အပိုင်း ၄၈
Viewers 16k

Chapter 48:


 ဖြေရှင်းချက်

အထိန်းတော်ဖျင်က သူ့ကိုယ်သူသာ ခပ်တိုးတိုးပြောပြီးသည့်နောက်တွင် ချန်ရုံဘက်သို့လှည့်၍ ပြောလိုက်သည်။

"မမလေး...သခင်လေးစွင်းက ကလေး‌တော့မဟုတ်တော့ဘူးနော်...သူ့မှာ ဇနီးမယားတော့မရှိသေးဘူးမဟုတ်လား...ကျွန်မ သူ့ကိုသွားတွေ့ပြီး မမလေးအပေါ်ဘယ်လိုသဘောထားလဲဆိုတာ သွားစုံစမ်းခဲ့ရမလား..."

ချန်ရုံက ခေါင်းခါလိုက်သည်။ ထို့နောက် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်၍ တိုးတိတ်စွာပြောလိုက်သည်။

"တချို့အရာတွေက အလျင်လိုလို့မရဘူး...အလျင်လိုမိရင် ကိုယ်လက်ထဲမှာ ဘာမှမကျန်ခဲ့ပဲ ဖြစ်တတ်တယ်..."

"မမလေး ပြောတာကို ကျွန်မ သိပ်နားမလည်ပါဘူး မမလေး..."

ချန်ရုံက မျက်လွှာချ၍ ဗျပ်စောင်းမှ ကြိုးများကို တီးခတ်လိုက်သည်။ သာယာ‌သည့်တေးသံများကို အနည်းငယ် တီးခတ်ပြီးသောအခါ ချန်ရုံက ဆက်ပြောလိုက်သည်။

"အခုလောလောဆယ်မှာ နန်ယန်တစ်မြို့လုံးကလူတွေက ကျွန်မက ဝမ်ချီလန်ကို ချစ်ကျွမ်းဝင်နေတယ် လို့ထင်နေကြတာလေ...အခုချက်ချင်းသာ ကျွန်မက လက်ထပ်ဖို့ နောက်ယောင်္ကျားတစ်ဦးကိုရှာလိုက်ရင် ကျွန်မရဲ့ခံစားချက်တွေက မရိုးသားရာရောက်သွားမှာပေါ့...အထိန်းတော်ဖျင် မရိုးသားဘူးဆိုပြီး ကျော်စောသွားမယ့်ဂုဏ်သတင်းက ကျွန်မရဲ့သိက္ခာကို ဘယ်လောက် ထိခိုက်နိုင်စေမလဲ ရှင်သိမှာပါ..."

ထိုအခါ အထိန်းတော်ဖျင်က တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မတို့ ဘယ်လိုလုပ်ကြပါမလဲ မမလေး...မမလေးက တစ်သက်လုံး ဝမ်အိမ်တော်ရဲ့ ၇ယောက်မြောက်သား ကလွဲလို့ တခြား ဘယ်သူနဲ့မှ လက်ထပ်လို့မရတော့ပါဘူးလား..."

ချန်ရုံ၏ ညာဘက်လက်က ဗျပ်စောင်း၏ကြိုးများကို ဆက်လက်တီးခတ်နေ၍ ကြည်လင်သော တေးသံများက ထွက်ပေါ်နေလေသည်။

အထိန်းတော်ဖျင်သည် ခဏမျှ တိတ်ဆိတ်စွာရပ်နေပြီးမှ နောက်ဆုံးတွင် မနေနိုင်တော့ပဲ ဝမ်းနည်းစွာခေါ်လိုက်မိသည်။

"မမလေး...မမလေး..."

ချန်ရုံက လက်များကို အောက်သို့ချလိုက်၍ ‌တေးဂီတကို ရပ်တန့်သွားစေသည်။

"အထိန်းတော်ဖျင်..."

ချန်ရုံက ဖြည်းညှင်းစွာပြောလိုက်သည်။

"အခု စွင်းယန် ပြန်ရောက်နေပြီဆိုတော့ ကျွန်မ ရက်အနည်းငယ်တော့ စိတ်အေးလက်အေး နေလို့ရမှာပါ..."

