အပိုင်း ၄၇
Viewers 19k

Chapter 47: 


ထုံးတမ်းစဉ်လာ

ချန်ရုံ၏ရယ်သံကြားသောအခါ လူငယ်လေးက ဂုဏ်ယူစွာဖြင့် ခေါင်းငြှိမ့်လိုက်သည်။

"တကယ်တော့ မင်း ငါ့ကိုပြောဖို့မလိုပါဘူး...နန်ယန်မြို့က ယစ်မူးနေကြတဲ့ မိန်းမပျိုတွေအားလုံးက ငါ့ကို တစ်လမ်းလုံး သည်းသည်းလှုပ်နှုတ်ဆက်နေကြတာ...ငါပါးစပ်လေးဟလိုက်တာနဲ့ တချို့မိန်းကလေးတွေဆိုရင် အော်ဟစ်ကုန်ကြရော..."

ချန်ရုံက ဆက်၍ရယ်နေသောအခါ လူငယ်လေးက စနောက်သည့်ပုံဖြင့် ချန်ရုံ့ဘက်သို့လှည့်ကြည့်လိုက်သည်။

"ဘာလဲ...မင်းက မယုံလို့လား..."

ချန်ရုံက အရယ်ရပ်လိုက်၍ ချက်ချင်းပင် ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ ထို့နောက် လှိုက်လှဲစွာဖြင့် ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"ဟုတ်တာပေါ့ ဟုတ်တာပေါ့...အရမ်းကိုချောမောတဲ့ တပ်မှူးစွင်းက နဂါးတွေရဲ့ အငွေ့အသက်၊ လုပုရဲ့ ရဲစွမ်းသတ္တိနဲ့ ကျူးကောရဲ့ ထက်မြက်မှုတွေနဲ့ ပြည့်စုံပါပေတယ်..."

[T/N: လုပု - သုံးပြည်ထောင်ခေတ်မှ ထင်ရှားကျော်ကြားသော တပ်မှူး

ကျူးကော - သုံးပြည်ထောင်ခေတ်မှ ကျော်ကြားသော ဗျူဟာမှူး]

လူငယ်လေးစွင်းယန်သည် ချန်ရုံပြောနေသည်များကို အာရုံစူးစိုက်၍ နားထောင်နေကာမှ ချန်ရုံ၏ နောက်ဆုံးစကားများက သူ့ဒေါသကိုဆွသကဲ့သို့ဖြစ်သွားသည်။ စွင်းယန်သည် ချက်ချင်းပင် ချန်ရုံ၏လက်များကို နောက်ကျော၌ ချုပ်ကိုင်၍ အမိန့်ပေးလိုက်သည်။

"ကြောင်မလေး မင်းက ငါ့ကို စနောက်စရာလို့ သဘောထားနေတာလား..."

လှုပ်မရတော့သောကြောင့် ချန်ရုံက အမြန်အော်ပြောလိုက်သည်။

"ကျွန်မကိုလွှတ်..."

"မလွှတ်ဘူး မင်းက ငါ့အကျဉ်းသားပဲ...ငါကျေနပ်တဲ့အထိ တောင်းပန်ရမယ်..."

ချန်ရုံသည် မနေနိုင်ပဲ ချစ်စရာကောင်းစွာ ရယ်မိ၍ ပြောလိုက်သည်။

"တပ်မှူးလေးစွင်းရယ် ကျွန်မကို သနားပါ..."

"ကျယ်ကျယ်ထပ်ပြောစမ်း..."

"စာနာသနားစိတ်လေးထားပြီး ကျွန်မရဲ့ အသက်လေးကို ညှာတာပေးလို့မရဘူးလား တပ်မှူးရယ်..."

ချန်ရုံ၏စကားများကြောင့် စွင်းယန်ကျေနပ်သွားကာ ရယ်၍ ချန်ရုံ၏လက်ကို လွှတ်လိုက်သည်။

"မင်းက အသိဉာဏ်ရှိတဲ့ မိန်းကလေးပဲ..."

ချန်ရုံတို့နှစ်‌‌ယောက် ကလူကျီစယ်နေကြချိန်တွင် ဘေးခြံဝန်းထဲမှ ချန်ဝေ့သည် နားကို အသားကုန်စွင့်၍ ခိုးနားထောင်နေလေသည်။ ချန်ဝေ့သည် မြေကြီးပေါ်သို့ ခြေဆောင့်၍ အံကြိတ်လိုက်သည်။

"ငါတကယ်ပဲ နားမလည်နိုင်တော့ဘူး...ချန်ရုံက ဟိတ်ဟန်ထုတ်လွန်းပြီး ဘာအရှက်တရားမှ မရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ...ဘာဖြစ်လို့များ ယောင်္ကျားတွေကို သူ့ကို တမ်းတမ်းစွဲဖြစ်နေကြပါလိမ့်..."

