Chapter 40
မေးခွန်းထုတ်ခြင်း
ထိုအချိန်တွင် အလယ်တန်း၌ ထိုင်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက မတ်တပ်ထရပ်လာကာ သူက လူအုပ်ကြီးထံသို့ ခွက်ကို မြှောက်ပြလိုက်ပြီး ရယ်ရယ်မောမောပြောလေ၏။
“ဒီလိုလရောင်လွှမ်းတဲ့ဆောင်းဦးနေ့မှာ ကျုပ်တို့က လူရိုင်းတွေရဲ့ မြင်းခွာတွေဆီက လွတ်မြောက်ပြီး နန်ယန်ဆီကို အောင်အောင်မြင်မြင် ရောက်လာခဲ့ပြီ ... တကယ်ကိုကံကောင်းတဲ့အရာပါပဲ လူကြီးမင်းတို့ ... ကောင်းချီးပြုလိုက်ကြရအောင်ပါ”
ထိုလူကပြောပြောဆိုဆိုဖြင့် ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ထိုင်နေသူများကလည်း ခွက်များကိုမြှောက်ပြီး အတူလိုက်သောက်ကြလေ၏။
ထိုတစ်ယောက်က ဝိုင်တစ်ခွက်ထပ်ငှဲ့လိုက်ပြီး ရန်မင်းထံ သို့ခွက်ကို မြှောက်ပြပြန်သည်။
“တပ်မှူးရန်ရဲ့အကူအညီမပါဘဲနဲ့ ကျုပ်တို့တတွေက လူရိုင်းတွေရဲ့လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး ... ဝမ်အိမ်တော်က ဒီကြင်နာမှုကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ... ဂုဏ်ယူပါတယ် ... ”
ထိုအခါ ရန်မင်းကလည်း မတ်တပ်ထရပ်ပြီး သူ့ခွက်ကို ပြန်မြှောက်ပြလိုက်ပြီး ဆိုလာ၏။
“ကျွန်တော်လည်း ဟန်လူမျိုးတစ်ယောက်ပဲ ... ကျွန်တော့်မှာ တာဝန်ရှိတာပေါ့ ”
ထိုအခါ နံဘေးတွင်ရှိသောဝမ်ဟုန်က " ဟင့်အင်း ... ဒါတင်မဟုတ်သေးဘူး " ဟုပြောကာ ထရပ်လာခဲ့ပြီး လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"လူကြီးမင်းတို့ ... ကျွန်တော်တို့ ဟူစစ်သည်တွေနဲ့ ဒုတိယအကြိမ်ရင်ဆိုင်ရတုန်းက တွေ့ခဲ့တဲ့သူက ဘယ်သူလဲဆိုတာကိုသိလား "
အားလုံးက ခေါင်းယမ်းပြကြသည်။
" မူရုံခယ်ပဲ ... မျက်နှာဖုံးစွပ်ထားတဲ့တစ်ယောက်က မူရုံခယ်လို့ခေါ်တယ် ”
ဝမ်ဟုန်၏မျက်နှာပေါ်၌ အားမလိုအားမရမှုတစ်ချို့ဖြတ်ပြေးသွား၏။အဘယ်ကြောင့်ဆိုသော် ဝတ်ကောင်းစားလှဝတ်ဆင်ထားကြသောအထက်တန်းလွှာလူငယ်များက မူရုံခယ်၏နာမည်ကို ကြားကြသောအခါတွင် တစ်ပြိုင်နက်တည်းပင် စိတ်ရှုပ်ထွေးနေသည့်မျက်နှာထားများဖြစ်သွားသောကြောင့်ပင် ဖြစ်လေသည်။
ဝမ်ဟုန်က သက်ပြင်းချလိုက်ရင်း စကားဆက်လေ၏။
“ရှန်းပေ မျိုးနွယ်စုရဲ့ မူရုံခယ်က သာမန်လူမဟုတ်ဘူး ... အဲ့လိုအချိန်မှာ သူ့ရဲ့ မြင်းတပ်ကနေ ရုန်းထွက်နိုင်ခဲ့တာက တပ်မှူးရန်ရဲ့ကျေးဇူးကြောင့်ပါပဲ ”
သူက ရန်မင်းအား လှည့်ကြည့်လိုက်ပြီး လေးနက်စွာ ခေါင်းညွှတ်၍လေးစားသမှုပြုလာသည်။
ဝမ်ဟုန်၏အပြုအမူကြောင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။
