အပိုင်း ၃၈
Viewers 18k

Chapter 38


သူ့ရဲ့သဘောထား

ချန်ရုံ၏မြင်းလှည်းမှာ လမ်းပေါ်တွင် ဖြည်းညင်းစွာ မောင်းနှင်လာခဲ့သည်။မီးများက လင်းစပြုလာပြီး တံမြိတ်စက်အောက်၌ မီးပုံးတန်းများယိမ်းနွဲ့နေကြကာ လမ်းပေါ်တွင်မူ ဖြတ်သွားဖြတ်လာများ ကျဲပါးလာလေ၏။ လမ်းသွယ်များထဲသို့ဖြတ်သန်းသွားသည့်အခါတွင်ပြတင်းပေါက်နောက်ကွယ်မှ နှင်းဆီရောင် မီးအလင်း‌ရောင်များနှင့် ရယ်မောသံများ ထွက်ပေါ်လာကာ ကြွယ်ဝချမ်းသာမှုကိုကိုယ်စားပြုသော အလှကုန်ပစ္စည်းများ ၊ ရေမွှေးရနံ့များ ၊ တေးဂီတများ အစရှိသည်တို့အား ခံစားသိရှိလာရသည်။

ရထားအတွင်း၌ ထိုင်နေသောချန်ရုံမှာ ခေါင်းကိုငုံ့ထားပြီး အလွန်တည်ငြိမ်နေပုံရသော်လည်း သူမ၏လက်များကမူ ဝတ်ရုံစအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလျက်ရှိသည်။ 

အထိန်းတော်ဖျင်မှာ သူမ၏မမလေးပိုင်ဆိုင်သည့် တစ်ခုတည်းသော ပွဲတက်ဝတ်စုံ ပျက်စီးသွားမည်ကို စိုးရိမ်စွာဖြင့် ဘေးမှ စိုက်ကြည့်နေခဲ့လေ၏။

ထိုအချိန်တွင် ချန်ရုံက သူမ၏ဝတ်ရုံစကို လွှတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလာသည်။

 “အထိန်းတော်ဖျင် ... ကျွန်မ နည်းနည်းတော့ စိတ်ပူနေတယ် ”

ချန်ရုံက မျက်လုံးများကိုမှိတ်ထားလျက် ခပ်တိုးတိုးဆိုလိုက်သောအခါ အထိန်းတော်ဖျင်က ဂရုဏာသက်နေ‌သောအကြည့်များဖြင့် ဆိုလာသည်။

 “သခင်မလေး ဝမ်ချီလန်က ဟိုး မိုးမြင့်ထက်ကလူပါ ... ဒီ လောက်နဲ့ပဲမေ့လိုက်ပါတော့ "

ထိုအခါ ချန်ရုံတစ်ယောက် ရယ်ချင်လာတော့၏။သူမက နှုတ်ခမ်းများကိုတင်းတင်းစေ့ပြီး မရယ်မိအောင် ထိန်းချုပ်ထားသည်။

“အထိန်းတော်ဖျင်ရဲ့စကားတွေက ခံစားချက် ပိုကောင်းလာစေတာပဲ ” 

မည်သည်ကိုမှနားမလည်နိုင်ရှာသော အထိန်းတော်ဖျင်မှာမူ သူမအား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေလေ၏။

ထို့နောက် ချန်ရုံက လက်ကိုဆန့်တန်းပြီး အမှောင်ထုအားထိတွေ့လိုက်သည်။သူမက ကြယ်စင်များဖြင့်ပြည့်နှက်နေသောကောင်းကင်ယံကို မျှော်ကြည့်လိုက်ပြီး တစ်ကိုယ်တည်းကြားလောက်သည့်လေသံဖြင့်“ တစ်ခါသေဖူးတာပဲ ဘာကိုကြောက်နေရမှာလဲ" ဟု ခပ်တိုးတိုးဆို၏။

