အပိုင်း ၂၆
Viewers 18k

Chapter 26


အဆင့်အတန်းပြောင်းလဲခြင်း

နောက်တစ်နေ့နံနက်စောစော၌ အထက်တန်းလွှာကလေးများ၏ညဉ်းတွားသံများကြားတွင် မြင်းခွာသံ ၊ ရထားလှည်းဘီးသံများက အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာသည်။

ချန်ရုံသည် ယခုအခါတွင် အလွန်ငြိမ်ကုပ်နေလေ၏။

လူလုံးထွက်ပြရန်လိုအပ်သည်ဟုသာမခံစားရပါက ချန်ရုံမှာ ကျန်အချိန်များတွင်လည်း ငြိမ်သက်စွာနေနေခဲ့မည်သာဖြစ်သည်။

ရက်နှစ်ဆယ်ကြာ နေ့ညမနား ခရီးနှင်လာကြပြီးနောက် နန်ယန်မြို့နှင့် မိုင်တစ်ရာသာဝေးသောနေရာသို့ရောက်လာခဲ့ကြ၏။

ရန်မင်းထံမှကြေညာချက်ကိုကြားသောအခါတွင် လူအုပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်ဝောာ့သည်။အခြေချနေထိုင်ရန် မိုင်တစ်ရာသာ ခရီးနှင်ရတော့မည်ဖြစ်ပြီး ရွက်ဖျင်တဲများထဲတွင်နေကာ စက္ကန့်မလပ်ကြောက်ရွံ့နေစရာလည်း မလိုအပ်တော့ချေ။

ဦးတည်ရာပန်းတိုင်နှင့် နီးကပ်လာသည်နှင့်အမျှ မျိုးနွယ်စုအသီးသီးမှာ ၎င်းတို့၏ကလေးများအပေါ် တင်းကြပ်စွာ စောင့်မတ်ကြည့်ရှုလာကြသည်။

ချန်ရုံ၏ရထားတွဲမှာလည်း လွတ်လပ်စွာ သွားလာခွင့် မရဘဲ သူမသည် ချန်မျိုးနွယ်များ၏စီတန်းအုပ်စုထဲတွင် ပါဝင်ခရီးနှင်ခဲ့ပြီး အခြားသော ချန်မျိုးရိုးမိန်းမပျိုများနှင့် အတူနေခဲ့ရသည်။

ရထားလုံးများ၏အနေအထားအရ သူမသည် ချန်ဝေ့၏နံဘေးတွင် ကပ်လျက်သားရှိနေကာ ဤသည်မှာ နန်ယန်သို့ ရောက်ပြီးနောက် ဤလိုအချိန်၌ပင် အဆုံးအဖြတ်ခံခဲ့ရသော သူမ၏အဆင့်အတန်းအတွက် ပေါ့သေးသေးကိစ္စဟုတ်မနေချေ။

လေကိုရှူထုတ်ကာ သက်ပြင်းအရှည်ကြီးချပြီးနောက်တွင် ချန်ရုံတစ်ယောက် စိတ်သက်သာရာရသွားသည်။

ချန်ရုံသည် လမ်းခရီးတစ်လျှောက်လုံးတွင် အရည်အချင်းပြသရန် အခွင့်အရေးကို တစ်ကြိမ်မှ လက်လွှတ်မခံခဲ့ဖူးဘဲ အဆုံးသတ်တွင်လည်း ဆုလာဘ်တော်များကို လက်ခံရရှိမြဲသာဖြစ်၏။

မျိုးနွယ်စုတစ်ခုမှအမျိုးသမီးတစ်ဦး၏ရပ်တည်ချက်သည် အများအားဖြင့် သူမ၏အိမ်ထောင်ရေးကို အဆုံးအဖြတ်ပေးတတ်ကြောင်း လူတိုင်းသိထားသင့်သည်။ 

ယခင်အချိန်၌ ချန်ရုံသည် ချန်အုပ်စု၏ပြင်ပအဆုံးအစွန်အထိ တွန်းပို့ခြင်းခံခဲ့ရပြီး နန်ယန်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ဇရာထောင်းနေပြီဖြစ်သောအဘိုးကြီးထံတွင် အငယ်အနှောင်းအဖြစ်နေရန် ဦးလေးဖြစ်သူချန်ယွမ့်ထံ၌ ကတိပြုမိလုနီးပါး ဖြစ်ခဲ့သည်။ယင်းအစီအမံများကိုသာ သူမ မငြင်းပယ်ခဲ့လျှင် ကြောက်စရာကောင်းလှသည့် ထိုအိမ်ထောင်ရေးမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ 