ဤခေတ်အခါ၌ လှပသည်ဟု သတ်မှတ်ခြင်းခံရရန် ပထမဆုံးအနေဖြင့် ဖြူဖွေးစိုပြေသောအသားအရည်ရှိရမည်၊ ဒုတိယအနေဖြင့် ဖြူစင်မှုရှိရမည်ဖြစ်၍ နောက်ဆုံးအချက်အနေဖြင့် နွဲ့နှောင်းမှုနှင့် မိန်းမသားဆန်မှုတို့ရှိရမည်ဖြစ်သည်။ ချန်ရုံ၏ရုပ်ရည်မှာ စူးစူးရဲရဲလှပ၍ ခန္ဓာကိုယ်ကလည်း ရင်နှင့်တင်တို့ ဖွံ့ဖွံ့ဖြိုးဖြိုးရှိကြသည်။ ထို့ကြောင့် ချန်ရုံ၏ဆွဲဆောင်မှုရှိသည့် အလှအပကို အခြားလူများက "အရှက်သိက္ခာကင်းမဲ့သည်" ဟု ခေါင်းစဉ်တပ်လိုက်ကြသည်။

အထိန်းတော်ဖျင်က ခြံဝန်းထဲတွင် အသားနှင့် ဝိုင်အရက်များပြည့်နေသော စားပွဲကို တည်ခင်းလိုက်သည်။

ချန်ရုံ၏လက်ကို ကိုင်ထားလျက်နှင့်ပင် စွင်းယန်သည် စားပွဲ၌ ခပ်ကြမ်းကြမ်းဝင်ထိုင်လိုက်၍ ဝိုင်ခွက်ကို လက်လှမ်းလိုက်သည်။ တစ်ငုံမျှသောက်ပြီးသောအခါ ခွက်ကို ချန်ရုံ့အား ကမ်းပေး၍ ပြောလိုက်သည်။

"ဒီည အရက်မူးအောင် သောက်ကြရအောင်..."

ချန်ရုံက ဘာမှမပြောပဲ ပြုံးရုံသာပြုံးနေသည်။ အထိန်းတော်ဖျင်က ဘေးမှ ညင်သာစွာ ရယ်မောလိုက်သည်။

"မဖြစ်ပါဘူး သခင်လေး...မမလေးက စေ့စပ်ကြောင်းလမ်းထားတဲ့လူ မရှိသေးဘူးလေ..."

စွင်းယန်က ချန်ရုံ့အား ငေးကြည့်၍ပြောလိုပ်သည်။

"ဒါဆိုရင် ချန်ရုံက စေ့စပ်ထားပြီးတဲ့လူရှိတယ်ဆိုရင်တော့ ငါနဲ့တူတူ အရက်မူးအောင်သောက်လို့ရတယ်ပေါ့..."

အထိန်းတော်ဖျင်ကကြောင်သွား၍ ဘာပြောရမည်မသိတော့ပဲ ချန်ရုံ့ကိုသာ လှမ်းကြည့်လိုက်သည်။

ချန်ရုံက ပြုံး၍ တွေးနေမိသည်။

ကျွန်မလည်း ရှင်နဲ့တူတူ အရက်မူးအောင် သောက်ချင်တာပေါ့ စွင်းယန်ရယ်...ဒါပေမယ့် ဒီလိုအမှားကိုလုပ်မိရင် ချန်ယွမ်က အဲ့ဒီအမှားကို အခွင့်ကောင်းယူသွားတော့မှာ...ကျွန်မကို မင်းသားရဲ့ အတွင်း‌အဆောင်အထိခေါ်သွားပြီး ကျွန်မက အထင်သေးစရာမိန်းမပါလို့ လူတိုင်းသိအောင် ကြေငြာတော့မှာ... အဲ့ဒီအခါကျရင် အရင်တစ်ခေါက်က ဝမ်ချီလန်အတွက် "ဖီးနစ်ငှက်၏အချစ်တေးသံ" တေးသွား တီးခတ်ခဲ့တဲ့ ကျွန်မရဲ့ကြိုးပမ်းမှုတွေ အကုန် အလဟဿဖြစ်သွားမှာ...

