အပိုင်း ၄၃
Viewers 18k

Chapter 43


ညီအစ်မများ

ချန်ရုံ ခန်းမပေါက်ဝသို့ခြေချလိုက်သည်နှင့် အတွင်းမှ မွှေးရနံ့များက လွင့်ပျံလာသည်။အထက်တန်းလွှာများက စုစုရုံးရုံးဖြစ်နေကြပြီး ပွဲသဘင်၏အဆုံးသတ်သို့‌ ရောက်လာခဲ့လေပြီ။

ချန်ရုံမှာ အေးခဲတောင့်တင်းသွားပြီး သူမကထောင့်တစ်နေရာသို့ အမြန်ပြန်ဆုတ်ကာ လူအများကြားမှ ဝမ်ဝူလန်၏ရုပ်သွင်ကို စိတ်ပျက်လက်ပျက်ငေးကြည့်နေမိသည်။ ချန်ရုံသည် ထိုသူနှင့် နှစ်ဦးတည်းသီးသန့်ဆုံရန် တစ်ညလုံး အခွင့်အရေး မရခဲ့ချေ။

သူမက ခဏတာ ငြိမ်သက်သွားပြီးနောက် ရထားရင်ပြင်သို့ စုပြုံသွားနေသည့်လူများနောက်မှ လိုက်ပါလာခဲ့သည်။

 အထိန်းတော်ဖျင်နှင့်အဖိုးစွင်းတို့ နှစ်ဦးစလုံးက လှည်းယာဉ်နံဘေး၌ရပ်နေကြ၏။သူမကို မြင်သောအခါတွင်မူ နှစ်ဦးစလုံးက မျက်လုံးလေးကလည်ကလည်ဖြင့် အနီးနားသို့ ပြေးလာကြလေသည်။

အဖိုးစွင်းက ရယ်ရယ်မောမောဖြင့်ပြောလာ၏။

 “သခင်မလေး... လန်ယာဝမ်အိမ်တော်က တခြားတစ်ယောက်နဲ့ တွေ့သေးလား ... သူတို့ကရော ဝမ်ချီလန်လိုမျိုး ဖြောင့်မတ်တာပဲလား "

အထိန်းတော်ဖျင်က အဖိုးစွင်းအား တစ်ချက်တို့‌လိုက်ပြီး ထို့နောက်တွင် သူမကိုယ်တိုင်ကိုယ်ကျမေးမြန်းလာသည်။

 " သခင်မလေး ဝမ်အိမ်တော်ဆီက အကူအညီ တောင်းလိုက်လို့မရဘူးလား ... ကျွန်မတို့တွေက ဖျင်မြို့ကပဲ ... ပြီးတော့ လမ်းခရီးမှာလည်း သခင်မလေးက တော်တော်များများ ကူညီပေးခဲ့တာပဲလေ ... အိမ်နီးနားချင်းတွေက အနေဝေးတဲ့ဆွေမျိုးတွေထက် သာတယ်လို့တောင် ဆိုရိုးရှိတယ် ... ဦးရီးတော်ကို ဖျောင်းဖြပေးဖို့ သခင်ကြီးဝမ်ကို တောင်းဆိုလိုက်ပါလား ... ဝမ်ဝူလန်က သခင်မလေးကို ထိမ်းမြားခွင့်တောင်းလာရင် အကောင်းဆုံးဖြစ်မယ် "

ထိုအခါ ချန်ရုံက မှိန်မှိန်ဖျော့ဖျော့ကလေးပြုံးရင်း ပြောလာ၏။

" အဲ့လောက်ထိ မရိုးရှင်းဘူး အထိန်းတော်ဖျင်ရဲ့ "

ယင်းနောက်တွင် သူမက ထိုနှစ်ဦးကို ဖြတ်ကျော်ကာ လှည်းရထားပေါ်သို့ တက်သွားခဲ့သည်။

သို့သော် ချန်ရုံတက်ပြီးသည်နှင့် လှည်းယာဉ်က ချက်ချင်းမထွက်ခွာခဲ့ပေ။

ဤရင်ပြင်ရှိလူများကြားတွင် သူမမှာ အဆင့်အတန်း အနိမ့်ဆုံးဖြစ်သည်။ထိုသို့ဖြစ်၍ ချန်ရုံသည် လမ်းခရီး၌ အခြားအထက်တန်းလွှာများနှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်မနေချင်ပေ။

