အပိုင်း ၂၈
Viewers 18k

Chapter-28


 မဖုံးမဖိနိုင်

ချန်ဝေ့ထွက်သွားပြီး သိပ်မကြာခင်မှာပင် အထိန်းတော်ဖျင်က ပြန်ရောက်လာခဲ့သည်။သို့သော်လည်း သမားတော်ပါမလာပေ။အခန်းထဲတွင် ကြံရာမရဖြစ်စွာလှည့်ပတ်သွားလာနေသောချန်ရုံအား အထိန်းတော်ဖျင်က မေးလာခဲ့သည်။

 “ သခင်ကြီးက မမလေးအတွက် ဂျင်ဆင်း ပို့ပေးလာတယ် ... သခင်မလေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါတဲ့ ... ပြီးတော့ ... သခင်မလေးက ကျန်းမာရေးကောင်းပြီးဝောာ့ အခုလိုနေမကောင်းဖြစ်တာက ယုတ္တိမရှိဘူးလို့ပြောတယ် ... တကယ်နေမကောင်းဖြစ်နေတယ်ဆိုရင်တောင်မှ ရက်နည်းနည်းလောက် တောင့်ခံပြီးသွားပြီတဲ့ ... မနက်ဖြန်ညကျရင် လူငယ်တွေအများကြီးလာကြမှာ ... သခင်မလေး ပွဲတက်သင့်တယ်လို့ ပြောလိုက်ပါတယ် "

ထိုအခိုက်အတန့်တွင် အထိန်းတော်ဖျင်က ချန်ရုံ့အား စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး သဘောတူညီပေးရန်မျှော်လင့်နေပုံပင်။

အထိန်းတော်ဖျင်၏အမူအရာကိုမြင်လိုက်ရသောချန်ရုံတစ်ယောက် ခေါင်းထိုးကိုက်သွားတော့သည်။ဤလိုပုံစံဖြစ်နေသောအထိန်းတော်၏စကားကြောင့် သူမနေမကောင်းဖြစ်နေကြောင်းကို မယုံကြည်ခြင်းမှာ မဖြစ်နိုင်စရာမရှိပါပေ။

 ချန်ရုံက ခေတ္တအတွေးများနေပြီး မျက်လွှာချလျက်ပြောလိုက်သည်။

" ဆက်မပြောနဲ့တော့ ... အခုချိန်ကစပြီး တအားကို စိုးရိမ်သောကရောက်နေတဲ့ပုံစံဖမ်းနေ ... သခင်ကြီးက မနက်ဖြန် လူလွှတ်လိုက်ရင် အဖျားပြင်းလွန်းလို့ အိပ်ရာကတောင် မထနိုင်ဘူးလို့ပြောရမယ် ”

ချန်ရုံက အထိန်းတော်ဖျင်အားတစ်ချက်ကြည့်လိုက်ပြီး ရှင်းပြရန် ဆုံးဖြတ်ခဲ့၏။

“သေချာစဉ်းစားကြည့်နော် အထိန်းတော်ကြီး .... မနက်ဖြန်ညမှာ လူလွတ်တွေအများကြီးရှိမယ် ... ဒါပေမဲ့ ကျွန်မရဲ့အဆင့်အတန်းအရဆိုရင် ကျွန်မက ကိုယ်လုပ်တော်နေရာပဲရမှာ ... ဟုတ်တယ်မလား”  

ချန်ရုံက ခေတ္တစကားရပ်လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် လိမ္မာပါးနပ်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။ 

"အထိန်းတော်ဖျင် မသိဘူး .... ဒါပေမဲ့ ကျွန်မတို့ ဖျင်မြို့မှာ ရှိနေတုန်းက ကျွန်မအဖေက ဂုဏ်သတင်းကြီးပြီးလေးစားစရာကောင်းတဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ မျက်နှာသာရအောင်တစ်ခုခုလုပ်ခဲ့တယ်လို့ ဦးလေးဝူပြောတာကိုကြားခဲ့တယ် ... ရာထူးတိုးတောင်ရသွားတယ်ဆိုပဲ "

 " အမှန်ပဲလား သခင်မလေး ... တကယ်ပဲလား " အထိန်းတော်ဖျင်က ဝမ်းသာဇောဖြင့် အလျင်စလို ဆိုလာခဲ့သည်။

" ဦးလေးဝူပြောတာပဲ ... ကျွန်မလည်း အမှန်ဟုတ်မဟုတ်သိချင်နေတာ " 