ထို့နောက် ချန်ရုံသည် မနေနိုင်ပဲ စွင်းယန်ကို မော့ကြည့်လိုက်မိသည်။

နေရောင်အောက်၌ စွင်းယန်၏ကြည်လင်သော မျက်လုံးနှစ်လုံးကို မြင်လိုက်ရသည်။ ချန်ရုံသည် ထိုမျက်လုံးနှစ်လုံးကိုကြည့်၍ နှုတ်ခမ်းများတရွရွလှုပ်လာကာ သူမစိတ်ထဲ၌ တွေးနေသည်များကို အကုန်ဖွင့်ပြောပြချင်စိတ်များတဖွားဖွားပေါ်လာသည်။

ထိုအချိန်မှာပင် ခြံဝန်း၏ဂိတ်တံခါးမှ ကျယ်လောင်သောအသံတစ်ခုပေါ်ထွက်လာသည်။

"တပ်မှူးစွင်း ဒီမှာရှိနေတာပါလား...ကျွန်တော့်ရဲ့ သခင်က တပ်မှူးစွင်းရဲ့ လာရောက်မှုကိုကြားရတဲ့အတွက် အလွန် ဝမ်းသာနေပါတယ်...တပ်မှူးအတွက် စားပွဲတော်လေးတစ်ခု ပြင်ဆင်ထားပေးပြီး တပ်မှူးကို ဖိတ်ကြားဖို့ ကျွန်တော့်ကို သီးသန့်လွှတ်လိုက်ခြင်းဖြစ်ပါတယ်..."

စွင်းယန်က ရှုံ့မဲ့၍ တီးတိုးပြောလိုက်သည်။

"ဒီလို ထုံးတမ်းစဉ်လာတွေကို ငါအမုန်းဆုံးပဲ..."

စွင်းယန်က ငြင်းဆိုမည်အပြုတွင် စွင်းယန်၏လက်ပေါ်သို့ အနွေးဓာတ်လေးတစ်ခု ရောက်လာသည်။ ချန်ရုံက စွင်းယန်၏လက်ကိုဖိ၍ တားလိုက်ခြင်းဖြစ်သည်။

ချန်ရုံသည် စွင်းယန်အား တည်ငြိမ်သောမျက်လုံးများဖြင့် ကြည့်နေသည်။

"သခင်လေး...သူတို့ကို မငြင်းပယ်လိုက်ပါနဲ့..."

စွင်းယန်၏ နားမလည်သောမျက်နှာကိုကြည့်၍ ချန်ရုံက ပြုံးလိုက်ကာ စနောက်သည့်ဟန်ဖြင့်ပြောလိုက်သည်။

"အထက်တန်းလွှာက သူဌေးတွေမှာ ရိက္ခာတွေနဲ့ ပိုက်ဆံတွေအများကြီးရှိ‌တယ်လေ...သူတို့တွေကြောက်လန့်နေတာကို အခွင့်ကောင်းယူပြီး စစ်တပ်အတွက် ရိက္ခာနည်းနည်းပေးခိုင်းဖို့ တပ်မှူးရန်က အမိန့်မပေးလိုက်ဘူးလား..."

စွင်းယန်က ရယ်လိုက်သည်။ ထို့နောက် ပါးစပ်ကိုအုပ်ကာ တီးတိုးပြောလိုက်သည်။

"မင်းသာ သတိမပေးရင် ငါမေ့နေတော့မှာ..."

ထိုစကားကိုပြောပြီးသောအခါ စွင်းယန်က မတ်တပ်ရပ်လိုက်သည်။

စွင်းယန်က လိုက်ရန်သဘောတူလိုက်သောအခါ ချန်ရုံသည် မျက်နှာဖုံးသည့်ဇာပါသော ဦးထုပ်ကို လှမ်းယူ၍ ခေါင်း၌ဆောင်းကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ စွင်းယန်၏နောက်၌ ခပ်ယို့ယို့လေး ရပ်နေလေသည်။

ဂိတ်တံခါးက ကျွိခနဲ ပွင့်သွားသည်။

တံခါး၌ ချန်ယွမ်နှင့် အခြား ပညာတတ်ပုဂ္ဂိုလ်နှစ်ဦးရပ်နေလေသည်။ ချန်ယွမ်သည် အထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ချန်ရုံ့ကို လှမ်းကြည့်လိုက်ပြီးမှ စွင်းယန်ဆီသို့ အကြည့်ပြန်ရောက်သွားသည်။

စွင်းယန်နှင့် ချန်ရုံတို့ကို အကဲခတ်ပြီးသောအခါ ချန်ယွမ်သည် ပြုံးရွှင်စွာဖြင့် ချိတ်ဆက်ထားသော လက်များကို မြှောက်ပြလိုက်သည်။

"တပ်မှူးစွင်း...အခုလို တွေ့ဆုံခွင့်ရတာ အလွန်ပဲ ဂုဏ်ယူမိပါတယ်..."

