Chapter 45
သူကနှစ်ဖက်ချွန်ဓားတစ်လက်
နန်ယန်၏လမ်းများတစ်လျောက်၌မြင်းခွာသံများ တညံညံဖြစ်လာသည်။
သိပ်မကြာခင်၌ပင် အစောင့်တစ်ယောက်က ချန်အိမ်တော်ရှိရာဆီသို့ ဒယီးဒယိုင်ဖြင့် အလျင်စလိုပြေးလာခဲ့၏။
ထိုသူမှာ သူ၏နဖူးပေါ်ရှိ ရွှဲနစ်နေသောချွေးစများကိုပင် မသုတ်နိုင်ရှာပေ။ထိုတစ်ယောက်က ပင်မခြံဝင်းသို့ အချိန်တိုအတွင်း ဝင်ရောက်လာခဲ့သည်။
ထိုအချိန်၌ ချန်ယွမ်နှင့်ချန်စူးတို့မှာချန်ကုန်းရန်း၏တစ်ဖက်တစ်ချက်စီတွင်ထိုင်ကာ စာအုပ်နှင့်ဝိုင်များအကြောင်း စကားလက်ဆုံကျနေခဲ့ကြလေ၏။
အစောင့်ဖြစ်သူက တံခါးရှိရာဆီသို့ အမြန်ပြေးသွားပြီး ငိုကြီးချက်မဖြင့် ပြောလာသည်။
“သခင်ကြီးတို့ ... လူရိုင်းတွေက လောယန်ကိုသိမ်းလိုက်ကြပြီ ”
_ ဘုတ် _
ချန်ယွမ်နှင့် အခြားအထက်တန်းလွှာတစ်ဦးက မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့၏။
ချန်ကုန်းရန်းကလည်း ချက်ချင်းပင် ဝုန်းခနဲထလာပြီး မေးမြန်းသည်။
"ဘယ်တုန်းကလဲ"
"သတင်းကတော့ အခုလေးမှရောက်တာပါ သခင်ကြီး"
" ဝူရှန် ... ဝူရှန်နဲ့သူ့လူတွေ လောယန်မှာရှိနေသေးတယ် "
ချန်ကုန်းရန်းက ပွက်ပွက်ဆူနေသောမျက်နှာထားဖြင့် အနောက်သို့တွန့်ဆုတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလာလေ၏။
ထို့နောက်သူက မှိတ်ထားသောမျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး အလောတကြီး ဆက်မေးလာခဲ့သည်။
" လွတ်အောင်ပြေးလာနိုင်တဲ့လူတွေရှိလား "
အစောင့်က ခေါင်းယမ်းပြီး ငိုရှိုက်လျက်ဖြေကြားလေ၏။
" ဟင့်အင်း ...မလွတ်ပါဘူး ... စစ်သည်တွေကလွဲလို့ ဘယ်သူမှမလွတ်ပါဘူး ... လူပျို ၊အပျိုတွေရော သက်ကြီးရွယ်အိုတွေရော အထက်တန်းလွှာအကုန်လုံးက လူရိုင်းတွေ မြို့ထဲ ဝင်မလာခင်မှာ ဝတ်ကောင်းစားလှတွေဝတ်ပြီး လောမြစ်ထဲ ခုန်ဆင်းသွားကြပါတယ်တဲ့ "
ချန်ကုန်းရန်းမှာ ထိုင်ခုံပေါ်သို့ ပုံလျက်သားကျသွားသည်။
ချန်စူးနှင့် ချန်ယွမ်တို့မှာမူ အကြီးအကျယ်ထိတ်လန့်သွားသဖြင့် သွေးရောင်ပင်မရှိတော့လောက်အောင် ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။
နောက်ဆုံး၌ ချန်ကုန်းရန်းက သူ့လက်ကို ဝှေ့ယမ်းလျက်" သိပြီ ... သွားတော့ " ဟုခပ်တိုးတိုးပြောလာသည်။
" ဟုတ်ကဲ့ပါ "
အစောင့်ဖြစ်သူပြန်လည်ထွက်ခွာသွားခိုက်တွင် ငိုရှိုက်သံတစ်သံထွက်လာလေ၏။ငိုယိုသံများအား နားထောင်ရင်း ချန်ယွမ်မှာ အမြင်အာရုံများဝေဝါးလာခဲ့ပြီး သက်ဆင်းလာသောမျက်ရည်စများအား လက်ခုံဖြင့် သုတ်ပစ်လိုက်သည်။ထို့နောက်သူက ခေါင်းငုံ့ကာ ခပ်သွက်သွက် ထွက်လာခဲ့၏။
ချန်ယွမ်အား လိုက်ရှာနေသည့်အမှုထမ်းတစ်ဦးက ထိုမြင်ကွင်းကိုမြင်သောအခါတွင် ခဏတာ တုံ့ဆိုင်းသွားသည်။ထိုတစ်ယောက်က စေ့စေ့စပ်စပ်ပြန်တွေးခဲ့ပြီးနောက် ခြေလှမ်းများအားပြန်လည်စတင်လိုက်လျက် ချန်ယွမ်ရှိရာသို့ ဦးတည်သွားခဲ့ပြီး တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်လိုက်၏။
" ရှစ်ဟွား ..."
