အပိုင်း ၃၉
Viewers 16k

Chapter 39


ဧည့်ခံပွဲ

ချန်ရုံမှာ သူမအတွက်အထိန်းတော်ဖျင်ပြင်ဆင်ပေးထားခဲ့သည့် ဝတ်ရုံလွှာဦးထုပ်ကို လက်ခံရယူရန် ရပ်ဆိုင်းလိုက်ပြီး ထို့နောက်တွင်မူ ဘေးတံခါးပေါက်မှတစ်ဆင့် ပင်မ ခန်းမထဲသို့ ဝင်သွားခဲ့သည်။

ခန်းမတွင်း၌ ဧည့်သည်တော်များ၏၀တ်ရုံများမှ မွှေးရနံ့များဖြင့် ပြည့်နှက်နေလေ၏။ကြက်သွေးရောင်မီးအိမ်များနှင့် ဖယောင်းတိုင်အလင်းရောင်များကလည်း ရောယှက်နေသည်။

ဝတ်ကောင်းစားလှများဝတ်ဆင်ထားသောအထက်တန်းလွှာလူငယ်အပေါင်းတို့မှာ ပန်းချီကားထဲမှ ခုန်ထွက်လာသကဲ့သို့ပင် ကြည့်ပျော်ရှုပျော်ဖြစ်နေလွန်းပေ၏။

ချန်ရုံ၏ဘေးပတ်ပတ်လည်တွင် သူမကဲ့သို့လှပသော မိန်းကလေးအနည်းစုရှိနေပြီး ထို့ကြောင့်ပင် သူမ၏ရောက်ရှိလာမှုက ရန်မင်းကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာမကောင်းခြင်းပင်။

ချန်ရုံက ခြေလှမ်းအနည်းငယ်လှမ်းသွားပြီး ပုခုံးအနည်းငယ်ကိုဖြတ်ကျော်ကာ ပင်မထိုင်ခုံဆီသို့လှမ်းကြည့်လိုက်သည်။

ထိုအခါ ငှက်အပေါင်းတို့ကြားမှ ကြိုးကြာငှက်တစ်ကောင်သဖွယ် ထင်းထွက်နေသောဝမ်ချီလန်အား တွေ့လိုက်ရတော့၏။ရန်မင်းသည်လည်း စားပွဲဝ်ိုင်းတစ်ခုတည်းတွင် ထိုင်နေပြီး သူတို့နှစ်ဦးက စကားစမြည်ပြောလျက် တစ်ချက်တစ်ချက် လက်ခုပ်ထတီးကာ ရယ်မောနေကြသည်။

ဝမ်ချီလန်၏ဘေးတွင် ဂုဏ်သရေရှိလူနှစ်ဦးနှင့် ချောမောသောကောင်လေးတစ်ဦးလည်းရှိ၏။

အခြားသူများမှာမူ လန်ယာရှိဝမ်အိမ်တော်သားများဖြစ်ပုံရသည်။

ချန်ရုံတစ်ယောက် ‌အူလည်လည်ဖြစ်နေစဉ်မှာပင်

ဝမ်ဝူလန်က နံဘေးရှိလူများနှင့် စကားစမြည်ပြောနေရာမှ သူမအား တစ်ချက်လှည့်ကြည့်လာခဲ့၏။

" အားရုံ "

ချန်ရုံ၏ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ပြီး သူမက အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝမ်ဝူလန်၏ချောမောသော မျက်နှာက အနည်းငယ် သုန်မှုန်နေခဲ့လေ၏။

" ငါနဲ့လိုက်ခဲ့ ... မင်းရဲ့နေရာက ဟိုဘက်မှာရှိတယ် "

သူ၏လေသံသည်လည်း ချောမွေ့မနေဘဲ အစိုင်အခဲတစ်စုံတစ်ရာရှိနေဟန်ပေါ်ကာ ချန်ရုံမှာ အရိပ်အခြည်ကြည့်၍ ဝမ်ဝူလန်ခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့၏။

ချန်ရုံ၏နေရာမှာ ညာဘက်ခြမ်း ဒုတိယတန်းတွင်ရှိပြီး နံရံနှင့်လည်းနီးလေသည်။

ဝမ်ဝူလန်က ချန်ရုံ့အားနေရာတွင် ထိုင်စေ၏။ထို့နောက်တွင်အစေခံအမျိုးသမီးများက ချန်ရုံ၏အနီးတစ်ဝိုက်အား ဝတ်ရုံပါးများဖြင့် လာရောက်ကာရံပေးလာကြသည်။