ထို့နောက် ချန်ရုံက ခေါင်းကို ခပ်ဖြည်းဖြည်းမော့လိုက်သည်။

ချန်ရုံ၏မျက်လုံးများသည် အနည်းငယ်ထူးဆန်းနေသည်။ ထိုမျက်လုံးများ၌ အပြုံးရိပ်လေးအနည်းငယ်သမ်းနေသော်လည်း ချန်ရုံ၏စိတ်နှင့် ထိုအပြုံးက အလွန်တရာ ဝေးကွာနေသကဲ့သို့ ဖြစ်နေလေသည်။

ချန်ရုံက အထိန်းတော်ဖျင်အား ငေးကြည့်နေရာမှ ရုတ်တရက်မေးလိုက်သည်။

"အထိန်းတော်ဖျင်...ဝမ်ချီလန် ဘယ်မှာရှိနေလဲ သိပါလား..."

ချန်ရုံက ဝမ်ချီလန်အကြောင်းကို ရုတ်တရက် ထပြောလိုက်မည်ဟု အထိန်းတော်ဖျင် မတွေးထားမိချေ။ ထို့ကြောင့် အထိန်းတော်ဖျင်သည် ကြောင်အစွာသာ ငေးကြည့်၍ ခေါင်းခါလိုက်သည်။

"မသိပါဘူး မမလေး..."

"ဝမ်ချီလန်ကိုသွားရှာဖို့ အဖိုးစွင်းကို ပြောလိုက်ပါ..."

အထိန်းတော်ဖျင်၏မျက်လုံးများက ဝိုင်းစက်သွားကြသည်။

"မမလေး ဘာလုပ်မလို့ပါလဲ..."

အထိန်းတော်ဖျင်က စိုးရိမ်စိတ်ဖြင့် အသံကို ထိန်းကာ မေးလိုက်သည်။

"ဘာမှမလုပ်ပါဘူး..."

ချန်ရုံက သူမ၏သေးငယ်သော မေးစေ့လေးကို မော့၍ ပင်မအိမ်တော်၏ ခြံဝန်းရှိရာသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

"သခင်လေးစွင်းက စစ်သား ၂၀၀၀ ကို ဦးစိးပြီး ပြန်ရောက်နေပြီလေ...နန်ယန်တစ်မြို့လုံးက သူ့ရဲ့ကာကွယ်‌မှုအောက်မှာရှိနေပြီ...အဲ့ဒါဆိုရင် ကျွန်မ အရမ်းလုံခြုံနေပြီလို့ အထိန်းတော်ဖျင်ထင်တယ်မလား...ဘယ်သူကမှ ကျွန်မကို လွယ်လွယ်ကူကူ မထိနိုင်တော့ဘူးမလား..."

အထိန်းတော်ဖျင်က နားမလည်စွာဖြင့်သာ ခေါင်းငြှိမ့်ပြလိုက်သည်။

ချန်ရုံက အထိန်းတော်ဖျင်အား လှမ်းကြည့်လိုက်သည်။

"အဲ့ဒါဆိုရင် ဝမ်ချီလန် ဘယ်နေရာမှရှိလဲဆိုတာ ရှာဖို့ အဖိုးစွင်းကိုပြောလိုက်ပါ...ကျွန်မ သူ့ကို တွေ့ချင်တယ်...တကယ်တော့ ဝမ်ချီလန်လည်း ကျွန်မ လာပြီး ရှင်းပြတာကို စောင့်နေမယ်လို့ ကျွန်မ ထင်တယ်..."

ထို့နောက် ချန်ရုံက စိတ်ထဲ၌ စဉ်းစားလိုက်သည်။

ငါ ဝမ်ချီလန်ကို တွေ့ပြီးရင် ဒီလိုအပြစ်ရှိနေတဲ့ခံစားချက်မျိုးကြီး ပျောက်သွားမှာပါ...အဲ့ဒါမှလည်း ဝမ်ချီလန်က ငါ့ကို အချိန်ဆွဲနေတယ်ဆိုပြီး တစ်မျိုးမထင်မှာ...

ပညာရှိများသည် တစ်စုံတစ်ယောက်က အမှားလုပ်မိလျှင် အပြစ်မယူ စိတ်မဆိုးတတ်ကြောင်း လူတိုင်းသိကြသည်။ အဓိကအရေးကြီးသည်က အမှားလုပ်မိသည်ကို ဝန်ချမတောင်းပန်ပဲ ဘာမှမလုပ်ထားသလို ပြောဆိုနေမှသာ အပြစ်ယူဖွယ်ဖြစ်သည်။

