Chapter 35
ရန်မင်း၏ထိမ်းမြားခြင်း
ချန်ဝေ့မှာ ထိုအခိုက်အတန့်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ရန်မင်းနှင့် သူ့၏တပ်ဖွဲ့များ ပျောက်ကွယ်သွားချိန်တွင် သူမက အိမ်ပြန်ရန် နှစ်ကြိမ်တိုင်တိုင် အဆိုပြုခဲ့လေ၏။
တတိယအကြိမ်၌မူ ချန်ရုံဘက်မှ ဦးစွာကမ်းလှမ်းလာခဲ့သည်။
" အားဝေ့ ... အိမ်အတူတူပြန်ရအောင် "
" ဟုတ်ပြီ ဟုတ်ပြီ "
ထိုစကားကိုကြားကြားချင်း၌ ချန်ဝေ့မှာ ဝမ်းသာအားရဖြစ်သွားခဲ့ပြီး သူမ၏မျက်ဝန်းများက တောက်ပလာခဲ့လေ၏။။
အပြန်လမ်းတွင်ဖြစ်သည်။
လှည်းရထားပေါ်၌ထိုင်နေသောချန်ဝေ့၏ ပါးပြင်များက နီမြန်းလျက်ရှိပြီး သူမက ဝတ်ရုံစကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ချန်ရုံရှိရာဘက်သို့လှည့်၍ နှစ်ကိုယ်ကြား တီးတိုးဆိုလာခဲ့၏။
" အားရုံ ... နင်နဲ့ငါနဲ့က အတူတူပဲသိလား "
" ဘာလို့လဲ "
ချန်ဝေ့၏မျက်ဝန်းများမှာ အံ့သြစရာကောင်းလောက်အောင် တောက်ပနေခဲ့ပြီး သူမက လမ်းဘက်သို့အကြည့်လွှဲလျက် ပြန်ဖြေလေသည်။
" ငါက တပ်မှူးရန်ကို မေတ္တာရှိနေတဲ့အချိန်မှာ နင်ကလည်း ဝမ်အိမ်တော်က ချီလန်ကို ချစ်နေတာပဲလေ ... ဒါပေမဲ့ နင့်လူက တစ်မိုးအောက် ဝမ်ချီလန်ဆိုတော့ အဝေးကနေ ငေးကြည့်ရုံပဲ တတ်နိုင်မှာပေါ့ ... ငါကတော့ သိပ်မကြာတော့တဲ့အနာဂါတ်မှာ မေတ္တာရှိတဲ့လူနဲ့ ထိမ်းမြားနိုင်တော့မှာ "
ဤစကားမှာ အမှန်ဖြစ်သလော။
ချန်ရုံက အံ့အားသင့်သွားပြီး ချန်ဝေ့ရှိရာဘက်သို့ အလျင်အမြန်လှည့်ကြည့်လာသည်။ကိုယ့်အတွေးနှင့်ကိုယ်နစ်မြောနေသော ချန်ဝေ့မှာတော့ ထိုအခြင်းအရာအား သတိမပြုမိလိုက်ဘဲ
သူမ မေတ္တာရှိနေသောသူနှင့် မကြာမီတွင် တွေ့ဆုံရတော့မည်ဟု တွေးတောနေရင်း ဝတ်ရုံစအားတင်းကြပ်စွာ ဆုပ်ကိုင်ထားလျက်ရှိပေသည်။
နှစ်ယောက်သား အတွေးလွင့်နေကြချိန်မှာပင် အပြင်ဘက်မှ လှည်းမောင်းသူ၏အသံထွက်လာခဲ့သည်။
“ သခင်မလေးတို့ ... အိမ်တော်ကို ရောက်ပါပြီ”
" အရမ်းကောင်းတယ် "
ချန်ဝေ့က ပြန်လည်အသိစိတ်ကပ်သွားပြီး ချန်ရုံ၏လက်ကိုဆွဲကာ လှည်းပေါ်မှဆင်းလေ၏။တစ်ဖက်လူက အလျင်စလိုခုန်ဆင်းခဲ့သဖြင့် သူမ၏လျင်မြန်မှုကြောင့်သာမဟုတ်လျှင် ချန်ရုံမှာ သေချာပေါက်မြေပြင်ပေါ်သို့ပစ်လဲသွားခဲ့မည်ဖြစ်သည်။