ချန်ရုံတစ်ဦးတည်းသာမကဘဲ ပွဲတက်ရောက်ကြသည့်အမျိုးသမီးများအားလုံးနေရာယူပြီးသည်နှင့် သက်ဆိုင်ရာလူတို့၏ဘေးပတ်ပတ်လည်၌ ထိုကဲ့သို့ပင် ကာရံပေးထားမည်ဖြစ်လေ၏။

၎င်းဝတ်ရုံစများမှာ လူတစ်ရပ်စာမြင့်ပြီး ဖောက်ထွင်း၍မြင်နိုင်သောပိုးချောသားဖြင့် ပြုလုပ်ထားသည်။စားပွဲများပေါ်မှ ဖယောင်းတိုင်မီးရောင်ကြောင့် ဤပိုးသားဝတ်ရုံနောက်ကွယ်ရှိ အမျိုးသမီးများမှာ အခြားသူများထက် ပိုမိုတောက်ပနေပုံရသော်လည်း အတန်ငယ်မှုန်ဝါးအုံ့ဆိုင်းနေပြန်လေ၏။

ချန်ရုံနေရာယူပြီးနောက်တွင် ဝမ်ဝူလန်က ပြန်သွားရန်ပြင်လိုက်သည်။သို့သော်လည်း ခြေနှစ်လှမ်းခန့်အကွာတွင် သူက နောက်ပြန်လှည့်ကြည့်လျက် ဆိုလာခဲ့၏။

  “မင်းက ငယ်သေးပေမဲ့ စိတ်ကတော်တော်လေးနက်နေတာမျိုးလည်းဖြစ်နိုင်တယ် ... ချီလန်လိုလူမျိုးက မင်းကို သဘောကျမယ်လို့ ထင်လား "

ဝမ်ဝူလန်က ခေါင်းငုံ့ကာ ချန်ရုံရှိရာစားပွဲဝိုင်း၏ အပြင်၌ရပ်နေသည်။သူက ကဲ့ရဲ့ရှုတ်ချဟန်ဖြင့် ချန်ရုံအားစိုက်ကြည့်နေခဲ့ပြီး ဒေါသစွက်သောလေသံဖြင့် ဆက်ပြောလာပြန်၏။

  “မင်းရဲ့အဆင့်အတန်းအရကို ထိမ်းမြားမဲ့လူရှာတွေ့ဖို့ခက်နေပြီ ... ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကို လေးစားသမှုမရှိဘဲ ဒီလိုမျိုးလုပ်တယ် ... ငါ့အထင်တော့ မင်းဘဝလည်း ဇာတ်သိမ်းတော့မှာပဲ "

ဝမ်ဝူလန်၏လေသံက အလွန်တိုးညင်းပြီး အနီးအနားရှိစားပွဲဝိုင်းများ၌လည်း လူလွတ်နေသောကြောင့် ထိုစကားများအား ချန်ရုံမှအပ မည်သူမှ မကြားနိုင်ချေ။

ဤကဲ့သို့ ခက်ထန်သောစကားများကြောင့် ချန်ရုံ၏နှလုံးသားတွင်း၌ အပူမီးတောက်သွားလေ၏။သူမက

တစ်ဖက်လူအား မော့ကြည့်လာခဲ့သည်။

ချန်ရုံက ပါးစပ်ဟလိုက်သော်လည်း ဒေါသတကြီးဖြစ်နေသောမျက်ဝန်းတစ်စုံအားမြင်သောအခါတွင် ခံစားချက်မကောင်းဖြစ်သွားခဲ့ပြီး မျက်လွှာပြန်ချလိုက်၏။

သူမက ခေါင်းငုံ့ထားလျက်သားဖြင့် ခပ်တိုးတိုးဆိုလာသည်။

 “ဇာတ်သိမ်းသိမ်း မသိမ်းသိမ်း ဘာကိစ္စရှိတော့မှာလဲ ... ဘယ်လိုပဲဖြစ်ဖြစ် ဦးရီးတော်က ကျွန်မကို နန်ယန်မင်းသားဆီ ကိုယ်လုပ်တော်အဖြစ်ပေးဖို့ စိတ်ကူးထားပြီးသားပဲကို "

ချန်ရုံ၏လေသံကတိုးညင်းပြီး မသိမသာဝှက်ထားသောဆို့နင့်ဖွယ်ရာအဓိပ္ပါယ်တစ်ခုအား ထင်ဟပ်နေစေလေသည်။သူမက အခြေအနေကိုရှင်းပြနေပြီး တစ်ချိန်တည်း၌ပင် အကူအညီတောင်းခံနေပုံရ‌သည်။

