အပိုင်း ၂၅
Viewers 16k

Chapter 25


ရိက္ခာဝယ်ယူခြင်း

အံ့ဩသွားရှာသည့်ချန်ဝေ့က " အားရုံ .. နင်သီချင်းဆိုချင်တယ်လို့တော့ ပြောမှာမဟုတ်ဘူးမလား " ဟုမေးမြန်းလိုက်၏။

ချန်ရုံက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သောအခါမိန်းကလေးသုံးယောက်မှာ တစ်ပြိုင်နက်တည်း ရယ်မောကြတော့လေသည်။ကျော်ကြားသောပညာတတ်များစွာသာမက လမ်းခရီးတစ်လျှောက်လုံးတွင် မည်သူကမှ တေးဂီနှင့် မထိတွေ့ခဲ့ကြရပေ။ဤသို့ ထင်ပေါ်ကြီးမြတ်သူများစုဝေးနေကြသောနေရာမျိုးတွင် ကိုယ်ပိုင်အရည်အချင်းအား ထုတ်ဖော်ပြရန်မှာမသင့်တော်ကြောင်း လူတိုင်းက စိုးရိမ်တကြီး သိရှိနားလည်ထားကြသည်။

ချန်ရုံမှာ ငယ်ရွယ်သောကလေးမလေးတစ်ဦးသာဖြစ်ပေ၏။လူထုရှေ့၌တီးခတ်ရန် ဤမျှလောက်အထိ သတ္တိရှိနေသည့်ပုံအရ သူမ၏ဗျပ်စောင်းတီးပုံမှာ အလွန်ကောင်းမွန်သည့်အထဲတွင် ပါဝင်ပါသလော။

" ချန်သခင်မလေးက ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ "

ထိုအချိန်၌ အမျိုးသားသံတစ်သံထွက်ပေါ်လာခဲ့သည်။ 

ချန်ရုံက ခေါင်းငုံ့လျက်သားနှင့်ပင် ထိုစကားအား ပြန်လည်ဖြေကြားလိုက်လေ၏။

 "ကျွန်မတို့ရဲ့ စိတ်နှလုံးတွေအဆင်မပြေတဲ့အခါ ဂီတက ငြိမ်းချမ်းစေတယ် ... စိတ်နှလုံးတွေ ငြိမ်းချမ်းနေတဲ့အချိန်မှာတော့ တေးဂီတက အပန်းပြေစေတဲ့အရာပေါ့ ... တေးသွားနဲ့ကဗျာ ... ဘယ်ဟာကိုရွေးချယ်မလဲ မေးပါရစေ ... "

မိန်းကလေးအချို့က တစ်ခုခုပြောချင်နေကြသော်လည်း လက်ရှိအခြေအနေက ပိုမိုကောင်းမွန်ကြောင်း အတွေးပေါက်သွားကြသည်။ချန်ရုံပြောသောစကားလုံးများထဲမှ အဆင့်အတန်းရှိမှုအား အတိုင်းသားခံစားနေရလေ၏။ဤအချိန်တွင် စကားဖြတ်ပြောပြီး ချန်ရုံ၏ပါးနပ်မှုနှင့်သာ အရောနှောခံလိုက်ရလျှင် သူမတို့မှာ ရိုင်းစိုင်းသည့်အသွင်သဏ္ဌာန်‌ပေါက်သွားလိမ့်မည်။

အထိန်းတော်ဖျင်က ချန်ရုံ့ထံသို့ ဗျပ်စောင်းတစ်ခုအား ယူဆောင်ပေးလာခဲ့သည်။ချန်ရုံက ထိုတူရိယာအား အောက်သို့ချပြီးလက်ချောင်းများကို မြှောက်လိုက်၏။

ထိုအချိန်တွင် ဝေးကွာသည့်အခြားတစ်နေရာမှ ဗျပ်စောင်းတေးသွားများ ရုတ်တရက် ထွက်ပေါ်လာသည်။ သာယာပျော်ရွှင်ဖွယ်ကောင်းသောထိုတေးသွားများက တောင်တန်းမြင့်များ ၊ ကွေ့ကောက်နေသည့်စမ်းချောင်းများ အစရှိသောအရာခပ်သိမ်း၏နိယာမဆန်သည့် အထွတ်အထိပ်ပုံကို ရေးခြယ်ကြလေ၏။

