အပိုင်း ၂၇
Viewers 18k

Chapter 27


အရေးကြီးကိစ္စများ

သုံးရက်မြောက်နေ့တွင် ချန်ရုံသည် အသစ်ပြုပြင်မွမ်းမံထားသော ခြံဝင်းအတွင်း၌ထိုင်ကာ ခေါင်းကိုငုံ့လျက်ဗျပ်စောင်းကြိုးကို ညှိနေလေသည်။

 " မမလေး "

ထိုအချိန်တွင် အထိန်းတော်ဖျင်က အနားရောက်လာပြီး သူမအား တီးတိုးပြောလာ၏။

 "အင်း ပြော .... "

 “ကျွန်မတို့ဆီမှာ အသပြာနဲ့အဝတ်အထည်တွေမရှိတော့ဘူး... တချို့ ပရိဘောဂတွေကိုလည်း အစားထိုးရဦးမယ် ... မမလေးမှာလည်း အဝတ်အစားနည်းနည်းပဲရှိတော့တာဆိုတော့ အသစ်လည်းဝယ်ရဦးမှာ ... သခင်ကြီးကို သံတော်ဦးတင်လိုက်ရမလားမလို့ပါ "

ထိုအခါ ချန်ရုံက ဗျပ်စောင်းမှအကြည့်တစ်ချက်မခွာဘဲ ချက်ချင်းပင် ငြင်းပယ်လေသည်။

 "ဒါပေမဲ့ မမလေး... ”

 အထိန်းတော်ဖျင်က စကားဆက်ရန်ပြင်လိုက်သော်လည်း ခရီးတစ်လျှောက်လုံး၌ သူမ၏သခင်မဖြစ်သူ ထူးထူးခြားခြားပြုမူခဲ့သောနည်းနာများအကြောင်းကို ပြန်လည်တွေးတောမိသွားသည်။သူမက စိတ်လျှော့ကာ သခင်မဖြစ်သူထံမှညွှန်ကြားချက်ကိုသာ နှုတ်ဆိတ်၍စောင့်မျှော်နေလိုက်၏။

ချန်ရုံက ဗျပ်စောင်းကို ဘေးတစ်နေရာတွင်ချထားလိုက်ပြီး အထိန်းတော်ဖျင်အား မော့ကြည့်လျက် ဆိုလာသည်။

" အဖိုးစွင်းကို ပြောပေးပါ ... ဦးရီးတော် ချန်ကုန်းရန်း ပြန်လာမလာကို အနီးနားကလူတွေဆီမှာ မေးကြည့်ပေးပါလို့ "

 “ ကောင်းပါပြီ ... ”


ထို့နောက်တွင် ချန်ရုံက ဗျပ်စောင်းကြိုးများကိုဆက်လက်ညှိနေခဲ့၏။သူမ၏တည်ငြိမ်လွန်းနေသည့်အမူအရာကိုမြင်နေရသောအထိန်းတော်ဖျင်က သိချင်စိတ်များပြည့်နှက်နေသည့်လေသံဖြင့် မေးမြန်းလာသည်။

 

" မမလေး ... အရင်ရက်တွေတုန်းက ဘာတွေတွေးနေတာလဲ "

သူမ မည်သည့်အရာများကို တွေးနေခဲ့ခြင်းဖြစ်မည်နည်း။ယခင်ဘဝက အဖြစ်အပျက်များမှလွဲ၍ မည်သည်တို့ကိုတွေးတောနေနိုင်ဦးမည်နည်း။အဘယ်ကြောင့်ရယ်မသိ နောက်ပိုင်းတွင်သူမ၏မှတ်ဉာဏ်များက ဝေဝါးလာခဲ့ပြီး အတိတ်ဘဝမှ အဖြစ်အပျက်အချို့အား လုံးလုံးလျားလျား မမှတ်မိနိုင်တော့ချေ။ပိုမိုအရေးကြီးသောအဖြစ်အပျက်များသည်ပင်လျှင် နောက်ဆုံးအချိန်အထိ အာရုံထဲတွင် ပေါ်မလာဖြစ်နေလေသည်။

ထိုအကြောင်းကြောင့် ချန်ရုံတစ်ယောက် နေမထိထိုင်မသာဖြစ်နေရလေ၏။

အချိန်ကိုက်ပင် ဘေးအိမ်မှရယ်မောသံများ ထွက်ပေါ်လာသည်။အသံများစတင်လာရာနေရာမှာ ချန်ဝေ့၏ခြံဝင်းအတွင်းမှပင်။

