အပိုင်း ၄၂
Viewers 16k

Chapter 42


နှလုံးသားမှ နှလုံးသား

ဝမ်ဟုန်ဝင်လာပြီးသည်နှင့် ခန်းမက ပြန်လည်အသက်ဝင်လာခဲ့၏။ထိုအချိန်တွင် ခပ်လှမ်းလှမ်း၌ရှိနေသောယွီကျစ်က ဝမ်ဟုန်အားလှမ်းပြောလေသည်။

 “လာလာ ... ဒီကောင်ဝမ်ယိုက ‘ ကျန်းမာချင်ရင်စွမ်းအင်တွေ အရင်စီးဆင်းရမယ်’ လို့ပြောနေတယ် ... ငါက ငြိမ်းအေးပျက်ပြယ်ခြင်းကိုပဲသိတယ်တဲ့ ..စစ်မှန်တဲ့ကျန်းမာခြင်းရဲ့အကြောင်းကို ဆရာကျကျမသိဘူးတဲ့ ... ဒေါသထွက်တဲ့အခါ ဖွင့်ထုတ်ပစ်ဖို့လိုတယ်..အမုန်းပွားရင်လည်း သတ်ပစ်ရမှာပဲ ... ခံစားရရင် ခံစားရတဲ့အတိုင်း ဖော်ပြထုတ်ပြဖို့လိုတယ်ကွ ... ဒါမှ ယင်နဲ့ယန် ၊

ကောင်းကင်နဲ့မြေကြီးလမ်းစဉ်အတိုင်း အသက်ရှင်တယ်လို့ပြောလို့ရတာပေါ့ ...ဒီကောင်နဲ့တော့ ငြင်းလို့မရဘူး ... ချီလန် ... မင်းလာတာအတော်ပဲ ငါ့ကိုကူစမ်းကွာ "

 "ကောင်းပြီ‌လေ ... အဆိုအချေတွေကို နားထောာင်ကြည့်တာပေါ့ " ဝမ်ဟုန်က ပြုံးလျက်။

ပညာရှင်တို့၏စကားစစ်ထိုးပွဲများကို နားထောင်နေချိန်၌ ချန်ရုံ၏အနောက်တွင်ထိုင်နေသော ဝမ်အိမ်တော်မှ မိန်းကလေးတစ်ဦးက ပြောလာခဲ့သည်။

 “နန်ယန်က တိမ်မြုပ်နေပါတယ်လို့ ငါမပြောဘူးလား ... ယောက်ျားသားတွေငြင်းခုံတာကိုတောင် မကြားရဘူး ... လန်ယာဝမ်အိမ်တော်သာ ရောက်မလာခဲ့ရင်တော့လား ...

အမလေး... ဒီလို ဒဿနတွေကို နားထောင်နိုင်မှာကိုမဟုတ် ဘူး ”

ထိုအခါ အခြားမိန်းကလေးတစ်ဦးက ရန်မင်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ၏အတွေးများကို ပေါ့ပေါ့ပါးပါးဖွင့်ထုတ်ပြောလေသည်။

 “ တပ်မှူးရန်လို သာမန်လူတစ်ယောက်နဲ့ နန်ယန်မှာ ဘယ်လို ငြင်းခုံမှုမျိုး လုပ်နိုင်မှာမလို့လဲ”

အကာအရံ‌နောက်ကွယ်၌ထိုင်နေသောချန်ရုံမှာ ခေါင်းငုံ့လျက်သားထိုင်နေခဲ့ပြီး ထိုစကားများကိုကြားချိန်တွင် သူမက ခေါင်းကိုခါယမ်းလိုက်သည်။

ထို့နောက်တွင် အနောက်မှစကားသံများက ပို၍ပြင်းထန်လာပြီး ဉာဏ်ရည်နိမ့်ပါးသည့်ခံစားချက်မျိုးရလာ၏။

လူအများစုမှာ ပညာရှိများအားဝန်းရံ၍ ၎င်းတို့၏ငြင်းခုံချက်များကို ပီတိဖြင့် နားထောင်ရန်လာရောက်ကြခြင်းဖြစ်သည်။

ချန်ရုံမှာ ထိုနေရာတွင်ဆက်၍ထိုင်မနေနိုင်တော့ဘဲ အကာအရံကိုဆွဲဖယ်ကာ အပြင်သို့ထွက်ခွာသွားခဲ့၏။

