Chapter-34
တပ်မှူးရန်ပြန်လည်ရောက်ရှိလာခြင်း
ချန်ရုံတစ်ယောက် သူမ၏အိမ်တော်သို့ပြန်ရောက်လာသောအခါ မျက်ရည်များဝေ့ဝဲနေကြသောအထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့အား တွေ့လိုက်ရတော့သည်။
" ဘာဖြစ်လို့လဲ "
ထိုအခါ အထိန်းတော်ဖျင်က သူမ၏မျက်ရည်များကို လက်ခုံဖြင့် ခပ်သာသာပွတ်သတ်လိုက်ပြီး ဆိုလာခဲ့လေသည်။
" ဝမ်အိမ်တော်က ချီလန့်အပေါ် ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း မေတ္တာသက်ဝင်နေတယ်ဆိုတာကို မသိခဲ့ဘူး "
အဖိုးစွင်းသည်လည်း အလားတူပင် သက်ပြင်းချလျက် ပြောလာ၏။
“သခင်မလေး ... ဝမ်ချီလန်က ဘယ်လိုလူမျိုးမလို့လဲ ... အခုကတည်းက မေ့ပစ်လိုက်တာကပဲ အကောင်းဆုံးဖြစ်မှာပါ "
ချန်ရုံမှာ ရယ်ပင်မရယ်နိုင်တော့ဘဲ ဆွံ့အသွားခဲ့သည်။
သူမက မည်သည်ကိုမှ ဆက်လက်၍ရှင်းပြမနေဘဲ အိပ်ခန်းဆီသို့သာ ဦးတည်ခဲ့တော့၏။
နောက်တစ်နေ့နံနက်ခင်းတွင် ချန်ရုံ အလှပြင်နေစဉ် တံခါးအပြင်ဘက်မှ မိန်းကလေးတစ်စု၏အော်ဟစ် ရယ်မောသံများ ထွက်ပေါ်လာသည်။ချန်ရုံတွေးထားသလိုပင် ထိုသူများကခြံဝင်းထဲသို့ဝင်လာခဲ့ပြီး မိန်းကလေးတစ်ဦးက ချန်ရုံ့အား အော်ခေါ်လာလေ၏။
" အားရုံ ... ငါတို့နဲ့ အတူတူသွားလည်ရအောင် ... ထွက်လာပါ "
ထို့နောက် အခြားမိန်းကလေးတစ်ဦးကဆက်လက် ၍ ဝင်ပြောလာပြန်သည်။
" အားရုံ ... အလုပ်ရှုပ်နေတာလား ... မြို့ဆင်ခြေဖုံးနားက ရေက ပြာလဲ့ပြီးကြည်နေဝာာပဲတဲ့ ... အကုန်လုံး အဲ့ကိုသွားနေကြတယ် "
" ဒီဟာတွေကတော့ အထူအပါးကိုနားမလည်ကြဘူး "
အထိန်းတော်ဖျင်က ဒေါသတကြီး ရေရွတ်ပြီး သူမ၏နံဘေးမှ ချန်ရုံအား စိုးရိမ်တကြီးစိုက်ကြည့်လိုက်သည်။သို့သော်လည်း မှန်ထဲတွင်မြင်ရသော သခင်မလေး၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေပြီး ထိုအပြုံးမှာ ဗျပ်စောင်းတေးသွားများကို နိဂုံးချုပ်လိုက်ချိန်တိုင်း၌ ပေါ်လာတတ်သော အပြုံးမျိုးဖြစ်၏။၄င်းပုံစံအား စကားလုံးများဖြင့် ရှင်းပြ၍မရနိုင်ချေ။
ချန်ရုံက မတ်တပ်ထရပ်ပြီး တံခါးကိုဖွင့်လိုက်သည်။