ရှစ်ဟွားဆိုသည်မှာ ချန်ယွမ်အား တလေးတစားခေါ်ဆိုကြသောအမည်ပင်။
သိပ်မကြာခင်၌ပင် မျက်လုံးများနီရဲနေသော ချန်ယွမ်က လှေကားတစ်ဝိုက်နားသို့ရောက်လာသည်။သူက အမှုထမ်းအား မျက်မှောင်ကြုတ်လျက်ကြည့်ပြီး “ဘာကိစ္စလဲ” ဟုမေးလိုက်၏။ထိုအခါ အမှုထမ်းဖြစ်သူက သူ၏လက်ကို မသိမသာမြှောက်လျက် ခပ်တိုးတိုးဆိုလာခဲ့သည်။
“ရှစ်ဟွား မေ့သွားပြီလား ....ကျွန်တော့်ကို မင်းသားရဲ့အိမ်တော်ကိုသွားခိုင်းပြီး ရှုကျစ်မင်ကိုရှင်းပြဖို့ပြောထားတာလေ "
ထိုအခါမှ ချန်ယွမ်က ခေါင်းညိတ်လျက် စိတ်မရှည်စွာဖြင့်ဆိုလာ၏။
"ပြော ... "
" ဟုတ်ကဲ့ ... ရှုကျစ်မင်ကပြောတယ် ... မင်းသားက ရှစ်ဟွားရဲ့သမီးကို စိတ်တိုင်းမကျဘူးတဲ့ ... ချန်အိမ်တော်ကအားရုံကို ပို့မပေးမချင်း ဆွေးနွေးဖို့ ခက်ခဲလိမ့်မယ်လို့လည်းပြောတယ် "
ချန်ယွမ်၏မျက်နှာမှာ ပြာနှမ်းသွားသည်။
" အစကတည်းက အားရုံကို ပို့နိုင်ရင် ဘယ်လိုလုပ်ပြီးတော့ သမီးတစ်ယောက်ကို ဖြုန်းတီးပါတော့မလဲ ... ဟိုလူ ရှုမျိုးရိုးကိုက တဏှာထနေတာ ... နန်ယန်မင်းသားကိုမြှောက်ထိုးပင့်ကော်လုပ်နေတာလည်း ဒင်းပဲနေမှာ " ချန်ယွမ်က ဒေါသစိတ်ဖြင့် ပြောလိုက်၏။
ထိုနောက်တွင် ချန်ယွမ်တစ်ယောက် အသက်ပြင်းပြင်းရှူကာ စိတ်အေးအေးထားလိုက်ပြီး စကားဆက်သည်။
“ဒီလိုလုပ်ရအောင် ... အခုကနေပြီး သုံးရက်လောက်ကြာရင် မီးပုံးပွဲတော်ရောက်တော့မှာမလား .... သွားပြီးပြင်ဆင်တော့ ... ဒီတစ်ကြိမ် ဘာအမှားအယွင်းမှ မဖြစ်စေနဲ့ "
“ ဟုတ်ကဲ့ပါ ”
" ခဏနေဦး "
အမှုထမ်း ပြန်သွားတော့မည့်ဆဲဆဲတွင် အခန်းတွင်းမှ ချန်စူး၏လေသံအားကြားလိုက်ရသည်။ထိုအခါ ၎င်းအမှုထမ်း၏ခြေလှမ်းများက တုံ့ဆိုင်းသွားခဲ့ပြီး သူက ချန်ယွမ်ရှိရာသို့ပြန်လည်လျှောက်လှမ်းလာလျက် ဆိုလာပြန်လေ၏။