၎င်းအချိန်တွင် လှည်းရထားက အခြားလမ်းကိုကူးဖြတ်ရန် လမ်းကျဥ်းကလေးထဲသို့ ဝင်သွားခဲ့သည်။အရှေ့ဘက်လမ်းမှာ အလင်းရောင်များဖြင့် ထိန်ထိန်ညီးနေပြီး ဆူညံသံများကြားတွင် လှည်းရထားအများအပြားက ဝင်ထွက်နေကြလေ၏။

 " မကြာခင် ရောက်ပါတော့မယ် သခင်မလေး " အဖိုးစွင်းက အပြင်ဘက်မှ လှမ်းပြောသည်။

ချန်ရုံပြန်ဖြေတော့မည့်ဆဲဆဲတွင် အခြားလှည်းရထားတစ်စင်းက နံဘေးနားသို့ဆိုက်ရောက်လာတော့၏။

၎င်းမှာ ကြီးမားသစ်လွင်ပြီး အရှေ့မှ ဆွဲမြင်းနှစ်ကောင်သည်လည်း အနက်ရောင်အဆင်းရှိကာ မြင့်မားထွားကြိုင်းကြသည်။

ချန်ရုံမှာ ထိုလှည်းယာဉ်ဆီသို့ စူးစိုက်ကြည့်နေခဲ့ပြီး လေတစ်ချက်အဝှေ့တွင် ကန့်လန်ကာက လွင့်ပျံသွားကာ အထဲတွင်ထိုင်နေသည့် ချောမောခက်ထန်သောမျက်နှာထားနှင့်အမျိုးသားတစ်ဦးအားတွေ့လိုက်ရတော့၏။

ချန်ရုံမှာ ထိုတစ်ယောက်အား ရုတ်တရက်တွေ့လိုက်ရစဉ်တွင် ကန်လန့်ကာအား ဆွဲချရန် အသင့်အနေအထားဖြစ်သွားသော်လည်း သူမ၏လက်များက လိုက်ကာစ ပေါ်တွင်သာ ရပ်တန့်သွားခဲ့သည်။

ထိုလူက နက်မှောင်ပြီးအေးစက်သောမျက်ဝန်းများဖြင့်

သူမ၏ညာဘက်လက်အား လှမ်းကြည့်နေလေ၏။ယင်းနောက်တွင်မူ ထိုအကြည့်များက ချန်ရုံ့ဆီသို့ ကူးပြောင်းလာသည်။

မည်သို့ပင်ဆိုပါစေ သူ၏လှည်းရထားက ချန်ရုံနှင့်နီးကပ်လာခဲ့ပြီး ရုတ်တရက်ဆိုသလိုပင် ယာဉ်နှစ်စင်းမှာလက်တစ်ကမ်းမျှသာ ကွာခြားသွားတော့၏။

ချန်ရုံက အသိစိတ်ပြန်ကပ်ပြီး သူမကိုယ်သူမ ဆိတ်ဆွဲကာ ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လိုက်သည်။

  " မင်္ဂလာပါ တပ်မှူးရန် "

ရန်မင်းမှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်း။

ရန်မင်းက သူမ၏နှုတ်ခွန်းဆက်သမှုကို လျစ်လျူကာ စေ့စေ့ပင်ကြည့်နေလေသည်။အချိန်အတော်ကြာပြီးနောက်တွင် နက်နဲပြီးဩဇာရှိသောလေသံက ချန်ရုံ၏နားထဲသို့ဝင်ရောက်လာ၏။

" သခင်မလေး .... သခင်မလေးက ကိုယ့်ကိုယ်ကို ထိန်းချုပ်နေပေမဲ့လည်း ကျွန်တော့်ကိုမြင်ရင် ပုံမှန်ဟုတ်မနေသလိုပဲ ... ဘာဖြစ်လို့လဲ"

