အပိုင်း ၄၉
Viewers 18k

Chapter 49: 


အနမ်း

ချန်ရုံက ခေါင်းခါလိုက်သောကြောင့် ဝမ်ဟုန်၏ မျက်ခုံးများ ကျုံ့သွားကြသည်။

ချန်ရုံသည် ဝမ်ဟုန့်အား မကြည့်ပဲ ခေါင်းကိုငုံ့ကာပြောလိုက်သည်။

"အရှင်က ကမ္ဘာမြေပေါ်မှာရှိနေတဲ့ နတ်သားတစ်ပါးပါ...အရှင့်ရဲ့ အရှိန်အဝါတွေက မြင့်မားသာလွန်လွန်းတာကြောင့် အရှင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အချိန်မှာပဲ ကျွန်မရဲ့ ရင်ခုန်သံတွေကို ထိန်းမရဖြစ်ခဲ့ရပါတယ်...အရှင့်အပေါ် ကျွန်မရဲ့ ချစ်ခင်အထင်ကြီးမှုက တကယ်ပဲ ရင်ထဲကလာတဲ့ ရိုးသားမှုစစ်စစ်ပါ..."

ထို့နောက် ချန်ရုံက ခပ်နွမ်းနွမ်းလေးပြုံးလိုက်သည်။

"ဒါပေမယ့် နန်ယန်မင်းသားကြောင့်သာမဟုတ်ရင်တော့ အရှင့်ကို ဒီစကားတွေလည်း ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်သလို တေးသွားကိုလည်း တီးခတ်ပြဖြစ်မှာမဟုတ်ပါဘူး...အလွန်ဆုံးပြောရရင် ကျွန်မရဲ့ ခန္ဓာကိုယ်က မြေပြင်အောက် ခြောက်ပေနေရာမှာရောက်ပြီး ကျွန်မရဲ့ဝိဉာဉ်က မွေးရပ်မြေကိုပြန်သွားတဲ့အထိ...ကျွန်မရဲ့ဆံပင်တွေဖြူဖွေးပြီး ကျွန်မရဲ့သားသမီးတွေ ပျော်ရွှင်စည်ကားနေတဲ့အချိန်အထိ ချန်အိမ်တော်က အားရုံဆိုတဲ့ကောင်မလေးတစ်ယောက်က အရှင့်အပေါ်မှာ ဒီလို ချစ်ခင်မြတ်နိုးမှုတွေရှိခဲ့တယ်ဆိုတာ အရှင် ဘယ်တော့မှ သိလိုက်ရမှာမဟုတ်ပါဘူး..."

ချန်ရုံ၏ခေါင်းသည် တဖြည်းဖြည်းနှင့် နိမ့်သွား၍ အသံများက တုန်ယင်နေသည်။

"ကျွန်မရဲ့ မျိုးရိုးက နိမ့်ကျပြီး အပြစ်တင်ဝေဖန်ခံရမယ့် အလုပ်ကိုလုပ်မိပါတယ်...ကျွန်မအိမ်တော်ရဲ့ စီစဉ်မှုကနေ ရုန်းထွက်နိုင်မလားဆိုတဲ့ အတွေးနဲ့ အရှင့်ရဲ့ ကျွန်မအပေါ် သနားကြင်နာမှုကို အခွင့်ကောင်းယူပြီး ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြမိခဲ့ပါတယ်..."

ချန်ရုံက စကားပြောနေသည်ကို ခဏမျှရပ်လိုက်သည်။ အသံက ပြောရင်းဖြင့် ပို၍ တုန်လှုပ်လာလေသည်။

"အရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ခံစားချက်တွေက ရိုးသားသည်ဖြစ်စေ မရိုးသားသည်ဖြစ်စေ အဲ့ဒီအချိန်တုန်းကတော့ ကျွန်မရဲ့ ရည်မှန်းချက်က နန်ယန်မင်းသားဆီက လွတ်မြောက်စေဖို့တစ်ခုတည်းအတွက် မဟုတ်ခဲ့ပါဘူး...အဲ့ဒီညကစပြီး အရှင် ကျွန်မကို မေးလာတဲ့မေးခွန်းတွေကို ရှောင်ဖယ်နေခဲ့မိတယ်...အဲ့ဒီလိုလုပ်မိတိုင်းလည်း စိတ်မကောင်းဖြစ်ရပါတယ်...အဲ့ဒါကြောင့် အရှင့်ရဲ့ ခွင့်လွှတ်မှုကို မျှော်လင့်ပြီး ဒီည ဒီကို လာခဲ့တာပါ..."