နာရီဝက်ခန့်ကြာသောအခါတွင် နောက်ဆုံး၌ ဝမ်အိမ်တော်ရင်ပြင်မှာ ကွက်လပ်ဖြစ်သွားခဲ့ပြီး ချန်ရုံ၏လှည်းရထားသည်လည်း ထိုအချိန်မှ စတင်ထွက်ခွာလာခဲ့သည်။

နန်ယန်ရှိလမ်းများမှာ ယခုအချိန််၌ အမှောင်ထုဖုံးလွှမ်းနေခဲ့ပြီး ချမ်းသာသောအိမ်များ၏ တံမြိတ်စက်အောက်တွင်ချိတ်ဆွဲထားသည့်ခပ်ကျဲကျဲမီးပုံးများသာ ရှိခဲ့သည်။

စတင်ထွက်ခွာလာချိန်၌အဆင်ပြေခဲ့သော်လည်း သိပ်မကြာခင်မှာပင် မိုးစက်မိုးပေါက်များက ကောင်းကင်ပေါ်မှ သက်ဆင်းလာလေ၏။

ချန်ရုံက အမှောင်ထုကိုကျော်ဖြတ်၍ ဝမ်အိမ်တော်ဘက်သို့ လှမ်းကြည့်လိုက်သည်။မိုးဖွဲဖွဲရွာကြားတွင် အိမ်တော်ဂိတ်ပေါက်များက ခပ်ကျယ်ကျယ်ပွင့်နေဆဲပင်။အတွင်းမှ ခပ်တိုးတိုးအသံများကိုလည်း ကြားနေရဆဲဖြစ်ပြီး ဂိတ်ပေါက်၏ဘယ်ညာတွင်စီတန်းချိတ်ဆွဲထားသော ရွှေရောင် မီးပုံးရှစ်လုံးက မိုးစက်မိုးပေါက်များကြားထဲတွင် ‌လှုပ်ယမ်းနေလေ၏။၎င်းတို့ထံမှ မှိတ်တုတ်မှိတ်တုတ် အလင်းတန်းများက အုံ့မှိုင်းအထီးကျန်ဆန်သောခံစားချက်မျိုးကို ပေးစွမ်းသည်။

ချန်ရုံက ခေတ္တမျှစိုက်ကြည့်နေခဲ့ပြီးနောက် အကြည့်လွှဲလိုက်တော့၏။

ဝမ်အိမ်တော်နှင့် ချန်အိမ်တော်မှာ သိပ်၍မလှမ်းလှရာ နာရီဝက်ခန့်အကြာတွင် လှည်းရထားက ချန်အိမ်တော်ဝင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ပြီး သူမ၏အဆောင်ဘက်သို့ ဦးတည်သွားခဲ့သည်။

ချန်ရုံ လှည်းရထားပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ‌ချန်ဝေ့နေထိုင်ရာ ဘေးဘက်အဆောင်မှ ရယ်မောသံများ ထွက်ပေါ်လာ၏။

သူမက သူတို့အား အနည်းငယ်အာရုံစိုက်မိသွားသော်လည်း ကိုယ့်လမ်းကိုယ်သာဆက်သွားသည်။

 "အားရုံ ပြန်ရောက်ပြီလား ... ဟဲ့ ဟဲ့ ဟိုတစ်ယောက် တံခါးဖွင့်လိုက် "  

ထိုအချိန်တွင် မိန်းကလေးသံတစ်သံထွက်ပေါ်လာပြီး ထိုတစ်ယောက်စေခိုင်းသလိုပင် အဆောင်တံခါးက ပွင့်သွားခဲ့၏။

တစ်ချိန်တည်းတွင် လှတပတဝတ်စားဆင်ယင်ထားသည့် မိန်းကလေးများစွာက စကားများကိုရေပက်မဝင်အောင်ပြောနေရင်း ခြံဝင်းထဲသို့ထွက်လာခဲ့ကြသည်။

ချန်ရုံမှာ ဆုတ်ယုတ်သွားသည့်တိမ်များနှင့် ကောင်းကင်ပေါ်၌ တစ်ဖန်ပြန်သာလာသောလကို မော့ကြည့်လိုက်မိသည်။မိုးက အဘယ်ကြောင့် စဲသွားရလေသနည်း။အကယ်၍သာ မိုးဆက်တိုက်ရွာနေခဲ့လျှင် ဤမိန်းကလေးများက အပြင်ထွက်လာနိုင်မည်မဟုတ်ချေ။အလွန့်အလွန်ပင် ဆိုးရွားလွန်းသည်။

