံလိုက်ရတော့သည်။
" မျိုးနွယ်စုအကြီးအကဲတွေနဲ့ သွားတွေ့ကြရအောင် "
“ ဟုတ်ကဲ့ပါ ”
အချိန်မှာညနေစောင်းခါနီးနေပြီး ဦးလေးချန်စူးနေထိုင်ရာအဆောင်မှာ အိမ်တော်ဝင်း၏အရှေ့ဘက်ခြမ်းတွင်တည်ရှိသည်။
ချန်စူးသည် လိမ္မာပါးနပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ကာ အပြောလည်းကောင်းလှ၏။
နန်ယန်ရှိ ချန်အိမ်တော်တွင် ချန်ကုန်းရန်းပြီးလျှင် ချန်စူးမှာ ဒုတိယမြောက်အရေးပါသောသူဖြစ်သည်။
ချန်စူးမှာ ပေါင်းသင်းဆက်ဆံတတ်သောကြောင့် သူ၏ခြံဝင်းထဲ၌ အထက်တန်းကျကျဝတ်ဆင်ထားကြသောလူငယ်လူရွယ်များပါဝင်သည့် လှည်းရထားများက အမြဲလိုလို ဝင်ချည်ထွက်ချည်ဖြစ်နေသည်။လက်ရှိအခြေအနေအရ ဤနေရာသည် ချန်မျိုးရိုးမိန်းမငယ်လေးများကြားထဲ၌ပင် အလွန်ရေပန်းစားသော စုဝေးရပ်တစ်ရပ်ဖြစ်နေလေ၏။
ယနေ့သည် ရှားရှားပါးပါးနေသာသောနေ့ဖြစ်ပြီး ကြည်နူးဖွယ်ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်နေသည့် ခြံဝင်းထဲ၌ ဆောင်းဦးနှောင်းပိုင်းလေညင်းများနှင့်အတူ သစ်ရွက်များက ခပ်ကျဲကျဲလွင့်စင်လာနေသည်။
အထက်တန်းလွှာမိန်းမငယ်ကလေးတစ်စုက ဧည့်သည်ကောင်လေးများ၏အနီးတစ်ဝိုက်၌ စုရုံးနေကြပြီး အစေခံတို့က ဧည့်သည်များကို ယာမကာ ၊ အသား စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးနေ၏။
ချန်ဝေ့နှင့် မိန်းမငယ်လေးများက ဒန်းပေါ်တွင်ထိုင်နေကြပြီး ပါးစပ်ကိုလက်ဖြင့်ကာလျက် မခို့တရို့လေးရယ်မောနေကာ မဏ္ဍပ်အတွင်းရှိ ဧည့်သည်လူငယ်လေးများကို လှမ်းကြည့်နေကြသည်။
"အားဝေ့ ... ဦးလေးက နင့်ကို တပ်မှူးရန်နဲ့ ထိမ်းမြားပေးဖို့ ဆုံးဖြတ်ထားတယ်ဆို ... သူက အရမ်းချောပြီး အားလုံးထဲမှာ အတောင့်ဆုံးအဖြောင့်ဆုံးနော် ... နင်တအားကံကောင်းတာပဲ "
ထိုအခါ နန်ယန်ရှိ ချန်အိမ်တော်မှ အခြားမိန်းကလေးတစ်ဦးက မထီမဲ့မြင်ပြုကာ လှောင်ပြောင်ပြီး ကြားဖြတ်ပြောဆိုလေ၏။
“သူက မျိုးရိုးနာမည်ပြောင်းထားတဲ့ သာမန်လူတစ်ယောက်ပါပဲဟယ် ... ရုပ်ချောတော့လည်း ဘာဖြစ်လဲ ... ဒါပေမဲ့ သူ့မှာသာ အဲ့လိုမျိုးနောက်ခံမရှိခဲ့ရင် အငယ်အနှောင်းဖွားသမီးတစ်ယောက်အတွက် သူနဲ့ထိမ်းမြားဖို့က ခက်ခဲရှာမှာပေါ့ "
ထိုတစ်ယောက်က သူမအားစိုက်ကြည့်နေသောချန်ဝေ့၏အကြည့်များကိုမြင်ခဲ့သော်လည်း မေးငေါ့ကာ သိသိကြီးနှင့် ဆက်လက်ထေ့ငေါ့ခဲ့ခြင်းဖြစ်သည်။
" ချန်ချမ် နင် ... "
" ဘာလဲ ပြော "
" နင်တို့နှစ်ယောက် အသံလျှော့လို့ရမလား ... ဟိုမှာ အကုန်လုံး ငါတို့ကိုစိုက်ကြည့်နေကြပြီ ”
