အပိုင်း ၃၆
Viewers 18k

Chapter 36


လက်ဝါးရာ

ချန်ယွမ်တစ်ယောက်ဒေါသူပုန်ထနေချိန်တွင် ယခုလေးတင်ပြန်ရောက်လာခဲ့သည့်ချန်ကုန်းရန်းက ခန္ဓီပါရမီပြည့်ဝဟန်ဖြင့်ပြုံးကာ အေးအေးလူလူဆိုလာခဲ့သည်။

"သမီးတစ်ယောက်ရဲ့အိမ်ထောင်ရေးကို ဘာလို့ ဒီလောက်ထိ ဝင်ပါနေရတာလဲ"

မိသားစုတွင်း၌ ချန်ကုန်းရန်းမှာ သြဇာကြီးမားလှသဖြင့် ချန်ယွမ်က ချက်ချင်းဦးညွှတ်ကာ ပြန်လည်ဖြေကြားလာ၏။

 " အစ်ကိုကြီး ပြောတာမှန်ပါတယ် " 

 " ရန်မင်းက အကြောက်တရားမရှိဘူး ... ပြီးတော့ထက်မြက်ပြီး ရည်မှန်းချက်ကြီးတယ် ... အဲ့လိုလူမျိုးက သူ့ကို ထိန်းချုပ်တာမျိုးကို ကြိုက်မှာမဟုတ်ဘူး ... ငါတို့အိမ်တော်နဲ့ သူ့ကြားထဲက ထိမ်းမြားမှုတစ်ခုပဲကို မင်းကဘာလို့ဒီလောက်အလျင်လိုနေရတာလဲ"

ချန်ကုန်းရန်းက သူ၏မုတ်ဆိတ်မွေးများကို ခပ်ဖွဖွပွတ်သပ်နေလျက် ချန်ယွမ်အားကြည့်ပြီး မှတ်ချက်ပြုလာခဲ့သည်။

ချန်ယွမ်မှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားခဲ့၏။ဤသည်မှာ သူသည် သူ့သမီး၏ထိမ်းမြားမှုနှင့်ပတ်သက်လျှင် အကဲပိုလွန်းသည့်အကြောင်းအား ချန်ကုန်းရန်းက ပညာရှိနည်းဖြင့် သဘာဝကျကျထောက်ပြသွားခြင်းဖြစ်လေသည်။

ရန်မင်းဘက်မှ ချန်မျိုးရိုးမိန်းကလေးတစ်ယောက်အားထိမ်းမြားမည်ဖြစ်သရွေ့ သူရွေးချယ်မည့်လူတန်းစားက သိပ်၍အရေးမပါလှချေ။

ထို့နောက်တွင် ချန်ကုန်းရန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးမျက်လုံးမှိတ်ကာ တေးဂီတဖျော်ဖြေတင်ဆက်မှုကို နားဆင်ခံစားနေသည်။ချန်ကုန်းရန်း၏နှုတ်ဆိတ်နေခြင်းမှာ ဤအရေးနှင့်ပတ်သက်သည့် စကားဝိုင်းက ပြီးဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြလျက်ရှိသဖြင့် ချန်ယွမ်သည်လည်းသူ့ထံမှ အကြည့်လွှဲလိုက်တော့သည်။

ထို့နောက် ချန်ယွမ်မှာ ချန်ရုံ့ဆီသို့အာရုံပြန်ရောက်သွားခဲ့ပြီး သူက တစ်ဖက်လူအား လက်ယပ်၍ခေါ်ကာ အနားနားသို့ ပို၍တိုးကပ်လာစေသည်။

ချန်ယွမ်မှာ မျက်မှောင်ကြုတ်လျက်ရှိပြီး သူသည် ယခုအချိန်၌ စိတ်မကြည်ဖြစ်နေ၏။ချန်ရုံ၏အမြင်၌မူ သူ့ပုံစံမှာဒေါသထွက်နေပုံပေါ်လေသည်။

 "အားရုံ ... မင်းကိုဘာလို့ခေါ်လိုက်တာလဲသိလား" ချန်ယွမ်က အေးစက်စွာမေးလာခဲ့သည်။

"ဟုတ်ကဲ့ "

