အပိုင်း ၄၁
Viewers 18k

Chapter 41


ရွှံ့နှင့်တိမ်

ဝမ်ဟုန်ရှိသည့်နေရာတိုင်းတွင် တည်ကြည်ခန့်ညားသောအမျိုးကောင်းသားတစ်ဦး၏အထင်ကြီးဖွယ်ရာလေထုက အမြဲလိုလိုဖုံးလွှမ်းနေလေ့ရှိသည်။

 ထိုသို့ဖြစ်သဖြင့် ချန်ရုံမှာ အဆင့်အတန်းမြင့်မားသောလူ့အဖွဲ့အစည်းမှဆင်းသက်လာသူတစ်ဦး၏သာလွန်မှုကို ခံစားသိရှိနိုင်ရန်အတွက်နှင့် ယခုအခိုက်တွင် ခေါင်းမော့နေစရာမလိုအပ်ပေ။

ဝမ်ချီလန်က ကျောက်ရုပ်သဖွယ်ငြိမ်သက်နေသောချန်ရုံအားကြည့်လျက် ပြုံးရယ်နေသည်။ထို့နောက်သူက ကျောနောက်သို့ လက်ပစ်ထားလိုက်ပြီး ခေါင်းငိုက်စိုက်ချကာ ရေကန်ထဲသို့လှမ်းကြည့်လေ၏။

 “ အခုလေးတင် မင်း ရေကန်ထဲ ခုန်ချဖို့ စဉ်းစားနေတာလား ”

“မဟုတ်ပါဘူး ... ဘဝဆိုတာ ဘုရားပေးတဲ့လက်ဆောင်ပါ ... သေခြင်းတရားကို မတွေးဝံ့ပါဘူး "

ထိုအခါ ချန်ရုံက ရုတ်ချည်းဆိုသလိုပင် မော့ကြည့်လာပြီး အကြောက်အကန်ငြင်းတော့သည်။

မြင့်မြတ်ကြည်လင်ပြီး အရာရာကိုသိရှိကြောင်းပြသနေသည့် လရောင်အောက်မှ ဝမ်ဟုန်၏မျက်ဝန်းများအား တွေ့လိုက်ရသောအခါတွင်မူ ချန်ရုံမှာ အလိုလိုပင် ခေါင်းပြန်ငုံ့မိသွားလေ၏။

ချန်ရုံက သူမ၏ညာဘက်လက်အား လက်သည်းများကြောင့် လက်ဖဝါးများ နာကျင်လာသည်အထိ တင်းတင်းကြပ်ကြပ်ဆုပ်ထားခဲ့ပြီး ထို့နောက်တွင်မူ ရေထဲသို့ စိုက်ကြည့်လျက် ဝမ်ဟုန်အစပျိုးသောစကားဝိုင်းအား ဆက်လက်ပြောကြားခဲ့သည်။

 " စောစောက ရေပြင်ပေါ်မှာ ငယ်ရွယ်လှပတဲ့ ကျွန်မကိုယ်ကျွန်မ တွေ့လိုက်ရတယ် .... ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ အဲ့ဒီပုံရိပ်က ရွတ်တွပြီ အိုမင်းသွားတယ် ... မျက်စိမှားတာလားလို့ထင်ခဲ့တာ ... အဲ့ဒါကြောင့် ထိကြည့်ဖို့လုပ်လိုက်မိတာပါ "

နောက်ဆုံးတွင်မူ ချန်ရုံမှာ စိတ်ပြန်စုစည်းနိုင်ခဲ့ပြီး သူမက ဝမ်ဟုန်အား ရဲတင်းစွာမော့ကြည့်လိုက်လေ၏။

လရောင်အောက်မှဝမ်ဟုန်မှာ ဝတ်ရုံရှည်ကိုလွှားထားပြီး ခေါင်းစွပ်မြင့်နှင့် ခါးပတ်ပြားတို့ကို ဝတ်ဆင်ထားသည်။ သာမန်ဝတ်ရုံတစ်ခုသာဖြစ်သော်ငြားလည်း ဝမ်ဟုန်၏ကိုယ်ပေါ်သို့ရောက်သွားသောအခါ လရောင်လွှမ်းသောကျောက်စိမ်းသဖွယ် ကျက်သရေရှိလှ၏။