ထိုအချိန်၌ ချန်ရုံသည် အရိုအသေပေးရလွန်း၍ ပြန်မထနိုင်တော့မည်ကိုပင် စိုးရိမ်နေရတော့သည်။

ကြယ်များပြည့်နေသော ကောင်းကင်နှင့် အဝေးမှမီးရောင်များက ချန်ရုံ၏ တင့်တယ်၍ ပြည့်ဖြိုးသော ခန္ဓာကိုယ်ကောက်ကြောင်းများနှင့် နက်မှောင်သောဆံပင်များပေါ်သို့ အလင်းရောင်ဖျော့ဖျော့လေး ကျနေစေသည်။ ချန်ရုံက ခေါင်းလေးကိုတစ်ချက်စောင်းလိုက်သောအခါ ဆွဲဆောင်မှုရှိလွန်း၍ ဝမ်ဟုန်၏ ပါးစပ်များပင် ခြောက်သွေ့သွားရသည်။ ဝမ်ဟုန်သည် မရည်ရွယ်ပဲ အကြည့်ကို လွှဲလိုက်သည်။

သို့သော် ခဏမျှသာကြာလိုက်၍ ဝမ်ဟုန်သည် ခေါင်းကိုပြန်လှည့်၍ နက်ရှိုင်းသောမျက်လုံးများဖြင့် ချန်ရုံ့အားကြည့်နေလေသည်။

"ငါ ဒါတွေကို သိပြီးသားပါ..."

ဝမ်ဟုန်က ပြောလိုက်သည်။

"ကျွန်မ ရှက်မိပါတယ်..."

ဝမ်ဟုန်က ‌ဖြည်းညှင်းစွာဖြင့် ချန်ရုံ့နားသို့ တိုးကပ်လိုက်သည်။

ချန်ရုံ၏ရှေ့၌ ရပ်၍ ဝမ်ဟုန်သည် ခေါင်းကိုငုံ့

ကာ လရောင်အောက်မှ လှပလွန်းသော မိန်းမချောလေးကို ကြည့်နေမိသည်။ ထို့နောက် အလွန်ဖြည်းညှင်းစွာဖြင့် ဝမ်ဟုန်သည် လက်ကို ဆန့်တန်း၍ ချန်ရုံ၏ ဆံပင်ကို သပ်ပေးလိုက်သည်။

"အားရုံ..."

ဝမ်ဟုန်၏ အထိအတွေ့က အလွန်ပင် သိမ်မွေ့နူးညံ့နေ‌သည်။

"ဟုတ်ကဲ့..."

"ဒါတွေအကုန်လုံးကို ဘာဖြစ်လို့ ဒီနေ့မှ ငါ့ကို လာရှင်းပြနေရတာလဲ..."

စကားလုံးများက ချန်ရုံ၏ လည်ချောင်းထဲ၌ တစ်ဆို့သွားပြီးမှ ချန်ရုံက ခပ်တိုးတိုးပြောလိုက်သည်။

"သခင်လေးစွင်းယန်က ဒီကို ပြန်ရောက်လာပါတယ်...သူသာ ဒီမှာရှိနေရင် နန်ယန်မင်းသားကိုလည်း ကျွန်မ ကြောက်စရာမလိုတော့ပါဘူး...ကျွန်မရဲ့ကြောက်စိတ်တွေလျော့ပါးသွားတာနဲ့ တပြိုင်နက် အရှင့်ကိုတွေးမိပြီး ကျွန်မလုပ်မိခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်မိလို့ပါ..."

"တကယ်ပဲလား..."

"ကျွန်မ အရှင့်ကို မလိမ်ဝံ့‌ကြောင်းပါ..."