ထိုအခါမှ ကောင်မလေးနှစ်ယောက်က ပြိုင်တူရပ်တန့်သွားကြသည်။
တစ်ချိန်တည်း၌ပင် အရှေ့ဘက်မှဆူညံသံတချို့ထွက်ပေါ်လာပြီး အားလုံးက အသံလာရာအတိုင်းလှည့်ကြည့်ကြ၏။
ချန်ရုံ၏ရထားလုံးမှာ လှည်းဆယ်စင်းအား ဦးဆောင်လျက် အိမ်တော်ဝင်းထဲသို့ ဝင်လာသည်ကိုတွေ့လိုက်ရသဖြင့် အားလုံးက အံ့ဩသွားကြတော့သည်။
ခြံဝင်းထဲရှိလူအားလုံးမှာ ကနဦး၌ တေးဂီတနားဆင်နေခဲ့ကြပြီး ဆောင်းဦးရွက်ကြွေများကလည်း လေညင်းနှင့်အတူ ဝေ့ဝိုက်နေခဲ့၏။ ယခုအချိန်တွင် ဤနေရာ၌ ကြီးကျယ်ခမ်းနားလှသော လူတန်းကြီး ပေါ်ထွက်လာသဖြင့် အစောပိုင်းက ကျီစယ်နေသူများသာမက ကခုန်နေကြသောမိန်းမပျိုကလေးများသည်လည်း အခင်းနေရာအား လှမ်းကြည့်နေကြသည်။
ရထားလုံးက ရပ်တန့်သွားပြီး အထိန်းတော်ဖျင်က အောက်သို့ဦးစွာဆင်းကာ သူမ၏သခင်မလေးအား လက်ကမ်းပေးလိုက်သည်။လှည်းရထားရှိကန့်လန့်ကာမှာ အပေါ်သို့ရုတ်သိမ်းခြင်းခံလိုက်ရ၏။
ထိုအချိန်တွင် အဝါရောင်အင်္ကျီစနှင့် ဆန့်ကျင်ဘက်ဖြစ်သောနို့နှစ်ရောင်လက်တစ်စုံက လှပသည့်ကျောက်စိမ်းတုံးလေးသဖွယ် လူအများ၏ရှေ့သို့ ပေါ်ထွက်လာသည်။
လူငယ်များက အံ့ဩတကြီးဖြစ်သွားကြပြီး ကိုယ်ကိုမတ်ကာ ခေါင်းကိုဆန့်လျက် ရထားလုံးပေါ်မှဆင်းလာသူကို စိတ်ဝင်တစား စူးစူးရဲရဲ စောင့်ကြည့်နေကြ၏။
အထိန်းတော်၏အကူအညီဖြင့် မိန်းမလှလေးတစ်ဦးက ၎င်းတို့၏မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။ထိုတစ်ယောက်မှာ ချန်ရုံပင်ဖြစ်လေ၏။
ချန်ရုံ၏အသွင်အပြင်ကြောင့် ချန်ဝေ့နှင့် အခြားမိန်းကလေးများအားလုံးမျက်လုံးပြူးကုန်ကြသည်။
ချန်ရုံက လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အထိန်းတော်၏လက်ကိုလွှတ်ကာ ဆံသားများကို ဘေးသို့သပ်တင်လိုက်၏။ထို့နောက်သူမက သစ်သားဖိနပ်များဖြင့် တစ်လှမ်းစီလျှောက်လှမ်းကာ ချန်စူးနှင့် လူငယ်များရှိရာဆီသို့ ဦးတည်သွားခဲ့သည်
ထိုလူငယ်များသည် ချန်ရုံကဲ့သို့ လှပသော မိန်းမသား များစွာကို မြင်ဖူးလေ၏။သို့သော်လည်း ချန်ရုံ့ထံတွင် သူတို့အား မျက်တောင်မခတ်နိုင်လောက်အောင် စူးစိုက်ကြည့်မိသွားစေနိုင်သော သူမတူသည့်ဆွဲဆောင်မှုတစ်ခုရှိနေသည်။သူမ၏ဝတ်စားဆင်ယင်ပုံမှာလည်း တစ်မူထူးပြီး ဆန်းသစ်လှ၏။
လူအများစိုက်ကြည့်နေသည့်ကြားထဲတွင် ချန်ရုံက ချန်စူး၏စားပွဲရှေ့သို့ဦးတည်သွားကာ ခေါင်းငုံ့ပြီးရိုကျိုးစွာဆိုလိုက်သည်။
"မင်္ဂလာပါ ဦးရီးတော် ... "
ထို့နောက်တွင် ခေတ္တစကားရပ်သွားပြီး ချန်ရုံမှာခေါင်းငုံ့ထားဆဲဖြစ်ကာ သူမ၏မျက်နှာက အနည်းငယ်နီမြန်းနေလေ၏။အချိန်အနည်းငယ်ကြာပြီးနောက် ချန်ရုံက စကားဆက်လာခဲ့သည်။