ချန်ရုံက အနည်းငယ်မှိန်းမောနေသောမျက်ဝန်းများဖြင့် ဝမ်ဟုန့်အား စိုက်ကြည့်နေသည်။သတိပြန်ကပ်ရန် ရုန်းကန်ပြီးနောက်တွင်မူ ဝမ်ဟုန်၏အကဲဖြတ်နေသောအကြည့်များဖြင့် ရင်ဆိုင်လိုက်ရတော့၏။

သူ၏မျက်ဝန်းများမှာ လမင်းနှင့်တူသည်။ကြည်လင်သော်လည်း မြင့်မားပြီး နီးကပ်ဟန်ထင်ရသော်လည်း လက်လှမ်းမမီနိုင်ပေ။

ထိုအချိန်တွင်မျက်နှာချင်းဆိုင်၌ ရပ်နေသည့် ဝမ်ဟုန်က ခပ်တိုးတိုးဆိုလာခဲ့သည်။

 “ချန်အိမ်တော်က အားရုံ ... မင်း ငါ့ကို ပြောစရာမရှိဘူးလား”

ဝမ်ဟုန်၏လေသံမှာ ပျော့ပျောင်းပြီး သူ၏စကားများက 

အေးစက်သောအငွေ့အသက်ရှိသည့်ကျောက်စိမ်းသကဲ့သို့ ပဲ့တင်ထပ်နေသည်။သူ၏မြင့်မြတ်သိမ်မွေ့သည့်စိတ်နေစိတ်ထားနှင့်အတူ ထိုကဲ့သို့ပြောဆိုလာသောလေသံမှာ ချန်ရုံအား မျက်စိရှေ့ရှိလူက သူမနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့်တိမ်များသကဲ့သို့ ခံစားသွားစေရသည်။

ထူးဆန်းသည်မှာ ထိုအရာအား အသိအမှတ်ပြုလိုက်သည်နှင့် သူမ၏ရှက်ရွံ့ခြင်းနှင့် မသက်မသာဖြစ်မှုအားလုံးမှာ မီးခိုးငွေ့သဖွယ် ပျောက်ကွယ်သွားခြင်းပင်။

ချန်ရုံက ရေပြင်ပေါ်မှ ပုံရိပ်များကိုသာ တိတ်တဆိတ် စိုက်ကြည့်ရင်း မျက်လွှာချထားသည်။

“ဒီကမ္ဘာပေါ်မှာ ရှင့်ကိုမေတ္တာရှိတဲ့ မိန်းကလေးတွေ မရေမတွက်နိုင်အောင် ရှိတယ် ... သူတို့ကို မေးကြည့်ဖူးလား ... ဘာလို့လဲဆိုတာကို "

ချန်ရုံက တိုးညင်းသောလေသံဖြင့်မေးလိုက်ပြီး ဝမ်ဟုန်အား အကြိမ်အနည်းငယ်ခန့် မသိမသာလှည့်ကြည့်‌နေလေ၏။သူမ၏လှပတပတမျက်နှာလေးပေါ်၌လည်း မှော်ဆန်သော အရိပ်အယောင််များက သဘာဝကျကျပေါ်လွင်လာခဲ့သည်။

လေနုအေး ၊ လှိုင်းလုံးများ နှင့် တောက်ပသောလမင်းကြီးရှိနေ၏။

ဝမ်ဟုန်က ချန်ရုံကိုတိတ်တဆိတ်တွေးမိသွားပြီး ရယ်မောလာတော့သည်။ထို့နောက်သူက ချန်ရုံအား လှည့်ကြည့်လာခဲ့ပြီး ဆက်ပြောလေ၏။

 “ ငါ အများကြီးတွေး‌နေမိပြီ ”

ထို့နောက် ဝမ်ဟုန်က လှည့်ထွက်သွားတော့သည်။

ကျန်ရစ်ခဲ့သူချန်ရုံမှာ တစ်ဖက်လူ၏ လွင့်ပျံနေသော အင်္ကျီလက်မှ ဝတ်ရုံစများကို အဝေးမှလှမ်းကြည့်နေရင်း ညည်းတွားမိသွားလေ၏။