လေးစားသမှုအား ဖော်ထုတ်ပြသပြီးနောက် ဝမ်ဟုန်က ထိုင်ခုံ၌ ပြန်ထိုင်လိုက်သည်။သူက သက်ပြင်းချရင်း စပျစ်ဝိုင်အား ကောက်ယူသောက်သုံးလိုက်ပြီး ရန်မင်းအား ပြောလာလေ၏။
“ အထက်တန်းလွှာနဲ့ သာမန်လူကြားမှာ ကွာခြားမှုမရှိပါဘူး ... ဂျင်စစ်သည်တွေကြားမှာတောင် အထက်တန်းလွှာ နည်းနည်းပဲ ကျန်တော့တာ "
ရန်မင်းမှာ တည်ငြိမ်တိတ်ဆိတ်နေပြီး သူ၏မျက်လုံးများက လက်ထဲမှ ဝိုင်ခွက်ပေါ်တွင်သာရှိနေသည်။
ဝမ်ဟုန်က ရန်မင်းအား ဦးညွှတ်ပြီးကတည်းက လူအုပ်ကြီးမှာရန်မင်းအပေါ် ပိုမို ရိုကျိုးလာခဲ့၏။
ထိုအချိန်တွင် ခန်းမ၏ထောင့်တစ်နေရာမှ ကြိုးတပ်တူရိယာသံနှင့် လေမှုတ်တူရိယာသံများ လွင့်ပျံလာသည်။
ဂီတသံနှင့်အတူ ခန်းမထဲတွင် ဆူညံလာကာ လူငယ်များအားလုံးက မတ်တပ်ထရပ်ကြသည်။
မိန်းကလေးများသည်လည်း ၎င်းတို့၏ဘေးပတ်ပတ်လည်မှဝတ်ရုံလွှာများကိုဆွဲဖယ်ကာ စားပွဲချင်းကပ်၍စကားစမြည်ပြောနေကြတော့လေ၏။
ထိုအချိန်တွင် ချန်ရုံကတစ်ဦးတည်းထိုင်ပြီး ခေါင်းငုံ့လျက် ဝိုင်သောက်နေခဲ့သည်။ယင်းအချိန်၌ ဝမ်အိမ်တော်၏၇ဦးမြောက်မမလေးနှင့် အခြားသော မိန်းမငယ်များစွာကချန်ရုံ၏ ဝတ်ရုံလွှာအား ဆွဲဖယ်လာခဲ့ကြ၏။
တစ်ဖက်မိန်းကလေးက ချန်ရုံ၏လက်ထဲမှဝိုင်ခွက်ကိုလှမ်းယူလိုက်ပြီး ဝတ်ရုံစကိုဆွဲကိုင်ကာ " လိုက်ခဲ့ ... ငါနင့်ကိုမေးစရာရှိတယ်" ဟု ခပ်တိုးတိုးပြောလာသည်။
ချန်ရုံကလည်း မကန့်ကွက်ဘဲ သူတို့ဆွဲခေါ်သွားရာနောက်သို့ အသာတကြည်ပင် လိုက်သွားခဲ့၏။
ခဏအကြာတွင် ခန်းမ ညာဘက်ရှိ စင်္ကြံငယ်ဆီသို့ ရောက်လာကြသည်။ ဝမ်အိမ်တော်မှ ၇ဦးမြောက်မမလေးက ချန်ရုံ၏ဝတ်ရုံစကို လွှတ်လိုက်ပြီး လက်ရန်းကိုကိုင်လိုက်၏။ထို့နောက် သူမက ချန်ရုံအားစိုက်ကြည့်ကာပြောလာသည်။
" ချန်အိမ်တော်က အားရုံ ... ရှက်ရောရှက်တတ်ရဲ့လား ... ငါ့ဝမ်းကွဲအတွက် 'ဖီးနစ်ငှက်တစ်ကောင်ရဲ့ချစ်ခြင်းတေးသွား' ကို ဘယ်သူက တီးခိုင်းတာလဲ "
" ဘယ်သူမှ မတီးခိုင်းပါဘူး "
ချန်ရုံကခေါင်းငုံ့လျက် အေးအေးလူလူပင် ပြန်ဖြေလိုက်၏။
" ဘယ်သူမှ မတီးခိုင်းဘဲနဲ့ ဘယ်လိုတောင် ဒီလောက်ထိအရှက်မဲ့ရတာလဲ "
ထိုအခါ ချန်ရုံက ဖြည်းညင်းစွာ မော့ကြည့်လာသည်။
သူမက လူသတ်ချင်စိတ် ပါးလျလျပါဝင်နေသောအကြည့်များဖြင့် ဝမ်အိမ်တော်မှတစ်ယောက်အား စိုက်ကြည့်နေလေ၏။ဝမ်အိမ်တော်၏၇ယောက်မြောက်အမျိုးသမီးမှာ အေးခဲသွားပြီး သူမလည်း ထိုအကြည့်ကိုခံစားမိသည်။
ထိုအချိန်တွင် နံဘေးနားရှိ အခြားမိန်းကလေးက သက်ပြင်းချရင်းပြောလာခဲ့၏။
