Chapter 46
ဆယ်ကျော်သက်လူငယ်တပ်မှူးလေး
လောယန်မြို့က အသိမ်းပိုက်ခံနေရသည်တဲ့လား။
မကြာသေးမီအချိန်ကပင် ထိုမြို့သည် ဂုဏ်ရှိန်ကြီးမားသော မျိုးနွယ်များအားလုံးနေထိုင်လိုသော၊ ပြောင်းရွှေ့လာကြသော ဟန်လူမျိုးများအားလုံး ခေါင်းချချင်သော ကျင်းနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သည်။
ယခုတော့ ထိုမြို့သည် ရန်သူများလက်အောက်သို့ ကျဆင်းခဲ့ရလေပြီ။
ချက်ချင်းပင် နန်ယန်တစ်မြို့လုံး ဝမ်းနည်းမှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ငိုသံများကြား၌ ကြောက်လန့်မှုများလည်း ပါဝင်နေကာ ရန်မင်းသည်လည်း ချက်ချင်းပင် အလွန်နာမည်ကြီးသွားလေသည်။ အိမ်တော်အကြီးစားများအားလုံးနီးပါးကပင် ရန်မင်းအား သူတို့၏ စားပွဲတော်များသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ရန် ဖိတ်ကြားကုန်ကြသည်။
သို့သော် ထိုအချိန်မှပင် ရန်မင်းကလည်း ပျောက်ချင်းမလှ ပျောက်သွားလေသည်။
စိတ်ရှုပ်စွာဖြင့် အိမ်တော်များသည် နန်ယန်မြို့၏မင်းသားအားမေးမြန်းရန် လူများလွှတ်လိုက်ကြသည်။ ရန်မင်းနှင့် ဆွေမျိုးတော်စပ်လာမည့် ချန်အိမ်တော်သည်လည်း လူအများ၏ စုံစမ်းမေးမြန်းရာဗဟိုဌာန ဖြစ်လာသည်။
သို့တိုင်အောင်လည်း မည်သူကမှ ပေးစရာအဖြေမရှိခဲ့ပေ။
ထိတ်လန့်မှုက တစ်နေ့တစ်ခြားကြီးထွားလာသည်။ အချို့မိသားစုများဆိုလျှင် ပစ္စည်းများထုပ်ပိုးသိမ်းဆည်းကာ ကျန့်ခန်းမြို့ဆီသို့ပင် ထပ်၍ပြောင်းရွှေ့သွားကြသည်။
ထိုရုတ်ရုတ်သဲသဲဖြစ်မှုများကြားတွင် မြင်းစီးလာသူတစ်ဦးသည် အိမ်တော်တစ်ခုချင်းစီသို့ဝင်၍ အော်ဟစ်ပြောသွားသည်။
"အရှင် မြို့ပြင်မှာ နန်ယန်မင်းသားကို ကာကွယ်ပေးဖို့ တပ်မှူးရန် လွှတ်လိုက်တဲ့ စစ်သားနှစ်ထောင် ရောက်နေပါတယ်..."
"တပ်မှူးရန် ဟုတ်လား...သူဘယ်မှာလဲ..."
"ကျွန်တော်မသိပါဘူး...တပ်မှူးလေးပြောတာကတော့ တပ်မှူးရန်ရဲ့ စစ်သားတစ်ယောက်က လူရိုင်းဆယ်ယောက်ကို အသာလေး အလဲထိုးနိုင်တယ်လို့ပြောပါတယ်...အဲ့ဒီစစ်သားတွေ ရှိနေမယ်ဆိုရင် နန်ယန်မြို့ဟာ ဘာဘေးရန်မှရှိလာမှာမဟုတ်ပါဘူး..."
"တပ်မှူးလေးက တကယ်ပဲ အဲ့ဒီလိုပြောတာလား..."
"ကျွန်တော် မလိမ်ဝံ့ကြောင်းပါ..."
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်..."
အော်ဟစ်၍ ကောင်းချီးဩဘာပေးသံများက နန်ယန်မြို့၏လမ်းများ၌ ပျံ့နှံ့သွားကာ ပျော်ရွှင်မှုများဖြင့် ဆူညံသွားသည်။
အပြင်မှ အော်ဟစ်သံများက လှိုင်းများကဲ့သို့ ရိုက်ခတ်လာသည်ကို နားထောင်၍ ချန်ရုံက အထိန်းတော်ဖျင်အား ပြောလိုက်သည်။
"ကျွန်မတို့ အပြင်သွားပြီး ကြည့်ရအောင်..."