ထိုအခါ အထိန်းတော်ဖျင်က သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုးဆိုလာသည်။

“ဒီအခန်းတွေထဲကို လွန်ခဲ့တဲ့သုံးရက်ကတည်းက တစ်ယောက်ပြီးတစ်ယောက် လည်ပတ်ဝင်ထွက်နေကြတာ 

... ဒါပေမဲ့ မမလေးကိုယ်စား အလည်အပတ်ဖိတ်ဖို့ကြိုးစားကြည့်လိုက်တော့ နန်ယန်မှာရှိတဲ့ ချန်အိမ်သားတွေက စိတ်ပါသလိုလိုမပါသလိုလိုနဲ့ ... "

" သိတယ် ... "

နန်ယန်မြို့မှာ ရွှေ့ပြောင်းနေထိုင်သူများကြောင့် ရုတ်တရက်ကြီး စည်ကားသိုက်မြိုက်လာခဲ့လေ၏။

နန်ယန်မြို့မှချန်အိမ်တော်က ဓနဂုဏ်နှင့်ပြည့်စုံသော်လည်း ချန်ရုံမှာ အဓိကကျသောဧည့်သည်တော်တစ်ဦးမဟုတ်သည်မှာ သေချာလွန်းသည်။သူတို့က ဤလူများ လာရောက်သည်ကို မလိုလားသည့်အတွက် အလည်အပတ်လာရန်တောင်းဆိုချိန်တွင် အခြားပြုလုပ်နိုင်သောအခြေအနေအရပ်ရပ်ကို အကြံပေးလာခဲ့ကြသေးသည်။

အမှန်တကယ်တွင် ချန်ရုံမှာ သူမ၏နိမ့်ကျသောအဆင့်ကြောင့် ရှောင်ဖယ်ကာ ခွဲခြားဆက်ဆံခံရခြင်းပင်။

ဘေးအိမ်မှချန်ဝေ့က ချန်မျိုးရိုး အခြားမိန်းကလေးများနှင့် လက်ပွန်းတတီးရောနှောနေချိန်တွင် ချန်ရုံ၏ခြံဝင်းမှာတော့ သုံးရက်တာလုံးတိတ်ဆိတ်နေခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကမှ အဖက်လုပ်ဆက်ဆံလာခြင်းမရှိရှာပေ။

ယခင်အချိန်များ၌ သူမသည် ထိုအရာများကို နားမလည်ခဲ့ဘဲ နန်ယန်သို့ရောက်ချိန်တွင် ချန်ဝေ့၏အနောက်မှနေ၍ တစ်အိမ်တက်တစ်အိမ်ဆင်း တကောက်ကောက်လိုက်နေခဲ့သည်။ရလဒ်မှာတော့ လူတကာထံမှ ကပ်ဖားလျက်ဖားလုပ်သည်ဟု အထင်ခံခဲ့ရပြီး အားလုံးက သူမအား သူဖုန်းစားတစ်ဦးကဲ့သို့ဆက်ဆံကာ စကားလုံးများကိုမဆင်ခြင်ဘဲ ဒဲ့တိုး ပုတ်ခတ်ထေ့ငေါ့ကြလေ၏။

မှန်ပါသည်။သူမမှာ စားနပ်ရိက္ခာနှင့် ငွေကြေးချို့တဲ့သဖြင့် မိသားစုထံမှ တောင်းခံခဲ့ရခြင်းပင်ဖြစ်သည်။

အတွေးရှည်ကြီး၏အဆုံးတွင် ချန်ရုံက အမိန့်ပေးလာခဲ့၏။

" ဘာတွေဘယ်လိုပဲ မရှိဖြစ်နေပါစေ သခင်ကြီးကို ဘယ်တော့မှ အနှောက်အယှက်မပေးပါနဲ့လို့ အဖိုးစွင်းကို ပြောလိုက်ပါ "

 "ဒါပေမဲ့လည်း မမလေးရယ် ... မိသားစုအချင်းချင်းပဲလေ"

 “ ပြောသလို လုပ်ပါ ” ချန်ရုံက မျက်မှောင်ကြုတ်လျက်။

" ဟုတ်ကဲ့ပါ "