ဝမ်ဟုန်သည် ရုတ်တရက် ချန်ရုံ၏ ပခုံးများကို ကိုင်လိုက်ကာ သူ့နားသို့ ဆွဲသွင်းလိုက်သည်။

ဝမ်ဟုန်၏ လှုပ်ရှားမှုက ချန်ရုံ့အား လန့်သွားစေသည်။ ထိုကဲ့သို့လုပ်မည်ဟု မထင်မှတ်ထားသောကြောင့် ချန်ရုံသည် နွေးထွေးသော ရင်ခွင်ထဲသို့ ရောက်သွားကာ ပွေ့ဖက်ခြင်းခံလိုက်ရသည်။

ဝမ်ဟုန်၏ ပွေ့ဖက်ခြင်းဖြစ်သည်။

နားမလည်နိုင်စွာဖြင့် ချန်ရုံသည် ဝမ်ဟုန်၏ ဝတ်ရုံကိုသာ ငေးကြည့်နေမိ၍ နှင်းဆီကဲ့သို့ ဖူးအိနေသော နှုတ်ခမ်းလေးများက အနည်းငယ် ပွင့်ဟနေကြသည်။ ချန်ရုံသည် တစ်ကိုယ်လုံးတောင့်တင်းနေ၍ မလှုပ်ရဲဖြစ်နေသည်။

ဝမ်ဟုန်သည် ချန်ရုံအား ရင်ခွင်ထဲ၌ ပွေ့ဖက်ထား၍ ခေါင်းကို အနည်းငယ်စောင်းကာ သူ့ပါးစပ်က ချန်ရုံ၏ နားရွက်နားသို့ကပ်လိုက်သောကြောင့် ဝမ်ဟုန်၏ ထွက်သက်က ချန်ရုံ့အား ကလူကျီစယ်နေသကဲ့သို့ ဖြစ်နေသည်။ ချန်ရုံက မရည်ရွယ်ပဲ တုန်ယင်သွားမိသောအခါ ဝမ်ဟုန်က တိုးတိ‌တ်သော လေသံဖြင့် ပြောလိုက်သည်။

"နောက်ပြီးတော့ရော ဘာဖြစ်မှာလဲ...အဲ့ဒီနေ့က ဖြစ်ပျက်သွားတာတွေက အကြောင်းတရားတွေရဲ့တွန်းအားပေးမှုကြောင့် ဖြစ်သွားတာပါလို့ လူတိုင်းကို ငါက ရှင်းပြရမှာလား...မင်းက ငါ့ကို ချစ်နေပေမယ့် မင်းက ငါနဲ့ မတန်ဘူး လို့ ပြောစေချင်နေတာလား...မင်းရဲ့ ဝမ်ချီလန်‌အပေါ်မှာထားတဲ့ ချစ်ခင်လေးစားခြင်းတွေက အတိတ်မှာကျန်ခဲ့ပါပြီလို့ လူတိုင်းကိုထင်စေချင်နေတာလား...အဲ့ဒီလိုလုပ်မှ မင်းလက်ထပ်ဖို့ ယောင်္ကျားကောင်းကောင်း ရှာတွေ့နိုင်မှာလား..."

ဝမ်ဟုန်၏ အသံသည် လေထဲ၌ ပိုးချည်မျှင်များပျံ့နှံ့နေသကဲ့သို့ အလွန်နူးညံ့နေသော်လည်း တစ်ချိန်တည်းမှာပင် အလွန်လည်း အေးစက်နေလေသည်။

ချန်ရုံကတော့ မလှုပ်ယှက်ရဲအောင်ပင် တောင့်တင်းနေသည်။

ဝမ်ဟုန်သည် ဖြည်းဖြည်းချင်းလှည့်၍ ချန်ရုံနှင့် မျက်နှာချင်းဆိုင်လိုက်ကာ လက်နှစ်ဖက်ဖြင့် ချန်ရုံ၏ ပါးလေးများကို အုပ်ကိုင်လိုက်သည်။ ဝမ်ဟုန်၏ နက်မှောင်သောမျက်လုံးများက အနည်းငယ်မှေးစင်းနေကြသော်လည်း နှုတ်ခမ်းကတော့ ပြုံးမနေပေ။

"မင်းက ငါ့ကို အသုံးချချင်တဲ့အချိန် အသုံးချပြီး ထားချင်တဲ့အချိန်ထားသွားနိုင်တယ်လို့ ထင်နေရအောင် ငါ မင်းအပေါ်မှာ အရမ်းပဲ သဘောထားကြီးမိခဲ့တာလား..."