လူအုပ်ကြီးက ချက်ချင်းပင် အသံလာရာဘက်သို့ ရွေ့လျားသွားကြသည်။ချန်ဝေ့နှင့် အခြားမိန်းကလေးများသည်လည်း အသံနောက်သို့ လိုက်ရန် မတ်တပ်ထလိုက်ကြလေ၏။၄င်းတေးသွားမျိုးအား ဝမ်ချီလန်တစ်ဦးတည်းသာ တီးခတ်နိုင်သည်။

သူမ မသိလိုက်ခင်မှာပင် ချန်ရုံ၏ပတ်ပတ်လည်၌ နေရာလွတ်များဖြင့် ပြည့်နှက်သွားခဲ့၏။

ချန်ရုံကခေါင်းငုံ့ကာ ဗျပ်စောင်းကြိုးများအား တီးခတ်ပြီးနောက်တွင် ခပ်ယဲ့ယဲ့လေးပြုံးလျက် ကျောက်ဖြူသားသကဲ့သို့ဖြစ်သည့် လက်ချောင်းတို့အား ကြိုးများပေါ်မှ ပြန်လည်ရုတ်သိမ်းလိုက်သည်။

ကနဦးက သူမအား မေးခွန်းထုတ်ခဲ့သောတစ်ယောက်မှာ

ထိုအခြင်းအရာကိုမြင်သွားပြီး ရယ်မောလေတော့၏။

 "သခင်မလေး ... ဘာလို့ တုံ့ဆိုင်းနေတာလဲ"

ထိုအချိန်တွင် ချန်ရုံက ဗျပ်စောင်းအား အထိန်းတော်ဖျင်ထံသို့ ပြန်လည်ကမ်းပေးလိုက်ရင်း တစ်ကိုယ်တည်းအတွေးများနေလေသည်။

သူမ၏တေးသွားက အာရုံစိုက်ဖွယ်ရာကောင်းလှသော်လည်း လန်ယာဝမ်ချီ၏အရှေ့၌တီးခတ်လျှင်ချို့ယွင်းချက်အပေါင်းအား မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေလိမ့်မည်။ထိုမျှသာမက အခြားသူ၏တီးခတ်ဖျော်ဖြေမှုအား ဝင်နှောင့်၍ မည်သည့်ကောင်းကျိုးရှိမည်နည်း။

 " ကောင်းကင်ဘုံသီချင်း ရှိနေပြီပဲ ... ဝမ်းနည်းမှုကို ဖြေဖျောက်ဖို့ လုံလောက်ပါပြီ "

တစ်ဖက်လူမှာ စကားလုံးများပျောက်ရှပြီး ဆွံ့အသွားခဲ့သည်။ငြင်းခုံခြင်းအားကိုးကွယ်သော ဤလိုခေတ်ကြီးတွင် တစ်ပါးသူအတွက် အဖြေမရှိသည့်စကားများကို ပြောဆိုနိုင်ခြင်းမှာ လေးစားထိုက်သော အရည်အချင်းတစ်ခုပင်ဖြစ်၏။

ယခင်ဘဝ၌ ချန်ရုံမှာ အလွန်အင်မတန်ပင် စိတ်ဆတ်ခဲ့ပြီး အပြောအဆိုကလည်း မောက်မာကာ အမြဲလိုလိုပင် အခြားသူများ၏ နှုတ်ထောင်ချောက်များတွင် သားကောင်ဖြစ်ခဲ့ရသည်။

အချိန်နှင့်အမျှ ချောက်ချခံရပြီးနောက်တွင် ဒုက္ခသုက္ခများပြားလှသောဤကမ္ဘာကြီး၌ အခြားသူများထံမှ ဟားတိုက်ရယ်မောမခံလိုပါက နှုတ်ချိုခြင်းအနုပညာအား

ကျင့်သုံးရမည်ဖြစ်ကြောင်း ချန်ရုံတွေ့ရှိခဲ့သည်။အကယ်၍သာ သူမသည် အခြားသူများအား နှုတ်ပိတ်သွားလောက်သည်အထိ ဆန်းပြားရယ်စရာကောင်းသော စကားလုံးများကို အသုံးပြုနိုင်ခဲ့ပါက လူမှုဘဝသည်လည်း ကောင်းစွာတိုးတက်လာမည်ဖြစ်၏။

