အပိုင်း ၃၃
Viewers 16k

Chapter-33


 ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား [၂ ]

ထိုသူတို့နှစ်ဦး တီးတိုးပြောနေကြစဉ်တွင် ဝမ်ဟုန်မှာ ရေပြင်အလား တည်ငြိမ်နေခဲ့လေ၏။ထို့နောက် သူက အရှေ့သို့လျှောက်သွားပြီး တစ်ခဏအတွင်း၌ပင် ဝမ်ဟုန်မှာ ချန်ရုံ၏အရှေ့ဆယ်လှမ်းခန့်အကွာသို့ ရောက်သွားခဲ့သည်။

စိတ်ချင်းဆက်နေသည့်အလား ချန်ရုံက ဝမ်ဟုန်အား ‌မော့ကြည့်လာခဲ့၏။

ကနဦး၌ ချန်ရုံ၏မျက်နှာမှာနီမြန်းသွားပြီး သူမက ခေါင်းကိုချက်ချင်းပြန်ငုံ့ခဲ့သည်။အချိန်အနည်းငယ်ကြာပြီးမှသာသူမက ဖြည်းဖြည်းချင်းပြန်မော့ကြည့်လေ၏။

ဝမ်ဟုန်အား ရဲဝင့်စွာစိုက်ကြည့်နိုင်ရန် ချန်ရုံက မျက်လုံးများအား ကျယ်ကျယ်ဖွင့်လိုက်သည်။သို့သော်လည်း သူမ၏မျက်ဝန်းများမှာ ပိုမိုတောက်ပလာလေ၏။

ခဏတာအတွင်း၌ပင် ချန်ရုံတစ်ယောက် စိတ်မတည်ငြိမ်ဖြစ်သွားခဲ့ပြီး သူမတီးခတ်နေသောသံစဉ်များက အလွဲလွဲအချော်ချော်ဖြစ်ကုန်တော့သည်။

လူအုပ်ကြီးက ဝါးခနဲပွဲကျသွားကြ၏။

သို့သော်လည်း ထိုအသံများက ချန်ရုံ့အပေါ် သက်ရောက်မှုရှိပုံမရချေ။သူမက ဝမ်ဟုန်အား ဆက်လက်ငေးမောနေခဲ့ပြီး ခေတ္တကြာသောအခါမှသာ မျက်လွှာချ၍ခေါင်းကို ပြန်ငုံ့ခဲ့သည်။ထိုအခိုက်တွင် ဖြူစွတ်နေပြီးကျောက်စိမ်းသဖွယ်ဖြစ်သည့် သူမ၏လည်ဂုတ်တွင် နီမြန်းမှုအချို့က ခိုအောင်းနေခဲ့လေ၏။

" ဒီမိန်းကလေးက ' ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား ' ကို ချီလန့်ကိုရည်ရွယ်ပြီး တီးနေတာများလား "

ထိုစကားတစ်ခွန်းက ငြိမ်သက်မှုကို ဖြိုခွင်းလိုက်ပြီး လူအုပ်ကြားတွင် လှိုင်းလုံးကြီးတစ်ခုအား ဖြစ်ပေါ်လာစေသည်။

ဝမ်ဝူလန်မှာ အစောပိုင်းတွင် ဝမ်ဟုန်၏ဘေး၌ရပ်ကာ ချန်ရုံ့အား စူးစိုက်ကြည့်နေခဲ့၏။ထို့နောက် သူက ချန်ရုံ့ထံသို့ ဦးတည်သွားခဲ့ပြီး လမ်းတစ်ဝက်မှာပင် ထိုစကားသံများအား ကြားလိုက်ရတော့သည်။ဝမ်ဝူလန့်ခမျာ မျက်ခုံးပင့်တင်လျက် သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲ အလိုလိုရပ်တန့်သွားမိသည်။