" ဘာလို့လဲ ... သတင်းကောင်းပဲဥစ္စာ "

အထိန်းတော်ဖျင်က အလွန်ပင်စိတ်လှုပ်ရှားနေခဲ့ပြီး သူမ၏မျက်ဝန်းကျဉ်းကျဉ်းကလေးများက ဖြောင့်တန်းလုမတတ်ဖြစ်နေသည်။

အထိန်းတော်ဖျင်က ပါးစပ်ကို လက်ဖြင့်အုပ်ပြီး မျက်ရည်များအနည်းငယ်ဝေ့ဝဲနေကာ တုန်တုန်ယင်ယင်ပြောလာ၏။

“ကောင်းလိုက်တာ .... တကယ်သာဆိုရင် ဒီ့ထက်ပိုကောင်းတာ ဘာမှရှိတော့မှာ မဟုတ်ဘူး ... သခင်မလေးပြောတာမှန်တယ် ...သခင်မလေးအတွက် သခင်ကြီးရွေးပေးထားတဲ့ တွဲဖက်တွေက ဘယ်လိုမှ ကောင်းနိုင်မှာမဟုတ်ဘူး .... အခုပဲ ကျန်တဲ့အစေခံတွေကို သခင်မလေး နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတယ်လို့ သွားပြောမယ် "

အထိန်းတော်ဖျင်က ချာခနဲလှည့်ထွက်သွားပြီး အခန်းတံခါးကိုဖွင့်လိုက်စဉ်မှာပင် သူမတို့၏နားထဲသို့ ပေါက်ကွဲသံသဖွယ်ဖြစ်သော လေသံများ ဝင်လာသည်။ 

ချန်ရုံသည်လည်း လူလတ်ပိုင်းအမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့သောအသံကို ကြားလိုက်ရ‌လေ၏။

"ရှင်တို့ရဲ့ မမလေးက ဘယ်မှာလဲ"

" အိပ်ခန်းထဲမှာပါ သခင်မ "

 "သူ နေမကောင်းဘူးလား"

 “ သေချာမသိပါဘူး သခင်မလေး”

သူတို့အချင်းချင်းစကားပြောနေစဥ်မှာပင် ချန်ရုံက သူမ၏ ဖိနပ်ကို ချွတ်ကာ အိပ်ရာပေါ်ပြေးတက်ပြီး စောင်အောက်သို့တိုးလျို၍ ဝင်ပစ်လိုက်တော့သည်။အိပ်ရာတန်းများမှကန့်လန့်ကာများ အောက်သို့ဝဲဖျာကျလာချိန်တွင် တံခါးအပြင်မှ အမျိုးသားတစ်ဦးက ‌ကျယ်လောင်စွာအော်လျက် အသိပေးလာခဲ့၏။

"အားရုံ အထဲမှာ ရှိလား ... မင်းအဒေါ်က မင်းကိုကြည့်ပေးဖို့ သမားတော်ခေါ်လာတယ် "

ဆိုင်းမဆင့်ဗုံမဆင့်ပေါ်လာသော ဤလူများကြောင့် အထိန်းတော်ဖျင်ခမျာ မည်သို့တုံ့ပြန်ရမည်ကို မသိဖြစ်နေလေသည်။သူမက ချန်ရုံရှိရာဘက်သို့ပြန်လှည့်ကြည့်လိုက်ပြီး လှုပ်ယမ်းသွားသော ကန့်လန့်ကာများကိုမြင်လိုက်ရချိန်တွင် တစ်ဖက်သို့ကမန်းကတမ်းပြန်လှည့်ကာ ပြောလိုက်၏။

 “ ကျွန်မတို့သခင်မလေးက အိပ်ပျော်နေတာပါ ... ဝင်ခဲ့ပါရှင့် "

ထို့နောက် အထိန်းတော်ဖျင်က တံခါးကို မဝံ့မရဲဖွင့်လိုက်သည်။

ထိုအခါ အထက်တန်းကျကျဝတ်စားဆင်ယင်ထားသောအသက်နှစ်ဆယ်ကျော်နှောင်းပိုင်းအမျိုးသမီးတစ်ဦးက သမားတော်ကြီးတစ်ဦးကို ခေါ်ဆောင်ကာ အခန်းတွင်းသို့ဝင်လာခဲ့သည်။

