Chapter-32
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား [ ၁ ]
ချန်ရုံ လမ်းလျှောက်နေပုံက သက်တောင့်သက်သာဖြစ်သည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် သူမသည် အရှိန်မြှင့်တင်ပြီး မြန်ဆန်စွာလျှောက်လှမ်းနေခြင်းဖြစ်လေ၏။
အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့ သူမအားရှာတွေ့သွားချိန်တွင် ချန်ရုံမှာ ပင်မခန်းမဆောင်နားသို့ ရောက်ရှိနေခဲ့သည်။ ဤနေရာ၌ ဖြတ်သွားဖြတ်လာများနှင့် လှည်းယာဉ်အများအပြားရှိနေပြီး လှုပ်လှုပ်ရွရွဖြစ်နေ၏။ထိုသို့သောနေရာတွင် အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့က အော်ကြီးဟစ်ကျယ်မလုပ်ဝံ့ကြဘဲ ချန်ရုံအား တိတ်တဆိတ် ဖျောင်းဖျရန် ကြိုးစားနေသည်။
ပွဲစတင်ကျင်းပခဲ့သည်မှာ လေးနာရီကျော်ခဲ့ပြီဖြစ်ပြီး ညကောင်းကင်ယံတွင် လရောင်ဖြာနေကာ အေးမြသောလေညင်းက ကူးလူတိုက်ခတ်နေပေ၏။ပွဲတော်မှာ နောက်ထပ်တစ်နာရီအတွင်း၌ ပြီးဆုံးနိုင်ဖွယ်ရှိသည်။
ချန်ရုံက ခေါင်းငုံ့ထားလိုက်၏။အိမ်မှထွက်လာခဲ့ချိန်၌ သူမသည် ပေါင်ဒါဖို့၍ မျက်နှာကိုတမင်တကာဖြူဖျော့အောင်ပြုလုပ်ထားခဲ့သည်။ယုတ်လျော့သွားသောအသက်ဝင်မှုက ချန်ရုံ၏အသွင်အပြင်အား အနည်းငယ်သိုသိုသိပ်သိပ်ဖြစ်သွားစေ၏။သူမက ပင်မခန်းမဆောင်၏အပြင်ဘက်တွင်ရှိနေပြီး အနီးအနားသို့ရောက်လာသောအထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့အား လှမ်းပြောလေသည်။
" ကျွန်မအတွက် စားပွဲပြင်ပေးပါ "
" သခင်မလေး... "
"မြန်မြန် ..."
“ဒါပေမဲ့လည်း သခင်မလေး .... ”
ထိုနှစ်ဦးက သူမအား အဆက်မပြတ်ကန့်ကွက်နေကြသောကြောင့် ချန်ရုံတစ်ယောက် အခြေအနေအရပ်ရပ်ကိုရှင်းပြလိုက်ရတော့လေသည်။
" အထိန်းတော်ဖျင် .... အဖိုးစွင်း...သေချာနားထောင် ... မျိုးနွယ်စုက ကျွန်မကို နန်ယန်မင်းသားဆီ ကိုယ်လုပ်တော်အဖြစ်ပေးမယ်ဆိုပြီးသဘောတူညီထားတယ်လို့ ဒီနေ့ပဲ ဦးရီးတော်ဆီက ကြားခဲ့ရတယ် "
ထိုအခါ အဖိုးစွင်းနှင့်အထိန်းတော်ဖျင်တို့က ပါးစပ်ပိတ်ပြီး မျက်လုံးအပြူးသားဖြစ်သွားကြတော့၏။
သူတို့သုံးဦးသည် အနည်းငယ်အမှောင်ကျသောဘက်ခြမ်းတွင်ရပ်နေခဲ့သဖြင့် ကံကောင်းထောက်မစွာဖြင့် ထိုအခြေအနေကို မည်သူတစ်ဦးတစ်ယောက်ကမှ သတိမထားမိလိုက်ကြပေ။
ချန်ရုံက မချိပြုံးပြုံးလျက် စကားဆက်သည်။
“သူ့ရဲ့အတွင်းဆောင်တွေထဲက ရာနဲ့ချီတဲ့မိန်းကလေးတွေအကြောင်းကို ကြားဖူးကြမှာပေါ့ ... အဲ့ဒီကြားထဲကကို မတင်းတိမ်နိုင်သေးဘဲ နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက်ထပ်ထည့်နေတာ ... သူ့အတွင်းဆောင်ထဲရောက်ရမှာထက် သေလိုက်တာကမှပိုကောင်းဦးမယ် ... မြန်မြန်သွားတော့ ... ကျွန်မမှာ အစီအစဉ်ရှိတယ် "
" ဒါပေမဲ့ .... "
“ဆက်မပြောနဲ့တော့ ... ပြန်စဉ်းစားကြည့်လိုက် ...