သူမက ခန်းမ၏ဘေးဘက်ဝင်ပေါက်အနီးရှိတောက်ပသောအလင်းရောင်ရှိသည့်နေရာဆီသို့ ဦးတည်သွားခဲ့သည်။ယခုအချိန်တွင် အပြင်သို့တကူးတကထွက်လာကြသူများ အလွန်နည်းပါးပြီး သူမ တစ်ချက်လှည့်ကြည့်လိုက်ချိန်တွင် လရောင်အောက်၌ ခပ်ဝါးဝါးလူရိပ်အနည်းငယ်သာရှိသည်။

ချန်ရုံမှာ ကျောက်စရစ်လမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့၏။

သူမက ခေါင်းကိုငုံ့ကာ ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်ရင်းအတွေးများနေလေသည်။ယနေ့ညပွဲက သူမအတွက် အထူးအရေးကြီးပြီး ပွဲသဘင်မှာ အဆုံးသတ်ခါနီးလေပြီ။

ချန်ရုံက သူမ၏ အပြောအဆိုနှင့် အပြုအမူများကို တစ်ခုချင်းစီပြန်လည်သုံးသပ်ကြည့်ပြီး အကြောင်းတစ်ခုခုကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

လမ်းအဆုံး၌ လရောင်လွှမ်းနေသည့် ငွေရောင်အိုင်ငယ်ကလေးတစ်ခုရှိ၏။

ချန်ရုံက ခေတ္တရပ်လိုက်ပြီး ခေါင်းမော့လျက် အနီးအနားသို့လှည့်ပတ်ကြည့်လိုက်ရာ ထိုစဉ်တွင် သူမ၏အကြည့်များက တစ်နေရာရာတွင် ရပ်တန့်သွားသည်။

ရေကန်၏ဘယ်ဘက်ရှိ သူမနှင့်ဆယ်လှမ်းသာဝေးသောနေရာတွင် အရပ်ရှည်ရှည်နှင့်ထောင်ထောင် မောင်းမောင်းရုပ်သွင်တစ်ခုရှိနေ၏။ထိုရုပ်သွင်ပိုင်ရှင်က အမှောင်ထဲမှသူမအားတိတ်ဆိတ်စွာ စိုက်ကြည့်လာခဲ့သည်။

ချန်ရုံက အပြုံးတစ်ခုကို လုပ်ယူလိုက်ပြီး ထိုလူအား ဝတ်ကျေတန်းကျေ နှုတ်ခွန်းဆက်သလိုက်၏။

 " မင်္ဂလာပါ ...တပ်မှူးရန် "

ထိုနေရာ၌ရပ်နေသူမှာ အမှန်တကယ်ပင် ရန်မင်းဖြစ်သည်။သူမထွက်လာခဲ့ချိန်၌ ရန်မင်းမှာ ခန်းမထဲတွင်သာရှိသေး၏။ထိုသို့ဖြစ်ပါလျက် သူက ဤနေရာအထိ အဘယ်ကြောင့်ကြိုတင်ရောက်ရှိနေရသနည်း။အလွန်ပင် ထူးဆန်းလှသည်။

- အမ်း .. အခုက ဒါစဉ်းစားရမဲ့ အချိန်မဟုတ်သေးဘူး -

ရန်မင်း၏ မျက်လုံးများမှာ အမှောင်ထဲတွင် အံ့မခန်း တောက်ပနေ၏။ရန်မင်းက ချန်ရုံ့အား စိုက်ကြည့်နေခဲ့ပြီး ထို့နောက်တွင်မူ သူ၏အကြည့်များက ပြေးထွက်ရန်အသင့်အနေအထားဖြစ်နေသော သူမ၏ခြေထောက်များ‌ဆီသို့ရောက်သွားတော့သည်။

ရန်မင်း၏နှုတ်ခမ်းစွန်းများက ကွေးညွတ်တက်သွားပြီး သူက ခပ်တိုးတိုးဆိုလာ၏။

“ဒီကိုလာ” 

" ရှင် "

 “ ဒီကိုလာလို့ပြောနေတာ” ရန်မင်းက မျက်မှောင်ကြုတ်လျက် အမိန့်ပေးခြင်းသဘောသက်ရောက်သည့်လေသံဖြင့် ပြန်ပြောလာခဲ့သည်။

 " ဟုတ်ကဲ့ " 

ချန်ရုံက ရုတ်ချည်းပင် လွှတ်ခနဲပြန်ဖြေလိုက်ပြီး ခြေကြွကာ ရန်မင်းအနားသို့တိုးကပ်သွား၏။သို့သော်လည်း ပို၍နီးကပ်လာလေလေ သူမ၏ခြေလှမ်းများက ပိုမိုတွန့်ဆုတ်လာလေလေဖြစ်သည်။