ချန်ရုံလည်း ယခုမှပင် အသိစိတ်ပြန်ဝင်သွားသည်။ ချန်ရုံ၏ နှင်းဆီဖူးကဲ့သို့သော နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေ၍ ချန်ရုံသည် အလျင်အမြန် ဖြေရှင်းချက်ပေးလိုက်သည်။

"ဟင့်အင်း အဲ့ဒီလို မဟုတ်ပါဘူး အရှင်..."

ဝမ်ဟုန်၏လက်များသည် ချန်ရုံ၏ပါးပေါ်တွင် ရပ်တန့်နေကြသည်။ ဝမ်ဟုန်သည် လက်များကို ထိုနေရာ၌ပင်ပဲ ထား၍ ခေါင်းကိုနှိမ့်ကာ ချန်ရုံ၏ နှုတ်ခမ်းများဆီသို့ ရောက်လာသည်။

ထို့နောက် သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိတွေ့သွားကြတော့သည်။

ချန်ရုံသည် ပြူးကျယ်သွားသောမျက်လုံးများနှင့်အတူ မူးရီစွာဖြင့် ဝမ်ဟုန်၏ နှုတ်ခမ်းများက သူမ၏နှုတ်ခမ်းများကို စုပ်ယူကာ လျှာက ပါးစပ်တွင်းသို့ ဝင်ရောက်လာသည်ကို ငြိမ်ခံနေမိသည်။

ထို့နောက် အနမ်းက ပူလောင်ပြင်းရှနေဆဲမှာပင် ဝမ်ဟုန်သည် ရုတ်တရက် ချန်ရုံ၏နှုတ်ခမ်းများဆီမှ ခွာလိုက်၍ ခေါင်းကို အဝေးသို့ လွှဲလိုက်သည်။

ဝမ်ဟုန်သည် ခဏမျှ ပင့်သက်ရှိုက်လိုက်သည်။ ထို့နောက်တွင်တော့ ချန်ရုံ့အား အဝေးသို့ တွန်းပစ်လိုက်ကာ အနောက်သို့လှည့်၍ စကားတစ်ခွန်းမှမပြောပဲ သူ၏ ဝတ်ရုံရှည်လက်များကို လှုပ်ခါ၍ ထွက်ခွာသွားတော့သည်။

ဝမ်ဟုန် ‌အဝေးသို့ ရောက်သွားသည့်အချိန်မှာပါ ချန်ရုံ့ထံမှ ဝမ်ဟုန်ကို အော်ခေါ်လိုက်သောအသံလေးထွက်လာသည်။ သို့သော် ချန်ရုံ၏အသံမှာတိုးတိတ်လွန်းနေ၍ ဝမ်ဟုန်ထွက်သွားသည်ကို တားဖို့လား သို့မဟုတ် ဝမ်ဟုန်ကို ဖြစ်ပျက်သွားသည့်ကိစ္စနှင့် ပတ်သတ်၍ မေးခွန်းထုတ်ရန်လား ဆိုသည်မှာ မသဲမကွဲဖြစ်နေသည်။

မျက်စိတစ်မှတ်အတွင်းမှာပင် ဝမ်ဟုန်၏ ချောမောစွာ ဖြူစင်ရှင်းသန့်နေသည့် ပုံသဏ္ဍာန်သည် ချန်ရုံ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

အဖိုးစွင်းက ချန်ရုံ့နားသို့ ရောက်လာ၍ ချန်ရုံ၏ လက်ကို ဆွဲလိုက်ချိန်၌ အချိန်သည် အတော်ကုန်လွန်သွားပြီဖြစ်သည်။

"သခင်မလေး အဆင်ပြေပါရဲ့လား...ဘာဖြစ်သွားလို့လဲ...ဒီမှာ ဘာဖြစ်လို့ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေရတာပါလဲ..."

ချန်ရုံက မူးဝေနေသည့်ပုံဖြင့် မော့ကြည့်လိုက်သည်။ ချန်ရုံသည် အဖိုးစွင်းအား ဗလာမျက်လုံးများဖြင့် ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

"သူ.....စိတ်ဆိုးသွားတယ်..."

