အပိုင်း ၄၄
Viewers 16k

Chapter 44


ယာယီငြိမ်းချမ်းခြင်း

နောက်တစ်နေ့သို့ ခပ်မြန်မြန်ပင်ရောက်လာသည်။

မွန်းတည့်ချိန်၌ ချန်ဝေ့၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

" အားရုံ အထဲမှာရှိလား "

ချန်ရုံလာရောက်၍တံခါးဖွင့်ပေးမည်ကိုမစောင့်ဆိုင်းဘဲ ချန်ဝေ့က သူမဘာသာသူမ တံခါးကိုတွန်းဖွင့်၍ အခန်းထဲသို့ဝင်လာလေ၏။ထို့နောက် သူမက မလှမ်းမကမ်းတွင်ရှိသောချန်ရုံအား ခပ်တိုးတိုး လှမ်းပြောသည်။

 "အားရုံ ... အဲဒီနေ့က ငါမှားသွားတာပါ ... စိတ်မဆိုးပါနဲ့ "

ချန်ရုံမှာ တစ်ဖက်လူက လာရောက်တောင်းပန်မည်ဟူ၍ မည်သည့်အချိန်ကမှ တွေးမထားခဲ့ပေ။ခေတ္တတုံ့ဆိုင်းသွားပြီးနောက် သူမက ပြန်ဖြေလိုက်သည်။

" နင်က ငါ့ရဲ့ကျဲကျဲပဲ ... ငါ့ကို သင်ပေးပိုင်ခွင့်ရှိတာပေါ့ ... ဘယ်စိတ်ဆိုးရက်ပါ့မလဲ "

ထိုစကားကိုကြားသောအခါ ချန်ဝေ့က ပြုံးလေ၏။

သူမက ချန်ရုံ၏အနီးသို့ ချဉ်းကပ်လာကာ လက်မောင်းကိုလှမ်းချိတ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ပြောလာခဲ့သည်။

" ဒီနေ့ရာသီဥတုကောင်းတယ် ... လမ်းလျှောက်ရအောင် အားရုံ"

 “အင်း”

***

ဘေးချင်းကပ်လျက် လမ်းလျှောက်လာရင်း ချန်ဝေ့က သူမ၏ဝမ်းကွဲအား ‌ပြောပြလာ၏။

 “လွန်ခဲ့တဲ့ နှစ်ညလုံးလုံး အိပ်မပျော်ခဲ့ဘူး”

ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူမက ချန်ရုံရှိရာဘက်သို့လှည့်ကာ စိုးရိမ်တကြီး‌ဆက်လက်မေးမြန်းလာပြန်သည်။

 "နင့်မျက်နှာ နာနေသေးလား"

မှန်ပေသည်။ချန်ဝေ့မှာ ဤလောက်အထိ နူးညံ့လေ၏။

ချန်ရုံက ခေါင်းယမ်းပြီးမတည်မငြိမ်ဖြစ်နေသော အမူအရာဖြင့်ပြောလာသည်။

 " ပျောက်တာကြာသွားပြီ ... မ‌နာတော့ဘူး ... ကျဲကျဲစိတ်မပူပါနဲ့ "

ထိုအခါ ချန်ဝေ့က ခပ်တိုးတိုးညဉ်းညူလာပြီး သူမ၏မျက်တောင်ရှည်များက တဖျပ်ဖျပ်ခတ်နေခဲ့၏။

" ဘာဖြစ်လို့လဲ " 

ချန်ရုံက စိုးရိမ်တကြီး မေးလိုက်သောအခါတွင် ချန်ဝေ့က ခေါင်းယမ်းပြသည်။ခဏအကြာတွင် ချန်ဝေ့၏နှုတ်ခမ်းစွန်းများက ရုတ်ချည်းပင် ကွေးညွှတ်တက်သွားပြီး သူမက ချန်ရုံအား မျက်လုံးတစ်ဖက်မှိတ်ပြကာ အားပါးတရမေးလာခဲ့၏။

" ဟုတ်သားပဲ ... မနေ့ညက ဝမ်ချီလန်နဲ့တွေ့တော့ သူက ဘာပြောလိုက်လဲ "

ချန်ဝေ့၏အပြုံးမှာ သဘာဝဆန်ပြီး လေသံပြောင်းလဲသွားသည်ကလည်း သိပ်မသိသာချေ။သို့သော်လည်း နှစ်ကြိမ်နှစ်ခါရှင်သန်ဖူးသူတစ်ယောက်အနေဖြင့် ချန်ရုံမှာ သူမ၏ဝမ်းကွဲအကြောင်း အနည်းငယ်နားလည်သည်။

ချန်ရုံ၏နှလုံးသားမှာ နစ်မွန်းသွားခဲ့ပြီး သူမက မျက်ဝန်းများ မှေးမှိန်သွားသည်အထိ ရှက်ပြုံးလေးပြုံးလိုက်၏။