ထိုမိန်းကလေးများဝင်လာသောကြောင့် အထိန်းတော်ဖျင်နှင့် အခြားသူများမှာ အလုပ်ပြန်စကြရတော့၏။များမကြာမီတွင် ချန်ရုံ၏စာကြည့်ခန်းထဲ၌ မီးထွန်းညှိထားပြီး အသားကင်နှင့်ဝိုင်ရနံ့များဖြင့် ပြည့်နှက်ကုန်သည်။

 ချန်ချမ်က ဝါးပေစာများနှင့် ပြည့်နေသော အခန်းတစ်ဝိုက်ကို လှည့်လည်ကြည့်ကာ ရယ်မောရင်း‌ပြောလာ၏။

“ဖျင်မြို့က လူတွေဆီကကြားတာက နင်က စာမဖတ်ဘူးတဲ့ ... အဲ့ဒါကြောင့်မို့လို့ စာအုပ်တွေ အများကြီးပြထားတာလား ... စာ‌လေ့လာတဲ့ပုံပေါက်အောင်လို့ "

အိမ်ရှင်ထိုင်ခုံတွင် ထိုင်နေသောချန်ရုံက ထိုမေးခွန်းကိုကြားသောအခါတွင် သိမ်မွေ့စွာပြုံးရယ်ရင်း ပြန်မေးလာခဲ့သည်။

 “စာမဖတ်ဘူးလို့ ဘယ်သူကပြောတာလဲ” 

ချန်ချမ်တစ်ယောက် ဆွံ့အသွားလေ၏။

သူမက ခေါင်းမော့ကာ ချန်ရုံအားအကဲဖြတ်ကြည့်လေသည်။ယခုအချိန်မတိုင်မီတွင် ဖြစ်ပျက်ခဲ့သောအကြောင်းအရာတစ်ခုနှစ်ခုကို ပြန်လည်တွေးတောခဲ့ရင်းဖြင့် ဤလိုအခင်းကျင်းမှာ စာပေမလိုက်စားသူတစ်ဦးအတွက် မဖြစ်နိုင်ကြောင်း ချန်ချမ်အတွေးပေါက်သွားသည်။

" နားကြားမှားသွားတာနေမယ် " သူမက ခပ်တိုးတိုးပြောလိုက်၏။

ထိုအချိန်တွင် ထောင့်တစ်နေရာ၌ တိတ်တဆိတ်ထိုင်ခဲ့နေသောချန်ဝေ့က ရုတ်တရက် စကားစလာသည်။ 

 "အားရုံ... တပ်မှူးရန်က ငါ့ကို မလိုချင်တော့ဘူးလို့ပြောတာနင်လား ... ပြီးတော့ ငါက နင့်ကို အနိုင်ကျင့်တယ်လို့ လျှောက်ပြောနေတာလား "

ချန်ဝေ့၏စကားအဆုံး၌ သူမကိုယ်တိုင်ပင် မထိန်းချုပ်လိုက်နိုင်သော ခက်ထန်ပြင်းရှမှုတစ်ခုရှိ၏။

ချန်ရုံက မော့ကြည့်လာခဲ့သည်။သူမက ချန်ဝေ့အား အံ့ဩတကြီးဖြစ်နေသောမျက်ဝန်းများဖြင့်စူးစိုက်ကြည့်ကာ အရိုက်ခံခဲ့ရသောဘယ်ဘက်ပါးပြင်ကို အုပ်မိုးလျက် မေးမြန်းလိုက်သည်။

 "တပ်မှူးရန်က နင့်ကို မလိုချင်ဘူးလို့ ငါဘယ်တုန်းက ပြောမိလို့လဲ ... နင်ငါ့ကို အနိုင်ကျင့်တယ်လို့လည်း ဘယ်တုန်းကပြောခဲ့မိတာလဲ"

ထိုအခါ ချန်ဝေ့ကခြေဆောင့်လိုက်ပြီး ချန်ရုံအား တုန်တုန်ယင်ယင်လက်ညိုးငေါက်ငေါက်ထိုး၍ ပြောလာခဲ့၏။