 “ ဟုတ်သားပဲ ... မမလေး ... သခင်ကြီးက မနက်ဖြန်ည အမျိုးသမီးတိုင်းကို ပွဲတက်ဖို့ အမိန့်ပေးထားတယ် ... မမလေးဘာဝတ်မှာလဲ"

 " မနက်ဖြန်ညလား "  

ချန်ရုံက ထိုင်နေရာမှကုန်းရုန်းထလာပြီး အံ့ဩတကြီးမေးလိုက်၏။

ဟုတ်မှန်ပေသည်။မနက်ဖြန်ညပင်ဖြစ်၏။

သင်္ချိုင်းသို့ခြေတစ်ဖက်လှမ်းနေပြီဖြစ်သောနန်ယန်မင်းသားအတွက် ချန်အိမ်တော်က ဂုဏ်ပြုပွဲတစ်ပွဲအား ဦးဆောင်ကျင်းပပေးသွားမည်ဖြစ်သည်။ယခင်က ထိုကဲ့သို့သောအချိန်မျိုးတွင် နန်ယန်မင်းသား၏အတိုင်ပင်ခံဖြစ်သော အကြံပေးရှုက သူမ၏အသွင်အပြင်ကိုသဘောကျသွားကာ ကိုယ်လုပ်တော်အဖြစ်တောင်းဆိုခဲ့လေသည်။

ထိုအချိန်တွင် ချန်ရုံသည် ရန်မင်းအားအလွန်တရာပင် မေတ္တာသက်ဝင်နေခဲ့ပြီး အိပ်မက်ထဲ၌ပင် သူ့အရိပ်များဖြင့်သာပြည့်နှက်‌နေသော အခြေအနေဖြစ်ခဲ့၏။

ယင်းသတင်းများအား ပြန်လည်ကြားသိရချိန်တွင် ချန်ရုံမှာစိုးထိတ်သွားခဲ့ပြီး ငြင်းဆိုမှုကလည်းအချည်းအနှီးသာဖြစ်သောကြောင့် နောက်ဆုံး၌ မိမိကိုယ်ကို အဆုံးစီရင်ရန် စိတ်ကူးမိသည်အထိဖြစ်လာသည်။

ထိုအိပ်မက်ဆိုးက နက်နဲလွန်းလှပြီး ယခုအချိန်၌ ၎င်းကိုပြန်ပြောလျှင်ပင် သူမ၏လေသံက သေချာပေါက်တုန်ယင်နေလိမ့်မည်။

အထိန်းတော်ဖျင်က ချန်ရုံ့အား အံ့သြစွာကြည့်ကာ ခေါင်းညိတ်ပြရှာ၏။

 “ ဟုတ်ပါတယ် ... နန်ယန်မင်းသား၊ ဝမ်အိမ်တော်က ချီလန်နဲ့ ကျန်းကျို့မြို့စား... အကုန်လုံး ပွဲတက်မယ်လို့ ကြားပါတယ် ”

ချန်ရုံ၏တုန်ယင်နေသော နှုတ်ခမ်းများကို မြင်လိုက်ရသောအခါ အထိန်းတော်ဖျင်က စိုးရိမ်တကြီးဖြင့်ဆက်မေး‌‌လာတော့သည်။

“ သခင်မလေး အဆင်ပြေရဲ့လား ... နေမကောင်းလို့လား "

- ဟုတ်သားပဲ ... ငါဖျားချင်ယောင်ဆောင်လို့ရတယ် -

ချန်ရုံ၏ဖြူဖတ်ဖြူရော်ဖြစ်နေသောမျက်နှာက အနည်းငယ်ပြေလျော့သွားပြီး သူမက အထိန်းတော်ဖျင်ဘက်သို့လှည့်ကာ ဆိုလာသည်။

" အထိန်းတော်ဖျင် .... နန်ယန်ကိုစရောက်တဲ့အချိန်ကတည်းက ကျွန်မက သိပ်ပြီးတော့ နေထိုင်မကောင်းတဲ့ပုံပေါ်နေတယ်လို့ သခင်ကြီးကိုသွားပြောပါ ... အစားအသောက်ပျက်ပြီး အိပ်ရာထဲလဲနေတယ်လို့ ... သမားတော်ခေါ်ပေးပါလို့ သွားပြောပေး "