ချန်ရုံအား အချိန်အတော်ကြာအာရုံစိုက်ခဲ့ကြသော ဝမ်ဝူလန်နှင့်သူ့ညီမတို့သည်လည်း သူမ၏အဆင့်အတန်း ပြောင်းလဲမှုကို လျင်မြန်စွာ သတိပြုမိခဲ့သည်။သူတို့နှစ်ဦးသား အတွေးလွင့်နေချိန်မှာပင် အခြားသောဝမ်မျိုးနွယ် လူငယ်တစ်ဦးက လှောင်ပြုံးပြုံးလျက် ထေ့ငေါ့လာလေ၏။

 “ဟေ့ ... အခု ချန်အိမ်တော်က အားရုံက တရားဝင်သမီးဖြစ်သွားပြီမလား ... ငါတို့ထဲက ဝမ်မျိုးရိုးတစ်ယောက်ယောက်က သူနဲ့ ထိမ်းမြားချင်တယ်ဆိုရင် အငယ်အနှောင်းနေရာထားဖို့ကတော့ ခဲယဉ်းလိမ့်မယ် "

ထိုတစ်ယောက်က ပြောပြောဆိုဆိုနှင့် ဝမ်ဝူလန်ဘက်သို့ ခေါင်းလှည့်လာပြီး ဆက်လက်ထေ့ငေါ့ပြန်သည်။

 “ ဝူလန် မင်းကတော့ ဒီလောက်နဲ့ပဲ ရောင့်ရဲပြီး သူနဲ့လက်ထပ်လိုက်သင့်တယ် ... နောက်ခံသိပ်မကောင်းရှာပေမဲ့လည်း ထူးထူးကဲကဲ အရည်အချင်းတွေတော့ရှိပါတယ် ... ချီလန်တောင်အထင်ကြီးသွားပြီး အကြီးအကဲတွေကလည်း ချီးကျူးကြတာပဲ ... မင်း သူနဲ့ ထိမ်းမြားဖို့ သေချာစဉ်းစားသင့်ပြီထင်တယ် "

လမ်းခရီးတစ်လျှောက်လုံးတွင် ဝမ်ဝူလန်သည် ချန်ရုံ၏အရေးကိစ္စနှင့်ပတ်သတ်၍ အတော်လေးရုန်းကန်ခဲ့ရသည်။ဝမ်မျိုးရိုးလူငယ်များကလည်း ထိုအရာကိုသတိပြုမိကြပြီး အခွင့်အရေးရလျှင်ရသလို ဝမ်ဝူလန်အား ထေ့ငေါ့ကျီစယ်နေကြ၏။

" ငါ့အိမ်ထောင်ရေးကို အကြီးအကဲတွေက ဆုံးဖြတ်ပေးလိမ့်မယ် " ဝမ်ဝူလန်က တုန်တုန်ယင်ယင်ပြောလေသည်။

ထိုအချိန်မှာပင် ရှေ့တန်း၌ လှုပ်လှုပ်ရွရွဖြစ်သွား၏။

လူအုပ်ကြီးက စိတ်ရှုပ်ထွေးနေချိန်တွင် ရန်မင်းမှာ မြင်းနီကြီးကို စီးကာ သူ့တပ်ဖွဲ့အား လမ်းကျဉ်းတစ်နေရာသို့ ဦးဆောင်ခေါ်ယူသွားတော့လေသည်။

ထိုသူတို့၏ပုံပန်းသဏ္ဌာန်များဝေးကွာသွားသည်နှင့်အမျှ အထက်တန်းလွှာကလေးများက ငိုမဲ့မဲ့ဖြစ်လာကြ၏။

 " ဘာတွေဖြစ်နေတာလဲ .... "

" ဘာဖြစ်တာလဲ "

လူအများအပြားထံမှ မေးမြန်းသံများထွက်ပေါ်လာချိန်တွင် လူလတ်ပိုင်းပညာရှိတစ်ဦးက အခြေအနေကိုရှင်းပြလေသည်။

  “တပ်မှူးရန်မှာ ဆောင်ရွက်စရာတွေရှိသေးလို့ အရင်ထွက်ခွာသွားရတာပါ ... အားလုံးပဲ အခုချိန်ကစပြီး ကိုယ့်ကိုကိုယ် အားကိုးကြရတော့မှာပါ "

ထိုစကားအဆုံးတွင် အခြေအနေက ရုန်ရင်းဆန်ခတ်ဖြစ်သွားပြီး လူငယ်တစ်ဦးက ဦးဆောင်၍ အော်ပြောလာ၏။