စွင်းယန်ကလည်း အထက်တန်းလွှာများ၏ အစဉ်အလာနှင့် အညီပြန်လည် နှုတ်ဆက်လိုက်သည်။

"ကျွန်‌တော်လည်း ဝမ်းသာပါတယ်..."

ပြောရင်းဖြင့် စွင်းယန်က ပြုံးလိုက်သည်။

ချန်ယွမ်က ရွှင်ပျစွာရယ်လိုက်သည်။

"တပ်မှူးရဲ့ မျိုးရိုးက စွင်းဆိုတော့ တပ်မှူးရဲ့ ဘိုးဘေးတွေက ဘယ်သူတွေများလဲ အကျွန်ုပ် သိခွင့်ရှိပါသလား..."

"ကျွန်တော်က ကျန်းတုံဒေသက စွင်းကျုံးမို့ရဲ့ မျိုးဆက်ပါ..."

စွင်းယန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ထိုစကားတစ်ခွန်းနှင့်ပင် ချန်ယွမ်၏မျက်လုံးများက ပြူးကျယ်သွားကြပြီး စွင်းယန်အား သိပ်အရေးမစိုက်သလိုလုပ်နေသော မျက်နှာထားသည်လည်း ပျောက်ကွယ်သွားသည်။

"ကျန်းတုံဒေသရဲ့ စွင်းအိမ်တော်က ဟုတ်လား..."

ချန်ယွမ်က အံ့ဩတကြီးမေးလိုက်သည်။

"ဒီလိုမျိုးနွယ်က ဆင်းသက်လာပြီးတော့ တပ်မှူးက ဘာကြောင့် ဒီလို သွေးသံတရဲရဲစစ်ပွဲတွေမှာ ပါဝင်နေရတာပါလဲ...ကျန်းတုံဒေသက တပ်မှူးရဲ့ ဘိုးဘေးတွေသာသိရင် သူတို့ အရမ်း ထိတ်လန့်သွားကြမှာ..."

စွင်းယန်က မျက်နှာသုန်မှုန်သွား၍ စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်သည်။

"အဲ့ဒီလူရိုင်းတွေက ကျွန်တော်တို့ကို တိုက်ခိုက်လာရင်တော့ သူတို့ကိုလည်း ပြန်တိုက်ခိုက်ရမှာပါပဲ...ယောင်္ကျားတစ်ယောက်အနေနဲ့ သွေးကို သွေးနဲ့ တုံ့ပြန်ရမှာပါ...စစ်မြေပြင်မှာ ကြောက်လန့်စရာဆိုတာ မရှိပါဘူး..."

ချန်ယွမ်က ရယ်လိုက်၍ လက်များကို ချိတ်ဆက်ကာ ပြောလိုက်သည်။

"တပ်မှူးလေး...တပ်မှူးလေးဟာ တကယ်ကိုပဲ ရဲစွမ်းသတ္တိရှိတဲ့ သွေးတွေ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဂုဏ်သိက္ခာရှိတဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ...တပ်မှူးလေး အရင် အရှေ့က သွားပါ..."

စွင်းယန်က ဤတစ်ကြိမ်တွင်တော့ ခေါင်းငြှိမ့်လိုက်သည်။

ခြေနှစ်လှမ်းမျှ လှမ်းပြီးသောအခါ စွင်းယန်သည် ခေါင်းကို လှည့်၍ ချန်ရုံကို လှမ်းကြည့်လိုက်သည်။

မျက်နှာဖုံးအုပ်ထားသော ဦးထုပ်ကိုဆောင်း၍ အလွန်ပင်ရိုကျိုးစွာရပ်နေသော ချန်ရုံကို မြင်သောအခါ စွင်းယန်သည် လျှို့ဝှက်စွာဖြင့် ချန်ရုံကို မျက်လုံးတစ်ဖက်မှိတ်ပြ၍ ရိုသေစွာ ခါးညွှတ်လိုက်ကာ အသံကို မြှင့်၍ပြောလိုက်သည် 

"အားရုံ မင်းက တောင်ပိုင်းကိုသွားတဲ့လမ်းမှာ ငါ့ကို အစားအသောက်နဲ့ အဝတ်အစားတွေ ဝေမျှပေးခဲ့တယ်...ငါ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ မင်းရဲ့ ကြင်နာမှုကို ငါ့နှလုံးသားထဲမှာ တစ်သက်လုံး ကဗျည်းထိုးထားပါ့မယ်..."