“ဘာမှမဟုတ်ပါဘူး”

"ဘယ်လိုလုပ်ပြီး ဘာမှမဟုတ်နိုင်ရမှာလဲ ... နင်ကငါ့ကိုပြောမပြချင်တာမလား "

ချန်ဝေ့၏လေသံ၌ အလိုမကျမှုအချို့ပါဝင်နေကာ သူမက နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ထားရင်း မချိမဆန့် ရယ်မောနေလေသည်။

ထိုအခါ ချန်ရုံမှာ လျင်မြန်စွာပင်စိတ်ပြောင်းသွား၏။

သူမက မျက်လွှာချထားလျက် သက်ပြင်းချရင်း ပြောလိုက်တော့သည်။

" သူက စိတ်မဆိုးဘူး "

" ပြီးတော့ရော ... "

 “သူက တိမ်မဟုတ်သလို ငါကလည် ရွှံ့မဟုတ်ဘူးလို့ပြောတယ် ... အရမ်းစိတ်မပူနဲ့တဲ့ "

အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားသောချန်ဝေ့အား ချန်ရုံက မော့ကြည့်လာခဲ့၏။ထိုအချိန်တွင် ချန်ဝေ့၏မျက်နှာပေါ်၌ သဘာဝမကျသောအပြုံးတစ်ခုရှိနေသည်။

" အားဝေ့ ... အားဝေ့ "

လေးကြိမ်မြောက်ခေါ်ဆိုသည့်အခါတွင်မှ ချန်ဝေ့က " တကယ်လား " ဟု ပြန်ပြောလာခဲ့၏။

ချန်ဝေ့လေသံမှာ အနည်းငယ်ရှုပ်ထွေးနေပြီး သူမက ဆက်လက်၍ဆိုလာပြန်သည်။

" သူက နင့်ကို အဲ့လိုပြောခဲ့တာလား "

ချန်ရုံက ချန်ဝေ့၏အမေးသဘောဆန်သည့်မျက်ဝန်းများကို ကြည့်ရင်း လေးနက်စွာခေါင်းညိတ်ပြလိုက်၏။

ထိုအချိန်တွင် ချန်ဝေ့မှာ အပြုံးတစ်ခုအား လုပ်ယူလိုက်ပြီး နှုတ်ခမ်းကိုဖိကာ ဆိုလာခဲ့သည်။

 “ကောင်းပြီ ... ဒီအကြောင်းကို ဆက်မပြောဘဲနေရအောင် ... အားရုံ ... မနေ့ညက တပ်မှူးရန်နဲ့ရော စကားပြောခဲ့သေးလား သူကရောဘာပြောလဲ "

ထိုအခါချန်ရုံက ခေါင်းခါပြလိုက်၏။သို့သော်လည်း ချန်ဝေ့က သူမအား ဆက်လက်စိုက်ကြည့်နေသည်။

 " ဘာမှ မပြောပါဘူး ... သူက ဟိုဟိုဒီဒီ တစ်ခုနှစ်ခုလောက်ပဲမေးတာပါ "

 " ဘာမေးတာလဲ" ချန်ဝေ့က အရေးတကြီးလေသံဖြင့် အမောတကောမေးလာပြန်၏။

ချန်ရုံက ခေတ္တစဉ်စားနေခဲ့ပြီး သူမ၏ပုံစံမှာ တစ်စုံတစ်ရာကို အသည်းအသန်တွေးတောနေပုံပင်။

ခဏတာကြာသောအခါတွင် သူမ၏ ချန်ဝေ့အား ပြောပြလာခဲ့သည်။

 “သူက မျိုးနွယ်စုထဲက ညီအစ်မတွေအကြောင်း မေးတယ် ... နန်ယန်မှာ စားနပ်ရိက္ခာပြတ်လပ်တော့မယ်ဆိုတာကိုကြိုမှန်းပြီး ကောက်နှံတွေ စုဆောင်းဖို့စီစဉ်တာက ယောက်ျားသားတစ်ယောက်ပြဿနာကိုဖြေရှင်းဖို့ ချဉ်းကပ်တဲ့ပုံစံအတိုင်းပဲတဲ့ ... ငါသာ မိန်းကလေးမဟုတ်ခဲ့ရင် သူ့တပ်ထဲမှာ ကြီးကြပ်ရေးမှူး ဒါမှမဟုတ် တစ်ခုခုဝင်လုပ်လို့ရတယ်တဲ့ ... "