"ဟန်ယွင်... သူကနာမည်ပျက်နေပြီးသား ... နင်က ဘာတွေ စိတ်အလိုမကျဖြစ်နေတာလဲ "
"ဒါပေမဲ့... သူက ငါဝမ်းကွဲရော ငါ့အစ်ကိုနဲ့ပါ ပတ်သက်ခဲ့တာလေ "
" နင့်အစ်ကိုတဲ့လား ... သူနဲ့က ဘယ်လိုဆိုင်နေလို့လဲ"
ဤတစ်ကြိမ်၌ မိန်းကလေးများ အားလုံး သိလိုစိတ်ပြင်းပြလာကြသည်။
ဟန်ယွင်တစ်ယောက် ထိတ်လန့်သွားတော့၏။သူမ၏ပတ်ပတ်လည်ရှိ နန်ယန်မှအမျိုးအနွယ်များမှာတစ်ချိန်က ဝမ်ကျောသည် ဝမ်ဝူလန့်အတွက် ချန်ရုံ့အား ရည်ရွယ်ခဲ့ကြောင်းကို မသိကြပေ။
ချန်အိမ်တော်နှင့်မတူညီစွာပင် နန်ယန်ရှိဝမ်အိမ်တော်မှာ လက်အောက်ခံအနွယ်တစ်ခုသာဖြစ်ပြီး ဖျင်မြို့မှ ဝမ်အိမ်တော်ထက် အဆင့်အတန်းနိမ့်ကျသည်။ထို့ကြောင့် ဝမ်ဟန်ယွင်မှာ ဧည့်သည်တစ်ဦးသာဖြစ်သော်လည်း သူတို့အား တကူးတက တလေးတစားဆက်ဆံနေစရာမလိုပေ။
ဝမ်ဟန်ယွင် မရေမရာဖြစ်နေစဉ်တွင် အနောက်မှ ခပ်တိုးတိုးလေသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
" ချန်အိမ်တော်က အားရုံ ... အခုလေးတင် ဝူလန်ကပြောတယ် ...နင့်ရဲ့ဦးရီးတော်ချန်ယွမ်က နင့်ကို နန်ယန်မင်းသားဆီ ပေးချင်နေတာဆို "
ဤသည်က စိတ်လှုပ်ရှားစရာ သတင်းပင်။
ပတ်ချာလည်ရှိမိန်းကလေးများအားလုံးက ချန်ရုံအား ဝိုင်းကြည့်လာကြသည်။
ချန်ရုံမှာ ထိုသူတို့၏စူးစူးရဲရဲမျက်ဝန်းများကြားတွင် နှုတ်ခမ်းအား ခပ်တင်းတင်းစေ့ထားလိုက်ပြီး ခေါင်းငုံ့လျက် လှည့်ထွက်သွားတော့သည်။
ဤတစ်ကြိမ်၌ ဝမ်အိမ်တော်၏၇ယောက်မြောက်မမလေးက သူမအား မတားမြစ်ခဲ့ပေ။
ဝမ်ဟန်ယွင်က ချန်ရုံ၏တုန်လှုပ်ဆုတ်ယုတ်နေသော အသွင်အပြင်ကို စိုက်ကြည့်နေရင်း ခပ်တိုးတိုးပြောလေသည်။
“ ဒီလိုပဲပေါ့လေ ... အံ့သြစရာမရှိပါဘူး ”
သူမ၏လေသံတွင် စာနာသနားခြင်းအပြည့်ရှိနေသော်လည်း အခြားသူ၏ကံဆိုးခြင်းအတွက် ပျော်ရွှင်နေသောအငွေ့အသက်အချို့လည်း ပါဝင်ပေ၏။
နိမ့်ကျသောအဆင့်အတန်းရှိသည့်ချန်ရုံ၏ ဉာဏ်ရည်မှာ အဘယ်သို့ သုံးစား၍ရနိုင်မည်နည်း။မိသားစုကိုယ်တိုင်သည်ပင်လျှင် သူမအား အနစ်နာခံစေချင်နေသည်မဟုတ်ပါလော။ကံကောင်းထောက်မစွာဖြင့် အစ်ကိုတော်က ချန်ရုံနှင့် ထိမ်းမြားလိုကြောင်းကို လူသိရှင်ကြား ဖွင့်ဟမပြချင်ခဲ့ပေ။မဟုတ်မှလွဲ၍ ဤအရှက်မဲ့သည့်ချန်ရုံက ဝမ်းကွဲအစား အစ်ကိုတော်အား မြူစွယ်ခဲ့သလော။
ချန်ရုံက ခေါင်းငုံ့လျက် ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီး ခြေလှမ်းအနည်းငယ်အကွာတွင် အနီးနားရှိ ဘေးဘက်ထွက်ပေါက်ကို မြင်လာရသည်။
ခန်းမပြင်သို့ရောက်လာသည်နှင့် လေပြင်းများ တိုက်ခတ်လာ၏။ မကြာခင်၌ ဆောင်းရာသီကူးတော့မည်ဖြစ်သဖြင့်ညဘက်လေပြင်းတိုက်ခတ်မှုက ရိုးတွင်းခြင်ဆီထဲအထိ အေးစိမ့်လာစေသည်။