 "နင်ဘာမှမပြောခဲ့ရင် ဘာလို့ အားလုံးက ငါ့ကို ဝိုင်းဟားနေကြတာလဲ ... နင် - နင် မျက်နှာကိုတောင် အုပ်ထားလိုက်သေးတယ် ... ငါနင့်ကို ပါးရိုက်ခဲ့တာကို လူသိရှင်ကြားဖြစ်အောင် လုပ်နေတာလား "

ချန်ရုံက သူမ၏လက်ကိုပြန်ရုတ်လိုက်ပြီး ချန်ဝေ့အား စေ့စေ့ကြည့်ရင်း ဖြေကြားလိုက်သည်။

 " အားဝေ့ တပ်မှူးရန်က နင့်ကို မလိုချင်ဘူးလို့ ငါမပြောခဲ့ဖူးသလို နင်ငါ့ကို အနိုင်ကျင့်တယ်လို့လည်း မပြောခဲ့ဖူးဘူး" 

ချန်ရုံ၏နက်မှောင်သော မျက်လုံးများက ဖယောင်းတိုင်မီးအလင်းကြားထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့၏။သူမက ချန်ဝေ့ကိုကြည့်လျက် မသိမသာပြောလိုက်သည်။

“ငါတို့ရဲ့ အိမ်ထောင်ရေးကို မိဘတွေက စီစဉ်ပေးတာပဲ ...မိဘတွေရဲ့ အမိန့်ဆိုလည်း ဟုတ်တာပဲ ... တပ်မှူးရန်က ဘယ်လိုလုပ်ပြီး နင့်ကိုမလိုချင်ရမှာလဲ "

ချန်ဝေ့က နှုတ်ဆိတ်သွားပြီး တဖြည်းဖြည်းနှင့် သူမ၏မျက်နှာပေါ်၌လည်း ခပ်ရေးရေး အပြုံးတစ်ခုပေါ်ပေါက်လာ၏။

" တော်ကြပါတော့ ... ဒီငြီးငွေ့စရာတွေအကြောင်း မပြောကြပါနဲ့တော့" ချန်ချမ်က စိတ်မရှည်စွာပြောသည်။

သူမမှာ နန်ယန်ရှိမျိုးနွယ်စု၏တရားဝင်သမီးဖြစ်သည်။ ဒုတိယအဆင့်ရှိသောသူမ၏အဆင့်အတန်းက ဤနေရာရှိမိန်းကလေးအားလုံးထက်ပို၍ မြင့်မား၏။ချန်ချမ်ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံနှင့်ချန်ဝေ့တို့က " ကောင်းပါပြီ " ဟုပြန်ဖြေလိုက်ကြသည်။

 "အခုပြောပြတော့ ...အားရုံ... ဝမ်အိမ်တော်မှာ ဘယ်သူနဲ့တွေ့ခဲ့လဲ"

ထိုအချိန်တွင် ချန်ချမ်တစ်ယောက်မီးရောင်အောက်ရှိ ချန်ရုံ၏ ချစ်စရာကောင်းသော မျက်နှာထားကို တွေ့မြင်လိုက်ရသည်။သူမက အဖြေကိုမစောင့်ဘဲ ဆက်လက်၍ကြားဖြတ်ပြောလာပြန်၏။

" ကျန်တာတွေအသာထားတော့ ... ဝမ်ချီလန်နဲ့ တွေ့ခဲ့ရလား ... ဘာပြောလဲ သူက "

မျက်လုံးခုနှစ်စုံ ရှစ်စုံခန့်က ချန်ရုံအားဝိုင်းကြည့်နေကြပြီးသူမထံမှ အဖြေကိုစိတ်ဝင်တစားစောင့်ဆိုင်းနေကြသည်။

ထိုစိတ်အားထက်သန်သောမျက်လုံးများအား မြင်လိုက်ရချိန်တွင် ချန်ရုံမှာ ပါးစပ်ဟကာ ဝမ်ချီလန်က သူမအား အပြစ်တင်ငြင်းဆိုခြင်းမပြုသည့်အပြင် နှစ်သိမ့်ခြင်းပါပြုပေးလိုက်သည့်အကြောင်းအား အလွန်တရာပင် ပြောပြချင်နေ၏။