ထို့နောက် ချန်ရုံ၏လက်များက သူမ၏နှုတ်ခမ်းဆီသို့ ရောက်သွားကာ နှုတ်ခမ်းကို ပွတ်သပ်နေရင်းဖြင့် မျက်နှာက ပို၍ နီရဲလာသည်။

ချန်ရုံ၏ရှက်သွေးများသည် လည်ပင်းဆီသို့ပါ ပြန့်ကုန်သည်။ ချန်ရုံသည် တဖြည်းဖြည်းနှင့် ဒေါသထွက်လာကာ နှုတ်ခမ်းကို ဒေါသတကြီးပွတ်၍ ပြောလိုက်သည်။

"အဲ့ဒီ အကျင့်မကောင်းတဲ့ အရိုင်းအစိုင်းလူ...သူက ငါ့ကို အခွင့်ကောင်းယူရဲတယ်ပေါ့..."

သို့သော် ထိုအချိန်၌ အဖိုးစွင်းက သိချင်စိတ်ပြင်းပြ၍ ဘာမှနားမလည်သောအကြည့်ဖြင့် သူမကို ကြည့်နေသည်ကို ချန်ရုံသတိထားမိသွားသောကြောင့် ချန်ရုံသည် ပါးစပ်ကိုပြန်ပိတ်လိုက်သည်။ ထို့နောက် အဖိုးစွင်းကိုမှီ၍ ထုံကျင်နေသော ခြေထောက်များဖြင့် မနည်းကြိုးစား၍ မတ်တပ်ရပ်ကာ တီးတိုးပြောလိုက်သည်။

"သွားကြစို့...ကျွန်မတို့ ဒီက သွားကြရအောင်ပါ..."

ချန်ရုံသည် ထပ်ခါထပ်ခါပြောနေရင်း ငိုနေသကဲ့သို့ အသံပေါက်လာသည်။

"အဖိုးစွင်း...သွားကြရအောင်..."

အဖိုးအိုသည်လည်း ချန်ရုံတစ်ယောက် ဒေါသထွက်၍ အရှက်ရကာ ငိုယိုနေသည်ကိုမြင်ရသည်ကို အလွန်အံ့ဩနေမိသည်။ အဖိုးစွင်းသည် ချန်ရုံ့အား အမြန်ထူမ၍ ရထားလုံးဆီသို့ ပြန်လျှောက်လာရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ...အဖိုးတို့ အခုချက်ချင်းသွားပါ့မယ်...အခုချက်ချင်းသွားပါ့မယ်..."

……

နောက်ဆုံးတွင်တော့ ချန်ရုံသည် အနည်းငယ်ပုံမှန်ပြန်ဖြစ်သွား၍ စကားပြောနိုင်လာသည်။

"အဖိုးစွင်း...ခုနက အနီးအနားမှာ အပြင်လူတွေ ရှိနေလား..."

"မရှိဘူး ထင်ပါတယ်..."

အဖိုးစွင်းက စဉ်းစားလိုက်၍ပြောလိုက်သည်။ အဖိုးစွင်းသည် ချန်ရုံ့ဘက်သို့လှည့်၍ နားမလည်စွာ မေးလိုက်သည်။

"သခင်မလေး...တစ်ခုခုဖြစ်ခဲ့လို့လား..."

ချန်ရုံသည် မျက်တောင်သာတစ်ချက်ခတ်လိုက်၍ ဘာမှ ပြန်မဖြေချေ။

ဝမ်ဟုန်က သူမအပေါ် အသားယူသွားသည်ဟု အဖိုးစွင်းကို ချန်ရုံ ပြော၍မရချေ။ အဖိုးစွင်းမပြောနှင့်၊ ချန်ရုံကိုယ်တိုင်ပင်လျှင် ထိုစကားများကို ယုံရန်ခက်နေလေသည်။

ထို့ကြောင့် ချန်ရုံသည် သွားများစေ့၍ ချည့်နဲ့စွာသာ ပြန်ပြောလိုက်သည်။

"ဟင့်အင်း...ဘာမှမဖြစ်ပါဘူး..."

"ဘာမှမဖြစ်ပါဘူး..."

ချန်ရုံသည် နှုတ်ခမ်းများကို ဒေါသတကြီး ပွတ်သပ်၍ ထပ်ပြောလိုက်လေသည်။

Xxxxxx