"ဒါဆို ဘာစောင့်နေကြတာလဲ ... မြန်မြန်သွားကြမယ် ... မဟုတ်ရင် လူရိုင်းတွေဖမ်းတာခံရလိမ့်မယ်”

 “မှန်တယ် ... ငါတို့ မြန်မြန်သွားသင့်တယ်”  

“ မြန်မြန်သွားလေ ... ဘာကိစ္စရပ်နေကြသေးတာလဲ "

လမ်းခရီးတစ်လျှောက်လုံးတွင် ဤအထက်တန်းလွှာများသည် နေ့စဉ်နှင့်အမျှမကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့ပြီး ယခု ရန်မင်းထွက်သွားချိန်၌ အလိုလိုပင်အထိန်းအကွပ်မဲ့လာလျက် မြည်တွန်တောက်တီးနေကြသည်။

အော်သံများနှင့် ဆူညံသံများအကြားတွင် ရန်မင်းတို့၏ ထွက်ခွာသွားသောအဖွဲ့ထဲမှ လူငယ်လေးတစ်ဦးသည် ရုတ်တရက် သူ့မြင်းကိုလှည့်ကာ လူအုပ်ကြီးဘက်သို့ ထပ်မံ၍ ဦးတည်လာနေ၏။

ထိုတစ်ယောက်မှာ မြင်းကိုက‌ဆုန်ပေါက်၍တဟုန်ထိုးစီးနှင်လာခဲ့ပြီး လူတိုင်းကိုအံ့ဩသွားစေကာ သူက ချန်အိမ်တော်မှရထားလုံးများရှိရာဆီသို့ ချဉ်းကပ်လာခဲ့သည်။

ချန်ရုံသည်လည်း ပြတင်းပေါက်ဘက်သို့ ဦးစွာခေါင်းပြူထွက်ကာ ထိုသူဟုတ်မဟုတ်ကို အရင်စစ်ဆေးလိုက်လေ၏။ထို့နောက်သူမက အဖိုးစွင်းအား လှည်းရထားကို ရပ်တန့်စေသည်။

ချန်ရုံ၏အနားသို့ရောက်ရှိလာသူထံ၌ သေးသွယ်ပြီးဖြူစင်သော မျက်နှာ ၊ နူးညံ့သည့်အသားအရည် ၊ နှာတံမြင့်မြင့်နှင့် နီးဆွေးဆွေးနှုတ်ခမ်းသားများရှိလေ၏။

စွဲမက်ဖွယ်ကောင်းလောက်အောင် ချောမောလှပါသော စွင်းယန်ပါပင်။

သူက ချန်ရုံနှင့်အကြည့်ချင်းဆုံလာ၏။

 “ သခင်လေးစွင်းက တပ်တော်ထဲရောက်သွားပြီ‌ဆိုတော့ ဓားတွေ မြားချက်တွေကို သေသေချာချာသတိထားရတော့မယ် " ချန်ရုံက ပြုံးရယ်လျက် စကားစလိုက်သည်။

ရန်မင်း၏အနောက်သို့လိုက်သွားရမည့်နေရာမှာ သာမန်စစ်မြေပြင်တစ်ခုမဟုတ်ကြောင်း သူမ တွေးတောမိလေ၏။ချန်ရုံ၏လေသံမှာ လည်ချောင်းထဲတွင် တိမ်ဝင်နေခဲ့ပြီး အချိန်အတော်ကြာသောအခါမှ ထိန်းချုပ်ထားသောစကားသံက ထွက်ပေါ်လာသည်။

" ကိုယ့်ကိုကိုယ်ကာကွယ်ပါ ... အသက်ရှင်နေမှပဲ လက်စားချေနိုင်မှာ "

ထိုအခါ စွင်းယန်က တိမ်များအားကူးလူဖြတ်သန်းသွားသည့် လရောင်ခြည်လေးသဖွယ်ဖြစ်သောအပြုံးမျိုးဖြင့် ပြုံးရယ်လာ၏။

  “မင်းဆီက ဒီစကားကြားရဖို့ ပြန်လှည့်လာတာ ... အခုစိတ်ချမ်းသာသွားပြီ "

စွင်းယန်က မြင်းအား ရထားလုံးရှိရာဘက်သို့ပိုတိုးကပ်လိုက်ပြီး ချန်ရုံ၏မျက်နှာနှင့် ထိလုနီးပါးဖြစ်သွားလောက်သည်အထိ နီးကပ်အောင်ပြုမူလာသည်။

