အပိုင်း ၃၇
Viewers 18k

Chapter 37


ဖိတ်ကြားခြင်း

အဆောင်တော်သို့ပြန်ရောက်ချိန်၌ အထိန်းတော်ဖျင်က ချန်ရုံ၏မျက်နှာအား အဝတ်အေးတစ်ခုဖြင့် အုပ်ပေးနေသည်။ထိုအချိန်တွင် အထိန်းတော်ဖျင့်ခမျာ မျက်ရည်များစီးကျလာတော့၏။

" မမ‌လေးရဲ့ခမည်းတော်နဲ့အစ်ကိုတော်တို့ မရှိတာကိုပဲ အပြစ်တင်ရတော့မှာပဲ ... သူတို့သာဒီမှာရှိနေရင် ကျွန်မတို့ ထွက်သွားလို့ရသေးတယ် "

 "အထိန်းတော်ဖျင် မငိုပါနဲ့"

" ဟုတ်ကဲ့ပါ ... မငိုတော့ပါဘူး မငိုတော့ဘူး" အထိန်းတော်ဖျင်က ခေါင်းညိတ်လျက် အားတက်သရော ဖြေကြားလာသည်။

 ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာခဲ့ပြီး တံခါးအပြင်ဘက်ရှိ အဖိုးစွင်းက ချီတုံချတုံဖြစ်နေသောလေသံဖြင့် ပြောလာခဲ့၏။

" သခင်မလေး "

 " ဘာဖြစ်လို့လဲ "

တစ်ဖက်လူဘက်မှ တုံ့ပြန်မှုမရရှိသဖြင့် ချန်ရုံမှာကျဥ်းတည်းကျပ်တည်းဖြစ်နေသောအခြေအနေအား ရိပ်စားမိသွားသည်။

 " ဒီတိုင်းပြောလိုက်ပါ ... ဘာပဲဖြစ်ဖြစ် "

" ဟုတ်ကဲ့ "

သို့သော်လည်းအဖိုးစွင်း၏လေသံမှာတုန်ယင်နေသေးကာ သူက အချိန်အနည်းငယ်ခန့် အားယူလိုက်ပြီးနောက် လိုရင်းကို ပြောပြလာခဲ့သည်။

" သခင်ကြီးက အဆောင်တော်တစ်ခုချင်းစီကို အစေခံငါးယောက်ချင်းစီထုတ်ပစ်ဖို့ အမိန့်ပေးလာပါတယ် "

 " ဘာဖြစ်လို့လဲဆိုတာကိုရော ပြောပြလိုက်သေးလား "

" မပြောပါဘူး သခင်မလေး "

ချန်ရုံက အလေးအနက်တွေးတောသုံးသပ်နေခဲ့ချိန်တွင် အထိန်းတော်ဖျင်က စိုးရိမ်တကြီးဆိုလာခဲ့သည်။

" သခင်မလေး ... အခု ဘယ်လိုလုပ်ကြမလဲ "

ချန်ရုံမှာ အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့ အဘယ်ကြောင့် ဤမျှလောက်အထိထိတ်လန့်နေရသည်ကို ကောင်းစွာနားလည်၏။ယခု၌ သူမထံတွင် အစေခံ ဆယ့်ငါးယောက်ရှိသည်။ထိုဆယ့်ငါးယောက်စလုံးမှာ သူမထံတွင် နှစ်ရှည်လများ အမှုထမ်းခဲ့ကြပြီး တောင်ဘက်သို့ရွှေ့ပြောင်းလာချိန်အထိ တစ်လျှောက်လုံး သစ္စာစောင့်သိခဲ့ကြသူများဖြစ်သည်။သူတို့ကြားမှ သံယောဇဉ်က ခိုင်မာလှပြီး ဤနေရာအထိရောက်ရန် လွယ်ကူမနေခဲ့ချေ။

ယခုအချိန်၌ ထိုလူများထဲမှ တချို့တဝက်ကို အတင်းအကြပ်မောင်းနှင်ပယ်ထုတ်ရန် ဖိအားပေးခြင်းခံနေရလေပြီ။ကြီးမားသောမျိုးနွယ်စု၏ပံ့ပိုးကူညီမှုသာမရှိလျှင် ထိုလူများသည် အိမ်တော်တံခါးအပြင်သို့ထွက်ရသည်နှင့်တစ်ပြိုင်နက် အိုးမဲ့အိမ်မဲ့များ ဖြစ်သွားလေမည်။

