အပိုင်း ၅၀
Viewers 18k

Chapter 50


စားနပ်ရိက္ခာ

ရထားလုံးထဲ၌ထိုင်မိသည်အထိ လမ်းတစ်လျှောက်လုံးတွင် ချန်ရုံ၏ ခြေ လက်များသည် ပျော့ခွေနေကြ၍ အဖိုးစွင်းက တွဲပေးနေရသည်။

ရထားလုံးသည် ဟွမ်အိမ်တော်ခြံဝန်းထဲမှ ခပ်ဖြည်းဖြည်းထွက်ကာ လမ်းများပေါ်သို့ ရောက်လာသည်။

အဖိုးစွင်းသည် တိတ်ဆိတ်သည့်လမ်းများပေါ်၌ ရထားလုံးကိုမောင်းနှင်နေရင်းဖြင့် အနောက်သို့ မကြာခဏ လှည့်ကြည့်နေမိသည်။ အဖိုးစွင်း၏လှည်းမောင်းသူနေရာမှ သူတစ်ခါမှမတွေ့ဖူးသော သခင်မလေး၏ စိတ်များရှုပ်ထွေးပျာယာခတ်နေပုံကို အဖိုးစွင်းမြင်နေရသည်။

ချန်ရုံသညိ အိပ်ယာထဲတွင်လည်း ဟိုလှိမ့် ဒီလှိမ့်ဖြင့် ကောင်းစွာအိပ်မပျော်ပဲ တစ်ညတာ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့တွင် ချမ်းစိမ့်သောလေများက ခပ်ကြမ်းကြမ်းတိုက်ခတ်ကာ ရာသီဥတုက အေးစပြုလာသည်။

ချန်ရုံသည် ခြံဝန်းထဲ၌ထိုင်၍ စိတ်က ပစ္စုပ္ပန်၌မရှိပဲ ဗျပ်စောင်း၏ကြိုးများကို တီးခတ်နေမိသည်။ အချိန်အတော်ကြာမှ အဖိုးစွင်းအား ရုတ်တရက် ခေါ်လိုက်သည်။

အဖိုးအိုက ချန်ရုံ့နားသို့ပြေးလာ၍ ပြောလိုက်သည်။

"ဘာလိုလို့လဲ သခင်မလေး..."

"အပြင်မှာ ဘာတွေ ဆူဆူညံညံဖြစ်နေတာလဲ..."

"တပ်မှူးလေးစွင်းကြောင့်ပါ...တပ်မှူးလေးက တောင်ပိုင်းလမ်းမအလယ်မှာ လှည်းအလွတ်တွေကို ရပ်ထားပြီး အဓိကအိမ်တော်တွေ ရိက္ခာပို့မှာကိုစောင့်နေတယ်လေ...ဟားဟား ဒီ တပ်မှူးလေးက တကယ်ပဲ ဘာကိုမှ ဂရုမစိုက်ဘူးပဲ...အိမ်တော်တွေဆီကို ကိုယ်တိုင်သွားပြီး တိတ်တိတ်ဆိတ်ဆိတ်ဆွေးနွေးတောင်းဆိုလည်း ရနေတာကို...ဒီလို လူသိရှင်ကြားလုပ်လိုက်တော့ အိမ်တော်တွေကို မဖြစ်မနေ ရိက္ခာထောက်ပံ့ခိုင်းနေသလို ဖြစ်သွားတာပေါ့..."

ဪ...အဲ့လိုလား...

ချန်ရုံက မျက်လုံးများမှေးသွားသည်အထိ ပြုံးလိုက်သည်။ 

"သူကတော့ တကယ်ပဲ အဲ့ဒီလို လုပ်မယ့်လူပါပဲ..."

ထိုအခိုက်အတန့်တွင် ချန်ရုံသည် ရုတ်တရက် ရန်မင်းအား လေးစားသွားမိသည်။ ရန်မင်းသည် စွင်းယန်၏ အမူအကျင့်များနှင့် ကျန်းတုံဒေသ၏စွင်းအိမ်တော်မှ တိုက်ရိုက်ဆင်းသက်လာသော စွင်းယန်၏ နောက်ခံမျိုးရိုးတို့ကို သိထားပြီးဖြစ်၍သာ စွင်းယန်ကို နန်ယန်မြို့ကို ကာကွယ်ရန်ဟု ခေါင်း‌စဉ်တပ်ကာ လွှတ်လိုက်သော်လည်း တကယ်ကတော့ ရိက္ခာစုဆောင်းရန်သာ ဖြစ်ပေလိမ့်မည်။