ချန်ရုံသည် စွင်းယန်အား ခဏမျှကြောင်ကြည့်နေပြီးမှ စွင်းယန် ဘာပြောချင်သည်ကို သဘောပေါက်သွားသည်။ စွင်းယန်၏ အရိုအသေပေးမှုကို ရှောင်ရန် ဘေးသို့ ကပ်လိုက်ပြီးမှ ချန်ရုံသည် စွင်းယန်အား ပြန်၍ အရိုအသေပေးကာ ပြောလိုက်သည်။

"တပ်မှူးက အရမ်းကို ကြင်နာလွန်းပါတယ်..."

ထို့နောက် ချန်ရုံက ရှက်သွေးဖြန်းသွား၍ ထစ်အစွာ ဆက်ပြောလိုက်သည်။

"ဒါတွေက ကျွန်မ လုပ်သင့်တဲ့ ကိစ္စတွေပါပဲ..."

ချန်ရုံ၏ ဟန်ဆောင်ကောင်းမှုကို မြင်သောအခါ စွင်းယန်သည် ပြုံးရယ်ချင်စိတ်ကို မနည်းမျိုသိပ်ရန် မျက်လုံးများကို မှေး၍ လည်ချောင်းတစ်ချက်ရှင်းပြီးမှ ပြောလိုက်သည်။

"ဘာတွေပဲဖြစ်လာပါစေ မင်းရဲ့ ကျေးဇူးတရားတွေကို ငါလုံးဝမမေ့ပါဘူး...နောက်နှစ်ရက်လောက်ကြာရင် မင်းဆီကို ထပ်လာခဲ့ပါဦးမယ်..."

"ဟုတ်ကဲ့..."

စွင်းယန်က ရှည်လျားသော အင်္ကျီဝတ်ရုံလက်များကို လှုပ်ခါ၍ ထွက်သွားတော့သည်။ စွင်းယန်နောက်မှလိုက်သွားသော ချန်ယွမ်သည် ချန်ရုံ့အား လှည့်ကြည့် လှည့်ကြည့် လုပ်သွားလေသည်။

စွင်းယန်တို့ အဝေးသို့ ပျောက်ကွယ်သွားမှပင် ချန်ရုံသည် ပြန်၍ လှုပ်ရှားလာတော့သည်။

ထိုအချိန်၌ အထိန်းတော်ဖျင်က ချန်ရုံ့နားသို့ရောက်လာ၍ ပျော်ရွှင်စွာပြောလိုက်သည်။

"မမလေး မမလေး...တပ်မှူးလေးစွင်းက နန်ယန်မြို့ကို ရောက်လာတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲနော်...တပ်မှူး‌လေးသာ ဒီမှာရှိနေရင် ရှေ့လျှောက် မမလေးလည်း အဆင်ပြေသွားတော့မှာပဲ..."

ထို့နောက် ခဏမျှစဉ်းစား၍ အထိန်းတော်ဖျင်က ခပ်တိုးတိုး ထပ်ပြောလိုက်သည်။

"တပ်မှူးလေးက စစ်မြေပြင်ကိုသွားပြီး လူရိုင်းတွေကိုပဲ သွားသတ်ချင်နေတာကတော့ စိတ်မကောင်းစရာပဲ...အဲ့ဒီလိုမှမဟုတ်ရင် တပ်မှူးလေးက သူ့အိမ်တော်ကို မပြန်ခင် မမလေးကို အမြန် လက်ထပ်သွားလို့ရတယ်...အဲ့ဒီလိုသာဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲနော်..."

အထိန်းတော်ဖျင်က ဘေးမှခပ်တိုးတိုးပြောနေဆဲတွင် ချန်ရုံက ဦးထုပ်ကို ဖြည်းညှင်းစွာချွတ်၍ တွေးနေမိသည်။

'စွင်းယန် ဘာပဲလုပ်လုပ် နှစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာတော့ ရန်မင်းလက်အောက်က ဒုတပ်မှူးဖြစ်မလာနိုင်ဘူး...ဟုတ်တယ် ရန်မင်းက စွင်းယန်ရဲ့ နောက်ခံမျိုးရိုးကို သိသွားလို့ပဲဖြစ်ရမယ်...အဲ့ဒါကြောင့်မို့လို့ စွင်းယန်ကို အန္တရာယ်မရှိအောင်လို့ လုံခြုံတဲ့ နန်ယန်ကို ပြန်လွှတ်လိုက်တာပဲဖြစ်မယ်...'

Xxxxxx