လဲကျလုနီးပါးဖြစ်သွားသောချန်ရုံကြောင့် အနည်းငယ်နှောင့်နှေးသွားသဖြင့် ချန်ဝေ့တစ်ယောက် စိတ်မရှည်ဖြစ် နေ၏။သူမက ဝမ်းကွဲညီမ၏လက်ကိုလွှတ်ကာ ဆိုလာခဲ့လေသည်။
" အားရုံ ... ငါအဝတ်သွားလဲဦးမယ် "
ထို့နောက် ချန်ဝေ့မှာ အခင်းနေရာမှ ခပ်သုတ်သုတ်ထွက်ခွာသွားတော့၏။
ချန်ရုံမှာမူ ချန်ဝေ့၏ကျောပြင်ကိုစိုက်ကြည့်လျက် အတွေးများနေခဲ့သည်။
- ထူးထူးခြားခြား စိတ်အားထက်သန်နေတာပဲ ... ရန်မင်းက ချန်အိမ်တော်ကို တိုက်ရိုက်လာနေတာလား -
ချန်ရုံတစ်ယောက် ထိုအကြောင်းအားတွေးတောနေရင်းအရှေ့သို့ ဖြည်းညင်းစွာ လှမ်းသွားလေ၏။
လမ်းတစ်ဖက်တစ်ချက်ရှိ မြင့်မားသောသစ်ပင်ကြီးများက ကောင်းကင်ဆီသို့ရောက်လုမတတ် မိုးထိုးနေသည်။သစ်ရွက်ခြောက်များက လေတစ်ခါဝေ့တိုင်း မြေပြင်ပေါ်သို့ လွင့်စင်ကုန်ပြီး ချန်ရုံတစ်ယောက် ချမ်းစိမ့်စိမ့်ခံစားလိုက်ရ၏။သူမက ဝတ်ရုံကိုဆွဲကာ အင်္ကျီလက် အနားသတ်စများကို သိမ်းပတ်လိုက်ပြီး တောအုပ်ငယ်၏အစွန်းတစ်ဖက်ဆီသို့ လျှောက်လှမ်းသွားသည်။
သစ်ပင်များကြားထဲသို့ရောက်သောအခါတွင် လေထန်ခြင်းကအနည်းငယ်လျော့နည်းသွား၏။ချန်ရုံသည်လည်း ခြေလှမ်းများကို အရှိန်လျှော့လိုက်ပြီး သူမ၏အတွေးများကို ဆက်လက်စီးဆင်းစေသည်။
ခြေဦးတည့်ရာလမ်းလျှောက်ခဲ့ပြီး တစ်နာရီကျော်အကြာတွင် သူမ၏ဘယ်ဘက်ရှိ ကျောက်တုံးကြီးနောက်မှ မခို့တရို့ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ချန်ရုံက အသံလာရာဘက်သို့ လျှောက်လှမ်းသွားလိုက်၏။
ထိုအခါ ချန်ဝေ့၏အနည်းငယ်ရှက်ရွံ့ပုံရနေသောလေသံအား ဆက်ကြားလိုက်ရတော့သည်။
" ရန်တာကော ... ဒီတစ်ခါ ... ဒီတစ်ခါတော့... ”
ချန်ဝေ့မှာ အလွန်အမင်းရှက်သွေးဖြာနေကာ စကားများပါထစ်နေခဲ့ပြီး ထို့နောက်တွင်မူ ရန်မင်းဘက်မှ စိတ်မရှည်စွာပြောလာသည့်အသံပါ တစ်ပါတည်းထွက်ပေါ်လာသည်။
" ပြောချင်တာကိုတွေးပြီးမှ နောက်တစ်ခေါက်ပြန်လာပြော "
ရန်မင်း၏လေသံမှာ တင်းမာပြီး သူက စိတ်တိုနေပုံရလေ၏။ထိုအခါ နီမြန်းနေခဲ့သောချန်ဝေ့၏မျက်နှာသည်လည်း ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူမက ငိုကြွေးတော့သည်။