ချန်ဝေ့မှာ ဤတစ်ကြိမ်တွင် လုံးဝအံ့အားသင့်သွားသည်။ "နင့်ကို ယောက်ျားသားနဲ့ နှိုင်းလိုက်‌တာပေါ့...တပ်မှူးရန်က သူတစ်ပါးကို လွယ်လွယ် မချီးမွမ်းတတ်ဘူးလို့ ကြားပါတယ် ... ဘယ်လိုလုပ်ပြီးတော့ နင့်ကို အရမ်းတွေမွှမ်းလွှတ်လိုက်တာပါလိမ့် "

" မသိဘူး " ‌ချန်ရုံက ခေါင်းခါလျက် ပြန်ဖြေသည်။

“လူရိုင်းတွေက သူ့ကို ‘ကောင်းကင်ဘုံရဲ့မင်းသား’ လို့ ခေါ်ကြတယ် ... အထက်တန်းလွှာတွေက သိပ်ပြီးတော့မနစ်မြို့ကြပေမဲ့လည်း နန်ယန်မင်းသားနဲ့ထင်ရှားတဲ့ မျိုးနွယ်စုတွေက သူ့ကို အလေးပေးတယ်လို့ အဖေက ပြောဖူးတယ် ... ဒီအချိန်မှာ နန်ယန်မြို့တောင်မှ သူ့ဆီကကာကွယ်မှုကို လိုအပ်နေတယ်တဲ့ ...သူ့လိုလူက နင့်ကိုချီးမွမ်းတာက ဘာသဘောလဲ "

"လူတစ်ယောက်ရဲ့ အတွေးတွေကို ဘယ်သူက ဂဃဏန သိနိုင်မှာလဲ"

ထိုအချိန်တွင် ချန်ဝေ့မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပုံရသည်။သူမက ချန်ရုံ၏လက်မောင်းကိုချိတ်ထားရာမှ ဖြည်းညင်းစွာလွှတ်လိုက်ပြီး အစွမ်းကုန် ပြုံးပြလျက်ဆိုလာခဲ့၏။

"အားရုံ ငါလုပ်စရာလေးရှိသေးလို့ ... နေ့လည်မှပြန်ပြောမယ် "

 “အင်း ”

 "ငါလာခဲ့မယ် ... ထွက်စောင့်မနေနဲ့နော် "

 “အင်းပါ”

ပျောက်ကွယ်သွားသောချန်ဝေ့၏ပုံရိပ်အား ချန်ရုံက စိုက်ကြည့်နေခဲ့သည်။ထို့နောက်တွင် သူမ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားပြီး ချန်ရုံ၏မျက်နှာပေါ်တွင် အပြုံးမမည်သော အပြုံးတစ်ခုပေါ်လာ၏။

သေချာပေသည်။ဤဝမ်းကွဲညီအစ်မအား အခြားသူတစ်ဦးက စပ်စုရန် တမင်တကာလွှတ်လိုက်ခြင်းပင်။

မနေ့ညက ပွဲသဘင်မှာ မျှမျှတတ အောင်မြင်သွားပုံရသည်။

နှစ်ကြိမ်နှစ်ခါရှင်သန်နေထိုင်ပြီးနောက် အခြားသူတစ်ဦး၏သြဇာအာဏာကိုအမှီသဟဲပြုခြင်းက ထိုတစ်ယောက်ထံမှ ကတိသစ္စာကိုရလိုက်ခြင်းမဟုတ်ကြောင်း ချန်ရုံနားလည်လာခဲ့သည်။ရင်းနှီးစွာ လမ်းလျှောက်ခြင်း သို့မဟုတ် စကားပြောဆိုခြင်းသည်ပင်လျှင် အလွန်အကြူးအမြတ်ထုတ်ခြင်းခံရနိုင်လေ၏။

နောက်ထပ်နေ့ရက်များက အေးအေးလူလူပင်ကုန်ဆုံးသွားသည်။

အထိန်းတော်ဖျင် စုံစမ်းမေးမြန်းခဲ့ရာမှ ဝမ်အိမ်တော်၏ဧည့်ခံပွဲမှာ လေးရက်တာရှည်ကြာကြောင်း ချန်ရုံသိခဲ့ရလေ၏။ထိုလေးညတာတွင် မျိုးနွယ်စုများက ၎င်းတို့၏အငယ်အနှောင်းဖွားသမီးတော်များကို ပွဲတက်ရောက်ရန် ခေါ်ဆောင်လာကြသည်။ သူမ၏ ဦးလေးချန်ယွမ်သည်လည်း သူ မချစ်မနှစ်သက်သောကိုယ်လုပ်တော်မှ ဖွားမြင်လာသည့်သမီးတော်တစ်ဦးကို ခေါ်ဆောင်လာခဲ့၏။ထိုမိန်းကလေးက အလွန်ချူချာလှသည်။