နှစ်ဦးသားက အလွန်နီးကပ်နေသောကြောင့် ရန်မင်းစကားပြောသောအခါတွင် သူ၏ဝင်လေထွက်လေက ချန်ရုံ၏နားရွက်နှင့် ဆံနွယ်များကြားသို့ ဝင်ရောက်ရိုက်ခတ်လာသည်။

ချန်ရုံမှာ တစ်ကိုယ်လုံးတောင့်တင်းသွားတော့၏။သူမက ကိုယ့်လက်ဖဝါးကိုယ် ဆိတ်ဆွဲကာ ခံစားချက်များအား အစွမ်းကုန်ထိန်းချုပ်ထားရန်ကြိုစားနေပြီး မျက်လွှာချထားလေ၏။

 “တပ်မှူးရန်က နောက်ပြောင်နေပြန်ပါပြီ ... ကျွန်မကမှ တပ်မှူးရန်နဲ့မသိတာကို ဘယ်လိုလုပ်ပြီးတော့ကွဲပြားနေနိုင်မှာလဲ "

ထိုစကားကိုဆိုပြီးမှ ချန်ရုံက မော့ကြည့်လိုက်သည်။

မီးရောင်အောက်၌ သူမ၏မျက်ဝန်းများက အဆုံးမရှိသောရန်မင်း၏မျက်ဝန်းများသကဲ့သို့ နက်မှောင်နေ၏။

နှစ်ဦးသားအကြည့်ချင်းဆုံချိန်တွင် ချန်ရုံ၏နှုတ်ခမ်းများမှာ တုန်ယင်သွားခဲ့ပြီး သူမက ပြာပြာသလဲဆက်ပြောလာသည်။

 “ တပ်မှူးရန်က ထူးထူးခြားခြား ချောမောလွန်းလို့

တပ်မှူးရန်ကိုတွေ့တဲ့အခါ ကွဲကွဲပြားပြားပြုမူမဲ့မိန်းကလေးတွေ ဒီကမ္ဘာပေါ်မှာမရှားပါဘူး "

" အဲ့လိုလား "

ချန်ရုံက ခေါင်းညိတ်ပြလိုက်၏။ထိုအခါ ရန်မင်းက ရယ်မောတော့သည်။

" မင်း ဝမ်ချီလန်ကို သဘောကျလား " 

 ရန်မင်းက သူမအား စူးစိုက်ကြည့်လျက် ဆက်လက်မေးမြန်းလာ၏။

ချန်ရုံက ခေတ္တ‌ဆိုင်းငံ့သွားပြီးနောက် ဖြည်းညင်းစွာခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ရန်မင်းက ရယ်ပြန်လေ၏။

ခဏတာရယ်မောပြီးနောက် သူ၏လေသံမှာ နိမ့်ဆင်းတိမ်ဝင်သွားသော်လည်း ရန်မင်းက ညင်သာမှုကိုထိန်းထားကာအေးအေးလူလူမေးလာခဲ့သည်။

 “ငါက ချန်အိမ်တော်ဆီကို မင်းနဲ့ထိမ်းမြားခွင့်တောင်းမယ်ဆိုရင်ရော သဘောတူမှာလား”

ဂျိမ်း ....

မိုးခြိမ်းသံက ကောင်းကင်မှ တည့်တည့်ကြီးပင် သက်ဆင်းလာ၏။

အရာအရာမှာ ချန်ရုံ့အတွက် မှုန်ဝါးသွားခဲ့သည်။သူမ၏နှလုံးသားသည်လည်း လည်ချောင်းမှ ခုန်ထွက်လုမတတ် အဆက်မပြတ် လှုပ်ရှားနေလေ၏။ယခုအချိန် ရင်ထဲ၌ပြည့်နှက်နေသည့်ခံစားချက်မှာ ခါးသီးခြင်းဖြစ်သလော။ထိုသို့မဟုတ်လျှင် ရယ်ချင်စိတ်များလော။ချန်ရုံမပိုင်းခြားတတ်တော့ပေ။