"ဟုတ်ကဲ့..."
ချန်ရုံသည် ဝေးဝေးသို့သွားမည်ဟု မရည်ရွယ်သောကြောင့် ရထားလုံးကိုမစီးတော့ပဲ ခြံဝန်းအပြင်သို့ ဒီတိုင်းသာ ပြေးထွက်သွားလိုက်သည်။ အရှေ့တံခါးသို့ရောက်သောအခါ ချန်ဝေ့၊ ချန်ချမ်နှင့် အခြားမိန်းကလေးများလည်း ရောက်နေကြသည်ကို မြင်လိုက်ရသည်။ သို့သော် ထိုမိန်းကလေးများသည် မျက်နှာကိုဖုံးကွယ်သည့်ဦးထုပ်များ၊ ရေမွှေးနံ့သာအိတ်လေးများနှင့် လှပစွာတန်ဆာဆင်ထားသောကျောက်စိမ်းများကို ဝတ်ဆင်ကာ အပြင်သို့ထွက်မည့်ပုံစံ ပြင်ဆင်ထားကြသည်။
လူပင်လယ်ကြီးသည် အိမ်များထဲမှထွက်၍ လမ်းများပေါ်သို့ရောက်ကာ လူတိုင်းက မြောက်ဘက်ဂိတ်တံခါးသို့ လှမ်းကြည့်နေကြသည်။
"သူတို့ ဘာတွေကို ကြည့်နေကြတာလဲ..."
ချန်ရုံက စူးစမ်းစွာမေးလိုက်သည်။
"တပ်မှူးရန်လွှတ်လိုက်တဲ့ စစ်သည်တွေကိုပါ သခင်မလေး..."
အစေခံတစ်ဦးက ရိုကျိုးစွာဖြေလိုက်သည်။
"သူတို့တွေက အစကတော့ မြို့ပြင်မှာ စခန်းချဖို့စီစဉ်ထားပေမယ့် ဒီက သခင်ကြီးတွေက စိတ်ပူလို့ မြို့ထဲကို လာဖို့ ဖိတ်ခေါ်ထားတာပါ..."
သက်လတ်ပိုင်းလူကြီးတစ်ဦးကလည်း ပြုံး၍ ဝင်ပြောလိုက်သည်။
"တပ်မှူးရန်ရဲ့ စစ်သည်တွေက ရဲရင့်တကာ့ အရဲရင့်ဆုံးစစ်သည်တွေလို့ ကျွန်ုပ်ကြားဖူးတယ်...သူတို့တွေက ခရီးထွက်ခွာတိုင်း အင်အားအကြီးဆုံး ရန်သူတွေနဲ့ပဲ ထိပ်တိုက်တွေ့တာတဲ့...တပ်မှူးရန်မင်းဘေးမှာလည်း လူအများအပြားရှိပေမယ့် အောင်နိုင်မှုနဲ့ပြန်လာဖို့ သူ့ရဲ့စစ်သည် တစ်သောင်းလောက်ရှိရင် ရပြီတဲ့...တပ်မှူးရန်ရဲ့ စစ်သည် နှစ်ထောင်ကို နန်ယန်မြို့မှာ မြင်ဖို့ဆိုတာ မလွယ်ဘူးလေ...ဒါကြောင့် လူတိုင်းက အရမ်းကြည့်ချင်နေကြတာပေါ့..."
ထိုလူကြီး၏အသံနှင့်အတူ ညီညာ၍ အားပြင်းလှသော ခြေသံများထွက်ပေါ်လာသည်။ ထိုခြေသံများသည် အင်အားပြင်းလွန်းသောကြောင့် ခြေလှမ်းသံတစ်ချက်ထွက်လာသည်နှင့် မြေကြီးများပင် တုန်ခါသွားကြသည်။
လူအုပ်ကြီးသည်လည်း အလိုအလျောက် မော့ကြည့်လိုက်မိကြသည်။
ချန်ရုံကတော့ မအံ့ဩမိချေ။ ချန်ရုံသည် သူမ၏ယခင်ဘဝကလည်း ဤထက်မျာပြားးသော ရန်မင်း၏ စစ်သည်များကို မြင်ဖူးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စိတ်မဝင်စားသော ချန်ရုံသည် နောက်သို့လှည့်၍ အိမ်သို့ပြန်မည်အလုပ်တွင် အဝေးမှ ချန်ရုံနှင့် ရင်းနှီးကျွမ်းဝင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟူလူမျိုးတွေကို လုံးဝအောင်နိုင်ခွင့်မပေးနိုင်ဘူးဆိုတာ မြဲမြဲသတိရကြပါ..."