ထိုအခါမိန်းကလေးများအားလုံးက အသံလာရာဘက်သို့ လှည့်လာပြီး ချန်ရုံအား စိတ်ဝင်တစားကြည့်နေကြလေသည်။သူတို့ထဲမှတစ်ယောက်က ရယ်မောနေဆဲဖြစ်သောအခြားသူများကိုရပ်တန့်စေခဲ့ပြီး ချန်ရုံမှာ ထိုအခြင်းအရာအား သတိမမူမိလိုက်ပေ။
" ဒီနားတစ်ဝိုက်ကို သွားကြမလို့လား " ချန်ရုံက တိုးညင်းစွာ မေးမြန်းလာသည်။
ချန်ဝေ့မှာ ချန်ရုံနှင့် အနီးစပ်ဆုံးဖြစ်ပြီး သူမက ချန်ရုံ၏ဝတ်ရုံစကို ခပ်သာသာဆွဲကိုင်လာပြီး မေးလေ၏။
" နင် ... အဆင်ပြေရဲ့လား "
ထိုအခါ ချန်ရုံက တစ်ဖက်လူအား တောက်ပသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လျက် ပြုံးပြုံးလေးပြန်ဖြေသည်။
" ပြေပါတယ် ... ကျေးဇူးပါ "
သို့သော်လည်း ထိုအပြုံးအား အခြားချန်မျိုးရိုးမိန်းကလေးတစ်ဦးက ထပ်မံ၍ တိမ်မြှုပ်ပစ်လိုက်တော့၏။
“မနေ့ည ပွဲကျင်းပချိန်တုန်းက နင့်ရဲ့အစေခံတွေက ပြောတယ် ... နင်အိပ်ရာထဲလဲပြီး နေမကောင်းဖြစ်လွန်းလို့ သမားတော်တောင်ခေါ်ရတဲ့အထိပဲတဲ့ ... လက်စသတ်တော့ ခရီးပန်းလို့မဟုတ်ဘဲ အချစ်နာကျနေတာကိုး "
ချန်ရုံက ထိုတစ်ယောက်၏စကားများအား ပြန်လည်မချေပသကဲ့သို့ အာရုံလည်းမစိုက်ပေ။မနေ့ည၌ ထိုသို့ပြုရန်ဆုံးဖြတ်ချက်ချလိုက်ကတည်းက နောက်နောင်ရင်ဆိုင်ရမည့်အခက်အခဲများအား သူမ ကြိုတင်သိရှိပြီးဖြစ်သည်။
ချန်ရုံဘက်မှ မည်သည်ကိုမှမတုံ့ပြန်လာသော်လည်း အခြားမိန်းကလေးများ၏အပြုံးက မှိန်ဖျော့သွားခြင်းမရှိပေ။ယခုအချိန်၌ သူတို့၏မျက်ဝန်းများထဲတွင် ကဲ့ရဲ့ခြင်းသာမက ကိုယ်ချင်းစာစိတ်အငွေ့အသက်များလည်းပါဝင်နေသည်။ဝမ်အိမ်တော်မှ တစ်မိုးအောက် ချီလန်အား မေတ္တာမသက်ဝင်ခဲ့ဖူးသည့်မိန်းကလေးရှိပါသလော။နောက်ဆုံး၌မူ အားရုံသည်လည်း ထိုသနားစရာမိန်းကလေးများထဲမှ တစ်ဦးအပါအဝင်သာဖြစ်သည်။
ထို့နောက်တွင် ချန်ဝေ့က ချန်ရုံ၏လက်ကိုဆွဲကာ လှည်းရထားရှိရာဆီသို့ ခေါ်ဆောင်သွားတော့၏။
" သွားရအောင် "
ဤသည်မှာ ချန်ရုံအတွက် နန်ယန်မြို့သို့စရောက်ကတည်းက ပထမဆုံးအကြိမ်အပြင်ထွက်ခြင်းဖြစ်သည်။
မြို့တော်မှာ လွန်ခဲ့သောရက်အတော်ကြာကနှင့် နှိုင်းယှဉ်လျှင် များစွာရှင်းလင်းနေခဲ့ပြီး သူဖုန်းစားများလည်း သိသိသာသာလျော့ပါးသွား၏။
လှည်းယာဉ်တွင်းရှိမိန်းကလေးတစ်ဦးက ဘေးဘီကိုလှည့်ပတ်ကြည့်ရှုနေသောချန်ရုံအား မြင်သွားခဲ့ပြီး ရယ်မောလျက် ပြောလာလေသည်။