 "ချန်အိမ်တော်က အားရုံ ... မင်းက မငယ်တော့ဘူးနော်"

စွင်းယန်က ချန်ရုံ၏ နား နားသို့ကပ်ကာ အက်ရှရှလူပျိုပေါက်လေသံဖြင့် ခပ်တိုးတိုးဆိုလေ၏။

စွင်းယန်ထံမှ အသံက ချန်ရုံ၏နားထဲသို့ စိမ့်ဝင်လာခဲ့သည်။တစ်ဖက်လူက တမင်ရည်ရွယ်သည်ဖြစ်စေ ၊ မရည်ရွယ်သည်ဖြစ်စေ အသက်ရှုသံမှအစ နားထဲသို့ တည့်တည့်ကြီးတိုးဝင်လာသဖြင့် ချန်ရုံ့ခမျာ ကြက်သီးမွေးညင်းများပင် ထချင်သလိုလိုဖြစ်လာသည်။

 "မင်း နန်ယန်ကို ရောက်ပြီးတာနဲ့ ကတိပြုတော့မယ်ဆိုတာကို သိပါတယ် .... ဒါပေမဲ့ မင်းရဲ့မွေးရာပါအခွင့်အရေးကသိပ်အဆင်မပြေတော့ အဲ့ဒီထိမ်းမြားကြောင်းကမ်းလှမ်းတာတွေက အရမ်းကြီးထူးခြားနေမှာမဟုတ်ဘူး ... ကျွန်တော်ပြောတာကို‌နားထောင် ... လွယ်လွယ်နဲ့ သဘောမတူလိုက်ပါနဲ့ ... ဘယ်သူမှမင်းကိုမလိုချင်တော့ဘဲ ကျွန်တော်ပြန်လာမဲ့အချိန်အထိ စိတ်တင်းထားပါ "

သူ့ခေါင်းထဲ၌ မည်သည့်အရာများရှိနေပါစေ စွင်းယန်ကရုတ်တရက် ရယ်မောလာသည်။ချန်ရုံက သူ့အားအဝေးသို့တွန်းထုတ်လာသည့်တိုင် စွင်းယန်မှာ ပုခုံးများတသိမ့်သိမ့်တုန်အောင် အဆက်မပြတ်ရယ်မောနေခဲ့လေသည်။

စွင်းယန်တစ်ယောက် ပြန်လည်ထွက်ခွာသွားသည်ကိုကြည့်ရင်း ချန်ရုံက တစ်ကိုယ်တည်း ရေရွတ်လိုက်တော့၏။

 ” ဒီလို အသံနဲ့ ရယ်တတ်တယ်ဆိုတာကို ယုံတောင်မယုံနိုင်ဘူး ... ဘယ်လိုတောင် စိတ်ပျက်ဖို့ကောင်းတဲ့လေသံလဲ "

သူမသည် ညဉ်းတွားနေခဲ့သော်လည်း ရုတ်တရက်ပြန်လှည့်လာပြီးတစ်ဖန်ပြန်လည်ထွက်ခွာသွားသူထံမှ ပါးလှပ်လှပ်မျက်ရည်စအချို့ကို မြင်လိုက်ရသလိုပင်။

 လူအုပ်စုကြီးက ဆက်လက်၍ခရီးနှင်ခဲ့သည်။

ညမိုးချုပ်လာသည်နှင့်အမျှ ကောင်းကင်ယံတွင် လရောင်ကင်းမဲ့သွားသောကြောင့် ဆက်လက်၍ ရှေ့မဆက်နိုင်တော့ချေ။စခန်းချနေစဉ်တွင် မညှာမတာဖိအားပေးမှုများကြောင့် လူငယ်လူရွယ်များမှာ တစ်ပွဲတစ်လမ်းနွှဲလုနီးနီးဖြစ်ခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏လမ်းခရီးမှာ ဘေးဥပါဒ်မှ ကင်းလွတ်ခဲ့ပြီး သုံးရက်ကြာသောအခါတွင် နန်ယန်မြို့ရိုးတံခါးကြီးများက အားလုံး၏မြင်လွှာထဲသို့ ရောက်ရှိလာသည်။

ထိုအခါ လူအုပ်ကြီးက ရုတ်တရတ် ဝမ်းသာအားရ အော်ဟစ်ကြတော့၏။သူတို့သည် အဆိုးဆုံးအခြေအနေမှ လွတ်မြောက်ပြီးနောက် ၎င်းတို့၏ခွန်အားကို အကုန်အစင် အသုံးပြု၍ အော်ဟစ်ငိုကြွေးနေကြခြင်းဖြစ်သည်။မြို့တံခါးရှေ့၌လည်း သူတို့အားလှမ်းမျှော်ကြည့်နေကြသော လူပေါင်းများစွာရှိလေ၏။ပျော်ရွှင်စရာ မြင်ကွင်းတစ်ခုပင်။