ပြီးခဲ့တဲ့လတွေအတွင်းမှာ ကျွန်မရဲ့ဆုံးဖြတ်ချက် မှားခဲ့တာမျိုးရှိလား "
ချန်ရုံ၏စကားများမှာ မှန်ကန်နေသောကြောင့် အဖိုးစွင်းတို့နှစ်ဦးက အချင်းချင်းအကြည့်ချင်းဆုံလိုက်ကြပြီးဆက်လက်၍မတားမြစ်တော့ပေ။
ခဏအကြာတွင် အထိန်းတော်ဖျင်က စားပွဲတစ်လုံးကို ရွှေ့လာပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် နေရာချလိုက်သည်။
ချန်ရုံက ခေါင်းမော့ကာ မီးရောင်များဖြင့် ထိန်ထိန်ညီးနေသောခန်းမဆောင်ကြီးအတွင်းသို့ လှမ်းကြည့်နေ၏။
ထိုနေရာတွင် ရယ်မောသံများ ၊ ရွှင်မြူးသော ဂီတသံများဖြင့် ပြည့်နှက်နေသည်။ခန်းမတွင်းမှလူများအားလုံးက ချန်ရုံအတွက် ထူးခြားနေပြီး ၎င်းတို့ထံတွင် စိတ်ပူစရာနှင့်ဒုက္ခသုက္ခများ တစ်စိုးတစ်စိမျှမရှိကြသလိုပင်။
ချန်ရုံက မျက်လွှာချလိုက်ပြီး စားပွဲပေါ်တွင်နေရာယူလိုက်သည်။ ထို့နောက် သူမက လက်ကို အနည်းငယ် မြှောက်လိုက်တော့၏။ချက်ချင်းဆိုသလိုပင် ဖြည်းဖြည်းချင်းပေါ်ထွက်လာသောဗျပ်စောင်းသံက ဆောင်းဦးညလေညင်းနှင့် ရောထွေးသွားသည်။လွမ်းဆွေးဖွယ်ရာသီဥတုကဲ့သို့ပင် တေးဂီတသံက ငြိမ့်ညောင်းနေ၏။သံစဉ်များက နားဆင်သူတို့အား လှုပ်လှုပ်ရွရွဖြစ်လာစေရုံမှအပ အခြားမည်သည့် ဆိုလိုရင်းမှမပါဝင်သေးချေ။
ဗျပ်စောင်းသံစဉ်များမှာ ဖြည်းဖြည်းချင်း နက်ရှိုင်းလာခဲ့ပြီး ကောင်းကင်ယံတစ်ခွင်အထိ ထိုးတက်သွားသည်။၎င်းတို့က တိမ်လွှာများမှတစ်ဆင့် စိမ့်မြေနှင့် လယ်ကွင်းတို့ကို
ဖြတ်ကျော်ကာ ရုတ်ချည်းဆိုသလိုပင် အုံ့မှိုင်းသောခံစားချက်မျိုးရလာခဲ့၏။ထိုအချိန်တွင် သံစဉ်များ၏ဆိုလိုရင်းမှာ ယခင်ကနှင့်ထပ်တူမကျတော့ဘဲ နှလုံးသားလေးဟောင်းနွမ်းသွားသလိုပါပင်။
ချန်ရုံတီးခတ်နေခဲ့သည်မှာ လွန်လေပြီးသောအခါကစစ်မာရှန်းရူမှ ကျိုးဝမ်ကျွင်းအား ပိုးပန်းရာတွင် တီးခတ်ခဲ့သည့် " ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား " ဟုအမည်ရသော သီချင်းပင်ဖြစ်သည်။
သို့သော်လည်း မတူညီသောအခြေအနေတွင်ရှိသည့်သူမ၏သံစဉ်များမှာ မပိုင်ဆိုင်နိုင်သူတစ်ဦးအား မျှော်ကြည့်လျက် နှစ်ရှည်လများ ရုန်းမထွက်နိုင်လောက်အောင် မေတ္တာသက်ဝင်နေခဲ့သူတစ်ဦး၏ဆွေးမြေ့ဖွယ်ရာ စိတ်ပျက်အားငယ်မှုကိုဖော်ပြနေလေသည်။