လူအားလုံးထံမှ မေးခွန်းများအား ပြန်လည်ဖြေကြားပေးလိုက်သည့်သဖွယ် ချန်ရုံမှာ မျက်လွှာချလျက် စားပွဲခုံပေါ်မှဆင်းလာ၏။ထို့နောက်သူမက စားပွဲအနောက်ဘက်တွင်ရပ်ကာ ဝမ်ဟုန်ရှိရာဘက်သို့မျက်နှာမူ၍ လေးစားသမှုဖြင့် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်လိုက်သည်။

ချန်ရုံက ခေါင်းငုံ့လိုက်ပြီး ထိုအပြုအမူက သူမ၏နက်မှောင်သောပိတုန်းရောင်ကေသာများအား လည်ဂုတ်ပေါ်သို့ သက်ဆင်းလာစေသည်။ထို့နောက်တွင် သူမက ဆောင်းဦးလေညင်းသဖွယ် တုန်ယင်နေသောလေသံဖြင့် ဆိုလာတော့၏။

" ချီလန် ဒီမှာရှိတယ်လို့ကြားရတော့ အရမ်းဝမ်းသာမိပါတယ် "

ထို့နောက်တွင် ချန်ရုံက ခေတ္တစကားရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းကာ စကားဆက်လေသည်။

"သခင်လေးကို မေးမြန်းချင်ပါတယ် ...ကျွန်မတီးတဲ့ 'ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား' ကို နှစ်ခြိုက်ပါရဲ့လား "

ချန်ရုံပြောသောစကားများက ဆိတ်ငြိမ်မှုအပေါင်းကိုသယ်ဆောင်လာပြီး ဝမ်ဟုန်အပါအဝင် ဝမ်ဝူလန် ၊ နန်ယန်မင်းသား ၊ ချန်ယွမ် ၊ ချန်ဝေ့ နှင့် အခြားသူများအားလုံးမှာ အံ့ဩတကြီးဖြစ်သွားကြတော့သည်။

ချန်ရုံကိုယ်တိုင်သည်လည်း ထိုတိတ်ဆိတ်ငြိမ်သက်မှုကြောင့် အလွန်တုန်လှုပ်သွားခဲ့ပြီး ခက်ခက်ခဲခဲ အားယူ၍ ဆက်ပြောရလေ၏။

 " ဒီသီချင်းက နိမ့်ကျပြီး ကျွန်မကလည်း အဲ့လိုပါပဲ ... ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရရင် သခင်လေး နားဆင်ပေးမယ်လို့ မျှော်လင့်ထားပါတယ် "

ချန်ရုံက ပြောပြောဆိုဆိုဖြင့် နေရာတွင် ပြန်ထိုင်ချလိုက်သည်။ထို့နောက်တွင် ဝမ်းနည်းပူဆွေးမှုအား သယ်ဆောင်လာသောဂီတသံမှာ လေထုထဲတွင် တစ်ဖန်ပျံ့လွင့်လာပြန်ပြီး တုန်လှုပ်ဖွယ်ရာတိတ်ဆိတ်မှုက လူအပေါင်းအား လွှမ်းမိုးထားဆဲပင်။

လူတကာ၏မျက်လုံးများက ချန်ရုံထံမှနေ၍ ဝမ်ဟုန့်ဆီသို့ပြောင်းရွှေ့သွားခဲ့သည်။

များမကြာမီ၌ပင် မရင်းနှီးသောလေသံတစ်သံက ပေါ်ထွက်လာ၏။

 “ချီလန် ... ဒီကောင်မလေးက လှတပတလေးကွ.... သူ့ခမျာ ခံစားချက်တွေကိုဖုံးဖိထားရှာရတာ .... ဘာလို့ကိုယ်လုပ်တော်အဖြစ် တော်ကောက်မယူသေးတာလဲ ... ဒီနေ့ညပဲ ထိမ်းမြားပြီး သူ့အချစ်တွေကို ဖြည့်ဆည်းပေးလိုက်တော့ "