" ဘာဖြစ်လို့လဲ သခင်မလေးရဲ့ ... မနက်ဖြန်ည ပွဲကို အထက်တန်းလွှာတွေအများကြီးလာကြမှာတဲ့ ... ကံကောင်းရင် သင့်တော်တဲ့သူတောင်တွေ့သွားနိုင်တယ် "

ချန်ရုံက ရှည်ရှည်ဝေးဝေးရှင်းပြ‌မနေချင်တော့ဘဲ စိတ်မရှည်စွာဖြင့် အော်ပြောလာသည်။

" ပြောသလိုသာလုပ်ပါ ... "

" ဟုတ်-ဟုတ်ကဲ့ပါ "

သခင်မဖြစ်သူမှာ ယခုတလော၌ ပိုပို၍ထူးဆန်းလာနေကြောင်း အထိန်းတော်ဖျင်တစ်ယောက် သတိထားမိလေ၏။

အထိန်းတော်ဖျင်ထွက်သွားချိန်၍ ချန်ရုံ၏မျက်နှာမှာ အရောင်အသွေးမဲ့နေဆဲဖြစ်သည်။

သူမမှာ လက်အောက်ခံအနွယ်တော်ခွဲမှ အငယ်အနှောင်းဖွားသမီးတစ်ဦးသာဖြစ်သောကြောင့် ယခင်ဘဝက ထိုပွဲလမ်းသဘင်၌ ဦးလေးဖြစ်သူချန်ယွမ်သည် သူမအား အသက်ငါးဆယ်ကျော်အရွယ် အကြံပေးတစ်ဦးထံသို့ အပ်နှင်းရန်သဘောတူညီခဲ့သည်။

ဤသည်မှာ အရာအားလုံး စတင်ရာပင်ဖြစ်လေ၏။

ချန်ရုံသည် နည်းလမ်းပေါင်းများစွာကို စမ်းသပ်ကြည့်ခဲ့ပြီး ထိုအိပ်မက်ဆိုးကြီးမှ မလွတ်မြောက်မီတွင် သူမ၏ ဂုဏ်သတင်းကို ရှုပ်ယှက်ခတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ထိုအချိန်တွင် အကြံပေးရှုက သူမအား မျက်စိကျနေရုံသာမက နန်ယန်မင်းသားသည်လည်း အလားတူပင်ဖြစ်ကြောင်း ဦးလေးဖြစ်သူထံမှ ကြားသိခဲ့ရ၏။

ထိုအချိန်၌သူမ၏ဦးလေး ချန်ယွမ်သည် နောင်တရနေခဲ့သည်။ချန်ယွမ်ထင်မြင်သည်မှာ ချန်ရုံကသာ မလျော်မကန် မပြုမူခဲ့ပါက နန်ယန်မင်းသားသည် အကြံပေးရှုအား ချန်ရုံ့ကို သူ့ထံလွှဲပြောင်းပေးရန် စေခိုင်းလိမ့်မည် ဟူ၍ဖြစ်၏။

တစ်နည်းဆိုရသော် မနက်ဖြန်ညတွင် သူမ မသွားဖြစ်ခဲ့လျှင်ပင် ၊ သူမ၏အဆင့်အတန်းကို မြှင့်တင်ရန် တစ်သက်လုံး ကြိုးစားနေခဲ့ရပြီး ယခုတစ်ကြိမ်တွင် အကြံပေးရှု အား ကတိမပေးခဲ့လျှင်ပင် ဘာမှထူးခြားသွားမည်မဟုတ်ချေ။

မည်သို့ပင်ဆိုပါစေ သူမသည် နန်ယန်မင်းသား၏လက်မှလွတ်နိုင်မည်မဟုတ်ဘဲ ထိုရက်စက်ကြမ်းကြုတ်သော ဘီလူး၏အတွင်းဆောင်များထဲ၌ ကမ္ဘာပေါ်ရှိ စိတ်နေစိတ်ထားနှင့် မျက်နှာကျတိုင်းကို စုစည်းထားသည့် ကိုယ်လုပ်တော်အယောက်တစ်ရာနီးပါးရှိသည်။  

သူမ၏ရင်သပ်ရှုမောဖွယ် အသွင်အပြင်နှင့် စိတ်ဆတ်မှုက တစ်ဖက်သားအား အာရုံစိုက်လာစေခဲ့မိသည်ဖြစ်မည်။