 “ အမျိုးကောင်းသားဆိုတာက ကောင်းကင်ပေါ်က

တိမ်တိုက်တစ်ခုလိုပါပဲ ... ရှင့်ရဲ့အပြုံးက တောင်တွေကိုဖြိုနိုင်စွမ်းရှိတယ် ... ကျွန်မကတော့ သစ်ပင်ပေါ်က အရွက်လေးပါပဲ ... ဆောင်းဦးမိုးရွာပြီးတာနဲ့ လေနှင်ရာမြေပြင်ပေါ်ကိုရွေ့ပြီး ရွှံ့ဖြစ်သွားရမှာပါ ”

သူမ၏လေသံတွင် ဝမ်းနည်းခြင်းအလျဉ်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် အမှန်တရားကို ဖော်ပြနေခြင်းသာဖြစ်သည်။

ထို့နောက် ဝမ်ဟုန်က ရုတ်ချည်းရပ်တန့်သွားပြီး ချန်ရုံအားပြန်လှည့်ကြည့်လာ၏။

ဖြာကျနေသောလရောင်အောက်တွင် ချန်မိန်းကလေး၏ နက်မှောင်သည့်မျက်ဝန်းများက နားမလည်နိုင်အောင် ဖြစ်နေသည်။ငယ်ရွယ်နုပျိုသောမျက်နှာက အပြစ်ကင်းစင်သော်လည်း သူမ၏ပုံစံမှာမူဆွဲဆောင်မှုရှိနေကာ

ပြောခဲ့သည့်အတိုင်းပင် မြေကြီးပေါ်သို့ညိုမဲသက်ဆင်းနေသော သစ်ရွက်တစ်ရွက်နှင့်သဏ္ဌာန်တူသည်။

မည်သို့ပင်ဆိုစေကာမူ ဤလရောင်အောက် ၊ လှိုင်းထနေသော ရေကန်ဘေးတွင်ရပ်နေသောပိန်ပိန်ပါးပါး မိန်းကလေးက သူတို့၏ မတူကွဲပြားမှုများကို ပွင့်ပွင့်လင်းလင်း ပြောပြနေလေ၏။သူမက သူ၏ ' ဝင့်ကြွားသောအပြုံး' အတွက် အလွန်အမွှမ်းတင်ပြီး မုန်တိုင်းပြီးနောက် ရွှံ့အဖြစ်သို့ ပြောင်းလဲသွားမည့် သစ်ရွက်တစ်ရွက်နှင့် သူမကိုယ်သူမ နှိုင်းယှဉ်ခဲ့သည်။ကူရာကယ်ရာမဲ့မှု ၊ မှိုင်တွေမှုများဖြင့်သူမ၏အသွင်အပြင်မှာ ယခင်အချိန်၌ နာကျင်ခဲ့ရသူတစ်ဦးက ပေးဆပ်ခြင်းအားအရင်းခံပြီး ယခုအချိန်၌ စွန့်လွှတ်တတ်ရန် သင်ယူခဲ့ပြီးဖြစ်ပုံ‌နှင့် ဆင်တူနေသည်။

၄င်းအချက်က ဝမ်ဟုန်၏နှလုံးသားအား ထိုးနှက်သွားခဲ့သည်။

ဝမ်ဟုန်၏မျက်ဝန်းများထဲ၌ လရောင်များဖြင့်ပြည့်နှက်နေပြီး သူက ချန်ရုံအားတွေးတောနေရင်း ခပ်တိုးတိုးဆိုလာခဲ့၏။

  "အားရုံ ... ဒီလိုစကားမျိုးတွေမပြောပါနဲ့ ... လောကကြီးမှာ လူတိုင်းအတူတူပါပဲ ... ဆောင်းဦးမိုးရွာပြီးရင် ငါတို့အကုန်လုံး ရွှံ့တွေဖြစ်သွားကြမှာ ... မင်းနဲ့ငါ့ကြားမှာလည်း ကွဲပြားတာမရှိဘူး”

ခေတ္တရပ်နားပြီးနောက် ဝမ်ဟုန်က ညင်သာစွာဆက်ပြောသည်။

 “မင်းက ရွှံ့မဟုတ်သလို ငါကလည်း တိမ်မဟုတ်ဘူး”