ချန်ရုံသာ ဝမ်ချီလန်ကို အခုချက်ချင်း‌သွားတွေ့လျှင် နောက်ကျဦးမည်မဟုတ်ချေ။

အထိန်းတော်ဖျင်ကလည်း နားမလည်စွာနှင့် ခေါင်းငြှိမ့်လိုက်ပြန်သည်။

နေက အနောက်ဘက်သို့ လုံးဝပျောက်ကွယ်သွား၍ ကျယ်ပြန့်သော ကောင်းကင်၌ ကြယ်များစွာ ထွက်ပေါ်လာချိန်တွင် ချန်ရုံ၏ရထားလုံးသည် လမ်းပေါ်၌ မောင်းနှင်နေပြီဖြစ်သည်။

ထိုအချိန်၌ နန်ယန်မြို့၏ လမ်းများပေါ်၌ အော်ဟစ်သံများဖြင့် ဆူညံနေသည်။

လမ်းပေါ်၌ သွားလာနေသူ အနည်းငယ်သာရှိ၍ သွားလာနေသူများကလည်း အပေါ်သို့မော့မကြည့်ပဲ အောက်သို့သာ သည်းကြီးမည်းကြီးငုံ့၍ လမ်းလျှောက်နေသည်။ အိမ်တံခါးများကိုလည်း လုံခြုံမည်အထင်နှင့် တင်းကျပ်စွာ ပိတ်ထားကြသည်။

မကြာမီတွင်ပင် ချန်ရုံ၏ရထားလုံးသည် ဟွမ်အိမ်တော်ခြံဝန်း၏ အရှေ့မျက်နှာစာသို့ဆိုက်ရောက်လာသည်။

နန်ယန်မြို့၏ တတိယအကြီးဆုံးမိသားစုဖြစ်သော ဟွမ်အိမ်တော်သည် ဤအချိန်၌ စားသောက်ပွဲတော်တစ်ခု ကျင်းပနေသောကြောင့် ခြံဝန်းသည် အလင်းရောင်နှင့် ဂီတတို့ဖြင့် ဖုံးလွှမ်းနေသည်။

အဖိုးစွင်းက အစောင့်ထံသို့ သူ့ကိုယ်သူမိတ်ဆက်၍ ချန်အိမ်တော်၏ ဝါးကတ်ပြားကို ပြပြီးသောအခါ ခြံဝန်းထဲသို့ ချောမောစွာ ဝင်သွားလိုက်နိုင်သည်။

ရထားလုံးက ဟွမ်အိမ်တော်၏အပိုင်း ၉ပိုင်းပါသော စင်္ကြန်လမ်းကို ဖြတ်ကျော်နေစဉ်တွင် ချန်ရုံက အဖိုးစွင်းကို တားကာ ပြောလိုက်သည်။

"အဖိုး ဟိုနေရာနားကိုသွားပြီး စောင့်နေပြီး ဝမ်ချီလန် ထွက်လာတာကိုမြင်ရင် ကျွန်မကို အချက်ပြလိုက်ပါ...ဝမ်ချီလန်က လူအများနဲ့ဆက်ဆံရတာကိုမကြိုက်လို့ စောစောထွက်လာလောက်မှာပါ...အဖိုး သေချာစောင့်ကြည့်နေပါ..."

"ဟုတ်ကဲ့ပါ မမလေး..."

အဖိုးစွင်းထွက်သွားပြီးနောက်တွင် ချန်ရုံသည် လက်ရမ်းများပေါ်သို့ လက်တင်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြေပြင်ပေါ်ရှိ ရေကန်မှ နက်ပြာရောင်ရေများသည် ကြယ်ရောင်အောက်တွင် တစ်လက်လက် လှိုင်းလေးများထနေသည်။

အချိန်အနည်းငယ်အကြာတွင် အလျင်အမြန်ပြေးလာသော ခြေသံများက ချန်ရုံ့နားသို့ရောက်လာသည်။ ထို့နောက် အဖိုးစွင်းသည် ချန်ရုံ့နောက်မှပေါ်လာ၍ ချန်ရုံ့ကို တီးတိုးကပ်ပြောလိုက်သည်။

"သခင်မလေး ပြောတဲ့အတိုင်းပဲ ဝမ်ချီလန်က အခု တောင်ဘက်တံတားရဲ့ တခြားတစ်ဖက်ကိုရောက်နေပါပြီ..."

"ဟုတ်ပြီ...အဖိုးသွားလို့ရပါပြီ..."

အဖိုးစွင်းက မထွက်သွားပေ။ ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးသောအခါ ချန်ရုံ့ကို လှည့်ကြည့်၍ ပြောလိုက်သည်။

"သခင်မလေး ဘာဖြစ်လို့များ ဒီလောက် အလျင်လိုနေရတာပါလဲ...ဝမ်ချီလန်ကို ဝမ်အိမ်တော်‌မှာပဲတွေ့ဖို့ ချိန်းဆိုလိုက်လို့မရပါဘူးလား..."