နန်ယန်တွင် မျိုးနွယ်စုများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့အားလုံးက လူအုပ်ကြီးကိုကြိုဆိုရန် မြို့ပြင်သို့ ထွက်လာခဲ့ကြသည်။ ဝမ်ချီလန်မှာ ဝမ်မျိုးနွယ်စု၏ အဓိကလန်ယာမျိုးနွယ်ဝင်တစ်ဦးဖြစ်သည့်အလျောက် နန်ယန်မင်းသားထံမှ ဧည့်ခံခြင်းကိုပင် ရရှိခဲ့၏။

ချန်မျိုးရိုးကဲ့သို့သော အခြားမျိုးနွယ်စုများအတွက်မူ ၎င်းတို့သည် တရားဝင်ဆက်ခံသူမဟုတ်ဘဲ ရင်ချွမ်၏အဓိကအိမ်ထောင်စုအစားဝင် အနွယ်တော်များသာဖြစ်သဖြင့် မြို့သခင်နှင့် မတွေ့ဆုံနိုင်ခဲ့ကြပေ။

ချန်ရုံ၏မြင်းရထားသည် လျင်မြန်သောအရှိန်ဖြင့် ချန်မျိုးနွယ် စီတန်းအုပ်စုကြီးနောက်သို့လိုက်ကာ အခြေချနေထိုင်ရမည့်နေရာသို့ ဦးတည်သွားခဲ့သည်။

ဤအိမ်တော်၏ပိုင်ရှင်ဖြစ်သောနန်ယန်မှ ချန်မျိုးနွယ်များသည် မကြာသေးမီကပင် အခြားသောချန်မျိုးနွယ်များနေထိုင်ရန်အတွက် နေအိမ်မှ ပြောင်းရွှေ့ပေးထားကြခြင်းဖြစ်၏။

များမကြာမီတွင် ‌နေရာထိုင်ခင်းများကို ခွဲဝေကြသည်။

ချန်ရုံသည် လက်အောက်ခံအနွယ်တော်ခွဲတစ်ခုမှ အငယ်အနှောင်းဖွားသမီးတစ်ဦးသာဖြစ်သော်လည်း သူမသည် ထိုအနွယ်တော်ခွဲမှ တစ်ဦးတည်းသောသမီးဖြစ်၏။

ထို့အပြင် သူမသည် လမ်းခရီး၌ ထူးခြားသောဉာဏ်ပညာများကို ပြသခဲ့သောကြောင့် ကိုယ်ပိုင်ခြံဝင်းကို ပေးအပ်ခြင်းခံခဲ့ရသည်။ချန်ရုံနေထိုင်ရာ ခြံဝင်းသည် ပင်မခြံဝင်းနှင့် အနည်းငယ်ကွာဝေးပြီး ဘေးကပ်လျက်တွင်မူ ချန်ဝေ့နှင့် သူမ၏ညီမငယ်ပိုင် ခြံဝင်းရှိ၏။

အထိန်းတော်ဖျင်က အဖွဲ့ကို ဦးစီဦးဆောင်ပြုကာ အခန်းများကို ခွဲခြမ်းစိပ်ဖြာပြီး ရိက္ခာများကိုခွဲဝေကာ သူတို့ဘာသာသူတို့ အလုပ်ရှုပ်နေကြတော့သည်။ ကိစ္စဝိစ္စများအားလုံးကိုဖြေရှင်းပြီးသောအခါမှ သူတို့က ရထားလှည်းများကို ပြန်သွားအပ်ကြလေ၏။

သူမထံတွင် အစေခံမောင်းမအင်အားနည်းပါးလှသောကြောင့် ချန်ရုံသည်လည်း ကိုယ်တိုင်ကိုယ်ကျအလုပ်ဝင်လုပ်ခဲ့ရသည်။သူမ ဆောင်ရွက်ရသည်မှာ ပညာရပ်အမျိုးမျိုးနှင့်သက်ဆိုင်သောသူမ၏လေ့လာမှုများကို စုစည်းပြီး စာအုပ်များအား စာရင်းပြုစုခြင်းပင်ဖြစ်လေ၏။ချန်ရုံမှာ နှစ်ရက်တာလုံး ထိုအလုပ်များဖြင့် ပျာယာခတ်နေခဲ့သည်။

Xxxxxcc