ဝမ်ဝူလန်တစ်ယောက် အံ့အားသင့်သွားလေ၏။

သူက ဖယောင်းတိုင်မီးအလင်းရောင်အောက်မှ ချန်ရုံ၏မျက်နှာငယ်လေးကိုကြည့်ကာ လေသံမှာလည်းအလိုလိုပင်ပျော့ပျောင်းသွားခဲ့သည်။

 “ခုထိ မသေနိုင်သေးတဲ့ နန်ယန်မင်းသားဆီ မင်းကို ပေးမယ်တဲ့လား ... ချန်ယွမ်က စိတ်ဖောက်သွားပြီလား ...နန်ယန်မင်းသားက အချောအလှတွေကို တော်ကောက်ယူရတာကြိုက်ပေမဲ့ သူတို့အပေါ်လုံးဝ မကြင်နာဘူးဆိုတာကို သူမသိလို့လား ... အဲ့ဒီအတွင်းဆောင်ထဲရောက်သွားတာနဲ့ မင်းဘဝတော့ ရေစုန်မျောပြီပဲ "

ချန်ရုံမှာ တစ်ဖက်လူ၏စကားကြောင့် မျက်ရည်များပင် ဝဲတက်လာပြီး သူမက ရှိုက်ကြီးတငင်ဖြင့်ပြောလာတော့၏။

 “ဒါပေမဲ့ သူက ကျွန်မဦးလေးလေ ... ဒီအကြောင်းတွေကို ဝူလန်တစ်ယောက်တည်းကိုပဲ ပြောရသေးတာပါ... ” 

ချန်ရုံက မှေးစက်နေသောမျက်ဝန်းများအား တစ်ချက်မော့ကြည့်လိုက်ပြီး သနားစဖွယ်ပုံစံဖြင့် မျက်လွှာပြန်ချလိုက်လေသည်။

အကြည့်တစ်ချက်သာဖြစ်သော်ငြားလည်း မိုးရေထဲတွင် ယိမ်းနွဲ့နေသောသစ်တော်ပန်းနှင့် ကြာဖြူတစ်လွှာပေါ်မှ နှင်းရည်ဥများသက်ဆင်းလာသကဲ့သို့ဖြစ်သည့် အသွင်အပြင်က တစ်ခဏအတွင်း၌ပင် ဝမ်ဝူလန်အား လုံးဝ အံ့သြသွားစေသည်။

 သူက ချန်ရုံကိုသာစိုက်ကြည့်နေပြီး အကြည့်မလွှဲခဲ့ပေ။

ထိုအချိန်၌ မနီးမဝေးရှိလူတစ်ဦးက ဝမ်ဝူလန်အား လှမ်းခေါ်လာခဲ့သည်။

 "ဝူလန် ဝူလန် ဒီကို ခဏလာပါဦး"

ဝမ်ဝူလန်မှာ ထိုအချိန်မှ အသိစိတ်ပြန်ကပ်သွားပြီး သူက လေသံကိုလျှော့ကာ ချန်ရုံအား ခပ်တိုးတိုးပြောလေ၏။

 “စိတ်မပူပါနဲ့ ...ငါစဉ်းစားကြည့်ပါ့မယ်" 

ခေါ်သံကပြင်းထန်လာဖြင့် ဝမ်ဝူလန်မှာ အခင်းနေရာမှ ထွက်ခွာသွားတော့သည်။ခြေလှမ်းအနည်းငယ်အကွာတွင် သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ချန်ရုံအား တစ်ဖန်ပြန်လှည့်ကြည့်မိသည်။ထိုနေရာမှ ဝမ်ဝူလန်လှမ်းမြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ တောက်ပနေသောချန်ရုံ၏ ခပ်ဝါးဝါးပုံရိပ်ပင် ဖြစ်လေ၏။

သူမသည် ဤရက်အနည်းငယ်အတွင်း၌ ပို၍ပင် လှပလာပုံပေါ်ပြီး ဝမ်ဝူလန်မှာ အတွေးများအား မရပ်တန့်နိုင်တော့ပေ။

ထို့နောက်တွင် အထက်တန်းလွှာအများအပြား တဖွဲဖွဲဝင်ရောက်လာကြပြီး တစ်နာရီခန့်အကြာ၌မူ ခန်းမတစ်ခုလုံးဧည့်သည်‌တော်များဖြင့် ပြည့်နှက်သွားသည်။