鳳求凰 ( ဖီးနစ်ငှက်ထီးက ဖီးနစ်ငှက်မကို ဖွေရှာတယ် ) - နာမည်ကျော် ကဗျာဆရာ စစ်မာရှန်းရူ က သူ၏ဇနီးသည်ဖြစ်သူ မုဆိုးမကျိုးဝမ်ကျွင်းအား ပိုးပန်းခဲ့သည့်သီချင်းအဖြစ် သမိုင်းတွင် လူသိများသည်။ )
ထိုသို့သော လွမ်းဆွေးမှုနှင့် စိတ်ပျက်အားငယ်မှုက ဤပိုးပန်းသည့်သီချင်းကို ကြေကွဲဝမ်းနည်းစရာကောင်းစေသည့်အပြင် ခွဲခွာခြင်း၏ဝမ်းနည်းမှုကိုလည်းပေါ်လွင်စေလေ၏။၄င်းတေးသွားတွင် လက်သင့်ခံနိုင်မှုတစ်စိတ်တစ်ပိုင်းနှင့် ကြေကွဲဆို့နင့်မှုအငွေ့အသက်အနည်းငယ်ပါဝင်သည်။
ချန်ရုံ၏ဗျပ်စောင်းသံ စတင်ထွက်ပေါ်လာချိန်၌ ခန်းမဆောင်မှာ ဆူညံနေခဲ့သော်လည်း တေးသွားသံက ရွှင်မြူးသောရပ်ဝန်းထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့ပြီး နောက်ဆုံး၌မူ ၎င်းနေရာ၏အဓိကတေးသွား ဖြစ်လာသည်။
တဖြည်းဖြည်းနှင့် လူတစ်ယောက်စ နှစ်ယောက်စ ထွက်လာပြီး တေးသံလာရာဘက်သို့ လှမ်းကြည့်ကြ၏။
ထို့နောက်တွင်မူ ခန်းမထဲမှလူအတော်များများထွက်လာကြပြီး သူတို့ထံမှရယ်မောသံများက လွင့်မျောနေသည့်တေးသွားထဲသို့ ပျော်ဝင်သွားတော့သည်။
ချန်ရုံက ထိုအခြင်းအရာအား လုံးဝသတိမထားမိချေ။
သူမက ခေါင်းငုံ့ကာ ကြွေထည်ကဲ့သို့ ချောမွတ်နေသောလက်များဖြင့် ဗျပ်စောင်းကြိုးများကို တီးခတ်နေခဲ့သည်။
ချန်ရုံ၏မျက်နှာထားက ဆောင်းဦးရာသီ၏လွမ်းဆွတ်ခြင်းများဖြင့်ပြည့်နှက်နေ၏။ငွေရောင်အလင်းတန်းငယ်အောက်၌ သူမ၏သေးသွယ်ပြီးလက်ရာမြောက်သည့်မျက်နှာလေးက အနည်းငယ်ဖြူဖျော့နေကာ အဝါနှင့်ခရမ်းကဲ့သို့သော ဆန့်ကျင်ဘက်အရောင်များအား သွေဖီလျက် ဝမ်းနည်းဆွေးမြေ့ခြင်းကို ရောင်ပြန်ဟပ်နေစေသည်။
လရောင်အောက်တွင် ကြွေလွင့်နေသောခပ်ကျဲကျဲသစ်ရွက်များက လှတပတမျက်နှာကလေးအား အမှောင်ထု တစ်ဝက်ဖြင့် ဖုံးလွှမ်းသွားစေ၏။
ချန်ဝေ့မှာ မျက်လုံးများပြူးကျယ်သွားပြီး သစ်ပင်အောက်ရှိ ဗျပ်စောင်းတီးခတ်နေသူကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။အချိန်အတန်ကြာပြီးနောက်တွင် သူမက အနီးနားရှိ မိန်းကလေးများနှင့်အတူ ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
“ ဘုရားရေ ... အဲ့ဒါ ဖျင်မြို့က အားရုံမဟုတ်လား ... သူက ဘာလို့ ' ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား' ကို တီးနေရတာလဲ "
"ဟားဟား ... ဒါကတော့ အရမ်းစိတ်ဝင်စားစရာကောင်းသွားပြီ"