ရန်မင်းက တစ်ဖက်လူအား မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေ၏။များမကြာမီမှာပင် ချန်ဝေ့က သူ၏ဝတ်ရုံစအား ကိုင်ဆွဲလျက် ဆိုလာခဲ့သည်။
" မဟုတ် မဟုတ်ဘူး ... ညီမက ... "
ထိုအချိန်တွင် ချစ်စရာကောင်းပြီးကြည်လင်သောလေသံတစ်သံထွက်ပေါ်လာပြီး တစ်စုံတစ်ဦးက ချန်ဝေ့ကိုယ်စား ဝင်ပြောပေးလာ၏။
“တပ်မှူးရန် ... ကျွန်မရဲ့ဝမ်းကွဲက ရှင်ဒီတစ်ခေါက်ပြန်လာတာမှာ ဘယ်လောက်ကြာကြာနေဦးမှာလဲဆိုတာကို မေးချင်နေတာပါ "
" ဟုတ်တယ် ဟုတ်တယ် "
ချန်ဝေ့က ဝမ်းသာအားရဖြင့် ဝင်ရောက်ထောက်ခံလိုက်ပြီး သစ်တောအုပ်ထဲသို့လျှောက်လှမ်းလာသောချန်ရုံ့အား ကျေးဇူးတင်စွာ လှည့်ကြည့်လျက် မေးလာသည်။
" အားရုံ ... နင်က ဒီရောက်နေတာလား "
ချန်ရုံ စကားစလိုက်ကတည်းက ရန်မင်းမှာ သူမအား ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့၏။သူ၏မျက်ဝန်းများက ချန်ရုံ မှတ်မိထားသလိုပင် ဆွဲညှို့အားပြင်းလှပြီး အဆုံးမဲ့သောမီးများတောက်လောင်ကာ အောက်ခြေမရှိသည့် တွင်းနက်ကြီးတစ်ခုခိုအောင်းနေသကဲ့သို့ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်၌ ထိုမျက်ဝန်းများထဲမှ သိချင်စိတ်နှင့် စိတ်ဝင်စားမှုတို့၏အရိပ်အမြွက်များကို မြင်နိုင်ပါမည်လော။
ချန်ရုံက ခေါင်းမော့ပြီး ထိုအကြည့်များကို ရင်ဆိုင်လိုက်သည်။
သူမက ရန်မင်းအား တစ်ချက်သာကြည့်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် ချန်ဝေ့ထံသို့အကြည့်လွှဲကာ ပြုံးပြလျက်ဆိုလိုက်တော့၏။
" အားဝေ့ ... တပ်မှူးရန်က စစ်မြေပြင်မှာနေသားကျနေတဲ့သူမလို့ ရိုးရှင်းတာကိုပဲသဘောကျတာ ... နင်သူ့ကို ဒဲ့တိုးပဲပြောလို့အဆင်ပြေမှာ "
ထိုအခါချန်ဝေ့၏မျက်နှာကြီးက မည်းမှောင်သွားဝောာ့သည်။ကနဦးကတည်းက ရန်မင်းမှာ ချန်ရုံအားစိုက်ကြည့်နေခဲ့သည်ကို သူမ မြင်နေရ၏။ချန်ဝေ့မှာ မလိုမုန်းထားမှုများဖြင့်ပြည့်နှက်သွားခဲ့လေသည်။ထို့အပြင် အလိုက်တသိပြောလာသည့်ချန်ရုံ့အပေါ် ရန်မင်း၏အာရုံစိုက်နေမှုများအား သူမက သိသိသာသာပင် မနှစ်မြို့ဖြစ်လာခဲ့သည်။
ချန်ရုံမှာ အဘယ်ကြောင့် ဤလောက်အထိရဲတင်းနေပြီး သူမနှင့်အသက်မတိမ်းမယိမ်းလူငယ်တစ်ဦးအပေါ် ညုတုတုလုပ်နိုင်နေရပါသနည်း။