ချန်ရုံက အဖိုးစွင်းအား မော့ကြည့်လိုက်သည်။ ချန်ရုံ၏မျက်လုံးများသည် ကြယ်ရောင်အောက်၌ မှိုင်းညှို့နေကြသည်။

"အဖိုးစွင်း လူတွေက လွတ်လပ်စွာနေသင့်တယ်လို့ ပညာရှိတွေက ယုံကြည်ထားကြတယ်လေ...ကျွန်မက ဝမ်ချီလန်ကို တွေ့ချင်စိတ်ပေါ်လာရင် ကျွန်မ နှလုံးသားက စေခိုင်းနေတဲ့အတိုင်း ချက်ချင်းလုပ်လိုက်သင့်တယ်...နောက်မှ ချိန်းဆိုမှုတွေ ပြုလုပ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့တွေ့ဆုံမှုက တမင်သက်သက်လုပ်သလို ဖြစ်သွားမယ်လေ..."

အဖိုးစွင်းသည် နားမလည်သောပုံစံဖြင့်သာ ချန်ရုံအား ငေးကြည့်နေလေသည်။

ချန်ရုံက ခေါင်းခါ၍ ရှေ့သို့သာ ဆက်လျှောက်သွားလိုက်သည်။

ချန်ရုံ၏ သစ်သားဖိနပ်များ၏ တဒေါက်ဒေါက်မြည်သံက ကြည်လင်သောဂီတသံကဲ့သို့ ဖြစ်နေသည်။

လျှောက်နေရင်းဖြင့် ချန်ရုံ၏ခြေထောက်များသည် ကခုန်နေသကဲ့သို့ ဖြစ်နေသည်။ ချန်ရုံ၏ နှလုံးသားထဲမှ လေးပင်နေမှုများ ပြေပျောက်သွားသောကြောင့် ချန်ရုံ၏ခြေလှမ်းများသည်လည်း ပေါ့ပါးလာခြင်းဖြစ်ပေမည်။

ကခုန်နေသကဲ့သို့သော ခြေလှမ်းများနှင့်အတူ ချန်ရုံသည် ကြယ်ရောက်အောက်၌ ကွေ့ကောက်သောလမ်းကို လျှောက်လာလေသည်။

လမ်းကွေ့တစ်ခုကို ကွေ့ပြီးသောအခါ ချောမောသောလူငယ်တစ်ဦးက တံတားလက်ရန်းကိုမှီ၍ရပ်နေကာ ချန်ရုံ့အား အပြုံးဖျော့ဖျော့နှင့် လှမ်းကြည့်နေသည်ကို ချန်ရုံ မြင်လိုက်ရသည်။

ထိုလူငယ်မှာ ဝမ်ဟုန် ဖြစ်ပေသည်။

ဝမ်ဟုန်ကို ရုတ်တရက် မြင်တွေ့လိုက်ရသောကြောင့် ချန်ရုံ၏ မျက်နှာလေးက ဝင်းပသွားလေသည်။

ချန်ရုံသည် သူမ၏ ကခုန်နေသောခြေလှမ်းများကိုရပ်လိုက်၍ နောက်သို့ပြန်ဆုတ်ကာ ဝမ်ဟုန်အား အရိုအသေပေးလိုက်သည်။

"အခုပဲ ပြန်ပါတော့မလို့လား ချီလန်...ဒီက အားရုံက အရှင့်ကို ‌စောင့်နေရတာ အချိန်အတော်ကြာနေပါပြီ..."

လရောင်အောက်တွင် ဝမ်ဟုန်၏ မျက်လုံးများသည် ကြယ်များကဲ့သို့ လင်းလက်တောက်ပနေကြသည်။ ဝမ်ဟုန်သည် လက်များကို နောက်သို့ပစ်၍ ချန်ရုံ့အား တိတ်တဆိတ်အကဲခတ်နေရင်းဖြင့် ခပ်တိုးတိုးရယ်လိုက်သည်။

"မင်း ငါ့ကိုပဲတွေ့ဖို့ တမင်သက်သက်လာခဲ့တာလား..."

"ဟုတ်ကဲ့..."

"ဟွမ်အိမ်တော်ရဲ့ သဘောတူညီမှုတွေ ကြိုတင်ပြောထားခြင်းတွေမရှိပဲ မင်းဘာသာမင်းရောက်လာပြီး လာစောင့်‌နေတာပေါ့..."

"ဟုတ်ပါတယ်..."