" အားရုံ ... ကြည့်မနေပါနဲ့ ... ချီလန် ဒီမှာမရှိဘူးရယ် "
ထိုစကားအဆုံးတွင် လှည်းယာဉ်တွင်း၌ ရယ်မောသံများ ထွက်ပေါ်လာတော့၏။
“ အားရုံက နာမည်ကြီးနေပြီ ... သူ့အကြောင်းလာမေးတဲ့လူတွေရှိတယ် ဟားဟား ... အခုချိန်ကစပြီး အိမ်တော်မှာ လူစည်တော့မယ်ထင်ပါရဲ့ " အခြားမိန်းကလေးတစ်ယောက်က ဝင်ပြောလာသည်။
ထိုမိန်းကလေးများ၏ရယ်မောသံများကြားတွင် ချန်ရုံက ငြိမ်သက်နေခဲ့ပြီး သူမ၏မျက်နှာထားပုံစံမှာ မည်သည့်အရာကမှ သူမနှင့်မသက်ဆိုင်နေသလိုပင်။
သူဖုန်းစားများသိသိသာသာနည်းပါးသွားသောကြောင့် လှည်းရထားများသွားလာရန်အတွက် လမ်းပိုကျယ်လာပြီး
ကျော့မော့သော လှည်းယာဉ်အချို့က ဘေးချင်းယှဉ်၍ မောင်းနှင်နေကြသည်။လှည်းယာဉ်တစ်ခုချင်းစီအား ကျော်တက်လိုက်တိုင်း မွှေးပျံ့သည့်ရေမွှေးရနံ့များကျ နှာဖျားထဲသို့တိုးဝင်လာ၏။
မြို့အစွန်ဆီသို့ပိုမိုနီးကပ်လာလေလေ လှည်းယာဉ်များက ပိုမိုစုရုံးလာလေလေဖြစ်သည်။ထိုနေရာတွင် သေသပ်ကျနစွာဝတ်စားထားပြီး ဖြီးလိမ်းပြင်ဆင်ထားကြသော အထက်တန်းလွှာလူငယ်များစွာရှိလေ၏။
ဆောင်းဦးပေါက်ရာသီဖြစ်၍ မြို့တောင်ဘက်ဆင်ခြေဖုံးနေရာတွင် ကောက်ပဲသီးနှံများကိုမတွေ့ရတော့ချေ။
မြစ်ရေကလည်း ခမ်းခြောက်သွားပြီး လယ်ကွင်းမှလွဲ၍ ရှုခင်းများများစားစားမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ထိုနေ့သည် ရှားရှားပါးပါး ရာသီဥတုသာယာသောနေ့ဖြစ်ခဲ့သည်။ထို့ကြောင့် ငယ်ရွယ်သည့်မင်းမျိုးမင်းနွယ်များ ပိုင်ဆိုင်သော လှည်းရထားအချို့ကိုပင် ထိုနေရာတွင်မြင်တွေ့နိုင်သည်။
မိန်းကလေးများ၏လှည်းရထားကိုမြင်သွားသောလူငယ်တို့က တစ်ခဏအတွင်း၌ပင် အနီးအနားသို့ရောက်ရှိလာကြတော့၏။ တောက်ပသောမျက်လုံးခုနစ်စုံ၊ ရှစ်စုံခန့်က သူမတို့ထံသို့ရောက်ရှိလာကြပြီး ထိုလူများ၏အကြည့်မှာ ချန်ရုံ့ထံတွင် ရပ်တန့်သွားသည်။
" ဒီမိန်းကလေးက .... "
" ဟုတ်ပါတယ် ... အားရုံပါပဲ "
တစ်ဖက်လူစကားမဆုံးသေးမီမှာပင် နန်ယန်မှချန်မျိုးရိုးမိန်းကလေးတစ်ဦးက ဝင်ဖြေလိုက်၏။
ထိုအခါ မျက်လုံးအစုံပေါင်း တစ်ဒါဇင်ခန့်က ချန်ရုံ့အား တစ်ပြိုင်နက် စိုက်ကြည့်လာကြသည်။