ခြေလှမ်းများနီးကပ်လာသည်နှင့်အမျှ ချန်ရုံ၏နှလုံးခုန်နှုန်းမှာ အဆမတန်မြန်ဆန်လာလေ၏။

သူမ၏အဒေါ်ဖြစ်သူက သမားတော်ခေါ်လာပေးသောကိစ္စမှာ မယုံနိုင်စရာကောင်းလှသည်။

ယခုအချိန် တောင်ပိုင်းသို့ ရောက်လာသူအများစုမှာ နုနုရွရွ လူချမ်းသာများဖြစ်ကြပြီး ကြမ်းတမ်းသည့်လမ်းခရီး၌ ဖျားနာခဲ့သူများမှာ ရေတွက်၍ပင် မရနိုင်ချေ။

ထို့ကြောင့် လက်ရှိ၌ လူနာများ၏လိုအပ်ချက်က ဆရာဝန်အင်အားထက်ကျော်လွန်နေပြီး သူမလိုအဆင့်အတန်းရှိသူအတွက် ဆေးကုသရန် ဤမျှလောက်ထိ မြန်မြန်ဆန်ဆန် အလှည့်ကျနိုင်လာပါသည်လော။

သူမက မျိုးနွယ်စုအတွက် အလွန်ပင် တန်ဖိုးရှိပုံရသည်။

သင်းပျံ့သောမွေးရနံ့တစ်ခုက နီးကပ်လာသည့်ခြေလှမ်းများဖြင့် အတူပါလာ၏။သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားသော ထိုအမျိုးသမီးက ကုတင်ဘေးသို့ လှမ်းလာပြီး ကန့်လန့်ကာများကို ရုတ်သိမ်းနေရင်း ချန်ရုံအား ပြုံးရယ်ပြလျက်လှမ်းပြောလေသည်။

" အားရုံက ကြာပွတ် ကြိုက်တယ်လို့ ကြားတယ် ... ဒီလိုဆိုတော့လည်းယောက်ျားလေးတွေလို သတ္တိရှိမှာပေါ့ .... သာမာန်မိန်းကလေးတွေလို အရှက်ကြီးမယ်မထင်ပါဘူး”

ကန့်လန့်ကာများကိုဆွဲတင်ပြီးသည့်အချိန်၌ ထိုတစ်ယောက်၏လေသံက တိမ်ဝင်သွားတော့သည်။အလင်းရောင်ဝင်လာသည်နှင့်အမျှ အဝတ်အစား လဲလှယ်ထားခြင်းမရှိဘဲ ဆံပင်ပုံစံများကလည်း နဂိုအတိုင်းဖြစ်ကာ အိပ်ရာထဲတွင် လဲလျောင်းနေသောချန်ရုံ၏ပုံပန်းသဏ္ဌာန်ကို ထင်ထင်ရှားရှားမြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။

ထိုအမျိုးသမီးက ချန်ရုံကို တစ်ချက်ကြည့်ကာ နောက်ပြန်ဆုတ်ပြီး သမားတော်အား ခပ်တိုးတိုးပြောလိုက်၏။

" သမားတော်ကြီး ... တစ်ချက်လောက်ကြည့်ပေးပါဦး ” 

ထိုအခါ သမားတော်ကလည်း ခေါင်းညိတ်ပြပြီး ကုတင်ဘေးသို့ ဝင်ထိုင်လာသည်။ချန်ရုံက ခဏတာ အားပျက်မောဟိုက်နေဟန်ဆောင်ပြီးနောက် သူမ၏လက်ကိုဖြည်းညင်းစွာ ဆန့်ထုတ်ပေးလိုက်‌တော့၏။

ထို့နောက်တွင် သူမသည် အပြင်ဝတ်ရုံကိုမချွတ်ရ‌သေးကြောင်း ရုတ်တရက်သတိရသွားခဲ့ပြီး အင်္ကျီလက်ကိုဆွဲတင်ကာ ကြွေထည်သဖွယ်ချောမွတ်နေသော လက်ကောက်ဝတ်ကို သွေးခုန်နှုန်းစမ်းရန်အတွက် သမားတော်ထံ ဖွင့်လှစ်ပြပေးလိုက်သည်။

ထိုအခါသမားတော်က အေးစက်နေသောလက်သုံးချောင်းကို ချန်ရုံ၏လက်ကောက်ဝတ်ပေါ်သို့တင်လာခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သမားတော်က လက်ကိုပြန်ရုတ်ကာ ခေါင်းတညိတ်ညိတ်နှင့် မတ်တပ်ထရပ်လေ၏။

" သမားတော်ကြီး ... အခြေအနေ ဘယ်လိုလဲရှင့် "