ချန်ရုံက မျက်နှာသုတ်ပုဝါကိုယူလိုက်ပြီး မျက်နှာပေါ်တွင် အုပ်ကိုင်ကာ " စိုးရိမ်နေစရာမလိုပါဘူး " ဟု အေးအေးလူလူပြောလာ၏။

ထိုအခါ အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့မှာ သူမအားတစ်ချိန်တည်းတွင်စိုက်ကြည့်လာပြီး ငြိမ်သက်နေကြတော့သည်။

 “အဖိုးစွင်း ... ကျွန်မဆီကအစေခံတွေကို အဖိုးအခပေးဆောင်ဖို့ မျိုးနွယ်စုရဲ့အကူအညီကို မယူတော့ပါဘူး လို့ဘဏ္ဍာစိုးကို သွားပြောပါ ... ကျွန်မကိုယ်တိုင်တာဝန်ယူမယ်လို့ "

 "သခင်မလေး ... မျိုးနွယ်စုက ဘယ်တုန်းကမှ ကျွန်မတို့ကိုမကူညီခဲ့ဘူး "  

အထိန်းတော်ဖျင်က မကျေမချမ်းဖြစ်နေသောလေသံဖြင့် ဝင်ရောက်ထောက်ပြလာသောအခါ ချန်ရုံက ပြုံးသည်။

" အထိန်းတော်ဖျင်ပြောတာ မှန်ပါတယ် ... သူတို့က ကျွန်မတို့ကို ဘယ်တုန်းကမှ မကူညီဖူးဘူး ... အဖိုးစွင်း ...ဘဏ္ဍာစိုးဘက်က စစ်စစ်ပေါက်ပေါက်မေးလာခဲ့ရင် 

 'ကျွန်တော်တို့ရဲ့ သခင်မလေးက ဒီလူတွေကို ကျွေးမွေးထားဖို့ ရိက္ခာတွေ အများကြီးကျန်သေးတယ်' လို့ ပြောခဲ့ပါ "

အဖိုးစွင်းက မည်သည်ကိုမှတုံ့ပြန်မလာသောအခါတွင် ချန်ရုံက သက်ပြင်းချလျက် ‌ဆက်ပြောလာခဲ့၏။

" အဓိက ကတော့ အိမ်တော်မှာ ဆန်ရေစပါးနဲ့ပိုးထည်မရှိတာကြောင့် သခင်ကြီးက ဒီလိုဆုံးဖြတ်တာပါ ... လောလောဆယ်တော့ နန်ယန်မှာ စပါးလှည်းတစ်ဝက်စာအတွက် ပိုးထည်လှည်းနှစ်စင်းစာ အလဲအလှယ်နှုန်းရှိတယ်လို့ကြားတယ် "

" ဟုတ်ကဲ့ပါ ... အခုပဲ သွားပြောလိုက်ပါ့မယ် "

ထိုအခါမှ အဖိုးစွင်းက တက်တက်ကြွကြွပြန်ဖြေသည်။

အလျင်အမြန်ပြေးထွက်သွားသူ၏ခြေသံများကို နားထောင်နေရင်း အထိန်းတော်ဖျင်သည်လည်း ဝမ်းသာအားရ ဖြစ်သွားတော့၏။

“ မမလေးက ဘယ်လိုဖြစ်လို့ နတ်ဘုရားလိုကို ဖြစ်နေတာလဲ ... လမ်းတုန်းကအစားအသောက်တွေသာ အများကြီး မဝယ်ထားခဲ့ဘူးဆိုရင် အခုချိန် ဒုက္ခရောက်မှာ ကျိန်းသေတယ် ”

မှန်ပေသည်။မဟုတ်လျှင်သူမတို့သည်အလွန်ပင် ဆင်းရဲတွင်းနက်သွားမည်။ဤသည်မှာ ချန်အိမ်တော်ဘက်မှ အစေခံများကို ထုတ်ပယ်သော ပထမဆုံးသာဓကဖြစ်ပြီး နန်ယန်ရှိ ချန်အိမ်တော်မှာ မုန်တိုင်းဒဏ်မခံရမီတွင် ၎င်းတို့၏ အခြွေအရံအင်အားကို သုံးဆအထိလျှော့ချပစ်မည်ဖြစ်လေသည်။