" သိတယ်ပေါ့ ... ဒါဆိုပြောစမ်းပါဦး "

 "မနေ့ညက ကိစ္စအကြောင်းပြောမလို့မလား ဦးရီးတော် " 

ချန်ရုံက သူမ၏နှုတ်ခမ်းများအား ခပ်တင်းတင်းစေ့ထားခဲ့ရာမှ တွန့်ဆုတ်စွာ ဆိုလာခဲ့၏။

" ဒါဆို သိတာပေါ့ ... "

ချန်ယွမ်က အရွဲ့တိုက်လျက်ရယ်မောပြီး လက်ခုပ်ထတီးလေသည်။ထို့နောက်သူက တစ်စုံတစ်ရာကိုတွေးမိသွားခဲ့ပြီး စကားဆက်လာပြန်၏။

 "မင်းအဖေက မင်းကို ဘယ်လိုသင်ပေးခဲ့သလဲဆိုတာကိုတကယ်မသိတော့ဘူး ... ဒီလောက် အရှက်မဲ့တဲ့လုပ်ရပ်ကို ဘယ်လိုတောင်လုပ်နိုင်ရတာလဲ ... ချီလန်သာ သဘောထားကြီးမပေးခဲ့ရင် ချန်အိမ်တော်သားတွေရဲ့မျက်နှာကတော့ ရစရာမရှိလိုက်မဲ့ဖြစ်လေခြင်း ... "

ချန်ယွမ် ဆူပူနေချိန်တွင် ချန်ရုံမှာ ခေါင်းငုံ့လျက်သားရှိနေခဲ့သည်။သူမ၏မျက်နှာထက်၌ မထီမဲ့မြင်ဆန်သောခပ်ယဲ့ယဲ့အပြုံးတစ်ခုရှိနေသော်လည်း ချန်ရုံမှာ မည်သည်ကိုမှ ပြန်လည်ချေပပြောဆိုခြင်းမပြုပေ။

အချိန်အနည်းငယ်ခန့် တရစပ်ကြိမ်းမောင်းပြီးနောက်တွင် ချန်ယွမ်တစ်ယောက် မောဟိုက်သွားသည်။

" ဒီည နန်ယန်မင်းသားရဲ့အိမ်တော်မှာ ညစာစားပွဲရှိတယ် ... ငါနဲ့လိုက်ခဲ့ရမယ် "

" မလိုက်ပါဘူး "

ချန်ရုံ၏စကားအဆုံး၌ လူတိုင်းကျောက်ရုပ်ပမာဖြစ်သွားကြပြီး ချန်ကုန်းရန်းသည်ပင်လျှင် မျက်စိများကို ပြန်ဖွင့်လာခဲ့၏။

ချန်ယွမ်၏ပိန်ပါးသောမျက်နှာမှာ ယခု၍မူ ရှုံ့တွ‌နေသည်။

" အခု ဘာပြောလိုက်တာလဲ "

ထိုအခါချန်ရုံက ခေါင်းကိုဖြည်းဖြည်းချင်းမော့လျက် ချန်ယွမ်နှင့်အကြည့်ချင်းဆုံပြီး အတိအလင်းပြန်ဖြေလာသည်။

 " ဦးရီးတော်နဲ့ ဘယ်ညစာစားပွဲကိုမှ လိုက်မှာမဟုတ်ပါဘူး" 

စကားဆုံးသည်နှင့် သူမက မတ်တပ်ထရပ်လိုက်တော့၏။

ချန်ယွမ်မှာ တစ်ဖက်လူက ဤကဲ့သို့ပြန်ခံပြောလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ယခု၌မူ ထိုကလေးမက စားပွဲဝိုင်းမှပါ ထလျက်သားရှိနေသည်။ချန်ယွမ်တစ်ယောက် အလွန်အမင်းဒေါကန်သွားခဲ့ပြီး သူက စားပွဲကို ဒုံးခနဲထုပစ်လိုက်တော့၏။ပေါက်ကွဲတော့မည့်ဆဲဆဲတွင် နံဘေးမှ ချန်ကုန်းရန်းက ဝင်ရောက်ဖြန်ဖြေပေးလာခဲ့သည်။