ထိုစကားအ‌ဆုံး၌ ချန်ရုံ၏လက်များက တုန်ရီလာပြီး သူမ တီးခတ်နေသောတေးသွားသံများမှာလည်း စူးရှလာခဲ့သည်။လူတကာက သူမအားဝိုင်းကြည့်နေခဲ့ပြီး ချန်ရုံ၏မျက်နှာမှာဖြူဖပ်ဖြူလျော်ဖြစ်နေလေ၏။ထို့နောက်တွင် ချန်ရုံက သူမ၏နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ပီပီသသ‌ပြောလာသည်။

 "ဟိုးအရင်ခေတ်ကတည်းက 'ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား' ကို ကိုယ်လုပ်တော်ဖြစ်ချင်ရုံသပ်သပ်နဲ့ ဘယ်သူကမှ မတီးခဲ့ဘူး "

ထိုစကားအဆုံးတွင် လူအုပ်ကြီးမှာ ငြိမ်သက်သွားပြန်လေ၏။သို့သော်လည်း ထိုဆိတ်ငြိမ်မှုမှာ တစ်ခဏသာတည်တံ့ခဲ့ပြီး ဦးဆောင်သူမယ်မယ်ရရမရှိလိုက်ဘဲ အဘက်ဘက်မှ ကျယ်လောင်သောရယ်မောသံများက တစ်ပြိုင်နက် ထွက်ပေါ်လာတော့သည်။

လှောင်ရယ်ခြင်းအား တစ်ကိုယ်တည်းရင်ဆိုင်နေရရှာသောချန်ရုံခမျာ စက္ကူတစ်ရွက်အလား ဖြူဖပ်ဖြူရော်ဖြစ်နေလေ၏။သူမက မျက်လွှာချလိုက်ပြီး ဗျပ်စောင်းကိုကောက်ယူကာ ထိတ်လန့်စွာဖြင့်ဆုတ်ခွာသွားတော့သည်။တေးသွားမှာမူ အဆုံးမသတ်သေးပေ။

ထိုအခါ ရယ်သံများက ပိုမိုကျယ်လောင်လာသည်။

များမကြာမီ၌ပင် ခြံဝင်းတစ်ခုလုံးတွင် အထက်တန်းလွှာလူငယ်များ၏ဟားတိုက်ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့၏။

ထိုအသံများစဲသွားချိန်တွင် တေးသွားသံက ခြံဝင်းအပြင်ဘက်မှနေ၍ တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြန်သည်။

ချန်အိမ်တော်မှ အားရုံက ' ဖီးနစ်ငှက်တစ်ကောင်၏ချစ်ခြင်းတေးသွား ' ကို ဆက်လက်၍ တီးခတ်နေ၏။

ချန်ဝေ့နှင့်အခြားသူများက ရယ်မောလိုက်ကြပြီး လူငယ်တစ်ယောက်က ထပြောလာသည်။

" သွားကြစို့ သွားကြစို့ ... လန်ယာဝမ်ချီကို ပိုးပန်းဝန်ခံရဲတဲ့ မိန်းကလေးကိုသွားကြည့်ကြရအောင် "

ကျန်လူများကလည်း ထိုတစ်ယောက်၏အကြံဉာဏ်ကို ချက်ချင်းလက်ခံကာ အသံလာရာခြံဝင်းပြင်ပသို့ ထွက်သွားကြတော့၏။

နောက်ဆုံး၌မူ 'ဖီးနစ်ငှက်တစ်ကောင်၏ချစ်ခြင်းတေးသွား' မှာ နိဂုံးချုပ်သွားခဲ့ပြီဖြစ်သည်။

ချန်ရုံက အဆုံးသတ်တေးသွားအချို့ကို တီးခတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဗျပ်စောင်းကိုကိုင်၍ မတ်တပ်ထရပ်လာခဲ့၏။သူမက လရောင်အောက်တွင် ဖျတ်ခနဲ ပြုံးလိုက်ပြီး နှဖူးပြင်၌မူ ‌ဆံနွယ်အချို့ကဖုံးအုပ်နေသည်။ထို့နောက်တွင် ချန်ရုံမှာ ညကောင်းကင်ယံတစ်ခွင် စွဲမက်ဖွယ်ကောင်းသောလေသံတစ်သံအား ဖွင့်ထုတ်လိုက်တော့၏။