ယခင်ဘဝတွင် ချန်ရုံမှာ မှီတွယ်ရာမရှိသောမိဘမဲ့တစ်ဦးဖြစ်ခဲ့ပြီး ၎င်းကြောင့်ပင် အခြွေအရံလျှော့ချခြင်းအရာ၌ ပစ်မှတ်ထားခြင်းခံခဲ့ရလေ၏။နန်ယန်၌ ခြောက်လကြာနေထိုင်ပြီးနောက်တွင် အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့သာ သူမ၏နံဘေးတွင် ကျန်ရစ်ခဲ့သည်။

အဖိုးစွင်းက အလွန်လျင်မြန်စွာ ပြန်ရောက်လာ၏။ဘဏ္ဍာစိုးမှာ အဖိုးစွင်း၏စကားကို ကြားပြီးနောက် ချန်ရုံ၏အဆောင်တော်မှ အသုံးစရိတ်အားလုံးသည် နောက်နောင်တွင် သူမတစ်ဦးတည်း၏တာဝန်သာ ဖြစ်မည်ဖြစ်ကြောင်းလျင်မြန်စွာ ဆုံးဖြတ်ခဲ့သည်။ချန်ရုံမှာ ၎င်းကို တစ်ချိန်လုံး တာဝန်ယူထားခဲ့ရလင့်ကစား ဘဏ္ဍာစိုး၏ နှုတ်ဖြင့် အသိအမှတ်ပြုမှုက ယခုကိစ္စအား လူသိရှင်ကြား အသိပေးလိုက်သလိုပင်။

 ချန်ရုံ၏ဆုံးဖြတ်ချက်အပြီးတွင် အစေခံများက စိတ်သက်သာရာရသွားကြ၏။နောက်ဆုံးတွင် သူတို့သည် အစာရေစာကြောင့် တင်းမာနေမှုများကို သတိထားမိလာခဲ့ကြပြီး တစ်နေကုန်လုပ်စရာများများစားစားမရှိသောအချိန်မျိုးတွင် ဂိုဒေါင်ထဲသို့ဝင်ကာကောက်နှံများအား ဝမ်းသာပီတိဂွမ်းဆီထိ၍ ကြည့်နေကြလေ့ရှိသည်။

အထိန်းတော်ဖျင်သည်ပင်လျှင် ဂိုဒေါင်အတွင်းရှိ စပါးလှည်းနှစ်ဒါဇင်စာကို အချိန်အတော်ကြာ စိုက်ကြည့်ခဲ့၏။ထို့နောက်ချန်ရုံ၏အနားသို့ပြန်ရောက်လာချိန်၌ သူမ၏မျက်နှာမှာ ပြုံးစိစိဖြစ်နေလေသည်။

လှည်းနှစ်ဒါဇင်စာစပါးများကိုသာ ရိက္ခာအဖြစ်အသုံးပြုပါက သူတို့သည် နောက်ထပ် အနှစ်နှစ်ဆယ်အထိ ချောင်လည်နေလိမ့်မည်ဖြစ်သည်။စားဝတ်နေရေး အတွက် လူတိုင်း စိတ်ပူရုန်းကန်းနေရချိန်၌ ဤသို့သောချမ်းသာကြွယ်ဝမှုအား လက်ဝယ်ပိုင်ဆိုင်ထားရှိရသည်မှာ အလွန်အားရကျေနပ်စရာ ကောင်းလှပေ၏။

 အချိန်များက ‌တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် နောက်တစ်နေ့ နေ့လည်ပိုင်းသို့ရောက်လာခဲ့သည်။

 ချန်ရုံမှာ လွန်ခဲ့သည့်နှစ်ရက်လုံးလုံး သူမ၏အဆောင်တော်တွင်သာရှိနေခဲ့၏။ယခုအချိန်၌ ချန်ဝေ့တစ်ယောက် ဆောက်တည်ရာမရဖြစ်နေမည်ကို ချန်ရုံသိသည်။ချန်ဝေ့၏စရိုက်အရ သူမသည် အခြားသူများ၏လက်ညိုးတွင်တွင်ထိုးမှုကို မည်သို့ ရပ်တည်နိုင်မည်နည်း။ချန်ဝေ့မှာ ကျိန်းသေပေါက်ငိုကြွေးကာ သူမနှင့်မထိမ်းမြားဟု ရန်မင်းဘက်မှ မပြောခဲ့ကြောင်း ၊ မဟုတ်လျှင်လည်း သူမသည် ချန်ရုံ့အား မနာလိုစိတ်ဖြင့် မည်သည့်အချိန်ကမှအနိုင်မကျင့်ခဲ့ဖူးကြောင်း အခြားသူများအား ရှင်းပြရန်ကြိုးစားနေလိမ့်မည်။ယခုအချိန်တွင်သာ ချန်ရုံ လူလုံးထွက်ပြလိုက်လျှင် အခြေအနေပိုဆိုးသွား‌လေမည်။