 "တကယ်လား "

 "တကယ်ပေါ့ "

ချန်ရုံက ခေါင်းငုံ့လျက်သားမေးလိုက်သောအခါ ဝမ်ဟုန်က တက်တက်ကြွကြွပင်ပြန်ဖြေလာ၏။

ဝမ်ဟုန်မှာ တစ်ဖက်လူအား ဆယ်လှမ်းအကွာမှတိတ်တဆိတ်လှမ်းကြည့်နေခဲ့သည်။ထို့နောက်သူက ဂရုဏာသက်သောအကြည့်များဖြင့် ခပ်တိုးတိုးရေရွတ်လိုက်၏။

 “ကောင်းကင်ဘုံ ... ကျွန်တော့်ကိုကူညီပါ ... ဒီမိန်းကလေး... ”

ချန်ရုံခေါင်းပြန်မော့လိုက်သောအခါ သူမနှင့်အတူ လရောင်သာ ကျန်ရစ်ခဲ့သည်။ ဝမ်ဟုန်၏ရုပ်သွင်မှာမူ အဝေးသို့ ရောက်သွားခဲ့လေပြီ။

အလွန်တရာပင်ဝေးကွာသွားသော်လည်း သူ၏ပုံသဏ္ဍာန်က လနှင့်တိမ်များဖြင့် ဆင်တူနေသေးသည်။ချန်ရုံက ခေါင်းခါလျက် တွေးလိုက်လေ၏။

- ဘယ်လိုမိန်းကလေးက ဒီလိုယောက်ျားမျိုးရဲ့ အာရုံကို ဖမ်းစားနိုင်မလဲဆိုတာကို သိချင်မိတယ် -

ထို့နောက်ချန်ရုံမှာ ဆက်မတွေးတော့ဘဲ ခြေကြွလျက် ပင်မခန်းမဆီသို့ ပြန်လည်ဦးတည်သွားခဲ့သည်။

စုဝေးရပ်မှ အဝေးတစ်နေရာသို့ရောက်လာချိန်တွင် ပူဆွေးသောကရောက်နေဟန်ရသည့်ဗျပ်စောင်းသံစဉ်များနှင့် ငြိမ့်ညောင်းသောတေးဆိုသံများက လေထဲသို့ လွင့်ပျံလာခဲ့သည်။

“သစ်ခွပင်ဟာ ရှင်ဘုရင်ရဲ့ မွှေးနံ့သာ ...

ပွင့်လန်းဆဲဖြစ်သော်ငြားလည်း အခုတော့ ပေါင်းပင်တွေနဲ့ ရောယှက်နေလို့ရှာ ...

အချိန်ကျမှာကို မှိန်းမောပြီးစောင့်စားသူပညာရှိနဲ့ အညတရလူမိုက်တို့ဟာလည်း ကွဲပြားနေမည်သာ ... "

ချန်ရုံက သီချင်းစာသားများကို နားထောင်ရင်း ခေါင်းယမ်းလိုက်၏။

ဤသည်မှာ တကယ့်လောကအစစ်ပင် ဖြစ်သည်။

ယောက်ျားသားများသည်ပင်လျှင် လူသိမခံနိုင်သော စိုးရိမ်သောကများရှိ၏။ ' ဟူ 'လူမျိုးမှန်သမျှကို နှစ်ပေါင်းများစွာကြာအောင် သတ်လိုခဲ့‌သော ယောက်ျားတစ်ဦးနှင့်ဥပမာထားကြပါစို့။အဘယ်ကြောင့် ထိုလူသည် ယခုချိန်အထိ မုန်းတီးမှုနှင့် ဒေါသကို မကျော်လွန်နိုင်ရသေးပါသနည်း။

ချန်ရုံက တွေးတောနေရင်းဖြင့် ခန်းမထဲသို့ ဝင်သွားခဲ့သည်။ခန်းမအလယ်တွင် တေးသံရှင်တစ်ဦး တီးခတ်သီဆိုနေပြီး လူတိုင်းက သူမ၏တေးဂီတအား ခေါင်းတငြိမ့်ငြိမ့်နှင့် နားဆင်‌နေကြလျက်ရှိ၏။