ရန်မင်းမှာ မိုးကုပ်စက်ဝိုင်းဘက်သို့လှည့်ကြည့်နေခဲ့သဖြင့် ထိုအခြင်းအရာအား သတိမထားမိလိုက်ပေ။

ရန်မင်းက လက်များအား နောက်ပစ်ထားပြီး သူ၏ဝတ်ရုံနက်မှာ လေထဲတွင်လွင့်ပျံနေသည်။ထိုအချိန်တွင် ရန်မင်း၏နှုတ်ခမ်းပါးများက အထက်သို့မဆိုစလောက်ကလေးကွေးညွတ်တက်နေခဲ့ပြီး ပါးရိုးများ၏ချွန်ထက်သော အသွင်အပြင်ကလည်း ထင်ရှားနေသည်။

ချန်ရုံအနားသို့ရောက်လာချိန်တွင် ရန်မင်းက တက်ကြွသောခပ်ဩဩလေသံဖြင့်ပြောလေ၏။

 “ဒီအထက်တန်းလွှာတွေအားလုံးက ငါတို့လူတွေပဲ .. သူတို့က ဟန်လူမျိုးတွေ...ဟားဟား ” 

ရန်မင်းက စကားပြောနေရာမှ ကြားဖြတ်၍ အနည်းငယ်ရယ်မောသည်။

 “ဟူစစ်တပ်က ဒီည လောယန်မြို့ကို ဝိုင်းထားမှာ ... ဇာတိမြို့ကို မခွာနိုင်တဲ့လူတွေကတော့ ဆွေစဉ်မျိုးဆက်‌နေလာခဲ့တဲ့အိမ်တွေနဲ့အတူ ပြာကျကုန်မှာပဲ "

တစ်ဖက်လူက ပြောပြောဆိုဆိုဖြင့် ချန်ရုံအား လှည့်ကြည့်လာသည်။

ချန်ရုံမှာ သူ့အား လေးစားနေသောမျက်ဝန်းများဖြင့် တသသကြည့်နေလျက်ရှိသည်ကို ရန်မင်း မြင်လိုက်ရသည်။

၎င်းအကြည့်များက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး ရန်မင်းက ရယ်မောလျက်ပြောလာခဲ့၏။

" အမွှေးနံ့သာအိတ်တွေကိုပဲ ဆင်ယင်တဲ့မင်းလို မိန်းမပျိုလေးက ဒီလိုမျိုးသွေးစွန်းတဲ့အရာတွေကို မကြောက်ဘူးလား"

ထိုအခါချန်ရုံက ခေါင်းယမ်းပြပြီး မျက်လွှာချသည်။

သူမထံ၌သာ ဆန္ဒရှိလျှင် ရန်မင်းအားစိတ်ကျေနပ်အောင်ပြုလုပ်နိုင်မည့်နည်းလမ်းအများအပြားရှိလေ၏။သို့သော်လည်း ယခုအချိန်တွင် ချန်ရုံမှာ ထိုစကားများအား ‌မပြောလိုပေ။

အကယ်၍သာ ဤအခြေအနေမှာ အတိတ်ဘဝဖြစ်ခဲ့ပါက သူမသည် တစ်ဖက်လူထံမှအကောင်းမြင်ခံရအောင်ဖန်တီးယူကာ နှစ်သိမ့်မှုပေးနိုင်ရန် အတတ်န်ိုင်ဆုံးကြိုးစားမည်ဖြစ်သည်။ထို့အပြင် ရန်မင်းအားချီးမွမ်းပြီး မည်မျှပင်လေးစားအထင်ကြီးမိကြောင်းကို တဖွဖွပြောနေမိမည်သာ။ရန်မင်းအားဤလိုပုံစံနှင့်မြင်ရချိန်တိုင်းတွင် ဖြစ်ပေါ်လာသည့်လေးစားသမှုက ချန်ရုံ၏နှလုံးသားမှတိုက်ရိုက်လာခြင်းဖြစ်သည်။

ရန်မင်းသည်လည်း သူမ၏အဖြေကို စောင့်မနေခဲ့ပေ။သူက မြောက်ဘက်စူးစူးသို့ စိုက်ကြည့်နေခဲ့ပြီး မျက်ဝန်းနက်များထဲတွင်မူ မီးတောက်များက ယိမ်းနွဲ့နေကြသည်။