 “ 'ဖီးနစ်ငှက်တစ်ကောင်ရဲ့ချစ်ခြင်းတေးသွား' က အဆုံးမရှိတဲ့အထီးကျန်မှုနဲ့ ဝမ်းနည်းခြင်းတွေကို ဖော်ညွှန်းတယ်တဲ့ ... စစ်မာရှန်းရူ ဒီတေးသွားကိုတီးခတ်ခဲ့တုန်းက ကျိုးဝမ်ကျွင်းနဲ့တစ်နေ့နေ့မှာလက်ထပ်နိုင်လိမ့်မယ်လို့ သူမသိခဲ့ဘူး... ဒီတေးသွားက သူ့ခံစားချက်တွေအတွက်တော့ ပိုးအိမ်လေးတစ်ခုလိုပဲပေါ့ ... ကြားစေချင်တဲ့သူက မကြားခဲ့ရင်တော့ သူရဲ့ချစ်ခြင်းမေတ္တာတွေက ပိုးအိမ်လေးထဲမှာပဲ ပိုးချည်တွေနဲ့အတူ ထာဝရနစ်မြုပ်သွားမှာ ... ကျွန်မကလည်း သူ့လိုပါပဲ ... အတုံ့အလှည့်တွေကိုမတောင်းဆိုပါဘူး ... ဒီတိုင်း ကျွန်မရဲ့ နှလုံးသားကို အသိပေးချင်ရုံသပ်သပ်ပါ "

စကားဆုံးပြီးနောက်တွင် ချန်ရုံက ဗျပ်စောင်းကိုကိုင်ကာ ဝမ်ချီလန်အား ဦးညွှတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ ထိုနေရာမှ မဆိုင်းမတွ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်၌ ဆောင်းဦးလေက ဖြတ်တိုက်သွားခဲ့ပြီး တင်ပါးအထိရှည်သောသူမ၏ဆံနွယ်များနှင့်အတူ ဝတ်ရုံစကိုပါ တစ်ပါတည်း ပျံ့လွင့်‌သွားစေကာ ညအမှောင်ထုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်ပျောက်ကွယ်သွားသည့်ရုပ်သွင်အား ပီပြင်လာစေသည်။

" ငါ့နှယ် ... ချန်ရုံဆိုတဲ့ဟာမ ဒီလိုမျိုးတွေအထိ ပြောရဲဆိုရဲဖြစ်နေတာ တကယ်ကို အရှက်မရှိဘူးမလား "  

ဘေးနားတွင်ရပ်နေသောဝမ်အိမ်တော်မှ ၇ယောက်မြောက်အမျိုးသမီးက လှောင်ရယ်လျက် ဆိုလာခဲ့၏။

ထိုအခါ မိန်းကလေးအချို့ကလည်း သူမနှင့်အတူ လိုက်ပါ ရယ်မောကြသည်။

" တော်လောက်ပြီ "

၎င်းအခိုက်အတန့်၌ ဝမ်ဟုန်က လေးနက်စွာပြောလာခဲ့ပြီးလူတိုင်းကို ထိတ်လန့်စေခဲ့၏။

အပ်ကျသံပင်မကြားရလောက်အောင်ဆိတ်ငြိမ်သွားခဲ့ချိန်၌ ဝမ်ဟုန်က ‌ခေါင်းမော့ကာ ချန်ရုံ၏ဝေးကွာသွားသောကျောပြင်ငယ်ကိုစိုက်ကြည့်နေလျက် ခပ်တိုးတိုးဆိုလာခဲ့သည်။

" အခုကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူမှသူ့ကို ပြက်ရယ်မပြုရဘူး "

ထို့နောက်ဝမ်ဟုန်မှာ အခင်းနေရာမှ ထွက်ခွာသွားတော့၏။

ဝမ်ဟုန်တစ်ယောက် သူ၏အစေခံများနှင့်အတူခြံဝင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါမှသာ ကျန်လူများက လှုပ်လှုပ်ရွရွပြန်ဖြစ်လာကြသည်။