လမ်းလျှောက်ရင်းဖြင့် သူမကိုယ်တိုင် မသိလိုက်ခင်မှာပင် ရေကန်ငယ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။
ဤကန်သည် အကျယ်အဝန်းအားဖြင့် နှစ်ဧကသာရှိပြီး ရေမှာ အောက်ခြေအထိ ကြည်လင်နေသည်။ကံမကောင်းစွာဖြင့်ပင် ယခုအချိန်မှာ ဆောင်းဦးနှောင်းပိုင်းဖြစ်၍
ရေထဲတွင် လ၏တောက်ပသောရောင်ပြန်ဟပ်မှုထက် မည်သည်ကိုမှပိုမမြင်နိုင်ချေ။
ချန်ရုံက ခေါင်းငုံ့ကာ ရေထဲမှသူမ၏ပုံရိပ်ကိုလှမ်းကြည့်နေသည်။ရေများက မဆိုစလောက်ကလေး လှိုင်းထနေပြီး
လရောင်ဖျော့ဖျော့ကလည်း ရေမျက်နှာပြင်ပေါ်တွင် နေရာယူထားလေ၏။သို့သော်လည်း ရေထဲတွင် သူမနှင့်သက်တူရွယ်တူဖြစ်သည့်ပန်းကလေးသဖွယ်လှပသောမိန်းကလေး၏ပုံရိပ်က ရောင်ပြန်ထင်ဟပ်နေဆဲဖြစ်လေသည်။ချန်ရုံက ခါးမကိုင်းဘဲ သူမ၏လက်များကိုဆန့်ထုတ်ကာ ၎င်းပုံရိပ်ယောင်အား လှမ်းထိတွေ့ရန် ကြံရွယ်လိုက်သည်။
ထို့သို့ပြုနေစဉ်မှာပင် သူမသည် အားပြင်းပြင်းဖြင့် နောက်ပြန်ဆွဲထုတ်ခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် “မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ဟူသော ယောကျာ်းသံတစ်သံအား ကြားခဲ့ရလေ၏။
ချန်ရုံက မတ်မတ်ပြန်ရပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။သူမအား ဆွဲခေါ်လာသူမှာ အသက်သုံးဆယ်ခန့်အရွယ် ထောင်ထောင်မောင်းမောင်း အစောင့်တစ်ဦးဖြစ်သည်။ချန်ရုံမှာ ထိုလူအား အတော်ပင် ရင်းနှီးနေပြီး သူမ၏အကြည့်များက ရေကန်ကမ်းနားဆီသို့ အလိုလိုရောက်သွားတော့၏။
ထိုအခါအဖြူရောင်၀တ်စုံနှင့် လှိုင်းလုံးများကြားမှကျောက်စိမ်းကဲ့သို့ ချောမောလှသည့်အမျိုးသားတစ်ဦးကို သူမ တွေ့လိုက်ရသည်။
ထိုလူမှာ ဝမ်ဟုန်ပင်။
ချန်ရုံမှာ ဝမ်ဟုန်နှင့် ဤအချိန် ဤနေရာ၌တွေ့ရန် လားလားမျှ မျှော်လင့်မထားခဲ့ချေ။အကြောင်းတစ်ခုခုကြောင့် ချန်ရုံမှာ အနည်းငယ်ရှက်ရွံ့သွားသည်။ထို့နောက်
သူမကခေါင်းငုံ့ကာ တုန်တုန်ယင်ယင်ပြောလိုက်လေ၏။
“မင်္ဂလာပါ ချီလန်”
သစ်သားဖိနပ်သံထွက်ပေါ်လာပြီး ဝမ်ဟုန်က ချန်ရုံ့ထံသို့လှမ်းလာနေသည်။
မကြာခင်မှာပင် သွယ်လျပြီးနှင်းကဲ့သို့ဖြူဖွေးသည့် ဝမ်ဟုန်၏ပုံရိပ်က ချန်ရုံ၏မြင်ကွင်းထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာတော့၏။ဝမ်ဟုန်က သူမအား ငုံ့ကြည့်လာရင်း ဆိုသည်။
"ချန်အိမ်တော်က ဉာဏ်ကြီးရှင်ချန်ရုံက ဘာလို့ ငါ့ကိုမြင်တာနဲ့ ရှက်သွားရတာလဲ ... မော့တောင်မကြည့်ရဲတော့ဘူးလား "
Xxxxx