သို့သော်လည်း ချန်ရုံမှာ ရုတ်တရက် ရယ်ချင်စိတ်ပေါက်သွားခဲ့၏။သူမက ရုပ်တည်ကိုဆက်ထိန်းထားပြီး မျက်လွှာချထားရာမှ အပေါ်သို့ပြန်လှန်ကြည့်လိုက်သည်။ 

 ချန်ရုံမှာ ဘေးချင်းကပ်လှည်းရထားပေါ်မှလူကို အသေအချာစူးစမ်းနေခဲ့၏။သူမ ပြန်လည်မွေးဖွားလာချိန်မှ ယခုချိန်အထိ ရန်မင်းအား အနီးကပ်မကြည့်ခဲ့ရသေးပေ။

 "တပ်မှူးရန် ... ဒီလိုဟာသက ရယ်စရာမကောင်းဘူးနော် "

ချန်ရုံက အခြေအနေနှင့်ကိုက်ညီသောလေသံဖြင့် ပြောလိုက်လေ၏။

ထို့နောက်သူမက ကန့်လန့်ကာကို ဆတ်ခနဲဆွဲချလိုက်သည်။အလွှာပါးတစ်ခုက နှစ်ဦးကြားတွင် ပိုင်းခြားသွားပြီး ချန်ရုံမှာ သူမ၏‌ထိုင်ခုံ‌နောက်သို့မှီချလိုက်ကာ အထိန်းတော်ဖျင်၏ရင်ခွင်ထဲသို့ပင် ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။

အထိန်းတော်ဖျင် မေးမြန်းတော့မည့်ဆဲဆဲမှာပင် ချန်ရုံမှာသူမပါးစပ်ကိုယ်သူမ ညာလက်ဖြင့် အုပ်မိုးထားလိုက်၏။ချန်ရုံသည် လူရှေ့သူရှေ့တွင် သူမ၏ အားနည်းချက်ကို မည်သည့်အခါမှ ထုတ်မပြချင်တော့ပေ။အတိတ်ဘဝ၌ သူမမှာ ခေါင်းမာပြီး မိုက်ရူးရဲဆန်ခဲ့သည်။

တစ်ဖက်တွင်လည်း ရန်မင်းမှာ နက်ရှိုင်းသော မျက်ဝန်းများဖြင့် လွင့်ဝဲနေသော ကန့်လန့်ကာကို စိုက်ကြည့်နေခဲ့သည်။သူက မျက်ခုံးတွန့်လိုက်သော်လည်း နှုတ်ခမ်းစွန်းများမှာမူ သူ့အလိုလိုပင် အထက်သို့ ကွေးညွတ်တက်သွားလေ၏။

ရန်မင်းသည်လည်း လှည်းရထားအတွင်းသို့ခေါင်းပြန်ဝင်ကာ မှီထိုင်လိုက်သည်။သူက မျက်လုံးများကိုမှိတ်ထားလျက်ရှိပြီး လက်နက်ကြီးများအား ကိုင်ဆောင်လေ့ရှိသောကျယ်ပြန်သည့်ခပ်ကြမ်းကြမ်းလက်ဖဝါးများမှ တင်းကြပ်မှုကိုဖြေလျှော့နေသည်။

ရုတ်တရက်လှည်းရထားက တုန့်ခနဲရပ်ဆိုင်းသွားပြီး အဖိုးစွင်းက လှမ်းပြောလာ၏။

" သခင်မလေး ရောက်ပါပြီ "

ချန်ရုံက အံကြိတ်ကာထထိုင်ရန်ကြိုးစားလိုက်ငြားလည်း သူမ၏ခန္ဓာကိုယ်က ပျော့ခွေနေသေးသည်။