ဝမ်ဟုန်က ရယ်လိုက်ပြီးမှ နှုတ်ခမ်းများကို ပြုံး၍ ပြောလိုက်သည်။

"အားရုံ...ဒီလုပ်ရပ်တွေက မင်းလုပ်တတ်တဲ့ အလုပ်တွေ မဟုတ်ဘူးပဲ..."

ချန်ရုံက ပြုံးနေရင်းဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဒီနေ့ကစပြီး ကျွန်မ အရာအချို့ကို လွှတ်ချလိုက်နိုင်လို့ ဒီလိုတွေ လုပ်မိသွားတာ ဖြစ်မှာပါ..."

"ဪ...မင်း ဘာတွေကိုများ လွှတ်ချသွားနိုင်တာလဲ..."

ဝမ်ဟုန်က ချန်ရုံ့ကို စိတ်ဝင်တစားကြည့်၍ မေးလိုက်သည်။

ချန်ရုံက ခေါင်းမော့ကာ ဝမ်ဟုန်အား တိုးတိတ်စွာ ကြည့်နေလိုက်မိသည်။ ချန်ရုံ၏ မျက်လုံးများသည် အမှောင်ထဲ၌ ထူးခြားစွာ တောက်ပနေကြသည်။

အာကာသမှ ကြယ်များအောက်တွင်ရပ်နေကာ ကိုယ်တိုင်က ကောင်းကင်ဘုံမှ သက်ဆင်းလာသကဲ့သို့ ချောမောနူးညံ့လှသော အမျိုးသားကို ကြည့်၍ ချန်ရုံသည် ရှေ့သို့ တစ်လှမ်းတိုးကာ ဝမ်ဟုန်အား အသေအချာအရိုအသေပေး၍ အသံကို မြှင့်ပြောလိုက်သည်။

"ချီလန်ကို ပြောစရာရှိလို့ ကျွန်မ ဒီကိုလာခဲ့တာပါ..."

ဝမ်ဟုန်က ဘာမှပြန်မမေးချေ။ နက်နဲလှသည့် မျက်လုံးများဖြင့်သာ ချန်ရုံ့ကို စိုက်ကြည့်နေသည်။ ချန်ရုံက ခေါင်းကိုငုံ့၍ လက်များကို ချိတ်ဆက်ကာ ‌ဆက်ပြောလိုက်သည်။

"ကျွန်မ နန်ယန်မြို့ကိုရောက်တဲ့အခါမှာ ကျွန်မရဲ့ဦးလေးက ကျွန်မတို့ ဝမ်အိမ်တော်ရဲ့စားပွဲတော်လုပ်တဲ့ညမှာ ကျွန်မကို နန်ယန်မြို့ရဲ့ မင်းသား လက်ထဲကိုထည့်ပေးလိုက်ဖို့ ကြံစည်ထားမှန်း သိလိုက်ရပါတယ်..."

ချန်ရုံက နှုတ်ခမ်းများကို ကိုက်လိုက်ကာ ပုံမှန်သာယာကြည်လင်သောအသံလေးသည် ကြောက်ရွံ့သောအသံအဖြစ်ပြောင်းသွားသည်။

"ကျွန်မက အုပ်ထိန်းသူမိဘမရှိတဲ့ မိန်းကလေးတစ်ဦးသာဖြစ်ပါတယ်...ကျွန်မမှာ အားကိုးစရာလူတစ်ယောက်မှမရှိသလို တောင်းပန်တိုးလျှိုးစရာလူလည်း မရှိပါဘူး...ကျွန်မရဲ့ ဦးလေးကသာ အတင်းအကျပ် ခိုင်းစေမယ်ဆိုရင် သေဆုံးလိုက်တာကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး..."သူက

"အဲ့ဒါကြောင့်မို့လို့ မင်းက ငါ့ကို စဉ်းစားမိပြီး နန်ယန်မင်းသားကို ပထုတ်ဖို့ ငါ့ကို အသုံးချလိုက်တာပေါ့...အဲ့ဒါကြောင့်မို့လို့ ငါ့အတွက် 'ဖီးနစ်ငှက်ရဲ့အချစ်တေးသံ' တေးသွားကို တီးခတ်ခဲ့တာလား..."

ချန်ရုံမထင်မှတ်ထားစွာပင် ဝမ်ဟုန်၏အသံက အနည်းငယ်ပြတ်သားနေကာ နာကျင်မှုလည်း အနည်းငယ် စွက်နေသကဲ့သို့ ဖြစ်နေလေသည်။

Xxxxxxx