မလိုမုန်းထားဖြစ်မှု ၊ စိတ်သဘောထားကွဲလွဲမှုများဖြင့် ပြည့်နှက်နေသောချန်ဝေ့က ဆိုလာခဲ့သည်။
" တကယ်ကို နင့်ကိုလိုက်မမီတော့ဘူး .... မနေ့ညကပွဲမှာ လူတွေအများကြီးရှိနေတဲ့ကြားထဲက ဝမ်ချီလန်အတွက် ' ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား ' ကို တီးပြတယ် ... ဒါပေမဲ့ ငါကတော့ငါပဲလေ ... အဲ့လိုရှက်စရာကောင်းတာမျိုးကိုတော့ မလုပ်နိုင်ပါဘူး "
ထိုစကားအဆုံး၌ ရန်မင်းတစ်ယောက် မျက်မှောင်ကြုတ်သွားတော့သည်။ရန်မင်းက ချန်အိမ်တော်သူနှစ်ယောက်အား တစ်လှည့်စီကြည့်ရင်း သူ၏ချောမောသောမျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့်အရိပ်အယောင်များပေါ်ထွက်လာခဲ့၏။
ယခုအချိန်၌ ချန်ဝေ့မှာ သူမ၏စကားလုံးများအပေါ် နောင်တရလာခဲ့သော်လည်း ရန်မင်းမှာမူ စကားတစ်ခွန်းမှ မပြောဘဲ အကြီးအကဲများစုဝေးနေကြသောမြက်ခင်းပြင်ဆီသို့ လှည့်ထွက်သွားတော့သည်။
ထိုအခါ ချန်ဝေ့တစ်ယောက် အလွန်ဒေါသထွက်သွားပြီး သူမက ခြေဆောင့်လျက် ချန်ရုံအား မဲတော့လေ၏။
" နင်-နင်-နင်က ဘာကိစ္စ ပေါ်လာရတာလဲ ... နင့်ကြောင့် တပ်မှူးရန် ငါ့ကိုစိတ်ဆိုးသွားပြီ "
ထိုအခါချန်ရုံက သူမအားတစ်ချက်ကြည့်ပြီး နံဘေးတွင်လာရပ်၍ ခပ်တိုးတိုး ပြောလေသည်။
" အားဝေ့ .... ငါကအဆင်ပြေအောင်ကူညီပေးဖို့ပဲ ကြိုးစားနေတာလေ ... နင်က ငါ့အပေါ်ဘာလို့ဒီလောက်ထိ ရင့်သီးနေတာလဲ ... တပ်မှူးရန်လို ယောက်ျားတစ်ယောက်က ဗရုတ်သုတ်ခဆန်တဲ့မိန်းကလေးတွေကို မကြိုက်ဘူး ”
ယင်းစကားအားပြောအပြီးတွင် ချန်ရုံက အခင်းနေရာမှထွက်ခွာသွားတော့၏။ထိုအခါ အနောက်၌ကျန်ရစ်နေခဲ့သောချန်ဝေ့က ဒေါသတကြီးဆိုလေသည်။
“ နင့်ကိုယ်နင် ဘာထင်နေလဲ ... ဘယ်သူက တပ်မှူးရန်ရှေ့မှာ တော်ချင်ယောင်တတ်ချင်ယောင်ဆောင်ဖို့ ပြောထားလို့လဲ "
၎င်းစကားများကိုကြားသော်လည်း ချန်ရုံမှာ သူမ၏ခြေလှမ်းများအား မရပ်တန့်ဘဲ အိမ်တော်ဆီသို့ပြန်သွားရန်သာ ရည်ရွယ်ထားခဲ့သည်။
ထိုအချိန်၌မြက်ခင်းပြင်ပေါ်တွင် ထိုင်လျက် မိန်းမပျိုကလေးများ၏အကအလှကိုခံစားကြည့်ရှုနေသောချန်ယွမ်က ချန်ရုံအား ရုတ်တရက်လှမ်းခေါ်လေ၏။
" အားရုံ ... ဒီကိုလာ "