ချန်ရုံက ဗျပ်စောင်းအား အထိန်းတော်ဖျင်ထံသို့ ကမ်းပေးပြီးနောက်တွင် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ အမှောင်ထုဘက်တိတ်တဆိတ် ထထွက်သွားခဲ့သည်။

လမင်းကြီးအားကြည့်ရှုလျက်လျှောက်လှမ်းလာရင်း ချန်ရုံက တောင်ပို့ပေါ်သို့ဆက်လက်ဦးတည်သွားခဲ့၏။ထိုနေရာမှနေ၍ သူမက ရန်မင်းနှင့် ဝမ်ဟုန်တို့ရှိရာထောင့်ဘက်သို့ ငုံ့ကြည့်လိုက်သည်။

ထိုထောင့်တစ်‌နေရာမှာ ထာဝရအသက်ဝင်နေဆဲဖြစ်ပြီး အဆုံးမရှိပေ။ချန်ရုံက ထိုနေရာအား အချိန်အတန်ကြာစိုက်ကြည့်နေခဲ့ပြီး ထို့နောက်တွင်မူ မြေပြင်ပေါ်မှ သူမ၏ရှည်လျားသောအရိပ်ဆီသို့ အကြည့်ရောက်သွားခဲ့သည်။

ညတာမှာ အချိန်တိုအတွင်း၌ပင် ကုန်ဆုံးသွားပြန်လေ၏။

နောက်တစ်နေ့၌ အဖွဲ့ကပြန်လည်ထွက်ခွာလာသည်။

မည်သို့ပင်ဆိုပါစေ ရန်မင်းပြောထားသည့်အတိုင်းပင် ထိုနေ့နံနက်၌ အဖွဲ့မှာ အရှိန်မြှင့်တင်လာခဲ့၏။

ရက်အတော်ကြာသည်အထိ သူတို့က ထိုနည်းလမ်းအတိုင်း ကျင့်သုံးခဲ့ပြီး လသာသောညများတွင်မူ ကြွက်အချိန်[ ၁၁နာရီ ]အထိ ချီတက်ပြီးမှသာ အနားယူကြရသည်။

အထက်တန်းလွှာလူငယ်များမှာ လွန်လေပြီးသော ဟူစစ်သည်များနှင့်တိုက်ပွဲများကြောင့် မယုံနိုင်ဖွယ်ကောင်းလောက်အောင်ပင် စိတ်ဖိစီးနေခဲ့ကြသော်လည်း တစ်စုံတစ်ရာမညည်းညူဝံ့ကြပေ။

ဆယ်ရက်ခန့်ခရီးနှင်ပြီးသောအခါ မြို့ခံတပ်တစ်ခုအား မြင်တွေ့လာရသည်။

မြင့်မားသောတံတိုင်းများအား ကြည့်ရှုရင်း ချန်ရုံက သူမ၏အစေခံတို့ကို ဆင့်ခေါ်ကာ ခပ်တိုးတိုးပြောလေ၏။

" ကျွန်မမှာ ရွှေရွက်နည်းနည်းရှိတယ် ... မြို့ကိုရောက်တာနဲ့ပထမဆုံး ရိက္ခာဝယ်ပါ .... များများဝယ်လေ ပိုကောင်းလေပဲ "

ဖျင်မြို့မှ သူမ ဝယ်ယူလာခဲ့သည့်အစေ့အဆန်ရိက္ခာများမှာ ကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်သည်။

 “အစားအစာဝယ်ဖို့ အထည်နဲ့ ပိုးလိပ်တွေအကုန်လုံးကိုကို ပေါင်လိုက်ပါ ... အဖိုးစွင်း ... ဝမ်မျိုးနွယ် ၊ ယွီမျိုးနွယ်နဲ့ ချန်မျိုးနွယ်ရဲ့တရားဝင်မျိုးရိုးတွေဆီကနေပြီးတော့ ရထားတွဲဆယ်စင်းစီ ငှားလိုက်ပါ ... နန်ယန်ရောက်ရင် စားနပ်ရိက္ခာ ပြတ်လပ်မှာ စိုးရိမ်လို့ ဒီကနေ ရိက္ခာတွေဝယ်သွားမလို့ လို့ပါပြောလိုက်ပါ "