သို့သော်လည်း ချန်ရုံက စိတ်အလိုမလိုက်ခဲ့ပေ။အခြေအနေအား ကောင်းစွာမကိုင်တွယ်နိုင်ပါက နောင်လာမည့်နေ့ရက်များက ပိုမိုဆိုးရွားလာမည်ဖြစ်သည်။

သူမက မျက်လွှာချပြီး ပင်ပန်းနွမ်းနယ်နေသောမျက်နှာထားကိုပြုလိုက်၏။

ထိုသို့သောအမူအရာသည် မိန်းကလေးများကို အလွန်ပျော်စေခဲ့သည်။ချန်ချမ်က ရယ်မောရင်းပြောလာခဲ့၏။

“ငါ ဘာပြောခဲ့လဲ ... နင့်လိုလူက လူမြင်ကွင်းမှာ ဝန်ခံချစ်ရေးဆိုပြီး သူ့ရဲ့ဇနီးဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းကြီး

ပြောပစ်လိုက်တာက ဂုဏ်သရေကြီးတဲ့ ဝမ်ချီလန်ကို စော်ကားလိုက်တာနဲ့ အတူတူပဲလို့ ... ငါတောင် သူ့ဇနီးနေရာနဲ့မထိုက်တန်ဘူး ... နင်ဆိုပြောမနေနဲ့တော့ "

ချန်ဝေ့သည်လည်း ကျေနပ်နေပုံရသည်။သူမက ပါးစပ်ကိုအုပ်ထားပြီး မျက်လုံးများကွေးညွတ်သွားသည်အထိ ပြုံးရယ်နေလေ၏။

မိန်းကလေးများ သဘောကျစွာ တခစ်ခစ်ရယ်နေချိန်တွင် ချန်ရုံ၏ နှုတ်ခမ်းများ၌ ပျော်ရွှင်ကျေနပ်မှုကိုဖော်ညွှန်းသောလျှို့ဝှက်သည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

၎င်းအပြုအမူက မိန်းကလေးများအား ခေတ္တနှုတ်ဆိတ်သွားစေပြီး သူမတို့က ချန်ရုံအား အသေအချာပင်အကဲဖြတ်ကြည့်ရှုနေကြ၏။ထိုအချိန်တွင် ချန်ရုံက မတ်တပ်ထလျက် ငြီးငွေ့စွာ ပြောလိုက်သည်။

 “ညီအစ်မတို့ ... ငါအရမ်းပင်ပန်းနေပြီ” 

" အမလေး ဘယ်သူကရော ဒီမှာနေချင်နေလို့လဲ "

ချန်ချမ်က ပြောပြောဆိုဆိုနှင့် သူမ၏လက်မှဝတ်ရုံစများအား ခါယမ်းလိုက်ပြီး နောက်လိုက်များနှင့်အတူထွက်ခွာသွားတော့သည်။

ထိုအုပ်စု အဝေးသို့ ထွက်သွားသည်ကို လှမ်းငေးကြည့်ရင်း အထိန်းတော်ဖျင်က သက်ပြင်းချလျက်ပြောလာ၏။  

" သခင်မလေး ငယ်ငယ်တုန်းက ယောက်ျားလေးတွေနဲ့ပဲ အမြဲကူးလူ ဆော့ကစားနေတာ ... ကျွန်မတို့အိမ်တော်မှာလည်း မိန်းကလေးဆိုလို့ သခင်မလေးတစ်ယောက်ပဲရှိတာဆိုတော့ သခင်မလေးမှာ တခြားမိန်းကလေးတွေနဲ့ ပေါင်းသင်းဖို့ အတွေ့အကြုံ မရှိဘူးပေါ့ ... သူတို့ပျင်းလာတဲ့အချိန်အထိစောင့်ပြီး ထွက်သွားဖို့လုပ်တဲ့အခါကျရင် ဆက်ရှိနေစေချင်သလိုလို ဝတ်ကျေတန်းကျေလေးလုပ်ပြလိုက်ရမှာ ... ညီအစ်မတွေကို ဒီလိုဆက်ဆံပေးသင့်တာ သခင်မလေးရဲ့ "

ထိုအခါချန်ရုံက ညင်ညင်သာသာပြုံးပြီး ခပ်တိုးတိုးဆိုလာ၏။

" အထိန်းတော်ဖျင် ... ရေအဆင်သင့်ပြင်ထား‌တော့ ... ကျွန်မရေချိုးချင်တယ်"

 “ ကောင်းပါပြီ”

Xxxxxc