 ချန်ရုံမှာ ငယ်ရွယ်သောမိန်းမပျိုလေးတစ်ဦးသာဖြစ်သောကြောင့် ဘေးဘက်တွင် လူကြီးသူမတစ်ဦးရှိသည့် ညာဘက်ခြမ်းဒုတိယတန်းမှ သူမ၏နေရာက လူအများကို အာရုံစိုက်လာကြစေ၏။

တဖြည်းဖြည်းနှင့် ဘက်ပေါင်းစုံမှ တီးတိုးသံများ ထွက်ပေါ်လာသည်။

“အဲဒီမိန်းကလေးက ဘယ်သူလဲ ... သူက လန်ယာဝမ်အိမ်တော်ရဲ့ တရားဝင်သမီးလား

“မဟုတ်ဘူး ... သူက လူပုံအလယ်မှာ ဝမ်ချီလန့်အတွက် 'ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား' ကို တီးပြခဲ့တဲ့ ချန်အိမ်တော်က အားရုံဆိုတဲ့တစ်ယောက်ပဲ ... တောင်ပိုင်းကိုလာတဲ့ခရီးမှာ သူက ဖျင်မြို့က ဝမ်အိမ်တော်ကို နှစ်ကြိမ်တိတိ ကူညီပေးခဲ့တယ်လို့ကြားတယ် ... ထူးထူးခြားခြား ထက်မြက်တယ်တဲ့လေ "

 “သူ့ကို လျှော့တွက်လို့မရဘူး ... ဒီမိန်းကလေးက အရမ်းဉာဏ်ကောင်းတယ် ... မြေခွေးအိုကြီးဝမ်ကျောတောင်မှ သူနဲ့မယှဉ်နိုင်ဘူး "

 " ဟုတ်ပါ့ ... တောင်ပိုင်းကိုပြောင်းမလာခင် ဖျင်မြို့မှာရှိနေတုန်း သူ့မိသားစု စည်းစိမ်ကို ခွဲခြမ်းစိတ်ဖြာဖို့ ရက်ရက်ရောရောလုပ်ခဲ့တယ်လို့တောင်ကြားတယ် "

တစ်စတစ်စ စကားသံများကြား၌ လူအများ၏ချန်ရုံ့အပေါ်ကြိုဆိုမှုမှာ ပိုမိုနွေးထွေးလာခဲ့သည်။ထိုစကားများက လန်ယာဝမ်အိမ်တော်သားတို့ကိုပင် တစ်ချက်လှည့်ကြည့်လာစေ၏။

လူစုလူဝေးထံမှစကားကိုနားထောင်ပြီးနောက်တွင် ချန်ရုံ၏နောက်ကျောမှာ တဖြည်းဖြည်း ဖြောင့်စင်းလာသည်။

ချန်ရုံအား အသိအမှတ်ပြုနေကြခြင်းက ဖျင်မြို့မှဝမ်အိမ်တော်အား နှိမ့်ချခြင်းနှင့် ညီမျှလေ၏။ ခန်းမထဲမှ တိုးညင်းသော လေသံတစ်သံချင်းစီကြောင့် ထိုဝမ်အိမ်တော်သားများက အနည်းငယ် အဆင်မပြေဖြစ်နေပုံရသည်။

အခြေအနေပိုကောင်းတော့မည့်ဆဲဆဲမှာပင် ချန်ရုံ၏ကျောဘက်ရှိ အမျိုးသမီးတစ်ဦးက ရယ်မောလျက် ခပ်ကျယ်ကျယ်ဆိုလာခဲ့လေ၏။

 " ချန်အိမ်တော်က အားရုံ ...ဟိုမှာငါ့ဝမ်းကွဲ ချီလန်ရှိတယ်လေ ... သူ့ကို တွေ့ရတော့ ပျော်နေရှာမှာပေါ့ "

၎င်းမှာ ဝမ်အိမ်တော်‌၏၇ယောက်မြောက်သမီး ဝမ်ဟန်ယွင်၏အသံပင်ဖြစ်သည်။

တီးတိုးသံများက ချက်ချင်းပင်ရပ်တန့်သွားပြီး လူများက ဝမ်ချီလန်နှင့်ချန်ရုံတို့အား တစ်လှည့်စီ ကြည့်လာကြ၏။

 ပေါ့ပေါ့ပါးပါးစကားပြောနေခဲ့သောဝမ်ချီလန်သည်ပင်လျှင် အခြားသူများကဲ့သို့ ချန်ရုံရှိရာ ထိုင်ခုံဆီသို့ ခေါင်းလှည့်ကာ လှမ်းကြည့်လာသည်။ထိုအရာကလူတိုင်းအား အံ့အားသင့်သွားစေ၏။