စွင်းယန်ကဲ့သို့ နောက်ခံမျိုးရိုးတောင့်တင်းသော အထက်တန်းလွှာတစ်ဦးကသာ ဤသို့အလုပ်များကို လုပ်ရဲမည်မဟုတ်လား။ အဓိကအိမ်တော်များကလည်း စွင်းယန်ကို ငြူစူရဲကြမည်မဟုတ်ချေ။ မငြူစူရဲသည့်အပြင် အခြားလူများက စွင်းယန်ကို အပြစ်တင်လျှင်တောင်မှ ထိုအထက်တန်းလွှာများက စွင်းယန်သည် "ပညာရှိများကဲ့သို့ ပြုမူတတ်ပါပေသည်" ဟု ချီးမွမ်းမြှောက်ပင့်ကြရဦးမည်ဖြစ်သည်။

ထိုအကြောင်းကိုတွေးရင်း ချန်ရုံ ပြုံးနေမိဆဲမှာပင် အနောက်မှ ခြေသံများပေါ်လာသည်။ ထိုခြေသံများသည် ဖရိုဖရဲနှင့် အလျင်အမြန်လာနေသည့်ပုံပေါက်နေကာ အနည်းငယ်ထူးဆန်းနေသောကြောင့် ချန်ရုံ လှည့်ကြည့်လိုက်မိသည်။

ချန်ရုံ၏မျက်လုံးထောင့်မှ ချန်ယွမ်နှင့် ဘဏ္ဍာစိုးအနည်းငယ်တို့ ချန်ရုံ့နားသို့ အမြန်လျှောက်လာနေကြသည်ကို တွေ့လိုက်ရလေသည်။

သူတို့တွေ ဘာဖြစ်လို့များ ဒီကိုလာနေပါလိမ့်....

ချန်ရုံသည် မျက်ခုံးများကိုတွန့်၍ အလျင်အမြန် ခေါင်းကို အလုပ်ပေးလိုက်သည်။

ချန်ရုံသည် ခြံဝန်းတံခါးသို့လှမ်းကြည့်နေလိုက်သည်။ ချန်ယွမ်တို့ ခြံဝန်းဆီသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ချန်ရုံသည် အသံကိုမြှင့်၍ အဖိုးစွင်းအား အော်ခေါ်လိုက်သည်။

"ဟုတ်ကဲ့ သခင်မလေး..."

"အခုလောယန်မြို့က သိမ်းပိုက်ခံနေရပြီး ဟူစစ်သည်တွေက ထင်ရာစိုင်းနေကြတာ...တပ်မှူးစွင်းသာ နန်ယန်မြို့မှာ စခန်းချမနေရင် ကျွန်မတို့ ဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်နေမှာမဟုတ်ဘူး..."

အဖိုစွင်းသည် ချန်ရုံတစ်ယောက် အဘယ်ကြောင့်များ ရုတ်တရက် ဤစကားများ ထပြောနေသည်ကို မသိပဲ ချန်ရုံကို နားမလည်စွာပင်ကြည့်နေမိသည်။

ကြိုတင်သတိပေးခြင်းမရှိပဲ ချန်ရုံသည် အဖိုးစွင်းအား ညစ်ကျယ်ကျယ်လေး ပြုံးပြ၍ ကြည်လင်၍ လေးနက်သော အသံလေးဖြင့် ပြောလိုက်သည်။

"အဖိုးစွင်း...အစောင့်တွေကို အဖိုးက ဦးဆောင်ပြီး ကျွန်မတို့ရဲ့ သိုလှောင်ရုံက စပါးတွေကို လှည်းဆယ်စီးစာ တင်ပြီး တပ်မှူးစွင်းဆီ သွားပို့လိုက်ပါ..."

ချန်ရုံ ထိုစကားများ ပြောလိုက်သည့်အချိန်မှာပင် ချန်ယွမ်နှင့် သူ၏ ဘဏ္ဍာစိုးများက ခြံဝန်းထဲသို့ ဝင်လာကြသည်။

ထိုဘဏ္ဍာစိုးများထဲမှ တစ်ယောက်ဆိုလျှင် အထဲသို့ လှမ်းဝင်၍ စကားအကျအနပြောရန် ပင် ပြင်နေပြီးဖြစ်သည်။ ချန်ရုံ၏စကားများကိုကြားသော ထိုလူသည် ပါးစပ်ဟလျက် တန်းလန်းကြီး ရပ်သွားသည်။ ထို့နောက် ဘဏ္ဍာစိုးများအားလုံးသည် ချန်ယွမ်အား လှည့်ကြည့်လိုက်ကြသည်။