"ဟုတ်ကဲ့!..."
အသံ နှစ်ထောင်က တစ်ပြိုင်နက်ဖြေလိုက်သောကြောင့် လူများ၏နားထဲ၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သွားသည်။
ချန်ရုံသည် ခြေလှမ်းများရပ်သွား၍ တွေးလိုက်မိသည်။
ထူးဆန်းလိုက်တာ...ဘာဖြစ်လို့ ဒီအသံက ငါနဲ့ ရင်းနှီးနေရဲ့သားနဲ့ ငါမမှတ်မိသလိုဖြစ်နေရတာလဲ...
"မမလေး...အရှေ့တိုးပြီး ကြည့်ချင်လား..."
အထိန်းတော်ဖျင်က မေးလိုက်သည်။
ချန်ရုံက ခေါင်းခါ၍ ပြောလိုက်သည်။
"မလိုပါဘူး..."
ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် သူမ၏ ခြံဝန်းထဲသို့ ပြန်သွားတော့သည်။
ယနေ့တွင်တော့ နန်ယန်မြို့တစ်မြို့လုံး စိတ်အားတက်ကြွနေကြသည်။ လမ်းများပေါ်၌ အော်ဟစ်ဆူညံသံများပျောက်သွားချိန်တွင် ညနေခင်းအချိန်သို့ပင် ရောက်နေပြီဖြစ်သည်။
နေဝင်ပြီးကာစအချိန်တွင် ချန်ရုံသည် သူမ၏အခန်းထဲ အနားယူနေချိန်၌ လူငယ်လေးတစ်ဦး၏အသံကိုကြားလိုက်ရသည်။
"ချန်အိမ်တော်ရဲ့ အားရုံ ရှိပါသလား..."
ချန်ရုံက မလှုပ်မယှက်ဖြစ်သွားသည်။ အထိန်းတော်ဖျင်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက်တွင် ချန်ရုံသည် မတ်တပ်ရပ်၍ ပြန်ဖြေလိုက်သည်။
"ကျွန်မ ရှိပါတယ်..."
"ကျေးဇူးပြု၍ အပြင်ကိုထွက်ခဲ့ပါ...တပ်မှူးလေးက သခင်မကို ရှာနေပါတယ်..."
တပ်မှူးလေး?
အလွန်အံ့ဩစွာဖြင့် ချန်ရုံသည် ဆံပင်ကို သပ်ရပ်အောင်လုပ်လိုက်ကာ ရှေ့သို့ထွက်ရန်ပြင်လိုက်သည်။ အထိန်းတော်ဖျင်က အနောက်မှ အမြန်လိုက်၍ ပြောလိုက်သည်။
"မမလေး...အရင် ကိုယ်လက်သန့်စင်တာ မကောင်းဘူးလား..."
ချန်ရုံက ခေါင်းခါလိုက်သည်။
"စစ်တပ်ကလူတွေက မြန်မြန်ဆန်ဆန်နဲ့ တဲ့တိုးလုပ်တာပဲကြိုက်တယ်...သူတို့မှာ အဲ့ဒီလောက်ကြာကြာစောင့်ဖို့ သည်းမခံနိုင်ဘူးလေ..."
ချန်ရုံက ပြောပြီးသောအခါ ခြံတံခါးကို တွန်းဖွင့်လိုက်သည်။
အပြင်၌ ချန်ဝေ့၊ သူ၏ညီမနှင့် အစေခံ တစ်ဒါဇင်ခန့်လည်း ရှိနေကြသည်။ ချန်ရုံသည် သူတို့ကို မျက်လုံးဝေ့ကြည့်လိုက်၍ ဘေးဘီဝဲယာသို့ ရှာလိုက်သည်။
မိုးမခပင်အောက်၌ ရပ်နေသော လူငယ်တစ်ဦးကို ချန်ရုံတွေ့လိုက်သည်။ ထိုလူငယ်သည် ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ လူငယ်က လက်များကို နောက်ကျောဘက်၌ ချိတ်ထား၍ နေရောင်အောက်တွင် သူ၏ သေးငယ်သောမျက်နှာက အလွန်ပင်ချောမောနေသည်။
ချန်ရုံ၏မျက်နှာသည် ချက်ချင်းပင် ပြုံးရွှင်သွားလေသည်။
လူငယ်သည်လည်း အံ့ဩသွားသောချန်ရုံကို ကြည့်၍ သွားများပေါ်အောင် ပြုံးလိုက်ကာ လက်များကိုဝှေ့ယမ်း၍ အော်လိုက်သည်။
"မင်းတို့အကုန် သွားလို့ရပြီ..."