သူမသည် မုန်တိုင်းကြားမှ ချယ်ရီပန်းပွင့်ကလေးသကဲ့သို့ခပ်ယဲ့ယဲ့ဖြစ်သဖြင့် နေ့စဉ်စာဖတ်ခြင်းအပြင် တရားရှုမှတ်ခြင်းကိုသာ ပြုနိုင်သည်ဟု ဆိုကြလေ၏။

ဤလိုနှင့် လွန်ခဲ့သောညက ထိုအားနည်းသည့်မိန်းကလေးအား ဝေါယာဉ်ထဲသို့သွင်း၍ အိမ်တော်ထဲမှ တိတ်တဆိတ် ခေါ်ထုတ်သွားခဲ့ပြီး သူမမှာ မည်သည့်အကြောင်းနှင့်မှ ပြန်လာနိုင်မည်မဟုတ်တော့ပါချေ။ဝေါယာဉ်၏နံဘေးတွင်သာရပ်နေပါက အထဲမှ မိန်းကလေး၏ငိုရှိုက်သံကို ကြားနိုင်သည်ဟူ၍လည်း အထိန်းတော်ဖျင်က ဆိုသည်။

ဤသည်မှာ စိတ်အေးသက်သာဖြစ်ရမည့်အချိန်မဟုတ်မှန်း ချန်ရုံနားလည်ပေ၏။နန်ယန်မင်းသားသကဲ့သို့လူ၏အတွင်းဆောင်အတွင်း၌ မည်သည့်မိန်းကလေးကမှ ကြာကြာနေနိုင်မည်မဟုတ်ချေ။ထိုအချက်အား သူမ ပင်သိသည်။ချန်ယွမ်သည်လည်း ကျိန်းသေပေါက်သိရှိပြီးဖြစ်လိမ့်မည်။

........

ဆောင်းရာသီသို့ ကူးပြောင်းလာလေပြီ။

ဆောင်းရာသီ၏ပထမရက်အနည်းငယ်မှာ တောက်ပပြီး တိမ်ကင်းစင်၏။ဤကဲ့သို့ လှပသာယာသောနေ့ရက်များတွင် လမ်းလျှောက်ထွက်ရင်း မြို့စွန်မှအပြာရောင် ကောင်းကင်ပြာနှင့်ကြည်ပြာရောင်ရေပြင်ကိုရှုစားလျက် သူငယ်ချင်းများနှင့် စကားစမြည်ပြောလိုက်ရလျှင် အဘယ်လောက်အထိ ကြည်နူးစရာ ကောင်းလိုက်မည်နည်း။

ဤသို့သာယာသောနေ့တွင် ချန်ဝေ့မှာ နန်ယန်မှ ချန်မျိုးရိုးမိန်းကလေးများနှင့်အတူလှည်းရထားပေါ်တွင် ထိုင်နေခဲ့ပြီး ပျံသန်းရန်အသင့်ဖြစ်နေသောငှက်တစ်ကောင်သကဲ့သို့ပျော်ရွှင်မြူးတူးနေခဲ့သည်။

ချန်ရုံမှာ အတူလိုက်ပါချင်ခဲ့သော်လည်း မပြောရဲခဲ့ပေ။

သူမထံတွင် အခြားနည်းလမ်းမရှိပါ။ချန်ရုံမှာ သိမ်ဖျင်းသောကိုယ်လုပ်တော်ဖွားမိန်းကလေးတစ်ဦးသာဖြစ်ပြီးအိမ်တော်ရှိလူတိုင်း၏ နှိမ့်ချမှုကိုခံရသည်။သူမသာထိုအုပ်စုနှင့်လိုက်သွားပါက ၎င်းတို့၏လှောင်ပြောင်စော်ကားမှုများအား သည်းခံနိုင်လောက်မည်မဟုတ်ချေ။ချန်ရုံမှာ သူမ၏ပင်ကိုယ်စရိုက်အား ကောင်းစွာနားလည်ပြီး ပေါက်ကွဲထွက်သွားမည်ကို စိုးရိမ်သည်။ထိုသို့ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူမ အားထုတ်ထားခဲ့သည်များက အကုန်သဲထဲရေသွန်ဖြစ်ကုန်လိမ့်မည်။

ချန်ရုံမှာ အစေခံအနည်းငယ်နှင့်အတူ တစ်နေရာရာသို့ထွက်သွားနိုင်သော်လည်း ထိုသို့မလုပ်ဝံ့ခဲ့ပေ။နန်ယန်မြို့တွင်း၌ ပြည့်နှက်နေသောဒုက္ခသည်များမှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ဤအချိန်တွင် ၎င်းတို့က ခပ်လှမ်းလှမ်းနေရာများ၌ အသိုက်အမြုံလုပ်ကာ စုပြုံနေကြမည်ဖြစ်သည်။ထွက်သွားရန်လွယ်ကူသော်လည်း ပြန်လာဖို့က ခဲယဉ်းပေမည်။

Xxxxxx