ချန်ယွမ်သည်လည်း ဘာပြောရမည်မသိပဲ ကြောင်အနေမိသည်။

ချန်ယွမ်သည် ထိုကဲ့သို့ ကြောင်တောင်တောင်ပုံနှင့် ခဏမျှရပ်နေပြီးမှ လည်ချောင်းရှင်းကာ ခြံဝန်းထဲသို့ ဝင်၍ ချန်ရုံ့ကို ခေါ်လိုက်သည်။

"အားရုံ..."

ချန်ရုံကလည်း ချန်ယွမ်တို့အား ယခုမှတွေ့လိုက်ရသကဲ့သို့ လန့်သွား၍ ထိုင်နေရာမှ အမြန်ထကာ ချန်ယွမ်အား အရိုအသေပေးလိုက်သည်။

"ဦးလေး ဒီကို ရောက်နေတာကိုး..."

ချန်ယွမ်က ခေါင်းငြှိမ့်၍ ချောင်းတစ်ချက် ဟန့်လိုက်ပြန်သည်။

"အားရုံ...ခုန ငါဝင်လာတုန်းက မင်းပြောနေတာက..."

ချန်ယွမ်စကားမဆုံးခင်မှာပင် ချန်ရုံက ဖြတ်ပြောလိုက်သည်။ လူကြီးများ၏ ချီးမွမ်းမှုကို လိုချင်သော ကလေးလေးတစ်ယောက်ကဲ့သို့ ချန်ရုံသည် တက်ကြစွာ ရှင်း‌ပြလိုက်သည်။

"အို ကျွန်မပြောနေတာ ဦးလေးကြားသွားတာလား...တပ်မှူးစွင်းသာ သူ့ရဲ့စစ်တပ်ကိုဦးဆောင်ပြီး နန်ယန်မြို့ဆီ ရောက်မလာခဲ့ရင် ကျွန်မလို မိန်းမသားတစ်ယောက်အတွက် ပျော်စရာဆိုတာ ရှိတော့မှာမဟုတ်ပါဘူး...အဲ့ဒါကြောင့် ဦးလေးရယ် အခုပဲ ကျွန်မမှာရှိတဲ့ ရိက္ခာတစ်ဝက်ကို စစ်သည်တွေဆီကိုပို့ဖို့ အဖိုးစွင်းကိုပြောနေတာ...တပ်မှူးစွင်းလည်း ရိက္ခာတွေရရင် ဝမ်းသာသွားမှာပါ..."

ချန်ရုံသည် ဘေးသို့လှည့်၍ အဖိုးစွင်းအား တစ်ချက်ကြည့်၍ အော်လိုက်ပြန်သည်။

"ဘာဖြစ်လို့ အဲ့ဒီမှာရပ်နေရတာလဲ...ရိက္ခာတွေ သွားတင်တော့လေ...တပ်မှူးဆီသွားတဲ့အခါမှာလည်း လူတွေမြင်အောင်သွားဦးနော်...အဲ့ဒါမှ ဒီရိက္ခာတွေက ချန်အိမ်တော်က ပို့လိုက်တယ်ဆိုတာ လူတွေသိမှာ..."

ချန်ရုံက စကားများ တစ်ခွန်းပြီးတစ်ခွန်းပြောနေသောကြောင့် ချန်ယွမ်က ဝင်ပြောရန် အခွင့်မသာဖြစ်နေသည်။

အဖိုးစွင်းက ချန်ရုံ၏ အမိန့်များကို နားထောင်ပြီး ထွက်သွားသောအခါမှ ချန်ရုံက သူမ၏ဦးလေးအား လှည့်ကြည့်လိုက်သည်။ ချန်ရုံသည် ချန်ယွမ်အား ထပ်၍ အရိုအသေပေးလိုက်ပြီးမှ ပြောလိုက်သည်။

"အို ဒုက္ခပါပဲ...ကျွန်မရဲ့ ကိစ္စတွေအကြောင်းပဲပြောနေမိတယ်...ကျွန်မပြောနေတာတွေကို အရေးမစိုက်ပါနဲ့ ဦးလေး...ဒီနေ့ ဦးလေးအတွက် ကျွန်မ ဘာလုပ်ပေးရပါမလဲ..."