" သူက ဘယ်သူ့ကိုရည်ရွယ်ပြီးတီးနေတာလဲ "
" ဟုတ်တယ် ဘယ်တစ်ယောက်အတွက်လဲဆိုတာကို သိချင်လိုက်တာ "
"ဘယ်ယောက်ျားလေးအတွက်ပဲဖြစ်ဖြစ် ... သူ့အဆင့်အတန်းနဲ့ကတော့ ဒီလိုနည်းလမ်းနဲ့ပဲ ခံစားချက်တွေကို ဝန်ခံနိုင်ရှာမှာပေါ့ "
လှောင်ရယ်သံ ၊ ညည်းညူသံများနှင့် ဝေဖန်လေကန်နေသံများက ပုလွေနှင့်သီချင်းသံများ၏နေရာသို့ အစားထိုးဝင်ရောက်လာခဲ့သည်။
ခြံဝင်းထဲ၌ လူပိုမိုများလာခဲ့ပြီး ထိုထဲတွင် သစ်ပင်အောက်၌ အထီးကျန်စွာဗျပ်စောင်းတီးနေသူ၏ရုပ်သွင်အားအကဲဖြတ်ရန် စုရုံးလာကြသောအထက်တန်းလွှာလူငယ်များလည်းပါဝင်၏။
မည်သူမှသတိမထားမိလိုက်ပါဘဲ စက္ကန့်နှင့်အမျှ ရယ်မောသံများက လျော့ပါးလာခဲ့သည်။ဗျပ်စောင်းတီးသူ၏အလွန်အမင်းအထီးကျန်နေသောပုံစံကြောင့်ဖြစ်နိုင်လေ၏။သူမသည် မည်သည့်အချိန်ကမှ ချစ်ခြင်းမေတ္တာကိုမရရှိခဲ့ဘဲ အဝေးမှမျှော်ကြည့်နေရင်းဖြင့်သာ အထီးကျန်မှုက ထာဝရတည်မြဲလာခဲ့ပုံပင်။
ဤလောကကြီး၌ လက်လှမ်းမမီနိုင်သောအရာကို တောင့်တလျက် ချစ်ရသူ၏အနီးနားတွင် မနေနိုင်သည့်ဘဝမျိုးထက် ပို၍နာကျင်ရသောအရာ ရှိနိုင်ပါမည်လော။
အပြင်ဘက်မှအသံဗလံများကို သတိပြုမိသွားသော ဝဖိုင့်ဖိုင့်နန်ယန်မင်းသားက တစ်ဖက်သို့လှည့်ပြီး " ဘာတွေဖြစ်နေတာလဲ " ဟု အံ့ဩတကြီးမေးလာသည်။
ထိုအခါအသက်ငါးဆယ်ကျော်အရွယ်ရှိသောအကြံပေးတစ်ဦးက အနားသို့ လာကာ ပြုံးရယ်လျက် အခြေအနေအား ဖြေရှင်းပြလေ၏။
" ကောင်မလေးက ဘယ်သူ့ကို မေတ္တာရှိနေမှန်းတော့မသိပါဘူး ... ဒါပေမဲ့သူက ချန်အိမ်တော်က မိန်းမလှလေးပါ ... အခု ' ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား' ကို အပြင်မှာ တီးခတ်နေတော်မူကြောင်းပါ "
ထိုအခါနန်ယန်မင်းသားက တခစ်ခစ်ရယ်လျက် သဘောတကျပြောလာသည်။
“ဒီလိုကိုး .... အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့အရာပါပဲလား လာလာ ... သွားကြည့်ရအောင် ... ချီလန်ရေ .... အတူသွားကြမယ် "
နန်ယန်မင်းသားက ချီလန်ရှိရာဘက်သို့လှည့်ကြည့်လိုက်ပြီးနောက် နေရခက်စွာဖြင့် ရယ်မောလိုက်သည်။
ချီလန်မှာ နေရာတွင်မရှိတော့ဘဲ မည်သည့်အချိန်ကတည်းက ဦးစွာထွက်ခွာသွားမှန်းမသိရချေ။
" ချီလန် ထွက်သွားတာ ကြာလှပြီထင်တယ် "