 "မင်းက ကလေးနဲ့ စကားပြောနေတာလေ ... ဒေါသထွက်စရာ အကြောင်းမရှိပါဘူး ”

ချန်ယွမ်မှာ တလိပ်လိပ်တက်လာနေသောဒေါသများကို ချုပ်တည်းလိုက်ရပြီး သူက ချန်ရုံ့အား ခပ်ဆတ်ဆတ်ပြောလာခဲ့သည်။

" နောက်တစ်ခါပြန်ပြော "

ချန်ရုံမှာ မျက်လွှာချထားသော်လည်း သူမ၏ကျောပြင်ကတော့ ဖြောင့်စင်းနေလျက်ရှိ၏။

“တောင်ပိုင်းကိုလာတဲ့လမ်းခရီးမှာ ကျွန်မက ဝမ်မျိုးရိုးတွေကို ဒုက္ခသည်တွေရဲ့အကြောင်းကို အရင်ဆုံးသတိပေးခဲ့တာ ... မိုးခေါင်ကာလရောက်တော့မဲ့အကြောင်းကိုလည်း သာမန်လူတွေထက်ကြိုသိခဲ့တယ်... ဖူမြို့ကို ရောက်တော့လည်း ရိက္ခာစုဆောင်းဖို့ပြောခဲ့ပေမဲ့ တော်တော်များများက လိုက်မလုပ်ကြဘူး ... ကျွန်မမှာ ထက်မြက်ပြီး ထူးခြားတဲ့ ဉာဏ်ပညာနဲ့ အလှတရား ၊ နှစ်မျိုးစလုံး ရှိပြီးတော့ အရည်အချင်းပြည့်ဝတဲ့သူနဲ့လက်ထပ်ဖို့ လုံးဝ သင့်တော်တယ်လို့ ပြောရဲပါတယ် ”

 ပတ်ဝန်းကျင်တစ်ခွင်လုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ချန်ယွမ်တစ်ယောက် အကြီးအကျယ်ပင် အံ့အားသင့်သွားပြီး သူက ချန်ရုံအား လက်ညိုးငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းတော့မည့်ဆဲဆဲတွင် ချန်ကုန်းရန်းက ထရယ်လာခဲ့၏။

 “ဒီကောင်မလေးက ယုံကြည်ချက်အပြည့်ရှိတာပဲ ... ဟုတ်ပြီ ကလေးကို စိတ်ဆိုးမနေနဲ့တော့ "

ချန်ကုန်းရန်းက ချန်ယွမ်ရှိရာဘက်သို့လှည့်ပြီးတစ်ဆက်တည်းပြောလိုက်သည်။

" သွားလို့ရပြီ "

"မှန်လှပါ "

ချန်ရုံက ခါးမတ်၍ယင်းနေရာမှထွက်ခွာလာခဲ့ပြီး စိမ်းလန်းသောလမ်းတစ်လျှောက်အတိုင်း လျှောက်လှမ်းသွားခဲ့သည်။သူမက ရွက်ဝါခြောက်များကို နင်းဖြတ်နေစဉ်တွင် နှုတ်ခမ်းကိုက်လျက် အတွေးများနေခဲ့လေ၏။

- ဒီကိုလာတဲ့လမ်းခရီးမှာ ချန်ယွမ်က ငါ့ကို သူ့အိမ်သားအဖြစ် လက်ခံခဲ့တယ် ... အဖေနဲ့အစ်ကို ပြန်မလာမချင်း သူက ငါ့ရဲ့အုပ်ထိန်းသူဖြစ်ပြီးတော့ ငါ့ကိစ္စအားလုံးကို တိုက်ရိုက်ဆုံးဖြတ်နိုင်တယ်လို့ ပြောလို့ရတယ် ... ချန်ကုန်းရန်းကလည်း သူဆုံးဖြတ်သမျှကို ဝင်ပြောမှာမဟုတ်ဘူး ... သူက ငါ့ကို နန်ယန်မင်းသားဆီ ခေါ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ ... ဘယ်လိုလုပ်ရမလဲ -

ရုတ်တရက် သူမက ရန်မင်းကိုတွေးမိသွားသည်။

- ရန်မင်းက အရမ်းထူးဆန်းနေတယ် ... သူ့လေသံကို နားထောင်ကြည့်ရင် ထိမ်းမြားတာကို သိပ်စိတ်မပါသလိုပဲ 