ညနေခင်းအချိန်၌ ချန်ရုံသည် စာကြည့်ခန်းထဲတွင်ထိုင်ကာ ဗျပ်စောင်းတီးလေ့ကျင့်နေခဲ့ပြီး ထိုအချိန်၌ပင် ကျယ်လောင်သော အသံတစ်ခုက သူမ၏နားထဲသို့ ရောက်ရှိလာသည်။

" ချန်အိမ်တော်က အားရုံရှိပါသလား "

အထိန်းတော်ဖျင်စကားမဟရသေးမီမှာပင် အဖိုးစွင်းက ဦးအောင်ပြောလာခဲ့၏။

" သခင်မလေး အထဲမှာရှိပါတယ် "

 " ဝမ်အိမ်တော်က ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ ... ဒီနေ့ည ခွေးအချိန် ( ၇ နာရီ ) မှာ ညစာစားပွဲတက်ရောက်ပေးပါဦးဗျ "

" ကျွန်တော်တို့ မမလေးကိုတောင် ဖိတ်သေးတာလား ... ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ "

အဖိုးစွင်းက ဝမ်းသာအားရဖြစ်စွာဖြင့် ပြောလာသောအခါ

 ဝမ်အိမ်တော်မှလူက ရယ်မောလေ၏။

 "ဘာလို့ ကိုယ့်ကိုကိုယ် အရမ်းလျှော့တွက်ရတာလဲဗျာ ... လူတိုင်းက ဦးလေးတို့သခင်မလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြင်ကြပြီးတော့ ကျွန်တော်တို့တောင် သူ့ကို လေးစားပါတယ် ...သူသာ နည်းနည်းလေးသာလွန်တဲ့အဆင့်အတန်းနဲ့မွေးလာခဲ့ရင် အခုချိန်လောက်ဆိုရင် ဂုဏ်သတင်းတွေအရမ်းမွှေးပြီးတော့ အထက်တန်းလွှာ အသိုင်းအဝိုင်းတွေကြားမှာ ပင်တိုင်ဧည့်သည်တော်တစ်ယောက်ကို ဖြစ်လာမှာ ...အခုတောင် သူ့ကို မဖိတ်ရင် လူတွေဆီက အတင်းအဖျင်းပြောခံရမှာ ကြောက်ရတယ် ....ဟားဟား ...ဘယ်လိုပဲဖြစ်ဖြစ် ဦးလေးတို့သခင်မလေးကို ဒီည ပွဲတက်ရောက်ပေးဖို့ အသိပေးလိုက်ပါ .... "

ဟာသဥာဏ်ရွှင်သောထိုတစ်ယောက်က ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် နောက်ပြန်လှည့်ကာ ဆက်‌ပြောလာသည်။

“ဝမ်အိမ်တော်က ချီလန်လည်းရှိနေမှာပါ ... အားရုံက တွေ့ချင်မှာ သေချာပါတယ် ဟားဟားး "

ထိုလူထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အဖိုးစွင်းက တံခါးဆီသို့ ပြေးသွားပြီး အသိပေးလေ၏။

"သခင်မလေး...ဟားဟား .... ဝမ်အိမ်တော်က လာဖိတ်တာတဲ့ဗျာ "

အဖိုးစွင်းက ပြောပြောဆိုဆိုဖြင့် တံခါးကို တွန်းဖွင့်ခဲ့လိုက်သည်။

 ဤတစ်ကြိမ်တွင် ချန်ရုံ၏မျက်နှာ၌ အပြုံးပန်းများဖြင့်ဝေဆာနေခဲ့၏။သူမ အလွန်ပျော်နေသည်ကို မြင်သောအခါ အဖိုးစွင်းက ရယ်မောလိုက်သော်လည်း များမကြာမီ၌ပင် အဖိုးစွင်း၏မျက်နှာက တစ်ခဏမျှ ချဉ်တူးသွားသည်။