" ရှစ်ဟွား ... မနေ့က ဝမ််ဟုန်က ကျွန်တော်တို့ရဲ့ အစ်ကိုကြီးကို လူလွှတ်ပြီးလာရှာခိုင်းခဲ့တာကို ပြောဖို့မေ့သွားတယ် ... နန်ယန်ရဲ့ချန်အိမ်တော်က မိသားစုကြီးဖြစ်ပြီးတော့ ကိုယ်လုပ်တော်ဖွားသမီးကို ဘာလို့ကောင်းကောင်းမဆက်ဆံရတာလဲတဲ့ "
"ဘာဖြစ်တယ်" ချန်ယွမ်တစ်ယောက် ဒေါကန်သွားတော့သည်။
"ဝမ်ချီလန်က လန်ယာဝမ်အိမ်တော်သားပဲ... သူတို့က ဘာဝင်လုပ်နိုင်မှာလဲ ... ငါတို့မိသားစုအရေးကို ဝင်စွက်ဖက်ချင်နေတာလား ”
"သူက ဘာလို့ဝင်စွက်ဖက်ရမှာလဲ .. ငါတို့မိသားစုနာမည်ကိုထိခိုက်စေတဲ့ကောလာဟလတွေ အပြင်မှာပြန့်နေတယ်လို့ပဲ ပြောပြရုံပါ "ချန်စူးက အေးစက်စွာ ဆိုလာခဲ့၏။
ထိုအခါချန်ယွမ်က ဒေါသစိတ်ကိုချုပ်တည်းပြီး အတတ်နိုင်ဆုံးထိန်းပြောလာသည်။
" အားစူး နန်ယန်မင်းသားကို ငါတစ်ခါစိတ်ပျက်အောင်လုပ်မိပြီးကတည်းက သူ့ဘက်က အကျပ်ရိုက်အောင်ပိုလုပ်နေတယ်ဆိုတာကို မင်းမသိတာလည်း မဟုတ်ဘူး... သမီးတစ်ယောက်လုံး ပေးထားတာတောင် သူက မကျေနပ်နိုင်သေးဘူး ...ငါဘာလုပ်ရတော့မှာလဲ "
" အဲ့ဒါမင်းအပိုင်းလေ ... အားရုံကငယ်ရွယ်ပေမဲ့ သူ့အတွေးအခေါ်နဲ့ ပြဿနာဖြေရှင်းပုံတွေက ဆရာကျတယ် ... ဝမ်အိမ်တော်က ပွဲနဲ့ပတ်သတ်ပြီး သူ့ကိုမေးဖို့ မင်း လူမလွှတ်ခဲ့ဘူးလား... ဝမ်ဟုန်တင်မကဘူး ရန်မင်းကပါ သူနဲ့စကားပြောပြီး ရယ်နေတယ်လို့ ကြားလိုက်ရတယ် ... လက်ရှိအနေအထားကို စဉ်းစားကြည့် ...ဒီလိုအသေးအဖွဲလေးကြောင့် ဝမ်ဟုန်နဲ့ရန်မင်း နှစ်ယောက်စလုံးကိုဆန့်ကျင်တော့မလို့လား ဟမ် ... အားရုံက နှစ်ဖက်ချွန်ဓားပဲ ... အလွယ်တကူ ထိရှနိုင်တယ် ... သတိထားတာအကောင်းဆုံးပဲကွ "
ချန်စူးက ချန်ယွမ်အား မည်သည်ကိုမှထပ်မပြောချင်တော့ဘဲ အင်္ကျီလက်များအားခါလျက် အခန်းထဲသို့ ပြန်ဝင်သွားသည်။
ချန်ယွမ်မှာ ပြာနှမ်းနေသောမျက်နှာဖြင့် ကျန်ရစ်နေခဲ့ပြီး သူက ဘေးနားမှ အမှုထမ်းအား ဟိန်းဟောက်တော့လေသည်။
" သွား ... "
"မီးပုံးပွဲတော်ကိုရော ဘယ်လိုလုပ်လိုက်ရမလဲ ရှစ်ဟွား "