"အားရုံက ဦးရီးတော် ဧည့်ခံနေမှန်း မသိလိုက်ဘူး ... နှောက်ယှက်မိလို့ စိုးရွံ့မိပါတယ် "
ထို့နောက်သူမက ကျောက်စိမ်းသဖွယ်ဖြစ်သောလက်ကောက်ဝတ်ကလေးဖြင့် ယာဉ်တန်းများဆီလို့ လက်တန်းညွှန်ပြလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့လေသံဖြင့် ပြောလာသည်။
“တောင်ပိုင်းကိုလာတုန်းက ဖူမြို့ကိုဖြတ်သွားတော့ နန်ယန်ကိုပြောင်းလာတဲ့လူတိုင်းလည်း မြို့ထဲမှာ သေချာပေါက်ရိက္ခာပြတ်နေမှာပဲလို့ တွေးလိုက်မိတယ် .... အဲ့ဒါကြောင့်
ပိုးထည်နဲ့ အသပြာအားလုံးကို စပါး၊ပြောင်းဖူးတွေနဲ့ လဲလှယ်ခဲ့တာ ... အိမ်တော်မှာလည်း ရိက္ခာနည်းနေတယ်လို့ အဒေါ်လတ်ဆီက ကြားတယ် ... ကျွန်မမှာအရည်အချင်းမယ်မယ်ရရမရှိလို့ ဦးရီးတော်ရဲ့ လမ်းခရီးအတွက် စပါးနဲ့ သစ်အယ်သီး လှည်းဆယ်စင်းစာပဲ ထောက်ပံ့ပေးနိုင်ပါတယ် "
ယခု၌သူမ ပြောနေသည်မှာ ဤလှည်းဆယ်စင်းစာရိက္ခာများအား ချန်စူး လမ်းခရီးတွင်အဆင်ပြေစေရန် ပေးအပ်မည်ဟူသည့် အဓိပ္ပါယ်ရနေသည်။
ချန်စူးသည် အသက်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး နူးညံ့သောအသားအရည်နှင့် ဖြူစင်ရိုးသားသည့်အသွင်အပြင်ရှိလေ၏။ချန်ရုံ့ထံမှ " လှည်းဆယ်စင်းစာ " ဟူသောစကားအားကြားလိုက်ရချိန်တွင် သူ၏နှစ်လိုဖွယ်ကောင်းသော အပြုံးမျက်နှာပေါ်တွင် အံ့သြမှုအရိပ်အယောင်တချို့က စိုးမိုးသွားခဲ့သည်။
ဤမိန်းမငယ်လေးသည် ထိုမျှလောက်အထိကြီးကျယ်သော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ထားလေ၏။
လှည်းဆယ်စင်းစာရိက္ခာမှာ လူရိုင်းများကို နှိမ်နှင်းရန် သူတို့မျိုးနွယ်စုက နန်ယန်မင်းသားနှင့် ရန်မင်းတို့အား ထောက်ပံ့လေ့ရှိသောပမာဏပင်။
လွန်ခဲ့သောနှစ်ရက်ခန့်က ချန်ရုံ၏ရက်ရောမှုနှင့် အရည်အချင်းများအကြောင်းကို ချန်စူး ကြားသိခဲ့ရသော်လည်း ယခုလူချင်းတွေ့ချိန်၌ တစ်ဆင့်ကြားရသည့်အတိုင်းပင် သူမက ထူးထူးခြားခြားဖြစ်နေသည်။
ရှက်ရွံ့နေပုံရသောချန်ရုံမှာ ငယ်ရွယ်သော်လည်း အတွေးအခေါ်ရင့်ကျက်လှသဖြင့် ချန်စူးတစ်ယောက် ကျေကျေနပ်နပ်ကြီး ပြုံးမိသွား၏။သူက မတ်တပ်ထရပ်ပြီး လက်ကမ်းပေးကာ ချန်ရုံအား ကြင်နာစွာဖြင့် ထပ်မံပြုံးပြလိုက်သည်။
" ဘာလို့ ဒီလောက်ထိရိုကျိုးနေရတာလဲ ကလေးမလေး ...ထိုင်ပါ "
သို့သော်လည်း ချန်ရုံက ထိုအခွင့်အရေးကိုမယူဘဲ ခေါင်းယမ်းလျက်အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆက်ပြောလာလေ၏။
" အား - အားရုံမှာ ပြောစရာရှိပါသေးတယ် "
Xxxxx