ချန်ရုံမှာ ‌ပါးလွှာသောဝတ်ရုံစနောက်ရှိသူမ၏နေရာတွင်သာ ထိုင်နေခဲ့သည်။သူမက ခေါင်းငုံ့ကာ စကတ်စအား အချိန်အတော်ကြာအောင် ဆုပ်ကိုင်ထားပြီးနောက် ဆိုလာတော့သည်။

 “အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး… သေသေချာချာပြန်တွေးကြည့်တော့ ကျွန်မလုပ်ခဲ့တာတွေအတွက် အရမ်းရှက်မိပါတယ် ”

ချန်ရုံက ခေါင်းမမော့ဘဲ ဖြည်းညင်းစွာထလိုက်ပြီး ဝမ်ချီလန်ရှိရာဘက်သို့ ဦးညွှတ်ကာ တုန်တုန်ယင်ယင်ပြောလေ၏။

 “အဲဒီနေ့က ကျွန်မ မှားသွားခဲ့ပါတယ် ... ဒါပေမဲ့ဗွေမယူဘဲ ခွင့်လွှတ်ပေးပြီး လူ့အဖွဲ့အစည်းမှာ ဆက်နေခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "  

ချန်ရုံ၏လေသံတွင် အားနည်းသောနှိမ့်ချမှုတစ်ရပ်ရှိသည်။

ဝမ်ဟုန်က သူ၏ခွက်ကို ဖြည်းညင်းစွာချကာ ဝတ်ရုံလွှာနောက်ကွယ်ရှိလူကို စိုက်ကြည့်နေ၏။အလင်းရောင်အောက်ရှိ ချန်ရုံမှာ ပို၍စွဲမက်ဖွယ်ကောင်းနေသည်။

အနီးတွင်ရှိသော ရန်မင်းသည်လည်း ခေါင်းလှည့်ကာ ချန်ရုံအား မသိမသာလှမ်းကြည့်လာခဲ့၏။

ခဏတာတိတ်ဆိတ်သွားပြီးနောက် ယွီကျစ်က ရယ်မောပြီး လက်ခုပ်တီးကာ လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်လိုက်သည်။  

"ချန်အိမ်တော်က အားရုံ ... ဘာတွေရှက်နေတာလဲ

.. မင်းသူ့ကိုချစ်တာသာမှန်ရင် ချီလန်က မင်းရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပေးမှာပါ ... အခု မင်းက သူ့ဆီက အာရုံစိုက်မှုကို ဆွဲဆောင်ပြီးပြီ ... ဒီတော့ရဲရဲကြီး ဆက်လိုက်သင့်တယ် ... ဘယ်သူသိမလဲ တစ်နေ့မှာ ဝမ်ချီလန်က စိတ်ဖောက်ပြီး မင်းကို သူ့ဇနီးအဖြစ် မထိမ်းမြားပါဘူးလို့ ဟားဟားး "

ယွီကျစ်က အခြားမည်သူ့ကိုမျှ ဝင်ရောက်စွက်ဖက်ပြောရန်မလိုလားသကဲ့သို့ လည်ချောင်းကို ရှင်းထုတ်ကာ ချက်ချင်းပင် ဆက်ပြောလေသည်။

 “ငါပြောချင်တာက ဒီမိန်းကလေးက အပြောနဲ့အလုပ်ညီပြီး သူစတာကို ဆုံးတဲ့အထိအပြီးသတ်တတ်မှာ သေချာတယ်လို့ ... မင်း "

ယွီကျစ်က ဆက်ပြောချင်သေးသော်လည်း ဝမ်ဟုန်ကမျက်မှောင်ကြုတ်လျက် ဆိုလာခဲ့သည်။

" ပါးစပ်ပိတ်ထား "

ယွီကျစ်က ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့၏။နာခံမှုကိုဖော်ပြရန်အတွက် သူက ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်အုပ်ထားကာ ဝိုင်းစက်သော ဝမ်းနည်းဖွယ်မျက်လုံးတစ်စုံဖြင့် ဝမ်ဟုန်အား ကြည့်နေခဲ့လေသည်။ယွီကျစ်၏အမူအရာမှာ ရယ်စရာကောင်းလွန်းပြီး တစ်ခဏအတွင်း၌ပင် ခန်းမတစ်ခုလုံး အူလှိုက်သည်းလှိုက်ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့၏။ကနဦးက တင်းကြပ်ပြီး အတည်ပေါက်ဆန်သောလေထုမှာမျက်စိတစ်မှိတ်အတွင်း၌ပင် လွင့်စင်သွားခဲ့သည်။

Xxxxx