" ဝမ်ချီလန်ကို ဖွင့်ပြောရဲတယ်နော် ... အရမ်းသတ္တိကောင်းတာပဲ "
ယောက်ျားလေးတစ်ဦးက လှောင်သလိုလိုပြောလိုက်သောအခါ လှည်းယာဉ်ဘေးတွင်ရပ်နေသောအခြားတစ်ယောက်က အေးစက်စက်လေသံဖြင့် ဆိုလာလေသည်။
" ဝမ်ချီလန်ကပြောထားတယ်လေ ... သူ့ကိုပြက်ရယ်မပြုရဘူးလို့ "
ယင်းစကားအဆုံး၌ လူများအားလုံးတိတ်ဆိတ်သွားကြတော့၏။
ခဏကြာသောအခါ ထိုလူငယ်က ချန်ရုံရှိရာဘက်သို့ ခေါင်းလှည့်ကာ သက်ပြင်းချလျက် အလေးအနက်ဆိုလာခဲ့သည်။
“ ' အတုံ့အလှည့်တွေကိုမတောင်းဆိုပါဘူး ... ဒီတိုင်း ကျွန်မရဲ့ နှလုံးသားကို အသိပေးချင်ရုံသပ်သပ်ပါ ...' တကယ်တော့ ချန်အိမ်တော်က အားရုံကလည်း ချစ်မိသွားတဲ့လူတစ်ယောက်ပဲလေ .... ချစ်မိတဲ့လူတိုင်းကတော့ နာကျင်ရမှာပဲ ... ဘာလို့ သူများအနာကို ဆားသွားပက်နေရတာလဲကွ "
ထိုစကားက ချန်အိမ်တော်မှမိန်းကလေးများအား မထိတထိထေ့ငေါ့သလိုဖြစ်နေခဲ့ပြီး မိန်းကလေးများက ထိုတစ်ယောက်အား မျက်စောင်းထိုး၍ ကြည့်နေကြသည်။
ချန်ရုံမှာလည်း စိတ်ရှုပ်ထွေးနေလေ၏။သူတို့က သူမအား လှောင်ပြောင်သရော်နေကြသည်မှာ ထင်ရှားလွန်းသည်။
နန်ယန်ရှိချန်အိမ်တော်မှ တရားဝင်သမီးဖြစ်သူချန်ချီက ထိုလူအားပြန်လည်ချေပတော့မည့်ဆဲဆဲတွင် အနောက်တွင်ပါလာသောအပေါင်းအဖော်များက သူမ၏အင်္ကျီစကိုလှမ်းဆွဲလျက် ဝင်ပြောလာခဲ့သည်။
" ဒီလူက စကားအသယ်အပို့လုပ်ရတာကို အရမ်းသဘောတွေ့နေပုံပဲ ... ဝမ်ချီလန့်ဆီက အမျက်တော်ရှမခံရသေးခင် အမြန်ပါးစပ်ပိတ်ထားလိုက်တော့ "
ချန်ချီသည်လည်း ချန်ရုံ့အား စူးစူးစိုက်စိုက်ကြည့်ပြီးနောက် ထိုတစ်ယောက်အား လေးနက်စွာပြန်လည်ချေပလိုက်သည်။
" သူက လွန်လွန်ကြူးကြူးတွေလုပ်ထားတယ်ဆိုရင်တောင်မှ ချီလန့်ဆီက ကာကွယ်ပေးတာကိုခံနေရတုန်းပဲ ... အဲ့ဒါတောင်မှ ရယ်စရာကောင်းနေသေးတာလား "
တင်းမာလာသောအခြေအနေအား ချန်ဝေ့က ဝင်ရောက်ဖြန်ဖြေခဲ့သည်။
" ဒီမှာရပ်မနေကြရအောင်လေ ... ရာသီဥတုနွေးနွေးလေးနဲ့ ဆောင်းဦးရှုခင်းကြည့်ဖို့ကွက်တိပဲ ... ဟုတ်သားပဲ ... အားရုံ နင်ဗျပ်စောင်းတီးတတ်တယ်မလား ... ဘာဖြစ်လို့ ငါတို့ကို တီးမပြသေးတာလဲ "