ချန်ယွမ်မှာ ဝမ်ဟုန်အား အဝေးမှကြည့်နေခဲ့ပြီး အံ့အားသင့်‌နေရှာလေ၏။အချိန်အနည်းငယ်ကြာပြီးသောအခါတွင် သူက နန်ယန်မင်းသားထံသို့ အကြည့်လွှဲခဲ့သည်။

နန်ယန်မင်းသား၏ဖောင်းကားနေသောမျက်နှာပေါ်တွင် အလိုမကျမှုတစ်စုံတစ်ရာက ကိန်းဝပ်နေ၏။သူကလည်း ချန်ယွမ်အားမြင်သွားခဲ့ပြီး ချက်ချင်းပင်အကြည့်လွှဲကာ ဘေးမှအကြံပေးအား " သွားမယ် " ဟု ခပ်ဆတ်ဆတ်ပြောလိုက်လေသည်။

"မှန်လှပါ "

အကြံပေးနောက်‌လိုက်က သူ၏သခင်ဖြစ်သူအား ရထားလှည်းများစီတန်းရပ်တန့်ထားသောနေရာသို့ခေါ်ဆောင်သွားခဲ့ပြီး ချန်ယွမ် ထွက်လာသည်ကိုမြင်သောအခါ သူက မျက်လုံးတစ်ဖက်လှမ်းမှိတ်ပြလေသည်။

ချန်ယွမ်က မတ်တပ်ရပ်နေခဲ့၏။ဧည့်ခန်းမထဲ၌ လူတစ်ဝက်ခန့်လျော့နည်းသွားခဲ့ပြီး ကျန်ရှိခဲ့သူများမှာလည်းလောလောလတ်လတ် ဖြစ်ပျက်သွားသည့်အကြောင်းကို ပေါက်ပေါက်ဖောက်နေကြလေ၏။

 “ငါဘာပြောခဲ့လဲ ... အဲ့ဒီကလေးမက ခေါင်းမာပြီး ဉာဏ်နီဉာဏ်နက်များပါတယ်လို့ ... မင်းကမှ နားမထောင်တာ ... အခုတော့ အရမ်းတွေကောင်းကုန်ပြီ ... နန်ယန်မင်းသားက သူ့ကိုစိတ်ဝင်စားနေတုန်းပဲရှိသေးတယ် ချက်ချင်းကို အကုန်ပျက်စီးသွားတာပဲ ... ကိုယ့်ကိုကိုယ် အမျက်တော်ရှခံရအောင်လုပ်နေတာလား " ချန်စူးက ချန်ယွမ်၏အနောက်တွင်လာရပ်ကာ သက်ပြင်းချလျက် ညဉ်းညူနေသည်။

ယခု၌မူ နန်ယန်မင်းသား၏အနေအထားဖြင့် ချန်ရုံအားအလိုရှိလျှင်ပင် တော်ကောက်ခြင်းမပြုနိုင်တော့ပေ။သူသည် ချီလန့်အား မေတ္တာသက်ဝင်နေသောမိန်းကလေးအား ကိုယ်လုပ်တော်အဖြစ် မသိမ်းသွင်းနိုင်တော့ဘဲ ထိုသို့ပြုခဲ့လျှင်ပင် လူထုထံမှအကြည်အညိုပျက်မှုအား မလွဲမသွေခံစားရမည်သာဖြစ်လေသည်။

ချန်ယွမ်က အတွေးများနေခဲ့ပြီး အံကြိတ်လျက် ဆိုလာခဲ့၏။

" သူ့သဘောအတိုင်းဖြစ်ခွင့်မပေးနိုင်ဘူး ... ဒီကိစ္စတွေအကုန်ငြိမ်တာနဲ့ သူ့ကို နန်ယန်မင်းသားဆီ ပို့ပစ်မှာ "

 

Xxxxx