ချန်ရုံက သက်ဆိုင်ရာနေရာတွင် ပြန်ဝင်ထိုင်ပြီး ဝတ်ရုံလွှာအကာအရံအား ဆွဲချလိုက်သည်။ထို့နောက်သူမက ကုလားထိုင်တွင် မှီကာ ထွင်းဖောက်မြင်ရသောအကာအရံမှတစ်ဆင့် ပတ်ပတ်လည်ကိုကြည့်ရှုနေလေ၏။

 ဤတစ်လျှောက်လုံး၌ သူမသည် သူမ၏အတွေးများအား လူသိမခံချင်ခဲ့သောကြောင့်အခြားသူများနှင့်လည်း ခပ်ကြာကြာ အကြည့်ချင်းဆုံလေ့မရှိခဲ့ချေ။

သို့သော်လည်းလက်ရှိတွင် သူမမှာ အကာအရံကို အမှီပြု၍ စိတ်ရှိသလောက်လှည့်ပတ်ကြည့်ရှုနိုင်သည်။

အထူးသဖြင့် အနက်ရောင်၀တ်စုံနှင့်တစ်ယောက်က သူမ၏ရှေ့၌ ထိုင်လျက်ရှိပြီး ချန်ရုံမှာ ထိုတစ်ယောက်အား အေးအေးလူလူပင် စောင့်ကြည့်နေနိုင်သည်။

မကြာသေးမီက ထိုသူသည် ချန်အိမ်တော်ထံသို့ သူမအားထိမ်းမြားခွင့်တောင်းမည်ဟု ပြောခဲ့လေ၏။အဘယ်ကြောင့်ထိုသို့ပြုခဲ့ခြင်းဖြစ်မည်နည်း။

ချန်ရုံမှာ ထိုတစ်ယောက်နှင့်နှစ်အတော်ကြာ ထိမ်းမြားခဲ့သော်လည်း အချိန်အနည်းငယ်သာအတူကုန်ဆုံးခဲ့ရပြီး ထိုလူ၏စိတ်ကို မည်သည့်အခါကမှ မခန့်မှန်းနိုင်ခဲ့ပေ။

သူမက ခေါင်းကိုခါယမ်းလိုက်သည်။

နောက်ထပ်တစ်ကြိမ်ရှင်သန်ခွင့်ရခဲ့သည့်အတွက် ထိုအရာများကို အဘယ်ကြောင့် တစ်ဖန်ပြန်လည်စဉ်းစားနေရဦးမည်နည်း။မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ခါ၌ ထပ်တူညီသောအမှားမျိုးအား ဆက်လက်ပြုမည်မဟုတ်တော့ပေ။ရှိသမျှချစ်ခြင်းမေတ္တာများအား ယောက်ျားတစ်ယောက်အပေါ် အပြည့်အ၀ပုံအောပေးပြီး မည်သည့်ကိုမှပြန်မရသည့်အဖြစ်မျိုးနှင့် ထပ်မံ မကြုံဆုံစေရပါ။

နောက်နောင်ဘယ်တော့မှပင်။

သူမ အတွေးများနေစဉ်မှာပင် ခန်းမ တံခါးဝမှ ဆူညံသံအချို့ ထွက်ပေါ်လာသည်။အများစုမှာ အမျိုးသမီးများထံမှ တခစ်ခစ် ရယ်မောသံများဖြစ်ကြပေ၏။

ချန်ရုံက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ ခန်းမထဲသို့ လျှောက်လှမ်းလာနေသောအဖြူရောင်ဝတ်ရုံလွှားထားသည့် ဝမ်ဟုန်အားတွေ့လိုက်ရလေ၏။

ထိုလူမှာ မည်သည့်နေရာသို့ရောက်နေပါစေ အမြဲလိုလိုပင် အာရုံစိုက်မှု၏ ပင်မဗဟိုဖြစ်လာလေ့ရှိသည်။ ပြုံးရယ်ရင်းစကားပြောနေကြသူများ ၊ ထိုင်လျက်တီးတိုးပြောဆိုနေကြသောမိန်းကလေးတို့က သူ၏လှုပ်ရှားမှုတိုင်းအား မပျက်မကွက်ပင် စူးစမ်းလာကြတော့၏။

Xx