ထိုအခါချန်ရုံက ပထမဆုံးအကြိမ် မော့ကြည့်လာခဲ့၏။ သူမ ပြန်လည်တုံ့ပြန်တော့မည့်ဆဲဆဲတွင် ရုတ်တရက် အရှိန်ပြင်းထန်သော မြင်းခွာသံများပေါ်ထွက်လာခဲ့သည်။
လူငယ်များသည်လည်း တစ်ချိန်တည်း၌ပင် ဖုန်လုံးများထနေသောအကွာအဝေးတစ်ခုဆီသို့ လှည့်ကြည့်လာကြ၏။
ချန်ရုံအားထေ့ငေါ့ခဲ့သောတစ်ယောက်က နှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်ပြီး မကျေမနပ်ဖြစ်နေသောလေသံဖြင့်ပြောသည်။
" အဲ့ဒါ အညတရ ရန်မင်း မဟုတ်လား "
ထိုအခါ ချန်ဝေ့မှာဒေါကန်သွားပြီး သူမ၏နှုတ်ခမ်းများက ပြန်လည်ချေပပြောဆိုရန်အတွက် လှုပ်ရှားသွားခဲ့သော်လည်း သူမကိုယ်သူမ အချိန်မီပင် ထိန်းထားလိုက်နိုင်၏။
သို့သော်လည်း နံဘေးရှိချန်ချီမှာမူ ရယ်မောလျက် ဖုန်ထနေသောအရပ်သို့ စူးစိုက်ကြည့်နေသည်။
"တပ်မှူးရန်က နှင်းဖုံးနေတဲ့တောင်တွေလို ကြီးကျယ်ခမ်းနားမြင့်မားပြီး လေးစားစရာကောင်းတဲ့လူတစ်ယောက်ပဲ "
မထီမဲ့မြင်ပြုခဲ့သောထိုလူငယ်မှာ ချန်ချီ၏အဆိုအား မငြင်းဆန်နိုင်ရှာပေ။
ချန်ရုံက ခေါင်းမော့ကာ လမ်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ရာချီသည့်သူရဲကောင်းများမှာ မြို့ဘက်သို့ဦးတည်၍ပြန်လာနေပြီး ၎င်းတို့၏မြင်းခွာများအောက်တွင်မူ အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ပြန့်ကျဲနေကာ ဘေးတစ်ဖက်တစ်ချက်ရှိ တောအုပ်ငယ်များကို ဖုံးကွယ်သွားစေသည်။
ချန်ရုံက တပ်စု၏အရှေ့တွင်ရှိသောတဖျပ်ဖျပ်ခတ်နေသည့်အလံစာတန်းများကိုကြည့်နေခဲ့ပြီး ထို့နောက်တွင်မူ မြင်းနီစီးလာလည့် ခပ်ချောချောအမျိုးသားထံသို့ အကြည့်ရောက်သွားခဲ့၏။
" သူတို့က တောင်ဘက်ဂိတ်ပေါက်ကနေ ဝင်လာတာပဲ "
ထိုသို့ပြောပြီးနောက်တွင် ချန်ရုံတစ်ယောက် အလိုလိုပင်ချန်ဝေ့အားလှည့်ကြည့်လိုက်မိတော့သည်။
သူမကဲ့သို့ပင် လူအများအပြား၏အကြည့်များက ချန်ဝေ့ထံသို့ရောက်နေခဲ့၏။လူအုပ်ကြီး၏စူးစမ်းမှုဒဏ်ကိုခံနေရရှာသောချန်ဝေ့တစ်ယောက် မျက်နှာများနီရဲနေသည်။
ချန်ဝေ့က ဆောင်းဦးရွက်ကြွေအရောင်အဆင်းရှိသောမျက်ဝန်းများဖြင့် မြင်းနီကြီးရှိရာဘက်သို့ မင်သေစွာဖြင့်စိုက်ကြည့်နေခဲ့ပြီး သူမက ခပ်တိုးတိုးဆိုလာခဲ့သည်။
" ဟုတ်တယ် သူပြန်လာပြီ "
Xxxxxx