ထိုအခါအထိန်းတော်ဖျင်က လှည်းရထားအောက်သို့ အမြန်ဆင်းကာ သူမထံသို့လက်ကမ်းပေးပြီး အဖိုးစွင်းနှင့်အတူ ကူတွဲပေးခဲ့၏။

လှည်းရထားပေါ်မှ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် သူမအားစိုက်ကြည့်နေသော မျက်လုံးတစ်စုံကို ချန်ရုံ ခံစားလိုက်ရသည်။သူမ လှည့်ကြည့်လိုက်သောအခါ နက်မှောင်သောမျက်ဝန်းများနှင့် နောက်ထပ်တစ်ကြိမ် ကြုံဆုံလိုက်ရ၏။

ချန်ရုံက ချက်ချင်းပင် အခြားဘက်သို့ပြန်လှည့်ကာ အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့ထံမှ ရုန်းဖယ်လျက် အရှေ့သို့သာ လျှောက်လှမ်းသွားတော့သည်။

ဝမ်အိမ်တော် ပင်မခြံဝင်းအပြင်ဘက်တွင် ရပ်တန့်ထား သောလှည်းရထားများဖြင့် ပြည့်ကျပ်နေ၏။မီးပုံးအလင်းရောင်များအောက်ဝယ် ရယ်မောသံများနှင့် မွှေးရနံ့များက ကူးလူလွင့်ပျံနေသည်။ချန်ရုံ၏အကြည့်များမှာ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော ကြွယ်ဝပုံရသည့်လူများထံတွင်ရှိနေခဲ့ပြီး ၎င်းတို့ထဲမှအများအပြားက သူမနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိချေ။

ချန်ရုံ အနီးအနားအားလှည့်ပတ်ကြည့်နေစဉ်တွင် 

ပြင်းထန်သည့်ခြေသံအချို့ပေါ်ထွက်လာပြီး ရန်မင်းက သူမ၏နံဘေးမှကျော်ဖြတ်ကာ အလင်းရောင်ရှိသောနေရာဆီသို့ ဦးတည်သွားခဲ့သည်။

လူတိုင်း၏အကြည့်က ရန်မင်းထံတွင်သာ ရှိနေကြလေ၏။

သူသည် အနီရောင်အစင်းအချို့ပါဝင်သော အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ဆံနွယ်ရှည်များကမူ ပခုံးထက်သို့ ကြည့်ကောင်းစွာပင် ဝဲဖြာကျနေသည်။

ရန်မင်းသည် အလွန်အရပ်ရှည်ပြီး ကျယ်ပြန့်သောပခုံးနှင့် ခါးသွယ်သွယ်ရှိ၏။ဤပုံစံအတိုင်း ၀တ်ဆင်ထားချိန်၌မူ

ရန်မင်းမှာ တောက်ပသည့်နေမင်းကြီးပမာ အမိုက်စား အသွင်အပြင်အား ပိုင်ဆိုင်ထားလေသည်။

သူ၏ခံ့ညားထည်ဝါသော ရုပ်ရည်နှင့်ကိုယ်ရောင်ကိုယ်ဝါမှာ လနှင့် တိမ်များထံမှ လုံးဝကွဲပြားပေ၏။

လူအများမှာ သူ့အားအာရုံစိုက်‌နေကြကြောင်းကို ရန်မင်းတစ်ယောက် မသိရှာချေ။သူက တံခါးဆီသို့ လျှောက်သွားပြီး အထဲသို့ ဝင်သွားသည်။

ထို့နောက်တွင် ချန်ရုံ၏အနီးအနား၌ ဆိတ်ငြိမ်မှုက ကြီးစိုးလာတော့၏။

လူအုပ်ကြီးက ပြောလက်စများကို ရပ်တန့်ကာ အထဲသို့လိုက်ဝင်နိုင်ရန် သူ့ထက်ငါအပြိုင်ကြိုးပမ်းလာကြသည်။

Xxxxxccc