... အရင်တုန်းကတော့ သူက အိမ်တော်ကိုလာပြီး ခယ‌ခဲ့ပေမဲ့ ငါ့ဝမ်းကွဲအစ်မနဲ့ ထိမ်းမြားခွင့်မရခဲ့ဘူး ... အဲ့လိုသာမဖြစ်ခဲ့ရင် ငါလည်းအခွင့်အရေး ရခဲ့မှာမဟုတ်ဘူးပဲ -

ပြေးလွှားနေသောအတွေးများနောက်သို့ အမှီလိုက်နေစဉ်တွင် အရိပ်တစ်ခုက သူမ၏ရှေ့မှ မြင်ကွင်းအား ရုတ်တရက် ဖုံးကွယ်သွားခဲ့သည်။

ချန်ရုံမော့ကြည့်လိုက်သောအခါ မျက်ရည်များတွင်တွင်စီးကျနေသောချန်ဝေ့အား အံ့အားသင့်စွာတွေ့လိုက်ရ၏။

 ဝမ်းကွဲညီအစ်မနှစ်ဦး အကြည့်ချင်းဆုံနေစဉ်မှာပင် ချန်ဝေ့က သူမ၏ညာလက်ကို မြှောက်ပြီး ချန်ရုံ၏ပါးပြင်အား ရိုက်ချလိုက်တော့သည်။

ပါးရိုက်သံက ပြင်းထန်ပြီး တိကျသည်။ ချက်ချင်းဆိုသလိုပင် ချန်ရုံ၏ဘယ်ဘက်ပါးပြင်၌ လက်ဝါးရာနီနီရဲရဲတစ်ခု ပေါ်ထွက်လာ၏။

ချန်ဝေ့က ပါးရိုက်ပြီးစဉ်တွင် ချန်ရုံ၏တုံ့ပြန်မှုကို မစောင့်ဘဲ မျက်ရည်များဖြင့်ပြည့်နှက်နေသောသူမ၏မျက်နှာကိုဖုံးအုပ်ကာ ကျောက်စရစ်လမ်းအတိုင်း ချာခနဲလှည့်ထွက်သွားတော့သည်။

ချန်ရုံမှာ ထိတ်လန့်မှုနှင့် ဒေါသများထံမှ ပြန်လည်အသိစိတ်ဝင်လာခဲ့ပြီး ချန်ဝေ့ထွက်ခွာသွားသည့် လမ်းကြောင်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူမ၏ဘယ်ဘက်ပါးပြင်ကို လက်ဖြင့်အုပ်မိုးထားလေ၏။

အချိန်အတော်ကြာပြီးနောက်တွင် သူမက အေးစက်စွာပြုံးပြီး အသံတိတ်တွေးလိုက်သည်။

- နင် ရန်မင်းကိုကြိုက်တာ ငါသိတယ် ... ငါ နင့်ကိုမုန်းခဲ့ပေမဲ့ ကလဲ့စားချေဖို့ မဆုံးဖြတ်ထားဘူး ... အခုတော့ ... - 

ချန်ရုံ လှည့်ကြည့်လိုက်ချိန်တွင် လမ်းတစ်ဖက်တစ်ချက်ရှိ အစေခံများက သူတို့၏စူးစူးဝါးဝါးမျက်လုံးများကိုမြေပြင်ဆီသို့ အကြည့်လွှဲလိုက်ကြသည်။

ချန်ရုံက ဂရုမစိုက်ဘဲ သူမ၏ခြံဝင်းဆီသို့သာ လျှောက်လှမ်းသွား၏။လမ်းတစ်လျှောက်တွင် ဖြတ်သွားဖြတ်လာများက လှည့်ကြည့်လာကြပြီး သူမ၏မျက်နှာပေါ်ရှိ လက်ဝါးရာအား သတိပြုမိသွားကာ ထိုသူတို့၏မျက်ဝန်းများထဲ၌မူ စူးစမ်းလိုစိတ်များ ပြည့်လျှံလာသည်။