ချန်ရုံ၏ခြေလှမ်းများက တုံ့ဆိုင်းသွားသည်။
ထို့နောက်သူမက အသံလာရာဘက်သို့လှမ်းမော့ကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းများကိုခပ်သာသာတွန့်ချိုးကာ တစ်ဖက်လူအား ပြုံးပြလိုက်လေ၏။ထို့နောက်တွင်မူ ချန်ရုံသည် သူမ၏လက်များအား ခပ်တင်းတင်းဆုပ်ထားလျက် ခေါင်းငုံ့ကာ ချန်ယွမ်ရှိရာဘက်သို့ ဦးတည်သွားခဲ့သည်။
ချန်ရုံရောက်သွားချိန်၌ချန်စူးမှာ ရန်မင်းနှင့် ပျော်ရွှင်တက်ကြွစွာ စကားစမြည်ပြောနေလျက်ရှိသည်။
“တပ်မှူးရန် ... အဲ့ဒီကောင်မလေးက အားဝေ့လေ ... ၁၆နှစ်ပြည့်ဖို့ လနည်းနည်းပဲလိုတော့တာ ... စောစောကစကားပြောကြည့်ခဲ့တယ်မလား ... ဘယ်လိုလဲ ... သဘောတွေ့ရဲ့လား "
ချန်စူး၏လေသံမှာ အလွန်ပင်ကြည်နူးနေပြီး သူက မည်သည့်အဓိပ္ပါယ်မှ မပါဝင်ဘဲ အမှုမဲ့အမှတ်မဲ့မေးမြန်းလိုက်ခြင်းသာဖြစ်လေ၏။
သို့သော်လည်း ရန်မင်းက ချက်ချင်းပြန်မဖြေသေးဘဲ ယာမကာကိုသာ ဦးစွာမော့သောက်လိုက်ပြီး အချိန်အနည်းငယ်ကြာသောအခါမှ တုံ့ပြန်လာခဲ့သည်။
" ဒီကိစ္စကို နောက်တစ်ခေါက်မှ ပြောကြရအောင်ပါ "
ထိုစကားက လူတိုင်းကို အံ့အားသင့်သွားစေပြီး ချန်စူးသည်လည်း အံ့ဩတကြီးဖြစ်သွားသည်။ချန်ရုံသည်ပင်လျှင် ခေါင်းထောင်၍ ရန်မင်းအား ကြည့်မိသွားလေ၏။
ထိုအချိန်တွင် ချန်ရုံ့ထံ၌အာရုံရှိနေခဲ့သောချန်ယွမ်က ရန်မင်းရှိရာဘက်သို့ အကြည့်လွှဲကာ အားမလိုအားမရဖြစ်နေဟန်ဖြင့် မေးလာသည်။
"ဘာကိုဆိုလိုတာလဲ တပ်မှူးရန်ရဲ့ "
“ဒီနေ့ အိမ်ထောင်ရေးအကြောင်း မပြောချင်ဘူး”
ရန်မင်းက သူ့ခွက်ကို စားပွဲပေါ်ပြန်တင်ကာ တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်၏။
အရပ်လေးမျက်နှာလုံး ငြိမ်သက်သွားသည်။
အားလုံးက သို့လောသို့လော အကြည့်ချင်းဆုံနေခဲ့ကြ၏။
ချန်အိမ်တော်ဘက်မှ ရန်မင်းကို ဦးစွာဖိတ်ကြားခဲ့ပြီး သူက လည်း ဖိတ်ခေါ်မှုကို လက်ခံသည်။နှစ်ဦးနှစ်ဖက်ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းပေ၏။ဆိုလိုသည်မှာ ချန်မျိုးနွယ်စုက ၎င်းတို့၏သမီးမိန်းကလေးများထဲမှ တစ်ဦးကို ရန်မင်းနှင့်ထိမ်းမြားပေးလိုနေပြီး ရန်မင်းကလည်းသဘောတူညီခဲ့သည်။ နန်ယန်သို့သွားရာလမ်းတွင် ချန်ယွမ်သည် ရန်မင်းအား ချန်ဝေ့အကြောင်း မပြောပြခဲ့ဖူး၍လော။