ချန်ယွမ်က ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာနိုင်ဖြစ်နေသည်။

ချန်ယွမ်သည် တပ်မှူးစွင်း၏ ရိက္ခာအပူတပြင်းတောင်းဆိုမှုကို ခေါင်းစဉ်တပ်၍ ချန်ရုံ့ထံမှ ကောက်ပဲသီးနှံများကို ယူရန် လာခဲ့ခြင်းဖြစ်သည်။ ချန်ရုံ့ထံမှ စပါးဆယ်စီးစာ ယူ၍ ငါးစီးကို စွင်းယန်အား သူ့နာမည်တပ်၍ ပေးကာ ကျန်ငါးစီးကို သူကိုယ်တိုင်အတွက် ယူထားရန်ဖြစ်သည်။ နန်ယန်မြို့၌ အစားအသောက်များသည် တဖြည်းဖြည်း ရှားပါးလာပြီဖြစ်သောကြောင့် စားနပ်ရိက္ခာများ ပိုင်ဆိုင်မှုသည် ရွှေနှင့် ကျောက်သံပတ္တမြားများ ပိုင်ဆိုင်နိုင်မှုထက် ပိုအရေးကြီးနေလေသည်။

ထိုသို့ ပြုလုပ်ရန် ချန်ယွမ်သည် ဆင်ခြေနှင့် အကြောင်းပြချက်အမျိုးမျိုးပေးနိုင်ရန်အတွက် ဘဏ္ဍာစိုး လေးဦးကိုပင် ခေါ်လာခဲ့သေးသည်။ ချန်ရုံသည် ချန်ယွမ်၏ ‌အုပ်ချုပ်မှုအောက်၌သာ ရှိသေးသည်မဟုတ်လား။ ချန်ရုံ့ထံမှ ချန်ယွမ်သာ ကောက်ပဲသီးနှံများတောင်းလိုက်လျှင် အကောင်းအတွက်ပဲဟု ထင်ကြကာ အခြားလူများကလည်း ဘာမှဝင်ပြောနိုင်မည်မဟုတ်ချေ။

သို့သော် မည်ကဲ့သို့သော စိတ်ဝေဒနာ စွဲကပ်နေမှန်းမသိသော ဤမိန်းကလေးသည် သူမကိုယ်တိုင်ကစ၍ တပ်မှူးစွင်းအား ရိက္ခာပေးမည်ဟုကြေငြာကာ ချန်ယွမ် ပါးစပ်မဖွင့်ရသေးခင်မှာပင် သူမနာမည်နှင့် စပါး လှည်းဆယ်စီးစာ ပို့လိုက်လိမ့်မည်ဟု ချန်ယွမ် မမျှော်လင့်ထားမိခဲ့ချေ။

ချန်ယွမ်သည် ဒေါသအလိပ်လိုက်ထွက်နေသော်လည်း ဘာမှမလုပ်နိုင်တော့ပါ။ ချန်ရုံ၏ ကောက်ပဲစပါးများကိုတောင်းရန် အကြောင်းပြချက်က မရှိတော့ပေ။

ချန်ရုံသည် ခေါင်းကိုလှည့်၍ သူမ၏ ကြီးမားသောမျက်လုံးများကို သိချင်စိတ်များဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လျှာအဖြတ်ခံထားရသကဲ့သို့ ဘာစကားမှထွက်မလာသော ချန်ယွမ်ကို ကြည့်နေလေသည်။

"ဦးလေး ဦီးလေး..."

ချန်ရုံက အခါအနည်းငယ်မျှ ခေါ်ပြီးသွားမှပင် ချန်ယွမ်က ဆတ်ခနဲ အသိပြန်ဝင်လာသည်။ ချန်ယွမ်သည် ချောင်းတစ်ခါထပ်၍ ဟန့်လိုက်ပြန်ကာ ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူ၏ ဘဏ္ဍာစိုးများက ချန်ရုံ့ကို လေးစားအားကျသည့်အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်သောအခါ ပြောမည့်စကားများကို ပြန်မျိုချလိုက်သည်။ အနည်းငယ်ကြာသောအခါမှ ချန်ယွမ်သည် ခေါင်းကိုငြှိမ့်ကာ လေးနက်သည့်ပုံဖြင့်ပြောလိုက်သည်။

"ကောင်းတယ် ကောင်းတယ်...အားရုံ မင်းက မိန်းမငယ်လေးပဲရှိသေးပေမယ့် ဒီလို ခက်ခဲတဲ့အခြေအနေတွေမှာ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိတာ အရမ်းကောင်းပါပေတယ်..."