 "ငါ့ရဲ့လူပဲ... ” ရန်မင်းက ခပ်တိုးတိုးရေရွတ်လိုက်၏။

ထိုအချိန်တွင် ချန်ရုံမှာ သူမကိုယ်တိုင်ပင်မသိလိုက်ဘဲ ညာဘက်လက်အားဆန့်ထုတ်ကာ ရန်မင်း၏ဝတ်ရုံစအား ထိမိလုမတတ်ဖြစ်သွားခဲ့၏။ကံကောင်းထောက်မစွာဖြင့် အချိန်မီအသိစိတ်ပြန်ဝင်လာခဲ့သောကြောင့် ၎င်းလုပ်ဆောင်ချက်က တစ်ဝက်တစ်ပျက်ဖြင့် ရပ်ဆိုင်းသွားသည်။

ချန်ရုံမှာ အသက်ရှုကြပ်လာခဲ့ပြီး တိတ်တဆိတ်လက်ပြန်ရုတ်ခါနီးတွင် ရန်မင်းက အချိန်ကိုက်ပင် ငုံ့ကြည့်လာခဲ့၏။

ရန်မင်းမှာ လရောင်အောက်ရှိ ချန်ရုံ၏နို့နှစ်ရောင်လက်ကလေးအား စိုက်ကြည့်နေခဲ့ရာမှ ခေတ္တကြာသောအခါတွင်မူ ချန်ရုံ၏မျက်နှာအား စေ့စေ့ကြည့်လာသည်။

သို့သော်လည်း ရန်မင်းမြင်လိုက်ရသည်မှာ တစ်ဖက်သို့လှည့်သွားသည့်ချန်ရုံ၏ဘေးတိုက်ပုံရိပ်ပင်ဖြစ်၏။

သူမက နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ထားပြီး ရေကန်ဘက်သို့ စူးစူးစိုက်စိုက် ကြည့်နေကာ အနည်းငယ် အကျပ်ရိုက်နေပုံပေါ်လေ၏။

ရန်မင်းက သူ့ဘာသာသူ တစ်ကိုယ်တည်းရယ်မောနေခဲ့ပြီးနောက် မျက်ခုံးပင့်လျက် မေးမြန်းလာသည်။

 " သခင်မလေး ... ကျွန်တော်က စိတ်အနှောက်အယှက်ဖြစ်အောင်တစ်ခုခုလုပ်မိသွားတာလား " 

 “မဟုတ်ပါဘူး”

"တစ်ခုခုလုပ်မိသွားတာ သေချာပါတယ် ... သခင်မလေးကြည့်နေတဲ့ပုံစံက 'ဟုတ်တယ်' လို့ရှင်းရှင်းလင်းလင်းကြီးပြောပြနေသလိုပဲ " ရန်မင်းက ရယ်မောလျက်။

ထိုစကားများအားကြားသောအခါတွင် ချန်ရုံ၏နှုတ်ခမ်းများက မျဉ်းဖြောင့်သကဲ့သို့ဖြောင့်စင်းသွား‌တော့သည်။သူမက ရန်မင်းရှိရာဘက်သို့ အမြန်လှည့်ကာ နှုတ်ဆက်စကားဆိုလိုက်၏။

 “ မဟုတ်ပါဘူး တပ်မှူး ...ကျွန်မ အခုပြန်သွားရတော့မယ်... ကောင်းကောင်းနေရစ်ခဲ့ပါ "

ချန်ရုံမှာ တစ်ဖက်လူ၏အဖြေအားမစောင့်ဆိုင်းခဲ့ဘဲ အလျင်အမြန်ပင် ပြေးထွက်သွားသည်။

အမှောင်ထဲသို့ လျင်မြန်စွာပျောက်ကွယ်သွားသောထိုပုံရိပ်အားကြည့်လျက် ရန်မင်းမှာ တွေးရင်းတွေးရင်း ရယ်မောမိနေခဲ့လေ၏။

ခပ်လှမ်းလှမ်းနေရာသို့ရောက်လာသည့်တိုင် ချန်ရုံမှာ ရန်မင်းထံမှ ထိုရယ်သံအားကြားနေရသေးသည်။

 "အမျးးး ..."  

ချန်ရုံက‌ မြေပြင်ပေါ်သို့ခြေဆောင့်လျက် ရေရွတ်လိုက်၏။

သူမက အံကြိတ်ထားခဲ့သော်လည်း ထို့နောက်တွင် နက်မှောင်သည့်မျက်ဝန်းများမှာ ရုတ်တရက်တောက်ပလာလျက် သူမ၏မျက်နှာထားခပ်တင်းတင်းပေါ်၌ အပြုံးတချို့ဖြတ်ပြေးသွား၏။

ချန်ရုံက ကျောမတ်လိုက်ပြီး ခြေကြွကာ ခန်းမဆီသို့ လေညင်းသဖွယ် ပေါ့ပေါ့ပါးပါး ဦးတည်သွားခဲ့သည်။

Xxxxxx