နန်ယန်များအားလုံးနှင့် မင်းသားတို့အပြင် ချန်မျိုးနွယ်တို့မှာ အထင်ရှားဆုံး အထက်တန်းလွှာများဖြစ်ကြသည်။
ဆိုလိုသည်မှာ ဤပေါင်းစည်းမှုက ချန်အိမ်တော်နှင့်ရန်မင်းတို့ကြားတွင်သာ ပတ်သတ်နေသည်မျိုးမဟုတ်ပေ။ မင်းသားဘက်မှ တိတ်တဆိတ်သဘောတူညီထားခြင်းမျိုးဖြစ်သည့်အတွက် နန်ယန်နှင့်ရန်မင်းတို့ကြားတွင်လည်း ဆက်နွှယ်မှုရှိနေလေသည်။
ရန်မင်းသည်လည်း အိမ်တော်အထိရောက်လာခဲ့ပြီး ချန်ဝေ့နှင့်တွေ့ဆုံစကားပြောခဲ့၏။ယခုတွင်မူ သူ့ထံ၌ အခြားအတွေးများရှိပါသေးသည်ဟု ဆိုလိုချင်နေခြင်း ဖြစ်သလော။
ရန်မင်းက ခေါင်းမော့ပြီး အံ့အားသင့်နေသော လူအုပ်ကြီးနှင့် အကြည့်ချင်းဆုံလိုက်သည်။
ချောမောသောသူ့မျက်နှာက ဆွဲဆောင်မှုအပြည့်ရှိနေပြီး
ပြုံးလိုက်ချိန်၌မူ လူအများအား ရင်တလှပ်လှပ်ဖြစ်သွားစေ၏။ရန်မင်းက ယာမကာတစ်ခွက်ကိုငှဲ့နေရင်းအေးအေးလူလူပြောလာသည်။
“လူကြီးမင်း ... ဒီလိုမလုပ်ပါနဲ့ .... လူကြီးမင်းရဲ့မိသားစုမှာ အားဝေ့ဆိုတဲ့ သမီးမိန်းကလေးတစ်ယောက်ပဲရှိတာလည်းမဟုတ်ဘူး .... အိမ်ထောင်ရေးကို သေချာစဉ်းစားတာက အကောင်းဆုံးပဲ”
တမင်ရည်ရွယ်သည်ဖြစ်စေ ၊ မရည်ရွယ်သည်ဖြစ်စေ
ရန်မင်း၏အကြည့်များက ချန်ရုံ့ဆီသို့ရောက်လာခဲ့၏။
ရန်မင်းက ပြောပြောဆိုဆိုဖြင့် ယာမကာတစ်ကျိုက်မော့လိုက်သည်။ထို့နောက် သူက ခွက်အလွတ်ကို စားပွဲပေါ်ပြန်တင်ကာ လက်ဝတ်ရုံစကိုခါယမ်းလိုက်ပြီး အခင်းနေရာမှ ထထွက်သွားခဲ့၏။
ရန်မင်း ခပ်ဝေးဝေးသို့ရောက်သွားသောအခါမှ ချန်ယွမ်က မကျေနပ်စွာဖြင့်အံ့ဩတကြီး ရေရွတ်လာခဲ့သည်။
“သူက မျိုးရိုးနာမည်တောင်မရှိတဲ့ အညတရကောင်ပဲ...သူ့ရဲ့ ကာကွယ်ပေးနိုင်စွမ်းကြောင့်သာမဟုတ်ရင် ဘယ်အထက်တန်းလွှာက မျက်စိကျမှာလဲ ... ချန်မျိုးရိုးထဲက တရားဝင်သမီးနဲ့ ထိမ်းမြားချင်ရုံသပ်သပ်နဲ့ ကျုပ်တို့ချန်ဝေ့ကို အငယ်အနှောင်းဖွားဆိုပြီး ငြင်းတယ်လို့တော့လာမပြောနဲ့ ... ထဝီ ...ချန်အိမ်တော်က တရားဝင်သမီးတွေက မင်းညီမင်းသားတွေ မင်းမျိုးမင်းနွယ်တွေနဲ့ပဲထိုက်တန်တာ ... ဒီကောင်က ကိုယ့်နောက်ခံကိုယ်ပြန်သုံးသပ်ဖို့လိုနေပြီ "
Xxxxxx