ထိုအမျိုးသမီးက စိုးရိမ်တကြီးမေးလာသောအခါ သမားတော်က ခေါင်းယမ်းပြပြီး အေးအေးလူလူ ပြန်လည်ဖြေကြားသည်။

 “သူ့မှာ စွမ်းအင်လည်းမျှတယ် ...သွေးလည်ပတ်မှုလည်းကောင်းတယ် ... ဒီလိုပုံမှန်ခေါင်းမူးခေါင်းကိုက်ဖြစ်တာက စိတ်ပူစရာမလိုတော့ ဆေးစာလည်း မပေးတော့ပါဘူး ”

" သမားတော်ကြီးကို ပြန်လိုက်ပို့ပေးလိုက် "

" ဟုတ်ကဲ့ပါ "

သမားတော်၏ခြေသံများပျောက်လွင့်သွားပြီးနောက် သပ်သပ်ရပ်ရပ်၀တ်စားထားသော အမျိုးသမီးက ချန်ရုံ၏အစေခံများအား ကြည့်လာသည်။ထို့နောက်တွင်မူ သူမက ကျောပေးထားလျက်မျက်လုံးမှိတ်ကာ စောင်အောင်တွင် မလှုပ်မယှက်လဲလျောင်းနေသောချန်ရုံအား စူးစိုက်ကြည့်လိုက်၏။

  “အားရုံ ... အရူးမလုပ်စမ်းပါနဲ့ ... နင့်ဦးလေးကပြောတယ်...ငါတို့မျိုးရိုးထဲမှာ နင့်ထက်ကျန်းမာရေးကောင်းတဲ့သူမရှိဘူးတဲ့ ... ဘယ်လိုလုပ်ပြီး နေ့ချင်းညချင်းကြီး နေမကောင်းဖြစ်သွားရတာလဲ "

သူမက ချန်ရုံ၏အဖြေကိုမစောင့်ဆိုင်းပဲ အနောက်သို့လှည့်ကာ အထိန်းတော်နှင့် အိမ်အကူများအား ပြစ်တင်ရှုတ်ချတော့သည်။

" ရှင်တို့ သခင်မလေးက ငယ်သေးတယ် ... နောက်တစ်ကြိမ်သူအပျင်းကြီးတာကို အားပေးအားမြှောက် လုပ်ရင်အကုန်လုံးအိမ်တော်ကနေ နှင်ထုတ်ခံရမယ် ... မဟုတ်သေးဘူး ... အခုရှိတဲ့ ရိက္ခာပမာဏနဲ့ လက်ရှိလူအရေအတွက်က မလောက်မငှဖြစ်နေတာ ... လက်ကြောမတင်းတဲ့သူတွေကို ဖယ်ထုတ်ပစ်ဖို့က တကယ်ကိုလိုတာပဲ "

ထို့နောက်သူမက လက်မှ ဝတ်ရုံစများကိုဖြန့်ပစ်လိုက်ကာ တင်ကော့ပြီး အပြင်သို့ထွက်သွားတော့လေ၏။

တံခါးပိတ်သွားပြီး ခြေသံများကို မကြားရတော့သည့်အချိန်ကျမှ အထိန်းတော်ဖျင်က ခပ်တိုးတိုးမေးလာခဲ့သည်။

 “သခင်မလေး ... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ” 

ချန်ရုံမှာ စောင်ကို ဖြည်းညင်းစွာ ဆွဲဖယ်လိုက်ပြီး ထထိုင်လိုက်၏။သူမက ရှုပ်ယှက်ခတ်နေသောဆံပင်များကို သပ်တင်လျက် ကျန်လက်တစ်ဖက်ကို အိပ်ရာခင်းစအား ဆွဲကိုင်ထားရာမှ လွှတ်ပစ်လိုက်ရင်း ပြန်ဖြေလေသည်။

" ကျွန်မတာဝန်ထားလိုက် "

 " ကောင်းပါပြီ "

ညနေပိုင်းတွင် နောက်တစ်နေ့ပွဲသဘင်အတွက် ဝတ်ဆင်ရမည့်ဝတ်စုံကို ချန်ရုံ၏ခြံဝင်းထဲသို့ပေးပို့လာခဲ့သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးနေ၏။ 

ချန်ရုံမှာ ဘေးအိမ်မှ ရယ်မောသံများကို နားထောင်နေရင်း ညဉ့်နက်သန်းခေါင်ယံအထိ ခြံဝင်းထဲတွင် ထိုင်နေခဲ့သည်။

Xxxx