ချန်ရုံ၏နှလုံးသားမှာ ဤအတွေးများဖြင့် ပင်ပန်းငြီးငွေ့လာသည်။သူမက လက်နှစ်ဖက်ကိုပွတ်သပ်ရင်း ခြံဝန်းထဲတွင် လှည့်ပတ်လျှောက်လှမ်းနေကာ တွေးတောနေလေ၏။မည်သည့်အရာကိုများ သူမ လုပ်နိုင်မည်နည်း။လုပ်နိုင်သည့်အရာတစ်ခုခုများ ရှိနေမည်လော။

ထိုအချိန်တွင် နံရံတစ်ဖက်မှရယ်သံများက ပျံ့လွင့်လာသည်။အသံများက ပိုပို၍နီးကပ်လာပြီး ထိုသူများသည် သူမ၏ခြံဝန်းထဲသို့ ဦးတည်လာနေကြခြင်းဖြစ်ကြောင်း ချန်ရုံတစ်ယောက် ခံစားသိရှိလိုက်ရသည်။

ချန်ရုံက အဖိုးစွင်းကိုတစ်ချက်ကြည့်ကာ လှည့်ထွက်သွားပြီး အိပ်ခန်းထဲသို့ ဝင်သွားတော့၏။

များမကြာမီ၌ပင် အိမ်အပြင်ဘက်မှ ချန်ဝေ့၏နှစ်လိုဖွယ်ကောင်းစွာမေးမြန်းလာသောလေသံကို ကြားလိုက်ရတော့သည်။

" ဟင် ... ရှင်တို့ သခင်မလေးက အိမ်မှာမရှိဘူးလား ... 

 မနက်ဖြန်ည ပွဲလေးရှိတော့ ကျွန်မတို့အားလုံး အဝတ်အစားအသစ်တွေ စမ်းဝတ်ကြည့်နေကြတာ ... ရှင်တို့ သခင်မလေးကို ကျွန်မတို့နဲ့လိုက်ခဲ့ဖို့ ပြောလိုက်ပါ"

" သခင်မလေးက အိပ်ပျော်နေပါတယ် " အဖိုးစွင်းက လေးစားသမှုဖြင့် ပြန်ဖြေလိုက်၏။

 "ဟုတ်လား ... အားရုံရဲ့ ၀တ်စုံက အရမ်းလှတော့ သူနဲ့ဘယ်လိုနေမလဲ ကြည့်ကြည့်ချင်တာကို ”

ချန်ဝေ့က အနည်းငယ် စိတ်ပျက်သွားသည်။

အိပ်ခန်းထဲတွင်ရပ်နေသောချန်ရုံမှာ ထိုစကားများကို ကြားလိုက်ရသောအခါ သိသိသာသာပင် တုန်လှုပ်သွားတော့၏။ယခုမှတ်မိသွားပြီဖြစ်သည်။ယခင်အချိန်ကနှင့် တစ်ထပ်တည်းပင်။မျိုးနွယ်စုသည် သူမအတွက် အလှပဆုံး ပွဲတက်ဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများကိုပြင်ဆင်ပေးခဲ့၏။

အကြံပေးရှုက သူမအား တောင်းခံချိန်တွင်

ချန်ယွမ်၏မျက်နှာမှာ အနည်းငယ် စိတ်ပျက်သွားပုံရခဲ့သည်။

မှန်ပေ၏။ထိုအချိန်တွင် နန်ယန်မင်းသား၏အာရုံသည် အခြားသော နုနုရွရွကချေသည်တစ်ဦးထံတွင်ရှိနေခဲ့ပြီး သူက ချန်ရုံအား စိတ်ဝင်စားပုံမပေါ်ခဲ့ချေ။ထို့ကြောင့်ပင် ချန်ယွမ်က သူမအား အကြံပေးရှုထံသို့ပေးအပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ချန်အိမ်တော်က သူမအား နန်ယန်မင်းသားထံသို့ အပ်နှင်းချင်နေသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။အဆင့်အတန်းအရ သုံးသပ်ကြည့်လျှင် သူမသည် ယခု၌တရားဝင်သမီးဖြစ်သွားသော်လည်း ကိုယ်လုပ်တော်အဆင့်သာရနိုင်သည်။

 

Xxxxxx