အားလုံးက ချန်ရုံ့ထံသို့သာ အကြည့်ရောက်နေခဲ့ကြပြီး

သူမ၏အနောက်မှလိုက်၍ ရယ်မောပြက်ရယ်ပြုနေသည့် ရွှတ်နောက်နောက်လူအချို့လည်းရှိခဲ့သည်။

ချန်ရုံတစ်ယောက် သူမ၏ခြံဝင်းပေါက်ဝသို့ရောက်သွားချိန်၌ အထိန်းတော်ဖျင်က အမြန်ပြေးထွက်လာခဲ့၏။အစောပိုင်းက အပြင်ဘက်တွင် အသံဗလံများကြားခဲ့ရပြီး ယခု၌မူ သူမမှာ ချန်ရုံ့အား အနီးကပ်ကြည့်ရှုရင်း နီရဲနေသောမျက်နှာကိုလှမ်းကိုင်ကာ စိတ်ပူစွာဖြင့် မေးမြန်းလာခဲ့သည်။

 “သခင်မလေး ဘာဖြစ်သွားတာလဲ ... သခင်မလေးကို ဘယ်သူရိုက်တာလဲ ”

 ပုံမှန်အခြေအနေနှင့်မတူညီစွာပင် ချန်ရုံက ထို၏လက်များကို ဆုပ်ကိုင်ထားခဲ့ပြီး ငိုမဲ့မဲ့လေသံဖြင့် တိုးညင်းစွာဆိုလာလေ၏။

 “ဘာမှမဟုတ်ပါဘူး ... စောစောက တပ်မှူးရန်ရောက်လာတယ် ... ကျွန်မကဟိုမှာ ရပ်နေတာ "

ချန်ရုံက ပြောပြောဆိုဆိုဖြင့် ရှိုက်ငို‌လိုက်သည်။

လူတိုင်း၏မျက်နှာပေါ်တွင် အခြေအနေအား နားလည်သဘောပေါက်သွားသည့် အငွေ့အသက်များ ပေါ်ထွက်လာတော့၏။

ချန်ရုံ၏ခြံတံခါးပိတ်သွားပြီးနောက်ပိုင်းတွင်မူ သို့လောသို့လော အတင်းအဖျင်းပြောနေကြသံများ ထွက်ပေါ်လာတော့သည်။

 "တပ်မှူးရန်က အားဝေ့ကို ငြင်းတယ်လို့ ကြားတယ်"

 "ဒါဆို အားဝေ့က အားရုံကို ဘာလို့ ပါးရိုက်လိုက်တာလဲ"

 "တပ်မှူးရန်က အားရုံကို မျက်စိကျသွားပြီး စိတ်ပြောင်းသွားလို့များလား ... ပြောစရာတောင်လိုမနေဘူး ... အားရုံက သေးသေးသွယ်သွယ်ခါးလေးနဲ့ အရမ်းကြည့်ကောင်းတာလေ ... ငါသာတပ်မှူးရန်ဆိုလည်း အားရုံကိုပဲရွေးမှာ”

 " ဘာတွေပေါက်ကရပြောနေတာလဲ ...အားရုံက ဘယ်လိုအခြေအနေမလို့လဲ ... ကိုယ်လုပ်တော်အဖြစ်သိမ်းသွင်းခံရတာကို အသာထား ...တပ်မှူးရန်က သူ့အတွက်နဲ့ အားဝေ့ကို ဘယ်လိုလုပ်ပြီးတော့ လက်လွှတ်မှာလဲ ... အားဝေ့က တပ်မှူးရန်နဲ့ကိစ္စကို စိတ်မကြည်လို့ အားရုံအပေါ် အကုန်ပုံချပစ်တယ်ထင်တာပဲ "

“အဲ့လိုဖြစ်မယ်ထင်တယ် ... အားရုံရဲ့ အနေအထားအရဆိုရင် ဒီမှာရှိတဲ့ ဘယ်သူမဆို သူ့အပေါ် ဒေါသပုံချလို့ရတယ် ... ဘယ်လိုပဲဖြစ်ဖြစ် အားဝေ့အနိုင်ကျင့်ရဲတဲ့သူကလည်း အားရုံတစ်ယောက်ပဲရှိတာဆိုတော့ ”

Xxxxx