လူငယ်၏အသံသည် အလွန်ကြည်လင်ပြတ်သားနေသည်။
"ဟုတ်ကဲ့..."
လူငယ်၏ဘေး၌ရပ်နေသော စစ်သည်တစ်ဒါဇင်ခန့်က ဖြေကာ နောက်သို့ဆုတ်သွားကြသည်။
လူငယ်သည် ခေါင်းကိုလှည့်၍ သူ၏စူးရှသောမျက်လုံးများဖြင့် ချန်ဝေ့နှင့် အခြားမိန်းကလေးများကို ကြည့်လိုက်သည်။ လူငယ်လေးသည် ငယ်ရွယ်သော်လည်း မျက်နှာထားက သွေးဆာ၍ ရက်စက်သောပုံစံပေါက်နေလေသည်။ ထို့ကြောင့် ချန်ဝေ့နှင့် မိန်းကလေးများသည် ခေါင်းကို အလျင်အမြန်ငုံ့၍ ပြေးထွက်သွားကြတော့သည်။
စက္ကန့်ပိုင်းအတွင်းတွင် ကျယ်ပြန့်သောခြံဝန်းထဲ၌ ချန်ရုံတစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။
လူငယ်သည် ချန်ရုံအား အတန်ကြာငေးကြည့်နေပြီးမှ ခြေထောက်များကိုကြွကာ ချန်ရုံဆီသို့ လျှောက်လာသည်။
ချန်ရုံနှင့် ခြေလှမ်းသုံးလှမ်းမျှအကွာတွင် ရပ်လိုက်ကာ လူငယ်လေးသည် ချန်ရုံ့အား ခေါင်းမှခြေဖျားသို့ ခြုံငုံကြည့်၍ ပြောလိုက်သည်။
"ငါထွက်သွားတာတောင် ဘယ်လောက်မှမကြာသေးပေမယ့် မင်း ဒီမှာဝင်ဆန့်ဖို့ အရမ်းကြိုးစားနေရတယ်ဆိုတဲ့သတင်းတွေ ငါကြားနေရတယ်...ကြံရာမရဖြစ်လွန်းလို့ 'ဖီးနစ်ငှက်ရဲ့အချစ်တေးသံ' တေးသွားနဲ့ ဝမ်ချီလန်ကို ဆွဲဆောင်ရတဲ့ အဆင့်အထိတောင် မင်းရောက်သွားပြီလား..."
လူငယ်၏အသံက ပြင်းရှနေ၍ မျက်လုံးများကလည်း ဒေါသဖြင့် တောက်လောင်နေကြသည်။
ချန်ရုံသည် လူငယ်အား မျက်စောင်းထိုး၍ ပါးစပ်ကို အနည်းငယ်ဟကာ ရယ်လိုက်သည်။
"ရှင်နဲ့မတွေ့ရတဲ့ လအနည်းငယ်မှာ ရှင်က တကယ်ကို ကလေးလေးကနေ လူငယ်တပ်မှုးလေးဖြစ်သွားတာပဲ...ရန်မင်းက ရှင့်ကိုသနားပြီး ဒီရာထူးကိုပေးလိုက်တာများလား..."
"အဓိပ္ပာယ်မရှိတာ...ငါက ကျန်းတုံဒေသက စွင်းကျုံးမို့ရဲ့ မျိုးဆက်ပဲလေ...စစ်ပွဲရဲ့အငွေ့အသက်တွေက ငါ့သွေးသားထဲမှာ စီးဆင်းနေပြီးသား..."