အထိန်းတော်ဖျင် ၊ အဖိုးစွင်းနှင့် အခြားလူများက ချန်ရုံအား အံ့သြစွာကြည့်နေကြ၏။ 

 “သခင်မလေး... နန်ယန်မှာ ချန်မျိုးနွယ်တွေ ရှိတာပဲ ... ကျွန်မတို့က ဘာလို့ဒီလိုလုပ်ရမှာလဲ" အထိန်းတော်ဖျင်က ဝင်ရောက်မှတ်ချက်ပြုလာခဲ့သည်။

" သခင်မလေး ... ရထားတွဲအစင်းသုံးဆယ်ကို ချန်မျိုးနွယ်စုဆီကနေ ငှားလို့ရတာပဲ ... ဘာလို့ အပြင်လူတွေဆီက ငှားနေဦးမှာလဲ "

ထိုအခါ ချန်ရုံက မျက်မှောင်ကြုတ်လျက် ပြောဆိုလာလေ၏။

"နန်ယန်က မြို့ကြီးဆိုရင်တောင်မှ ... ဒီလောက်အချိန်တိုတိုလေးအတွင်း အထက်တန်းလွှာတွေ ဒုက္ခသည်တွေအများကြီးနဲ့ ပြွတ်သိပ်သွားမယ်ဆိုရင် ကျိန်းသေပေါက် စားနပ်ရိက္ခာပြတ်လပ်မှာပဲ ... အဖေနဲ့အစ်ကိုက ဒီမှာမရှိဘူးဆိုတော့ ဘယ်သွားသွား တခြားလူတွေကို အားကိုးရတော့မှာပေါ့ ... တခြားလူတွေကို ဝန်ထုပ်ဝန်ပိုး မပေးချင်ဘူးဆိုရင် စားနပ်ရိက္ခာနဲ့ ငွေသားတွေ လုံလုံလောက်လောက် လိုမှာပဲ ... ပိုက်ဆံကိစ္စကို တခြားနည်းနဲ့ စဉ်းစားလိုက်မယ် .... ဒါပေမဲ့ မြို့ထဲမဝင်ခင်တော့ ရိက္ခာစုထားဖို့ လိုလိမ့်မယ်”

 " ဟုတ်ကဲ့ပါ "

ထို့နောက် ချန်ရုံက အဖိုးစွင်းအား ဆက်လက်ရှင်းပြခဲ့သည်။

"ကျွန်မတို့ နန်ယန်မှာရှိနေတဲ့အချိန် တကယ်ကြီး ရိက္ခာပြတ်လပ်သွားခဲ့ရင် အသိမပေးရကောင်းလားဆိုပြီး စိတ်ခုမှာကိုကြောက်လို့ ဝမ်မျိုးနွယ်နဲ့ ယွီမျိုးနွယ်တွေဆီက ရထားတွဲတွေငှားချင်တာပါ ... ရိက္ခာအကြောင်း တိုက်ရိုက်ပြောပြတာမျိုးမဟုတ်ဘဲနဲ့ အသိပေးချင်လို့ "

" သခင်မလေးက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အမြော်အမြင်ကြီးရတာလဲဗျာ "

အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့ထံမှ ချီးကျူးစကားများကို နားထောင်ရင်း ချန်ရုံကနှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

- တစ်ခါမှမကြုံဖူးသေးရင် ဘယ်လိုလုပ်ပြီးတော့ ဒီလိုအမြော်အမြင်ကြီးနိုင်မှာလဲ -

လူတန်းကြီး မြို့ထဲသို့ရောက်လာသောအခါ ညနေစောင်းနေပြီဖြစ်၏။လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မရပ်မနား ခရီးနှင်ခဲ့ရသဖြင့် အထက်တန်းလွှာများအားလုံး မောပန်းနွမ်းနယ်နေကြသည်။စည်ကားသိုက်မြိုက်ဆဲဖြစ်သောမြို့သို့ ရောက်ချိန်တွင် အားလုံးက ခရီးတစ်ထောက်နားကာ နောက်ထပ်တစ်လှမ်းထပ်လှမ်းရန်ပင် ဆန္ဒမရှိကြတော့ပေ။

ရထားလုံးများဝင်ရောက်လာသည်နှင့်အမျှ မြို့ငယ်လေးမှာ ဆူညံပွက်လောရိုက်ပြီး ပြည့်ကြပ်လာခဲ့သည်။