"အခု ဘယ်ပွဲတော်ကို ဘယ်လိုလုပ်လို့ရတော့မှာလဲ "
ချန်ယွမ်က သူ့ဒေါသအား မဖြေဖျောက်နိုင်ဖြစ်နေပြီး အသက်ပြင်းပြင်းရှုလျက် ထေ့ငေါ့ပြောလာခဲ့သည်။
“ချန်ရုံ့အတွက်တော့ ကောင်းတာပေါ့ ... လူကဖြင့်၁၅နှစ်မပြည့်သေးဘူး ... ယောက်ျားတွေကို ကလူသလိုလိုမြူသလိုလို လုပ်တတ်နေပြီ ... ဩချရလောက်ပါပေတယ် ... မင်းက ဒီမှာဘာကိစ္စဆက်ရပ်နေတာလဲ ... သွား ...”
“ဟုတ်ကဲ့ပါ ”
အမှုထမ်းထွက်ခွာသွားသောအခါတွင် ချန်ကုန်းရန်း၏မကျေမနပ်လေသံက အခန်းတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ရှစ်ဟွား ... အခုအချိန်အထိ ဘယ်လိုတောင် ရိုင်းစိုင်းနေနိုင်ရသေးတာလဲ ... သွားသွား လောလောလတ်လတ် ငါ့နေရာကိုမလာနဲ့ "
" အစ်ကိုကြီး ကျွန်တော် ... "
ချန်ယွမ်မှာ အထိတ်တလန့်ဖြင့် ခေါင်းညွှတ်လျက် တောင်းပန်စကားဆိုရန်ပြင်လိုက်သော်လည်း ချန်ကုန်းရန်းက စကားဖြတ်ပြောလာခဲ့သည်။
“ အမှုထမ်းတွေ ချန်ရှစ်ဟွားကို သူ့အဆောင်ပြန်ခေါ်သွားကြ "
" ဟုတ်ကဲ့ပါ "
ချက်ချင်းဆိုသလိုပင် အစောင့်နှစ်ဦးက ချန်ယွမ်၏အရှေ့သို့ ရောက်ရှိလာသည်။သူတို့စကားမဟရသေးခင်မှာပင် ချန်ယွမ်က အင်္ကျီလက်များကို ခါလိုက်ပြီး ခပ်ရင့်ရင့်ပြောလာခဲ့၏။
" ငါ့ဘာသာငါ လမ်းလျှောက်နိုင်တယ် "
ထို့နောက်တွင် သူက ထိုနေရာမှ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားတော့သည်။
ဤနေ့တွင် လောယန်၏ကျဆုံးခြင်းအကြောင်းကို ချန်အိမ်တော်သာမက လူများအားလုံးသိရှိခဲ့ကြသည်။
ထိုသတင်းမှာ မကြာသေးမီကမှ သီချင်းလေးညဉ်းလျက် အေးအေးလူလူဖြစ်နေခဲ့သောနန်ယန်မြို့ခံများအပေါ်နေ့ခင်းကြောင်တောင်မိုးခြိမ်းသံသဖွယ် ရက်စက်စွာ ရိုက်ခတ်ခဲ့သည်။အခြေအနေမှာ သူတို့တွေးထင်ထားသကဲ့သို့ မလုံခြုံနိုင်ကြောင်း လူအများစုက သဘောပေါက်လာကြ၏။ရှေ့လျောက်တွင် ၎င်းတို့အား စောင့်ကြိုနေမည်မှာ လူရိုင်းများထံမှ သံဖိနပ်သံများပင်။
Xxxxxx