- သခင်မလေး ဝမ်းသာလုံးဆို့နေတာက ဝမ်ချီလန်နဲ့ တွေ့ရတော့မှာမလို့များလား -

မကြာမီ ညစာစားပွဲတက်ရောက်ရတော့မည်ဖြစ်သောကြောင့် ချန်ရုံက အထိန်းတော်ဖျင်၏အကူအညီဖြင့် အမြန်ရေမိုးချိုးလိုက်သည်။သူမ၏ဝတ်စုံဟောင်းများသည်ဖျင်မြို့မှဖြစ်သောကြောင့် ယခုအခါ နန်ယန်တွင် ခေတ်နောက်ကျနေကာ အဝတ်အစားအသစ်များလည်း မဝယ်ရသေးချေ။ထို့ကြောင့် နောက်ဆုံးတွင် ချန်ရုံမှာ အဝါရောင်နှင့် ခရမ်းရောင်ဂါဝန်ကိုသာ ထပ်မံဝတ်ဆင်နိုင်ခဲ့သည်။

 အချိန်များက မြန်မြန်ဆန်ဆန်ပင်ကုန်ဆုံးသွား၏။

လှလှပပပြင်ဆင်ဝတ်စားထားသောချန်ရုံသည်လည်းသူမ၏လှည်းရထားပေါ်သို့ တက်သွားခဲ့သည်။

လှည်းရထားထွက်ခွာသွားချိန်တွင် ဘေးဘက်ခြံဝင်းထဲမှ ချန်ဝေ့နှင့်အခြားမိန်းကလေးများက ရယ်မောနေရာမှ ရပ်တန့်လိုက်ကြပြီး ရထားယာဉ်ရှိရာဘက်သို့လှည့်ကြည့်ကြသည်။

ထွက်ခွာသွားသည့် လှည်းရထားအား စိုက်ကြည့်ရင်း ချန်ချမ်က မြေပြင်ပေါ်သို့ ခါးခါးသီးသီးခြေဆောင့်ကာ မကျေမနပ်ပြောလာခဲ့၏။

“ဝမ်အိမ်တော်က မတရားဘူး... လန်ယာ ဝမ်အိမ်တော်ကလူတွေလာမှာ ... ပြီးတော့ ဖိတ်ကြားတာကိုလည်း ကန့်သတ်ထားတယ်လို့ကြားတယ် ... ဘယ်လိုတောင် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလိုက်လဲ ...ချန်ရုံဆိုတဲ့ဟာမက လမ်းခရီးမှာ ပေါ့ပေါ့ပါးပါး စကားနှစ်ခွန်းလောက်ပဲပြောခဲ့တာပါဟယ် ... ပြီးတော့ ဝမ်ချီလန်ကို သီချင်းတီးပြပြီး ဖြားယောင်းလိုက်သေးတယ် ... သူ့လိုလူကိုဖိတ်ဖို့အတွက်နဲ့ ငါ့လိုတရားဝင်သမီးတစ်ယောက်ကို ချောင်ထိုးရတယ်လို့ "

ချန်ချမ်က ညည်းတွားနေရင်းဖြင့် သုန်မှုန်လျက်ရှိသည့် ချန်ဝေ့အား လှည့်ကြည့်လိုက်တော့၏။ထို့နောက် သူမက ရယ်လေ၏။

 “ ငါ့အခြေအနေက အရမ်းဆိုးနေတာတော့မဟုတ်ပါဘူး ... အဲ့ဒါကြောင့် ပွဲမတက်တော့ဘူး ... အားဝေ့ နင်ရဲ့ ချစ်လှစွာသောတပ်မှူးရန်ကို အရှက်မဲ့တဲ့ဟာမတစ်ယောက်က လုယူသွားခဲ့တယ် မဟုတ်လား”

ချန်ဝေ့မှာ ထိုစကားများအား သိပ်၍ကြားမပျော်ဘဲ သူမက အလျင်စလိုအော်ရင်း ပြာပြာသလဲရှင်းလေသည်။

 “အဲ့လိုမဟုတ်ဘူးလို့ ... အဲ့လိုကိစ္စမျိုးမရှိပါဘူးလို့ ပြောခဲ့သားပဲ "

တစ်ဖက်မိန်းကလေးများက ချန်ဝေ့၏ရှင်းလင်းချက်အား အရာရာသိပြီးဖြစ်သောခနဲ့သည့်အပြုံးမျိုးဖြင့် နားထောင်ကြသည်။ချန်ဝေ့မှာမူ ဒေါသစိတ်ဖြင့် ရဲရဲတွတ်နေခဲ့လေ၏။

Xxcxxx