[T/N: စွင်းကျုံးမို့ဟာ သုံးပြည်ထောင်ခေတ်မှာ စွင်းချွမ်လို့ နာမည်ကျော်ကြားတဲ့ ဝူဧကရာဇ်ဖြစ်ပါတယ်။]
လူငယ်လေးသည် အလွန်ပင် မခံမရပ်နိုင်ဖြစ်နေ၍ သူ၏ ဖြူဖွေး၍ချောမောသောမျက်နှာသည်လည်း အနီရောင်သမ်းနေလေသည်။
လူငယ်လေးက ဒေါသထွက်စွာဖြင့် ရှူးရှူးရှဲရှဲဖြစ်နေသည်ကို တွေ့သောအခါ ချန်ရုံ ရယ်မိသွားတော့သည်။ ထို့နောက် ချန်ရံသည် လူငယ်လေး၏ လက်ကို လှမ်းကိုင်လိုက်၍ တောက်ပသောမျက်လုံးများဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ...ရှင် အရမ်းကို ရဲစွမ်းသတ္တိရှိတာ ကျွန်မသိပါတယ်...ကျွန်မက စနောက်နေတာကို ရှင်က တကယ်စိတ်ဆိုးသွားတာကိုး..."
ချန်ရုံ၏လှပသော အပြုံးအောက်တွင် လူငယ်လေး၏ ဒေါသများလည်း လွင့်စင်သွားတော့သည်။ လူငယ်လေးသည် ညာဘက်လက်ကိုဆန့်တန်း၍ ချန်ရုံ၏လက်ကိုဆုပ်ကိုင်လိုက်ကာ ခြံဝန်းတစ်ဖက်ခြမ်းသို့ ခေါ်ဆောင်သွားသည်။
ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသောအခါ လူငယ်သည် ချန်ရုံအား လှမ်းကြည့်၍ ပြောလိုက်သည်။
"ချန်အိမ်တော်ရဲ့ အားရုံ...မင်း ဘာဖြစ်လို့များ ဒုက္ခတွေနဲ့ မတွေ့အောင် မနေနိုင်ရတာလဲ...အခုအချိန်မှာ မင်းအကြောင်းတစ်ခုခုကို ကြားရတယ်ဆိုရင်တောင်မှ အဲ့ဒီသတင်းက မကောင်းသတင်းပဲဖြစ်မှာပဲ..."
လူငယ်လေး၏စကားလုံးများက ကြမ်းတမ်းနေသော်လည်း ချန်ရုံ၏လက်ကိုကိုင်ထားသည်ကတော့ အလွန်ညင်သာနေလေသည်။ လူငယ်လေး၏ ပူလောင်သော ထွက်သက်များက ချန်ရုံကိုရစ်ပတ်ထားသည့် အေးစက်မှုများကို ဖယ်ရှားပေးနေသကဲ့သို့ ဖြစ်နေသည်။
ချန်ရုံသည် ခေါင်းကိုစောင်း၍ လူငယ်လေးအား ကြည့်လိုက်သည်။ ယခုအချိန်သည် နေဝင်ဆည်းဆာချိန်ဖြစ်နေ၍ သလင်းရောင်နေရောင်ခြည်သည် လူငယ်လေး၏ ရွှေရောင်ချပ်ဝတ်ပေါ်၌ တလက်လက်တောက်ပနေသည်။ အေးစက်သည့် သံချပ်ကာနှင့် လူငယ်လေး၏ ဖြူဖွေးသော အသားအရည်များကို ပေါင်းစပ်လိုက်သောအခါ အလွန်ခွန်အားကြီး၍ တစ်ချိန်တည်းမှာပင် အလွန်ပျော့ပျောင်းနေသည့် ထူးခြားသည့် ချောမောလှပမှုကို ဖြစ်ပေါ်နေစေသည်။
လူငယ်လေးသည် ချန်ရုံ၏ စူးစမ်းသောအကြည့်များမှ မရှောင်ဖယ်ပဲ ညစ်ကျယ်ကျယ်လေး ပြုံးလိုက်သည်။
"ဘယ်လိုနေလဲ...ငါ အရမ်းကို ချောမောနေတယ်မဟုတ်လား...ကောင်းကင်ဘုံက နတ်သားလိုမျိုးဖြစ်နေလား..."
ထို့နောက် လူငယ်လေးက ခဏမျှရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"ငါ့ရဲ့အသံပြောင်းသွားတာကိုရော မင်းသိလား...အခု နားထောင်လို့ ကောင်းသွားပြီမလား..."
လူငယ်လေး၏ ဂုဏ်ယူဝံ့ကြွားနေသောမျက်နှာကိုကြည့်၍ ချန်ရုံသည် နောက်ဆုံးတွင်တော့ မနေနိုင်ပဲ ကျယ်လောင်စွာ ရယ်လိုက်မိတော့သည်။
Xxxxxx