" ဟုတ်တာပါပဲ ... ချီလန်ကလည်း ငယ်ရွယ်သေးတာဆိုတော့ ဒီလိုအရာကို မစူးစမ်းဘဲ ဘယ်နေနိုင်ပါ့မလဲဗျာ "
" ပြောနေတာကြာပါတယ် ... သွားကြရအောင် "
" မှန်လှပါ "
နန်ယန်မင်းသားက သူ၏လက်ထောက်ဖြင့် ဖြည်းညင်းစွာ ထွက်သွားလေသည်။အခြားသူများက သူ့အတွက်လမ်းဖယ်ပေးကြပြီး နန်ယန်မင်းသားက ဝမ်ဟုန်၏အနောက်တွင်ရပ်လိုက်၏။ခြံဝင်းထဲသို့ စိုက်ကြည့်နေသောဝမ်ဟုန်ကိုမြင်သောအခါ နန်ယန်မင်းသားက ဟက်ဟက်ပက်ပက်ရယ်မောသည်။
"ဘယ်လိုအလှတရားမျိုးက ချီလန့်ကို ဒီလိုပုံစံနဲ့ စိုက်ကြည့်နေစေတာပါလိမ့် "
ထို့နောက် သူသည်လည်း တေးသံလာရာဘက်သို့ လှမ်းကြည့်လိုက်တော့၏။
နန်ယန်မင်းသားမှာ ချန်ရုံကိုတွေ့လိုက်ရချိန်တွင် မျက်တောင်ပင်မခတ်နိုင်ဖြစ်သွားသည်။သူက ချန်ရုံ့ထံမှ အကြည့်မလွှဲဘဲ ဘေးမှလက်ထောက်အား မေးမြန်းလိုက်၏။
“ ဒီမိန်းကလေးက အရမ်းလှတာပဲ ... ချန်အိမ်တော်က သမီးလား "
တဏာရာဂမကင်းသေးသောအသက်ငါးဆယ်ကျော်အကြံပေးဖြစ်သူမှာ နန်ယန်မင်းသား၏ဆိုလိုရင်းကိုကောင်းစွာနားလည်သည်။သူက နန်ယန်မင်းသား၏နားနားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်၏။
"သူက ချန်အိမ်တော်က မိန်းကလေးဖြစ်ရုံတင်မကဘူး ... စောစောက ဝမ်ချီလန်မေးတဲ့တစ်ယောက်ပဲ "
" ဟေ ဟုတ်လား ..."
" ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး လိမ်ညာရဲပါ့မလဲ "
"ကောင်းတယ် ... ကောင်းတယ် ..."
နန်ယန်မင်းသားမှာ ချန်ရုံအား ဆက်လက်စိုက်ကြည့်နေပြီး သူ၏မျက်လုံးများက တောက်ပလာသည်။ထိုအခြင်းအရာကိုသတိထားမိသောအကြံပေးက မုတ်ဆိတ်မွေးကို ပွတ်သပ်နေရင်း ပြုံးပြုံးရွှင်ရွှင် ဆိုလေ၏။
“ဒီမိန်းကလေးက တခြားအထက်တန်းလွှာကောင်မလေးတွေထက်တောင် ပိုလှတယ် ... အရှင်က မိန်းကလေးတွေနဲ့ပတ်သတ်ရင် တော်တော်ကံကောင်းတာပဲ .... "
ထို့နောက်တွင် အကြံပေးက ခေတ္တစကားရပ်လိုက်ပြီး နန်ယန်မင်းသား၏အနားသို့တိုးကပ်ကာ နှစ်ကိုယ်တည်းကြားလောက်သောလေသံဖြင့် ခပ်တိုးတိုးဆက်ပြောလာသည်။
"ချန်ယွမ်က အခုလေးတင် ပွဲမှာ ကျွန်တော်မျိုးကိုပြောတယ် ... အရှင်သာအလိုရှိရင် အဲ့ဒီကလေးမကို အချိန်မရွေးပို့ပေးနိုင်ပါတယ်တဲ့ "
ထိုအခါနန်ယန်မင်းသားတစ်ယောက် ဝမ်းသာလုံးဆို့သွားပြီး သူက အားပါးတရဆိုလိုက်တော့၏။
" ကောင်းတယ် ... ကောင်းတယ် ... ချန်ယွမ်က အရမ်းအလိုက်သိတယ် "
Xxxxxxx