ချန်ယွမ်က တစ်ခါထပ်၍ ချောင်းဆိုးလိုက်ပြန်သည်။

"ဦးလေးလည်း လမ်းကြုံလို့ ဝင်လာလိုက်တာပါ...အခုကိစ္စ‌ကိုမြင်လိုက်ရတော့ မင်းက တကယ်ပဲ ချီးကျူးထိုက်ပါတယ်..."

ချန်ရုံက ရှက်သွေးဖြန်းသွား၍ ချန်ယွမ်ကို ပျော်ရွှင်စွာ အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး..."

"ကဲ သွားကြမယ်..."

ချန်ယွမ်က အခြားလူများအား အော်ပြောလိုက်သည်။

ချန်ရုံက လျင်မြန်စွာပင် ယဉ်ကျေးမှုအရ ချန်ယွမ်အား တံခါးဝသို့ လိုက်ပို့လိုက်သည်။

"အေးအေးဆေးဆေးသွားပါ ဦးလေး..."

ချန်ယွမ်ထွက်သွားပြီးသောအခါ အထိန်းတော်ဖျင်က အံ့ဩစွာ မေးလိုက်သည်။

"မမလေး...သခင်ကြီးပြောသွားတာတွေက ဘာကို ဆိုလိုတာပါလဲ..."

ဘာကိုဆိုလိုတာလဲဟုတ်လား...ကျွန်မကို နောက်တစ်မျိုး အကောက်ကြံချင်နေတာပေါ့...

ချန်ရုံက စိတ်ထဲမှတွေး၍ လှောင်ရယ်ရယ်လိုက်သည်။

ချန်ရုံ့ထံမှ အဖြေပြန်မရသောအခါ အထိန်းတော်ဖျင်က သက်ပြင်းချ၍ ခပ်တိုးတိုးပြောလိုက်သည်။

"မမလေး...မမလေး အရမ်း စေတနာများသွားတယ်လို့ မထင်ဘူးလား...ရိက္ခာတွေကို လှည်း ဆယ်စီးစာတောင် ပေးလိုက်တာလေ...လှည်းဆယ်စီးစာ စားစရာတွေနော်...ချန်အိမ်တော်တစ်ခုလုံးကတောင်မှ ဒီလောက်စားစရာတွေ ပေးနိုင်မှာမဟုတ်ဘူး..."

ချန်ရုံသည် အကြည့်ကို အောက်ချ၍ တွေးနေလိုက်မိသည်။

ငါသာ ရိက္ခာတွေ အဲ့ဒီလောက်များများမပေးခဲ့ရင် ချန်ယွမ်က ငါ့ကို ဒီလို လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလား...

ချန်ရုံသည် အထိန်းတော်ဖျင်အား ထိုအကြောင်းများကို ရှင်းပြမနေတော့ပဲ ဒီတိုင်းသာပြောလိုက်သည်။

"ဒီစပါးတွေကို ပေးတဲ့အခါ ပြုံးနေပြီးတော့ တခြားလူတွေ လာမေးရင်လည်း ဒီစပါးတွေက အသက် ၁၅ နှစ်တောင်မပြည့်သေးတဲ့ ချန်အိမ်တော်က အားရုံကပေးတာ လို့ ပြောရမယ်လို့ အဖိုးစွင်းကို ပြောလိုက်ပါ...သူတို့က စိတ်ဝင်စားတဲ့ပုံပြရင် ဖျင်မြို့တော်မှာတုန်းက ကျွန်မ ရက်ရက်ရောရောနဲ့ ပစ္စည်းတွေ ခွဲဝေပေးခဲ့တဲ့အကြောင်းရယ်...ဒီကိုလာတဲ့လမ်းမှာတုန်းက ကျွန်မ မြင်ခဲ့တဲ့ နိမိတ်တွေအကြောင်းကိုပါ ပြောပြခိုင်းလိုက်ပါ..."

"ဟုတ်ကဲ့..."

အထိန်းတော်ဖျင်က အံ့ဩစိတ်ဖြင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် ပြန်ဖြေလိုက်သည်။

"သွားတော့လေ..."

"ဟုတ်ကဲ့..."

တဖြည်းဖြည်းဝေးသွားသော အထိန်းတော်ဖျင်၏ နောက်ကျောကိုကြည့်၍ ချန်ရုံသည် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ကာ ဗျပ်စောင်းကြိုးများကို ဆက်၍ တီးခတ်နေလိုက်တော့သည်။

Xxxxxx