သိပ်မကြာ၌ပင် အထိန်းတော်ဖျင်က လှည်းရထားအပြင်မှနေ၍ ချန်ရုံအား လှမ်းပြောလေ၏။

  " သခင်မလေး ... ဒီမှာ အစားအသောက်က အရမ်းဈေးကြီးတယ် ... အထည်တစ်လိပ်ကို စပါးတစ်တင်းခွဲပဲရတယ် ... ဖျင်မြို့မှာဆိုရင် အထည်တစ်လိပ်က စပါးသုံးတင်းကျော်တန်တယ် ... သခင်မလေးလည်း သိပါတယ်"

" အဲ့ဈေးနဲ့ပဲ ရိက္ခာတွေ အကုန်လဲလိုက်ပါ "

ချန်ရုံက ပြတ်သားသောလေသံဖြင့် ပြန်လည်ဖြေကြားလိုက်ပြီး အထိန်းတော်ဖျင်ထံသို့ အိတ်တစ်လုံးအား ကမ်းပေးလာခဲ့သည်။

 “အထိန်းတော်ဖျင် ... ဒီထဲမှာ ရွှေအရွက်သုံးဆယ်ရှိတယ်... အကုန်လုံးကို ရိက္ခာ‌ဝယ်ဖို့သုံးလိုက်ပါ ... "

မြို့တွင်း၌ အထက်တန်းလွှာများဖြင့် ပြည့်နှက်နေပြီး မည်သူကမှ ယင်းရွှေရွက်များအား အတုအပလုပ်မည်မဟုတ်ချေ။

 "ဒါပေမဲ့ သခင်မလေးရယ် ... ကျွန်မတို့ နန်ယန်ကိုရောက်ရင် အားလုံးအတွက် ပိုက်ဆံလိုမယ် ... ပြီးတော့ လူကလည်း တစ်ဒါဇင်လောက်ပဲရှိတာရယ် ... ဘာလို့ ဒီလောက် ရိက္ခာတွေအများကြီးဝယ်မှာလဲ "

" ပြောသလိုသာလုပ်ပါ "

" ဟုတ်ကဲ့ပါ "

ချန်ရုံ၏ခိုင်မာလှသောသဘောထားကြောင့် အစေခံများက စတင်လှုပ်ရှားခဲ့ကြသည်။ထိုည၌ ရထားတွဲသုံးဆယ့်သုံးတွဲလုံးအား ရိက္ခာများဖြင့် အပြည့်ဖြည့်ခဲ့လေ၏။

ဤမြို့မှာ အလွန်သေးငယ်သည်။ရထားတွဲများ၌ ရိက္ခာများဖြင့် ပြည့်နှက်သွားပြီးနောက် အထည်တစ်လိပ်လျှင် စပါးသုံးတင်းခွဲနှုန်းရှိခဲ့ရာမှ ယခုတွင်အထည်တစ်လိပ်လျှင် စပါးတစ်‌တင်းကျော်သာရတော့ကြောင်း အဖိုးစွင်းတစ်ယောက် ညဉ်းညူနေခဲ့‌၏။

သူမတို့ထံ၌ ငွေသားပိုက်ဆံမကျန်ရှိတော့ပေ။

ချန်ရုံမှာ သူမ၏မိသားစုစည်းစိမ်အား ဖြုန်းတီးနေခြင်းဖြစ်သော်လည်း ဝမ်အိမ်တော်နှင့်ဖျင်မြို့သားများက ရိက္ခာများဝယ်ယူခြင်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမေးခွန်းမထုတ်ခဲ့ချေ။အထက်တန်းလွှာမိသားစုတိုင်းသည် စည်းစိမ်ဥစ္စာများကို ဆယ်စုနှစ်များစွာ စုဆောင်းထားမည်ဖြစ်ပြီးမည်သူကမှ မိမိ၏အရေးပေါ်ရန်ပုံငွေတို့အား အမှန်တကယ် ဖြုန်းတီးမည်မဟုတ်ပါ။ မိသားစုစည်းစိမ်ကိုတောင်သူလယ်သမားများထံတွင် အလဟသဖြစ်စေလျက် မိမိကိုယ်ကိုကုန်းကောက်စရာမရှိလောက်အောင်ဖန်တီးသူများမှာ ရူးနှမ်းလွန်းပြီး ဉာဏ်ပညာမရှိရာရောက်သည်။

 

Xxxxxxxx